လုံချန်းသည် အမှောင်နတ်မိမယ်များကို ကမ္ဘာတု အတွင်းသို့ ပို့ဆောင်ရန် တစ်ဦးချင်းစီကို လိုက်လံထိတွေ့နေရသည်။ သူသည် သူတို့ကို ကမ္ဘာတုအတွင်းသို့ ဆက်တိုက် ရွှေ့ပြောင်းပေးနေခဲ့သည်။
ယေဘုယျအားဖြင့် လုံချန်းသည် သူနှင့် ပတ်သက်မှုရှိသူ သို့မဟုတ် ခိုင်မာသော သံယောဇဉ်ရှိသူများကိုသာ ကမ္ဘာတုအတွင်းသို့ ပို့ဆောင်နိုင်သည်။ မင်ရင်းနှင့် မင်လန်တို့မှာ သူ၏ ဇနီးသည်များဖြစ်ပြီး အမှောင်နတ်မိမယ်အားလုံးမှာလည်း ဘိုးဘေးတစ်ဦးတည်းမှ ဆင်းသက်လာကာ အချင်းချင်း ဆက်နွှယ်နေကြသူများ ဖြစ်သည်။ ထို့ကြောင့် လုံချန်းသည်လည်း သူတို့နှင့် ဆက်နွှယ်နေသကဲ့သို့ ဖြစ်နေသောကြောင့် သူတို့ကို ခေါ်သွားနိုင်မည်ဟု ယုံကြည်ချက်ရှိနေခြင်း ဖြစ်သည်။
သူသည် မိန်းကလေးများကို တစ်ဦးပြီးတစ်ဦး ကမ္ဘာတုအတွင်းသို့ ပို့ဆောင်ပေးခဲ့သည်။ နောက်ထပ် တစ်ရက် ကုန်ဆုံးသွားချိန်တွင် လုံချန်းသည် အမှောင်နတ်မိမယ်ပေါင်း ငါးထောင်ခန့်ကို ကမ္ဘာတုအတွင်းသို့ ပို့ဆောင်ပေးပြီးစီးသွားပြီ ဖြစ်သည်။
အဓိက ပြဿနာမှာ သူတို့နေထိုင်ရန် နေရာဖြစ်ပြီး ၎င်းကို အသင့်မပြင်ရသေးပေ။ ထို့ကြောင့် သူတို့တွင်ပါလာသော ပစ္စည်းများဖြင့် မျိုးနွယ်စုသစ် တစ်စုကို ဖြည်းဖြည်းချင်း မတည်ဆောက်နိုင်မီအထိ တဲများထိုးကာ ယာယီနေထိုင်ကြရန်သာ သူ စီစဉ်ပေးနိုင်သည်။ လုံချန်းက ထိုအကြောင်းကို ကြိုတင် အသိပေးထားပြီးဖြစ်သဖြင့် သူတို့အားလုံးမှာလည်း အသင့်ပြင်ထားကြပြီးသား ဖြစ်သည်။
ဤကမ္ဘာတုနှင့် ပတ်သက်၍ သူ သဘောမကျသည့် တစ်ခုတည်းသော အချက်မှာ ထိုအရာပင် ဖြစ်သည်။ ဤကမ္ဘာတုမှာ သူ့အတွက် အဖိုးတန်ဆုံး ရတနာဖြစ်သော်လည်း လူများနှင့် ရုပ်သေးများကိုသာ ပို့ဆောင်နိုင်ပြီး သားရဲများ သို့မဟုတ် အဆောက်အဦးများကိုမူ သယ်ဆောင်၍ မရနိုင်ပေ။
ကောင်းသည့်အချက်မှာ ကမ္ဘာတုအတွင်းမှ အဆောက်အဦးများကိုမူ အပြင်သို့ ပြန်လည်ထုတ်ယူ၍ ရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စု တည်ဆောက်ပြီးသွားပါက နောက်ပိုင်းတွင် သူတို့သည် ကမ္ဘာတုထဲမှ ထွက်ခွာလိုလျှင်ပင် အဆောက်အဦး အားလုံးနှင့်တကွ နေရာသစ်သို့ တစ်ပါတည်း သယ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ၎င်းက သူတို့အတွက် နောက်တစ်ကြိမ် အပင်ပန်းခံ အလုပ်လုပ်စရာ မလိုတော့ခြင်းပင်။
အမှောင်နတ်မိမယ် မျိုးနွယ်စုဝင်အားလုံး ကမ္ဘာတုအတွင်းသို့ ရောက်ရှိသွားပြီးနောက် လုံချန်းသည် မင်လန်နှင့် မင်ရင်းတို့ကိုပါ ထိုနေရာသို့ ပို့ဆောင်ပေးလိုက်သည်။
"ပြန်ဖို့ အချိန်တန်ပြီ။ ဒီခရီးစဉ်က တကယ်ကို ကောင်းမွန်ပြီး စိတ်အပန်းပြေစေခဲ့တယ်။ အချိန်တွေက ရပ်တန့်မသွားဘဲ စွမ်းအားနောက်ကိုပဲ တကောက်ကောက် လိုက်နေရတဲ့ တကယ့်ကမ္ဘာကို ပြန်ရတော့မယ်" လုံချန်းက နောက်ဆုံးအကြိမ်အဖြစ် ဝန်းကျင်ကို လှည့်ကြည့်ရင်း ရေရွတ်လိုက်သည်။
"နင် စိတ်ပါမယ်ဆိုရင် ဒီမှာ နှစ်နည်းနည်းလောက် နေပြီး အနားယူလို့ရပါတယ်။ နင် လိုချင်တဲ့ ဘဝမျိုးမှာ နေထိုင်ကြည့်ပေါ့။ ဒီနေရာကို ရောက်ဖို့က မလွယ်ဘူးလေ။ ဒါက နင့်အတွက် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နိုင်တယ်" ရွှင်းက သူ၏ စိတ်ထဲမှနေ၍ ဆိုသည်။
"ငါ ဒီမှာ နေလို့ရတာပေါ့၊ အပြင်လောကရဲ့ အချိန်က ဒီမှာကုန်ဆုံးတဲ့ အချိန်အပေါ် သက်ရောက်မှုမရှိဘူးဆိုတော့ အေးအေးဆေးဆေး နေလို့ရတာပေါ့။ ဒါပေမဲ့ ငါ အဲဒီလို မလုပ်နိုင်ဘူး။ အပြင်မှာ ငါ့ကို စောင့်နေတဲ့သူ ရှိတယ်။ ငါ့ကို ယုံကြည်ပြီးတော့ ငါဖြစ်ချင်တာတွေ လုပ်နိုင်အောင် အန္တရာယ်ကြားမှာ ကျန်ရစ်ခဲ့တဲ့သူလေ။ သူ အဲဒီမှာ ရှိနေတုန်း ငါက ဒီမှာ သာယာနေလို့ မဖြစ်ဘူး။ သူက ငါ့မိသားစုပဲ၊ မိသားစုဆိုတာ အတူတူ ရှိနေရမှာလေ" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။
လုံချန်းသည် မျက်လုံးများကို မှိတ်ကာ သူ၏ အနှစ်သာရအတွင်းရှိ သူ့ကို ဤနေရာတွင် ထိန်းထားပေးသော ဟင်းလင်းပြင် နိယာမအား အာရုံခံလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် သူသည်လည်း ပျောက်ကွယ်သွားတော့သည်။
လုံချန်းသည် ဟင်းလင်းပြင် ဟာလာဟင်းလင်းအတွင်း ဖြတ်သန်းကာ ကမ္ဘာများကြားမှ သူ၏ ကိုယ်ပိုင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်။
သူသည် တစ္ဆေကျောင်းတော်ရှိ ၂၅ ထပ်မြောက်သို့ သွားရာ ဝင်ပေါက် ရှေ့သို့ ရောက်ရှိလာသည်။ သို့သော် အရင်က ထိုဝင်ပေါက်မှ ပေါက်ထွက်နေသော အပင်မှာမူ ယခုအခါ မရှိတော့ပေ။
လုံချန်းက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ မည်သူမျှ မရှိပေ။ သူ ပျောက်ကွယ်သွားခဲ့သည့် အချိန်နှင့် နေရာသို့ ပြန်ရောက်လာခြင်း ဖြစ်ပုံရသော်လည်း ရွှင်း ရှင်းပြထားဖူးသဖြင့် သူ သိနှင့်ပြီးသား ဖြစ်သည်။
၂၅ ထပ်မြောက်သို့ သွားရာ ဝင်ပေါက်မှာ အလုပ်မလုပ်တော့သဖြင့် လုံချန်း ၎င်းကို အသုံးမပြုနိုင်တော့ပေ။
သူသည် ပိုမိုနိမ့်သော အထပ်များသို့သွားကာ ထိုနေရာများရှိ ၂၅ ထပ်မြောက် ဝင်ပေါက်များကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ မနက်မလင်းခင်အထိ အချိန်အနည်းငယ် ကျန်သေးသဖြင့် အနည်းဆုံးတော့ အလုပ်လုပ်သည့် ဝင်ပေါက်တစ်ပေါက်ကို ရှာတွေ့နိုင်မည်ဟု သူ ယူဆထားသည်။ သို့မှသာ နောက်တစ်နေ့ညတွင် ၂၅ ထပ်မြောက်ကို ရှာဖွေနိုင်မည် မဟုတ်လား။
လုံချန်းသည် ပထမထပ်သို့ တိုက်ရိုက် သွားလိုက်သည်။
"ငါ့မှာ ဒီအထပ်ကို ဝင်ခွင့်ရှိတာပဲ၊ ၂၅ ထပ်မြောက် ဝင်ပေါက်ကို ရှာတွေ့နိုင်မှာပါ။ အဲဒီဝင်ပေါက်ရဲ့ လုံခြုံရေးကတော့ အတော်လေး မြင့်မှာပေါ့၊ ငါ သတိထားရမယ်" လုံချန်းက ရေရွတ်ရင်း သူ၏ တပည့်တံဆိပ်ပြားကို ထိတွေ့ကာ မြေပုံကို ကြည့်လိုက်သည်။
"ဟော... ဟိုမှာပဲ" ၂၅ ထပ်မြောက် ဝင်ပေါက်ရှိရာနေရာကို တွေ့လိုက်ရသဖြင့် သူ ပြုံးလိုက်မိသည်။ သူသည် သူ၏ ဝိညာဉ်ဓားကို စီးနင်းကာ ထိုနေရာသို့ ပျံသန်းသွားတော့သည်။
တစ်ဖက်မှ အခြားတစ်ဖက်သို့ အတော်ကြာအောင် ပျံသန်းပြီးနောက် လုံချန်းသည် ၂၅ ထပ်မြောက် ဝင်ပေါက်ရှိရာသို့ ရောက်ရှိလာသည်။
သို့သော် ထိုနေရာမှာ သူ မျှော်လင့်ထားသလို မဟုတ်ပေ။ အစောင့်များစွာ သို့မဟုတ် အနည်းဆုံး ၁၂ ထပ်မြောက် ဝင်ပေါက်မှာရှိသလောက် အစောင့်မျိုး ရှိနေမည်ဟု သူ ထင်ထားသော်လည်း လက်တွေ့မှာမူ လုံးဝ ဆန့်ကျင်ဘက်ပင်။ ဤနေရာတွင် အစောင့် တစ်ယောက်မှ မရှိဘဲ လုံးဝ လူသူကင်းမဲ့နေသည်။
လုံချန်းသည် မျက်မှောင်ကြုတ်ကာ ဝင်ပေါက်အနီးသို့ တိုးသွားသော်လည်း နောက်ဆုံးတွင်မူ စိတ်ပျက်သွားရသည်။ ဤနေရာရှိ ဝင်ပေါက်မှာလည်း ပျက်စီးနေသည်။ ဝိညာဉ်စွမ်းအင်လိုင်း အချို့မှာ ပြတ်တောက်နေသည်။ ထို့ကြောင့်ပင် ဤဝင်ပေါက်က အလုပ်မလုပ်တော့ဘဲ အစောင့်များလည်း မရှိခြင်းဖြစ်မည်ဟု သူ ယူဆလိုက်သည်။
"ဒီညတော့ အတော်လေး အလုပ်များဦးမှာပဲ" လုံချန်းက သက်ပြင်းချရင်း ဝင်ပေါက်ကို ကြည့်ကာ ဆိုသည်။
သူသည် မြေပုံကို ပြန်ကြည့်ကာ ဒုတိယထပ်ရှိ ဝင်ပေါက်ကို ရှာဖွေလိုက်သည်။
လုံချန်းသည် ဒုတိယထပ် ဝင်ပေါက်သို့ ပျံသန်းသွားကာ အစောင့်နှစ်ဦး ရှိနေသော်လည်း အတွင်းသို့ ဝင်လိုက်သည်။ အစောင့်များမှာ လုံချန်းကို မမြင်နိုင်သဖြင့် သူ ဘာအခက်အခဲမှ မရှိခဲ့ပေ။
နေရာရွှေ့ပြောင်းခြင်း စနစ်က လုံချန်းကို ဒုတိယထပ်သို့ ပို့ဆောင်ပေးသည်။ သူသည် မြေပုံကို ထပ်ကြည့်ကာ ဤအထပ်ရှိ ၂၅ ထပ်မြောက် ဝင်ပေါက်ရှိရာသို့ ထပ်မံ ပျံသန်းသွားပြန်သည်။ သို့သော် ရလဒ်မှာ အတူတူပင်။ ၂၅ ထပ်မြောက်သို့ သွားရာ ဝင်ပေါက်မှာ ပျက်စီးနေသည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ၂၅ ထပ်မှာ ဘာတွေ ရှိနေလို့လဲ။ ဒီဝင်ပေါက်တွေ အကုန်လုံး ပျက်နေတာက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ တစ်စုံတစ်ယောက်က ဘယ်သူ့ကိုမှ ၂၅ ထပ်ကို ပေးမဝင်ချင်တာ သိသာနေတာပဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
သူသည် ၂၅ ထပ်မြောက်ကို အတော်လေး သံသယဝင်လာပြီး သူ လိုအပ်နေသော အဖြေများမှာ ထိုနေရာတွင် ရှိနေနိုင်သည်ဟု ယုံကြည်လိုက်သည်။
သူသည် နောက်ထပ် အထပ်အချို့ကို ကျော်ဖြတ်ကာ ၆ ထပ်မြောက်ရှိ ဝင်ပေါက်ကို သွားရောက် စစ်ဆေးလိုက်သည်။ သူ၏ ထင်မြင်ချက် မှန်၊ မမှန် စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။ ၆ ထပ်မြောက်ရှိ ၂၅ ထပ်မြောက် ဝင်ပေါက်မှာလည်း ပျက်စီးနေပြန်သည်။
"ငါ ထင်တဲ့အတိုင်းပဲ။ ဒါလည်း ပျက်နေတာပဲ။ အကြီးအကဲတွေနေတဲ့ အထပ်မှာကော ၂၅ ထပ်မြောက် ဝင်ပေါက် ပျက်နေမလားပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ၂၄ ထပ်ကိုပဲ အာရုံစိုက်နေလို့ သေသေချာချာ မကြည့်မိလိုက်ဘူး" လုံချန်းက မျက်မှောင်ကြုတ်ရင်း ၂၁ ထပ်မြောက် ဝင်ပေါက်ဆီသို့ ပြန်လည် ပျံသန်းသွားသည်။
သူသည် အကြီးအကဲမူ နှင့်အတူ နေထိုင်ခဲ့သည့် အထပ်သို့ ပြန်သွားခဲ့သည်။ ၂၁ ထပ်မြောက်တွင် ဝင်ပေါက်များကို အစောင့်မထားသော်လည်း အထပ်မြင့် ဝင်ပေါက်များကို အသုံးပြုရန်အတွက် တခြားအရာတစ်ခု လိုအပ်သည်။ ၎င်းတို့မှာ အခြားဝင်ပေါက်များကဲ့သို့ အလိုအလျောက် ပွင့်မလာပေ။ ၎င်းကို လုံချန်းအနေဖြင့် ၂၄ ထပ်မြောက် ဝင်ပေါက်ကို အသုံးပြုရန် ကြိုးစားခဲ့စဉ်ကတည်းက သိရှိထားပြီး ဖြစ်သည်။
"အထပ်မြင့် ဝင်ပေါက်တွေကို အကြီးအကဲတွေကလွဲပြီး တခြားဘယ်သူမှ မသုံးနိုင်ဘူးဆိုတော့၊ ဒီမှာရှိတဲ့ ၂၅ ထပ်မြောက် ဝင်ပေါက်ကို ဖျက်ဆီးထားစရာ အကြောင်းမရှိဘူး။ ငါ မြင်နိုင်ရမယ်။ တကယ်လို့ အဲဒီဝင်ပေါက်က ကောင်းနေသေးရင် ဒီဝင်ပေါက်တွေကို ဘယ်လိုသုံးရသလဲဆိုတဲ့ အချက်အလက်အချို့ကို ငါ ရှာကြည့်လို့ရတာပေါ့" လုံချန်းက ရေရွတ်ရင်း ၂၅ ထပ်မြောက် ဝင်ပေါက်ဆီသို့ ပျံသန်းသွားသည်။
ခေတ္တအကြာတွင် လုံချန်းသည် ၂၅ ထပ်မြောက် ဝင်ပေါက်ရှေ့သို့ ဆင်းသက်လိုက်သည်။ သူ၏ ဝိညာဉ်ဓားပေါ်မှ ဆင်းကာ ဝင်ပေါက်အနီးသို့ လျှောက်သွားလိုက်သည်။
"ဒါက အဓိပ္ပာယ်မရှိဘူး။ ဒီမှာရှိတဲ့ ဝင်ပေါက်ကလည်း မကောင်းဘူးပဲ။ ၂၅ ထပ်မှာ တကယ်ပဲ ဘာတွေ ရှိနေတာလဲ" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။
"နေပါဦး... တခြားနယ်မြေတစ်ခုဆီ သွားတဲ့ ဝင်ပေါက်က ဒီမှာ ရှိနေတာလား။ ကျောင်းတော် ယဇ်ပူဇော်ပွဲ အတွက် သူတို့ ပြင်ဆင်နေတဲ့ နေရာပေါ့။ တကယ်လို့ အဲဒီနေရာကို သွားတဲ့ ဝင်ပေါက်သာ ဒီမှာရှိနေရင် သူတို့က တခြားဝင်ပေါက်အားလုံးကို ဖျက်ဆီးထားပြီး ပြန်မပြင်တာက အဓိပ္ပာယ်ရှိသွားပြီ။ အဲဒီလိုမှမဟုတ်ရင်လည်း သူတို့ လူသိမခံချင်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်" လုံချန်းက အပေါ်သို့ မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
သူသည် သူ၏ နေအိမ်ဝင်းအတွင်းသို့ ပြန်လည် ပျံသန်းသွားပြီး အတွင်းတွင် ဖြစ်ပျက်နေသည်များကို သိရှိရန် သူ၏ ဝိညာဉ်အာရုံအား အသုံးပြုလိုက်သည်။ အရာအားလုံး အဆင်ပြေသည်ကို သေချာစေပြီးနောက် လုံချန်းသည် မင်ယု အိပ်ပျော်နေသော အခန်းအတွင်းသို့ နေရာရွှေ့ပြောင်းကာ ဝင်ရောက်လိုက်သည်။
သူသည် မင်ယု၏ ကိုယ်ပေါ်မှ စောင်ကို အသာအယာ ဖယ်လိုက်သည်။
"ငါ ပြန်လာပြီ" သူက ဆိုလိုက်တော့သည်။
မူရင်း၌ ရှေ့အခန်းများတွင် Formation ဝင်္ကပါဟု သုံးထားပြီး ဤအခန်းတွင် Portal ဝင်ပေါက်ဟု သုံးထားသဖြင့် မူရင်းအတိုင်းသာ ဘာသာပြန်လိုက်ပါသည်။
***