လုံချန်းသည် ကျဉ်းမြောင်းလှသော ကုန်းမြေအစွန်းလေးတွင် ရပ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
သူ မြင်သမျှမှာ ရေပြင်ကျယ်ကြီးသာ ဖြစ်သည်။ ထိုရေထုသည် မည်မျှနက်သည်ကို သူ မသိသော်လည်း ရေ၏အရောင်အား ကြည့်ရုံဖြင့် အလွန်နက်ရှိုင်းမည်ဟု ခန့်မှန်းရသည်။
'ဒီပညာရပ်က ရေဓာတ်နဲ့ ပတ်သက်နေတာလား' လုံချန်းက ရေပြင်ကို ကြည့်ရင်း တွေးတောနေမိသည်။
သူသည် မြေပြင်ပေါ်တွင် တရားမှတ်သည့်ပုံစံဖြင့် ထိုင်ချလိုက်ပြီး တစ်စုံတစ်ခု ထူးခြားလာနိုးဖြင့် ရေပြင်ကို စိုက်ကြည့်နေခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် သူ၏ ရှေ့တည့်တည့်ရှိ ရေပြင်မှာ စတင် မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ ထိုရေထုသည် ဧရာမ တောင်ကြီးတစ်လုံးသဏ္ဌာန် ဖြစ်ပေါ်လာသည်အထိ ဆက်တိုက် မြင့်တက်နေခဲ့သည်။ ရေဖြင့် ဖန်တီးထားသော ထိုတောင်မှာ အလွန်အမင်း မမြင့်လှဘဲ အမြင့်ပေ ၂၀ နှင့် အနံ ၃ ပေခန့်သာ ရှိပုံရသည်။
လုံချန်းသည် ထိုရေတောင်ကြီးကို ကြည့်ရင်း တစ်စုံတစ်ခု ဖြစ်လာမည့်အချိန်ကို စောင့်နေသည်။ ဤတောင်ကြီးကို ကြည့်နေရုံဖြင့် ပညာရပ်ကို နားလည်နိုင်မည် မဟုတ်ပေ။ ယခင်က စာလိပ်တွင် ကျင့်ကြံပုံနည်းလမ်း ရေးထိုးထားသည့် ကျောက်တိုင်ရှိသကဲ့သို့ ဤနေရာတွင်လည်း ထိုကဲ့သို့သော အရာတစ်ခုခု ရှိရမည် မဟုတ်လော။
လုံချန်းသည် ဤစာလိပ်၏ ကျင့်စဉ်နည်းလမ်းမှာ အဘယ်မှာ ရှိသနည်းဟု ရှာဖွေနေမိသည်။
"အဲဒီနည်းလမ်းက ရေတောင်ထဲမှာလား၊ ဒါမှမဟုတ် ပင်လယ်ထဲမှာလား။ ကုန်းမြေနဲ့တော့ သိပ်မဝေးလောက်ဘူး ထင်တယ်။ မဟုတ်ရင် မူလင်းက ပြီးခဲ့တဲ့တစ်ခေါက်မှာ ဒီပညာရပ်ကို နားလည်နိုင်မှာ မဟုတ်ဘူး။ ငါ အဲဒီနည်းလမ်းကို ရှာတွေ့မှ ဒီပညာရပ်က ဘာလဲဆိုတာ သိနိုင်မှာ" လုံချန်းက ရေရွတ်လိုက်သည်။
ထိုရေတောင်ကြီးကဲ့သို့သော အခြားထူးခြားမှုများ ထပ်ရှိဦးမလား သိနိုင်ရန် သူ ခေတ္တ ထပ်မံ စောင့်ဆိုင်းနေလိုက်သည်။
အတန်ကြာပြီးနောက်တွင် ရေတောင်ကြီးမှာ နောက်ထပ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ရေတောင်ကြီးပေါ်တွင် အက်ကြောင်းများ ပေါ်လာသကဲ့သို့ ဖြစ်နေသည်မှာ မြင်ရသူအဖို့ ထူးဆန်းလှသည်။
မကြာမီမှာပင် ထိုရေတောင်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး ပုံရိပ်တစ်ခု ပေါ်လာတော့သည်။ ၎င်းမှာ တရားမှတ်နေသည့် ပုံစံဖြင့် ထိုင်နေသော ရေဖြင့် ဖန်တီးထားသည့် လူသားပုံရိပ်တစ်ခုပင်။
ထိုရေလူသား၌ ရေဖြင့် ပြုလုပ်ထားသော ဆံပင်ရှည်များရှိပြီး လှုပ်ရှားနေသည်ကိုပင် မြင်တွေ့နိုင်သည်။ လုံချန်းသည် ထိုရေလူသားကို ကြည့်ရင်း ၎င်းမှာ ဤပညာရပ်၏ အနှစ်သာရ ဖြစ်နိုင်မလားဟု တွေးတောနေမိသည်။
ရုတ်တရက် ထိုရေလူသားသည် သူ၏ ဘယ်ဘက်လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။ လုံချန်းကလည်း ထိုလှုပ်ရှားမှုကို လိုက်လုပ်ရန် ဆုံးဖြတ်လိုက်ပြီး တရားမှတ်သည့်ပုံစံဖြင့် ထိုင်ကာ သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။
ထိုရေလူသား၏ ရင်ဘတ်အနီးတွင် သေးငယ်သော အလင်းစက်လေးတစ်စက် ပေါ်လာပြီး ရင်ဘတ်မှတစ်ဆင့် ဘယ်ဘက်လက် ထို့နောက် ဒန်တျန်နှင့် ဘယ်ဘက်လက်ဆီသို့ ရွေ့လျားသွားသည်ကို သူ မြင်လိုက်ရသည်။
'ဒါက ရေလူသားရဲ့ ခန္ဓာကိုယ်ထဲက သတ်မှတ်ထားတဲ့ အမှတ်တွေကို ဖြတ်ပြီး ပတ်လမ်းတစ်ခု ဖန်တီးနေတာပဲ။ ငါ လိုက်လုပ်ရမယ့် ချီစွမ်းအင် လမ်းကြောင်းတွေကို ကိုယ်စားပြုနေတာလား' လုံချန်းက ထိုအလင်းစက်လေး၏ ထူးခြားသော လှုပ်ရှားမှုကို ကြည့်ရင်း တွေးတောနေမိသည်။
လုံချန်းတစ်ယောက် ရေလူသားအတိုင်း ချီစွမ်းအင်ကို စတင် လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် သူ၏ စိတ်ထဲ၌ အသံတစ်သံ ကြားလိုက်ရသည်။
"နင် တကယ်ပဲ အဲဒီ ချီစွမ်းအင် လှုပ်ရှားမှုကို လိုက်လုပ်မှာလား။ ဒီစာလိပ်က ဖော်ပြချင်တဲ့အရာက အဲဒါပဲလို့ နင် သေချာလို့လား။ တကယ်လို့ နင် မှားသွားရင် ဒုက္ခရောက်နိုင်တယ်။ ချီစွမ်းအင်ကို မှားယွင်းစွာ လှုပ်ရှားမိရင် စွမ်းအင် ပြန်ကန်ထွက်ပြီး ဒဏ်ရာရနိုင်တယ်နော်။ နင် တကယ်ပဲ သေချာလို့လား" ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။
"သေချာပေါက် ငါ စမ်းကြည့်မှာပေါ့။ ဒီပညာရပ်က ငါ့ကို ဒါပဲ လုပ်ခိုင်းနေတာလို့ ငါ ယုံကြည်တယ်။ ပညာရပ်အချို့က ထူးခြားတဲ့ ချီစွမ်းအင် လှုပ်ရှားမှုတွေ လိုအပ်တာပဲလေ။ ပြီးတော့ ကလေးတစ်ယောက်တောင် ဒီပညာရပ်ကို သင်နိုင်တယ်ဆိုရင် ငါလည်း သင်နိုင်ရမှာပေါ့။ ဒါက နည်းလမ်းအမှန်ပဲ ဖြစ်ရမယ်" လုံချန်းက လက်သီးကို တင်းတင်းဆုပ်ရင်း ရေရွတ်လိုက်သည်။
"နင့် သဘောပဲလေ" ရွှင်းက ပြောကာ တိတ်ဆိတ်သွားတော့သည်။
လုံချန်းသည် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ရှေ့ရှိ ရေလူသားပုံရိပ်ကိုသာ အာရုံစိုက်ကာ ချီစွမ်းအင်အား ထိုပုံရိပ် ရွေ့လျားသည့်အတိုင်း လိုက်လံ လှုပ်ရှားစေလိုက်သည်။
ချီစွမ်းအင်ကို လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်မှ ထူးဆန်းသော အေးစက်သည့် စွမ်းအင်များ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။
လုံချန်းသည် ဆယ်ပတ်ခန့် တိတိကျကျ လှုပ်ရှားပြီးသွားချိန်တွင် ရေလူသားသည် သူ၏ ညာဘက်လက်ကို ရင်ဘတ်အနီးသို့ မြှောက်ကာ နှလုံးသားအနီးတွင် ထားလိုက်သည်။ ထိုအချိန်တွင် အလင်းစက်လေးမှာ ဆက်လက် ရွေ့လျားနေဆဲပင်။
လုံချန်းသည်လည်း ထိုအတိုင်း လိုက်လုပ်ကာ ချီစွမ်းအင်ကို ဆက်လက် လှုပ်ရှားနေခဲ့သည်။ နောက်ထပ် နှစ်ပတ်ခန့် ကြာပြီးနောက်တွင် ရေလူသားသည် သူ၏ ညာဘက်လက်ကို ကောင်းကင်သို့ မြှောက်လိုက်ပြီး အစကတည်းက မြှောက်ထားသော ဘယ်ဘက်လက်နှင့် ရိုက်လိုက်သည်။
လုံချန်းသည်လည်း ထိုအတိုင်း လိုက်လုပ်လိုက်ရာ သူ၏ လက်နှစ်ဖက် တိုက်မိသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံမှာ မှောင်မိုက်သွားတော့သည်။ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် လုံချန်းပင်လျှင် ထိတ်လန့်သွားမိသည်။
လုံချန်းသည် မှောင်မိုက်နေသော တိမ်တိုက်များကြားမှ ရံဖန်ရံခါ အလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
"ဝေါင်း..."
လုံချန်းသည် ကောင်းကင်ယံမှ ပြင်းထန်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
ကောင်းကင်ယံမှ အပြာရောင် နဂါးတစ်ကောင်မှာ ဒေါသတကြီး ဟိန်းဟောက်ရင်း ဆင်းသက်လာသည်ကို သူ မြင်လိုက်ရသည်။ ဟိန်းဟောက်သံ တစ်ချက်စီတိုင်းနှင့်အတူ မိုးကြိုးပေါင်း ထောင်ချီ၍ ရေပြင်ပေါ်သို့ ကျဆင်းလာပြီး လုံချန်း၏ အဝတ်အစားများကို စိုရွှဲသွားစေသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။ သို့သော် လုံချန်းကမူ ထိုနဂါးကြီးကိုသာ အာရုံစိုက်နေမိသည်။
ရုတ်တရက် သူသည် ထိုကောင်းကင်ယံမှ အပြာရောင်နဂါးကြီးနှင့် ဆက်နွှယ်နေသကဲ့သို့ ခံစားလိုက်ရပြီး ထိုနဂါးကို အမိန့်ပေးကာ တိုက်ခိုက်ခိုင်း၍ ရနိုင်သည်ဟု ခံစားလိုက်ရသည်။
ထိုရေလူသားပုံရိပ်မှာ ပါးစပ်ဟနေသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။ သို့သော် လုံချန်း၏ နားထဲတွင်မူ စကားလုံးများ ပဲ့တင်ထပ်နေခဲ့သည်။
"ကောင်းကင်ဘုံရဲ့ အပြာရောင်နဂါးဟာ တော်ဝင်မျိုးနွယ်တွေရဲ့ ရန်သူအားလုံးကို ဒီလောကကနေ သုတ်သင်ပစ်လိမ့်မယ်"
လုံချန်းသည် ၎င်းမှာ ပညာရပ်တစ်ခုဖြစ်ကြောင်း သိရှိသွားပြီး ရန်သူများကို တိုက်ခိုက်ရန် နဂါးတစ်ကောင်အား ဆင့်ခေါ်သည့် နဂါးနှင့်ပတ်သက်သော ပညာရပ်တစ်ခုဖြစ်မည်ဟု ယူဆလိုက်သည်။ ထိုနဂါးမှာ တကယ့်နဂါးအစစ် မဟုတ်သော်လည်း အလွန်အမင်း အစွမ်းထက်လှသည်။ လုံချန်း၏ အမြင်အရ သူသာ ဤပညာရပ်ကို ထိရောက်စွာ အသုံးပြုနိုင်ပါက ၎င်းသည် သူ၏ အစွမ်းထက်ဆုံး ပညာရပ် ဖြစ်လာပေလိမ့်မည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဤနဂါးကို ဆင့်ခေါ်ရန် ချီစွမ်းအင် ပတ်လမ်းအားလုံးနှင့် လက်ဟန်ခြေဟန် အားလုံးကို အပြီးသတ်ရန် အချိန်အတော်လေး ယူရခြင်းပင် ဖြစ်သည်။
လုံချန်းသည် အဝေးရှိ ရေပြင်ကို တိုက်ခိုက်ရန် တွေးတောရင်း ထိုပညာရပ်ကို စမ်းသပ်ကြည့်လိုက်သည်။
အပြာရောင်နဂါးကြီးမှာ ကောင်းကင်ယံမှ ဆင်းသက်လာကာ ပါးစပ်ကို ဟလျက် ရေပြင်ပေါ်သို့ ထိုးဆင်းတိုက်ခိုက်လိုက်သည်။ ၎င်းသည် လုံချန်း တိုက်ခိုက်ရန် စိတ်ကူးထားသည့် နေရာအတိအကျကိုပင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး လုံချန်းမှာ သန်မာသူတစ်ဦး ဖြစ်လင့်ကစား နောက်သို့ လွင့်ထွက်သွားခဲ့သည်။ လုံချန်းသည် ကုန်းမြေနှင့် အလှမ်းဝေးသော ရေပြင်ထဲသို့ ကျသွားခဲ့သည်။ သူ ရေကူးနေစဉ်တွင် ရေလူသားပုံရိပ်မှာ ပျက်စီးမသွားဘဲ ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရသော်လည်း ကမ္ဘာကြီးမှာမူ ထပ်မံ ဝေဝါးလာပြန်သည်။
'ငါ့အတွက် အချိန်ကုန်သွားပြီ ထင်တယ်။ ငါ ပညာရပ်ကို နားလည်သွားပြီဆိုတော့ ဒီစာလိပ်ကမ္ဘာက ပျောက်ကွယ်သွားတော့မှာပဲ' လုံချန်းက ရေရွတ်လိုက်သည်။ သို့သော် ကမ္ဘာကြီး မပျောက်ကွယ်မီလေးတွင် ထိုရေလူသားပုံရိပ်က သူ့ကို ပြုံးပြလိုက်သကဲ့သို့ သူ ခံစားလိုက်ရသည်။
လုံချန်း မျက်လုံးပွင့်လာသောအခါ သူ၏ရှေ့တွင် ထိုင်နေသော မူယွမ်ကို မြင်လိုက်ရသည်။
"နိုးလာပြီလား။ သားက မျှော်လင့်ထားတာထက် ပိုကြာသွားပေမဲ့ ပညာရပ်ကို နားလည်သွားတာပဲ၊ တော်တယ်" မူယွမ်က ပြုံးလျက် ဆိုသည်။
'မျှော်လင့်ထားတာထက် ပိုကြာတယ် ဟုတ်လား။ သူက ငါသာ ကြိုးစားရင် ရက်ပိုင်းအတွင်း နားလည်နိုင်မယ်လို့ ပြောခဲ့တာ မဟုတ်လား။ ငါက နာရီပိုင်းအတွင်းမှာ နားလည်သွားတာလေ။ သူ ဘာကို ပြောတာလဲ။ နေပါဦး... ငါ ထင်ထားတာထက် အချိန်တွေ ပိုကုန်သွားတာလား' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးတောနေမိသည်။
ဤကဲ့သို့သော ကိစ္စမျိုးမှာ မကြာခဏ ဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် လူတို့က အချိန်အနည်းငယ်သာ ကုန်ဆုံးသွားသည်ဟု ထင်မှတ်သော်လည်း လက်တွေ့တွင်မူ အချိန်အတော်ကြာ ကုန်ဆုံးသွားတတ်သည်။ ယခုတစ်ကြိမ်တွင်လည်း ထိုသို့ပင် ဖြစ်သွားခြင်းလားဟု လုံချန်း သိချင်နေမိသည်။
"ဘယ်နှစ်ရက် ရှိသွားပြီလဲဟင်" သူက မူယွမ်ကို မေးလိုက်တော့သည်။
***