ကျန်းအာမောက်၏ နာရေးကိစ္စ ပြီးဆုံးသွားပြီးနောက် လီယီတောင်းသည် မစ်ရှင်ကို ပြီးမြောက်ခဲ့ပြီး စွမ်းရည် တစ်ခုနှင့် ရတနာသေတ္တာ နှစ်လုံးကို ရရှိခဲ့လေသည်။
၎င်းတို့မှာ နောက်ဆက်တွဲ မစ်ရှင်များ ပြီးမြောက်ခြင်းအတွက် ပုံမှန် ဆုလာဘ်များ ဖြစ်ပုံရ၏။
အခြားသော ဆုလာဘ်များ ပေါ်ထွက်လာရန် စနစ် အဆင့်မြှင့်တင်ခြင်းကို စောင့်ဆိုင်းရမည် ဖြစ်နိုင်သည်။
ယာယီ မစ်ရှင်များနှင့် ပတ်သက်၍မူ လီယီတောင်း လက်ရှိတွင် ဇဝေဇဝါ ဖြစ်နေဆဲပင်။
ယာယီ မစ်ရှင် နှစ်ခု ပြီးမြောက်ပြီးနောက် နောက်ထပ် မတွေ့ရတော့ပေ။
' ငါ့ရဲ့ သက်တမ်း ကုန်ဆုံးတာ နှေးနေလို့များလား... '
' အဲဒါကြောင့် စနစ်က ငါ့ကို မစ်ရှင်တွေ လျှော့ပေးနေတာလား... '
သို့သော် ယခုအခါ အသက် တစ်ထောင်ကျော်သာ ရှိတော့သော သူ၏ သက်တမ်းကို သုံးစွဲရန် လီယီတောင်း သတိထားနေခဲ့၏။
သေမင်း၏ အကာအကွယ် စွမ်းရည်မှာ ပမာဏ များပြားစွာ ကုန်ဆုံးသွားနိုင်သော အလိုအလျောက် စွမ်းရည် တစ်ခု ဖြစ်သဖြင့် သက်တမ်းကို ဖြစ်သလို မသုံးချင်ပေ။
' တကယ်လို့ လူရာချီ၊ ထောင်ချီကသာ ငါ့ကို ဝိုင်းတိုက်ခိုက်ဖို့ ကြံစည်နေရင် ဘယ်လိုလုပ်မလဲ... '
အဲဒါက မဖြစ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာလေ...။
ဤမစ်ရှင် ပြီးမြောက်ခြင်းမှ သူ ရရှိခဲ့သော စွမ်းရည်မှာ " ဝိညာဉ် စုစည်းခြင်း " ဟု အမည်ရ၏။
[ ဝိညာဉ် စုစည်းခြင်း - သက်တမ်း ပမာဏ အချို့ကို အသုံးပြု၍ ဝိညာဉ်များကို ပုံဖော်နိုင်သည်။ အဆင့်မြင့် စွမ်းရည် ဖြစ်သော " ဝိညာဉ် ဖမ်းယူခြင်း " ကို ဝိညာဉ် စုစည်းခြင်း၏ သက်တမ်း ဆယ်ဆ အသုံးပြု၍ အသက်သွင်းနိုင်သည်။ " ဝိညာဉ် ဖမ်းယူခြင်း " ကို အသုံးပြု၍ ပုံဖော်ထားသော ဝိညာဉ်များကို မိမိစိတ်ကြိုက် ခြယ်လှယ်နိုင်သည်။ ]
ရိုးရိုးသားသား ဆိုရလျှင် ဤစွမ်းရည်ကို မြင်သောအခါ လီယီတောင်း အတော်လေး ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
ဒါက ဘယ်လို စွမ်းရည်မျိုးလဲ...။
စနစ်က သူ့ကို ဘက်စုံ ထောင့်စုံမှ ဖွံ့ဖြိုးလာစေရန် လုပ်ဆောင်ပေးနေပုံ ရ၏။
ပထမဆုံး သူက " ဝိညာဉ် ရှာဖွေခြင်း " ကို ရခဲ့ပြီး ယခုအခါ " ဝိညာဉ် စုစည်းခြင်း " ကို ရရှိခဲ့လေပြီ။ ထို့ပြင် " ဝိညာဉ် စုစည်းခြင်း " ကို " ဝိညာဉ် ဖမ်းယူခြင်း " အဖြစ် အဆင့်မြှင့်တင်နိုင်သေး၏။
ရိုးရိုးလေး ပြောရရင်တော့... လီယီတောင်းက အခု သက်ရှိ သတ္တဝါတွေ အားလုံးကို " သေမင်း ဓားကောက် " သုံးပြီး တိုက်ခိုက်လို့ ရတဲ့အပြင် " ဝိညာဉ် စုစည်းခြင်း " နဲ့ သူ့ရဲ့ အဆင့်မြင့် စွမ်းရည် ဖြစ်တဲ့ " ဝိညာဉ် ဖမ်းယူခြင်း " ကို သုံးပြီး သက်မဲ့ ဝိညာဉ် အားလုံးကိုပါ ကိုင်တွယ် ဖြေရှင်းလို့ ရနေပြီ ဆိုတဲ့ သဘောပဲ...။
' ဘက်စုံ သုံးလို့ရတဲ့ စွမ်းရည် တစ်ခုများလား... '
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဝိညာဉ် စုစည်းခြင်းကို အသက်သွင်းလိုက်၏။
သက်တမ်း ကုန်ဆုံးမှုက သိပ်မများလှပေ၊ သုံးနှစ်သာ ဖြစ်သည်။ လက်ခံနိုင်ဖွယ် အတိုင်းအတာ အတွင်းမှာပင် ရှိ၏။
ဝိညာဉ် စုစည်းခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် မှင်သွေးကျောက် ပတ်လည်တွင် ရစ်ခွေနေသော အနီရောင် ဖျော့ဖျော့ အငွေ့အသက်များ တဖြည်းဖြည်း ပုံသဏ္ဍာန် ပေါ်လာသည်ကို လီယီတောင်း ခံစားလိုက်ရလေသည်။
ခရမ်းရောင် အငွေ့အသက်များကတော့ မှင်သွေးကျောက် ပတ်လည်တွင် အနည်ထိုင်သွား၏။
အနီရောင် ဖျော့ဖျော့ အငွေ့အသက်များ ပိုမို ပီပြင်လာသည်နှင့်အမျှ အနီရောင် မင်္ဂလာဆောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး၏ ပုံရိပ်က ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
သို့သော် သူမက ရှေးခေတ် အမျိုးသမီး တစ်ဦး၊ ပို၍ တိတိကျကျ ဆိုရလျှင် မင်္ဂလာဆောင် ဝတ်စုံ ဝတ်ဆင်ထားသော ရှေးခေတ် အမျိုးသမီး တစ်ဦး ဖြစ်၏။
ဝိညာဉ် စုစည်းခြင်း၏ အကျိုးသက်ရောက်မှုနှင့် ဝိညာဉ် ရှာဖွေခြင်း၏ အဆင့်မြင့် စွမ်းရည်တို့ကြောင့် ပုံရိပ် တစ်ခုလုံးက လီယီတောင်း အတွက် အလွန် ရှင်းလင်းနေလေသည်။ အမျိုးသမီး၏ မျက်နှာ အသွင်အပြင်နှင့် မျက်နှာထားများကိုပင် အလွန် ပီပြင်စွာ မြင်တွေ့နေရ၏။
" ဟူး... "
သူ အသက်ပြင်းပြင်း တစ်ချက် အလိုလို ရှူသွင်းလိုက်မိသည်။
' ဒါက တော်တော်လေး ကြက်သီးထဖို့ ကောင်းနေပြီ... '
ဤကဲ့သို့သော အရာများကို သူ အသားကျနေပြီ ဖြစ်သော်လည်း ယခုလိုမျိုး မြင်ကွင်းမျိုးကိုတော့ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။
" ဆရာ... ဒီမှင်သွေးကျောက်မှာ တစ်ခုခု မှားနေလို့လား... "
အနီးတွင် ရပ်နေသော ဝေ့ဝမ်ချန်က လီယီတောင်း၏ မှင်သက်နေသော အမူအရာကို သတိထားမိလိုက်၏။
" ဒီမှင်သွေးကျောက်မှာ ပြဿနာ တစ်ခုခု ရှိနေရင်... ကျွန်တော် အခုပဲ လွှင့်ပစ်လိုက်ရမလား... "
သူ၏ အကြံအစည်က ရိုးရှင်းလှသည်။ မှင်သွေးကျောက်က ပြဿနာ ဖြစ်နေလျှင် လွှင့်ပစ်လိုက်ရုံသာ။
သို့သော် သူ ရရှိလိုက်သည်က လီယီတောင်း၏ စိတ်ပျက်လက်ပျက် အကြည့်တစ်ချက်သာ ဖြစ်လေသည်။
' ဒီတိုင်း လွှင့်ပစ်လိုက်ရုံပဲ ဟုတ်လား... ခင်ဗျား နောက်နေတာလား... အဲဒီလောက်သာ လွယ်မယ် ဆိုရင် ငါတို့လို ပရော်ဖက်ရှင်နယ် တွေက ဘာအသုံးကျတော့မှာလဲ... '
လီယီတောင်းက ဝေ့ဝမ်ချန်၏ မေးခွန်းကို တိုက်ရိုက် မဖြေပေ။ ထိုအစား တည်ငြိမ်သော လေသံဖြင့် သူ ဆက်မေးလိုက်၏။
" ခင်ဗျား အိမ်မှာ အဖြစ်အပျက်တွေနဲ့ ပတ်သက်နေတဲ့ လူတွေ အကုန်လုံးက ဒီအခန်းကို လာဖူးကြလား... ဒါမှမဟုတ် ဒီအခန်းနဲ့ တစ်နည်းနည်းနဲ့ ပတ်သက်ခဲ့ဖူးလား... "
ဝေ့ဝမ်ချန် ခဏတာ တွေဝေနေပြီးမှ…
" ဟုတ်တယ်... ဟုတ်တယ်... "
" ပထမဆုံး အိမ်အကူ... စာကြည့်ခန်းကို သန့်ရှင်းရေး လုပ်နေတုန်း မတော်တဆ ဖြစ်သွားတဲ့ တစ်ယောက်လေ... ကျွန်တော်တို့ သူ့ကို တွေ့တော့ ဒီစာကြည့်ခန်းထဲမှာ ရှိနေတာ... ဒါပေမဲ့ ဆေးရုံကို အမြန် ပို့လိုက်ပေမဲ့ သူ အသက်မရှင်နိုင်ခဲ့ဘူး... "
" ကျန်တဲ့ လူတွေ အကုန်လုံး... ကျွန်တော့် သား အပါအဝင်... အားလုံး ဒီစာကြည့်ခန်းကို လာခဲ့ဖူးကြတယ်... "
ဤအချိန်တွင် ဝေ့ဝမ်ချန် တစ်ယောက် ရုတ်တရက် သဘောပေါက်သွားပုံ ရလေသည်။
ပြဿနာ ရှိသော နေရာမှာ ဤစာကြည့်ခန်း ဖြစ်ကြောင်း သူ နားလည်လိုက်၏။
ထိုမျှမကသေးပေ။ ပြဿနာက သူ၏ ရှေ့ရှိ ဤမှင်သွေးကျောက်နှင့် ဆက်စပ်နေရန် ရာခိုင်နှုန်း အလွန် များနေလေသည်။
လီယီတောင်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။ အရာအားလုံးက သူ၏ စောစောက ခန့်မှန်းချက်များနှင့် ကိုက်ညီနေလေသည်။
သို့သော် မင်္ဂလာဆောင် ဝတ်စုံနှင့် ဤအမျိုးသမီး၏ လက်ရှိ အခြေအနေမှာ ဇဝေဇဝါ ဖြစ်စရာ ကောင်းနေ၏။
သူမတွင် နာကြည်းမှု သိပ်များများစားစား ရှိပုံမပေါ်ပေ။
အိမ်အကူ တစ်ယောက်က အခန်း လာရှင်းရုံနဲ့ ဘယ်လိုလုပ် အသက် ဆုံးရှုံးသွားရတာလဲ...။
ထိုစဉ် လီယီတောင်း အခြား အသေးစိတ် အချက်အလက် တစ်ခုကို သတိထားမိလိုက်လေသည်။
မှင်သွေးကျောက်၏ ထောင့်တစ်နေရာ ပဲ့နေသည် မဟုတ်ပါလား။
ထို့ပြင် လတ်တလောမှ ပဲ့သွားသည့်ပုံ ပေါက်နေ၏။
လီယီတောင်း ထပ်မေးလိုက်သည်။
" ဒီမှင်သွေးကျောက်ရဲ့ ပဲ့နေတာက အိမ်အကူ မတော်တဆ ဖြစ်တုန်းက ဖြစ်သွားတာလား... "
ဝေ့ဝမ်ချန် ထပ်မံ တွေဝေသွားပြီး ခဏမျှ စဉ်းစားပြီးနောက် အနည်းငယ် အံ့အားသင့်နေသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်လေသည်။
' ခင်ဗျား ဒါကို ဘယ်လို သိတာလဲ ' ဟု သူ တွေးနေသည့်အလားပင်။
လိုချင်သော အဖြေကို ရရှိသွားပြီးနောက် အဖြစ်အပျက်များကို အခြေခံအားဖြင့် လီယီတောင်း အတည်ပြုလိုက်နိုင်လေသည်။
သို့သော် သူ့ထံတွင် မေးခွန်းများ ရှိနေဆဲပင်။
မင်္ဂလာဆောင် ဝတ်စုံနှင့် ဤအမျိုးသမီးက မည်သူနည်း၊ အိမ်၏ ယခင် ပိုင်ရှင်က ဤအကြောင်းကို မည်မျှ သိထားသနည်း။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
ယခု ပြဿနာကို သူ ရှာတွေ့သွားပြီ ဖြစ်သဖြင့် အခြေအနေကို ပိုမို လေ့လာပြီး ဖြေရှင်းနည်း ရှာဖွေရန် လိုအပ်ပေသည်။
လက်ရှိ အခြေအနေများအရ သူက ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်ကို ရမ်းသမ်း အသုံးပြု၍ မရနိုင်ပေ။
ပထမအချက် အနေဖြင့် သူ တစ်ခါမှ အသုံးမပြုဖူးသဖြင့် မည်မျှ ထိရောက်မည်ကို သူ မသိပေ။
အကယ်၍ လက်ရှိ ပုံရိပ်က အစွမ်းထက်သော အရာတစ်ခု ဖြစ်နေပါက အလွတ်သဘော အသုံးပြုခြင်းက မရည်ရွယ်ထားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်လေသည်။
ထို့ပြင် သူ့ရှေ့ရှိ အမျိုးသမီး၏ အမူအကျင့်များကို ကြည့်ခြင်းအားဖြင့် ဤအရာ၏ နောက်ကွယ်တွင် ဇာတ်လမ်း တစ်ပုဒ် သေချာပေါက် ရှိနေလေသည်။
လီယီတောင်းက ဤကဲ့သို့သော ကိစ္စများကို အရင် နားလည်အောင် မလုပ်ဘဲ မဆင်မခြင် ကိုင်တွယ် ဖြေရှင်းတတ်သူမျိုး မဟုတ်ပေ။
အရေးအကြီးဆုံးမှာ အရှေ့ရှိ ပုံရိပ်က မပြည့်စုံသေးဟု လီယီတောင်း ခံစားနေရခြင်းပင်။
ဘာပဲဖြစ်ဖြစ်... ဒီအရာရဲ့ လက်ရှိ အခြေအနေက ပုံမှန် အခြေအနေနဲ့ အများကြီး ကွာခြားနေတယ်လေ...။
ခဏမျှ စဉ်းစားပြီးနောက် လီယီတောင်းက ဝေ့ဝမ်ချန်ကို ထပ်မံ မေးလိုက်၏။
" ဒီအိမ်ရဲ့ အရင် ပိုင်ရှင်ကို ဆက်သွယ်လို့ ရမလား... ကိစ္စ တချို့နဲ့ ပတ်သက်ပြီး သူ့ကို မေးကြည့်ဖို့ လိုတယ်... "
ဝေ့ဝမ်ချန် သက်ပြင်းချလိုက်ပြီး...
" အရင် ပိုင်ရှင်ကို ကျွန်တော် ဆက်သွယ်လို့ မရတော့ဘူး... သူ့ကို ကျွန်တော် နည်းနည်း သိပါတယ်... ကျွန်တော် အိမ်ဝယ်ပြီး တစ်ပတ်လောက် အကြာမှာ သူ နိုင်ငံခြားကို ထွက်သွားတာ... အခု နိုင်ငံခြားမှာ... ဒါပေမဲ့... "
ဝေ့ဝမ်ချန် ခဏတာ ရပ်တန့်သွားပြီး ဆက်ပြော၏။
" သူနဲ့ အတူတူ နိုင်ငံခြား ပါမသွားတဲ့ သူ့သားကိုတော့ ကျွန်တော် ဆက်သွယ်လို့ ရပါတယ်... သူက အခု ကျန်းမြို့မှာ ရှိတယ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ကျွန်တော် အဲဒီအကြောင်း သိလာရတာ... "
" အဲဒါဆို ရပါတယ်... သူ့ကို ဆက်သွယ်ပေးပါ... ကျွန်တော် မေးစရာ တချို့ ရှိလို့ပါ... တချို့ ကိစ္စတွေကို သေချာ မသိရဘဲနဲ့ ဒါကို ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး... ဒီနေ့တော့ နောက်ကျနေပြီ... သူ့ကို ဆက်သွယ်ထားလိုက်ပါ... မနက်ဖြန်ကျရင် သူ့သားဆီ သွားကြတာပေါ့... တချို့ ကိစ္စတွေက လူချင်း တွေ့မှ ပြောတာ အကောင်းဆုံးပါပဲ... "
" ဟုတ်ကဲ့... ပြဿနာ မရှိပါဘူး... ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်... "
ဝေ့ဝမ်ချန် စိတ်အားထက်သန်စွာ သဘောတူလိုက်၏။
လီယီတောင်း အချိန်ကို ကြည့်လိုက်ရာ ည ၁၀ နာရီပင် ရှိနေပြီ ဖြစ်သည်။
" သွားကြစို့... ဆေးရုံက ခင်ဗျား မြေးလေးဆီ အရင် သွားကြတာပေါ့... "
ဆေးရုံသို့ သွားမည်ဟု ကြားသောအခါ ဝေ့ဝမ်ချန် မျက်လုံးများထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားတော့၏။ ထို့နောက် အပြင်ဘက်တွင် စောင့်နေသော ကားပေါ်သို့ တက်ကာ ဆေးရုံဆီသို့ မောင်းနှင်သွားကြလေသည်။
မိနစ် နှစ်ဆယ်ခန့် အကြာတွင် ကျန်းမြို့၏ အမှတ် ၁ ဆေးရုံသို့ သူတို့ ရောက်ရှိသွားကြပြီး အဆင့်မြင့် သီးသန့် အခန်း တစ်ခန်းဆီသို့ သူတို့ တန်းဝင်သွားကြ၏။
ဝေ့ဝမ်ချန် ကဲ့သို့သော လူတစ်ယောက် အတွက် သာမန် လူနာခန်းတွင် နေရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။
ငွေကြေးက သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။
အခန်းဝတွင် ရပ်နေစဉ် ဝေ့ဝမ်ချန် မျက်နှာထားက ဗီလာတွင် ရှိနေစဉ်ကထက် ပို၍ပင် စိတ်လှုပ်ရှားနေလေသည်။
သူက ရိုးသားစွာဖြင့်... " ဆရာ... ကျွန်တော့် မြေးလေးတော့ ဒီဘေးက လွတ်ပါပြီ... အရာအားလုံး ပြီးသွားရင် ကျွန်တော် ဝေ့ဝမ်ချန် ခင်ဗျားကို သေချာပေါက် ဆုလာဘ် အကြီးကြီး ပေးပါ့မယ်... " ဟု ပြောလိုက်၏။
လီယီတောင်း ဘာစကားမျှ မဆိုဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
သူက အဘိုးအို၏ တောင်းဆိုချက်ကြောင့် လာရောက်ရန် သဘောတူခဲ့ခြင်း ဖြစ်သဖြင့် ကူညီရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်ပေသည်။
လီယီတောင်း တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်သွားရာ ဝေ့ဝမ်ချန်ကလည်း အနီးကပ် လိုက်ပါလာလေသည်။
သို့သော် လီယီတောင်း အခန်းထဲ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် နေရာမှာတင် ကြောင်အသွားတော့သည်။
သူ တကယ်ကို ကြောက်လန့်သွားခဲ့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ၏ အရှေ့ တည့်တည့်ရှိ ကုတင်ပေါ်တွင် သတိလစ်နေသော ကောင်လေး တစ်ယောက် လဲလျောင်းနေသောကြောင့်ပင်။
သို့သော် သူ့ကို အကြောက်ဆုံး ဖြစ်စေခဲ့သည်မှာ ကောင်လေး၏ အထက်တွင် လွင့်မျောနေသော မင်္ဂလာဆောင် ဝတ်စုံနှင့် အမျိုးသမီး ဖြစ်လေသည်။
ဤအမျိုးသမီးမှာ သူ၏ စွမ်းရည်ကို အသုံးပြုလိုက်ချိန်က ပေါ်လာခဲ့သော အမျိုးသမီးပင်။
ဤအမျိုးသမီးက ယုတ်မာပြီး ကြက်သီးထဖွယ် အပြုံးတစ်ခု ဆင်မြန်းလျက် လီယီတောင်းကို စိုက်ကြည့်နေလေသည်။
***