"ဘယ်နှစ်ရက် ရှိသွားပြီလဲဟင်" လုံချန်းက မူယွမ်ကို မေးလိုက်သည်။
"ငါးရက်တောင် ရှိသွားပြီ။ ယဇ်ပူဇော်ပွဲ အကြောင်း ကြေညာဖို့ နှစ်ရက်ပဲ ကျန်တော့တယ်၊ သုံးရက်မြောက်နေ့မှာတော့ ယဇ်ပူဇော်ပွဲ စတော့မှာ" မူယွမ်က ပြန်ဖြေသည်။
'ငါးရက်တောင်လား... ငါ ထင်ထားတာထက် အများကြီး ပိုကြာသွားတာပဲ။ ဟို ရေတောင်ကြီးနဲ့ ရေလူသားပုံရိပ် ဖြစ်ပေါ်လာဖို့က ငါ ထင်ထားတာထက် အချိန်ပိုယူရပုံရတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဒီပညာရပ်က ငါ့ဘဝရဲ့ ငါးရက်တာထက် အများကြီး ပိုတန်ဖိုးရှိပါတယ်' လုံချန်း တွေးလိုက်မိသည်။
"ဘာပဲဖြစ်ဖြစ် သား အခုသင်ယူခဲ့တဲ့ ပညာရပ်က သားအဖေက သားအတွက် ချန်ထားရစ်ခဲ့တဲ့ ပညာရပ်ပဲ။ အဲဒါကို နဂါးအမျက်လို့ ခေါ်တယ်။ သား အဖေက အမေ့ကို မှာထားတယ်၊ ဒီပညာရပ်ကို လွယ်လွယ်နဲ့ မသုံးပါနဲ့တဲ့။ သားရဲ့ အသက်အန္တရာယ် တကယ်စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေမျိုးမှာပဲ သုံးတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် သားဆီကို ကံဆိုးမှုတွေ ရောက်လာလိမ့်မယ်။ ဒါကြောင့် သူ့စကားကို နားထောင်ပါနော်။ အရင်က သား ဒီပညာရပ်ကို တစ်ခါမှ မသုံးခဲ့သလိုပဲ၊ နောင်လည်း မသုံးပါနဲ့ဦး။ တခြားနည်းလမ်းမရှိတော့ဘဲ အသက်ဘေးကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ပဲ သိမ်းထားလိုက်ပါ" မူယွမ်က လုံချန်းကို မှာကြားသည်။
"လွယ်လွယ်နဲ့ သုံးလို့မရတဲ့ နဂါးပညာရပ်တစ်ခုပေါ့။ အဲဒီအစွမ်းကို ကြည့်ရတာ ဒါက လူသားတွေရဲ့ ပညာရပ် မဟုတ်တာတော့ သေချာတယ်။ ဒါက နဂါးမျိုးနွယ်စုရဲ့ ပညာရပ် ဖြစ်ရမယ်။ မူလင်းရဲ့ အဖေက နဂါးမျိုးနွယ်စုက ဖြစ်နေတာ ဒါမှမဟုတ် နဂါးမျိုးနွယ်ဆီက တစ်ခုခုကို အသက်ရှင်လျက်နဲ့ လုယူနိုင်ခဲ့တဲ့သူ ဖြစ်ရမယ်" ရွှင်းက ဆိုသည်။
"ဒီပညာရပ်ကို မသုံးဖို့ သူ မှာနေပုံအရဆိုရင် ဒုတိယအချက် ဖြစ်ဖို့ ပိုများတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူက တကယ်ကို သန်မာတဲ့သူ ဖြစ်ရမယ်" သူမက ထပ်လောင်းပြောသည်။
လုံချန်းက သူမ၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ဤပညာရပ်မှာ အမှန်တကယ် အစွမ်းထက်လှသည်။ လက်ရှိတွင် သူ၌ ရှိသမျှသော ပညာရပ်များထဲတွင် အစွမ်းအထက်ဆုံးလည်း ဖြစ်သည်။
"တကယ် လိုအပ်တဲ့အချိန်ကလွဲရင် ကျွန်တော် အဲဒါကို မသုံးပါဘူး" လုံချန်းက မူယွမ်ကို အပြစ်ကင်းစင်စွာ ပြုံးပြရင်း ပြောလိုက်သည်။
သူသည် စာလိပ်ကို မူယွမ်ထံ ပြန်ပေးလိုက်ပြီး နောက်ဆုံးစာလိပ်ကို စောင့်ဆိုင်းနေသည်။
မူယွမ်က ပြုံးလျက် ထိုစာလိပ်ကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ကာ နောက်ထပ် တစ်စောင်ကို ထုတ်ယူလိုက်သည်။ ယခုတစ်ကြိမ် စာလိပ်မှာ ငွေရောင်ဖြစ်ပြီး အမှားအယွင်းတစ်ခု လုပ်မိရုံဖြင့် လူတစ်ဦးကို အလွယ်တကူ ပိုင်းဖြတ်ပစ်နိုင်မည့် ထက်ရှသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
"တတိယမြောက် ပညာရပ်ကတော့ သား အသုံးအများဆုံး ပညာရပ်ပဲ။ ဘာလို့လဲဆိုတော့ သားကို နဂါးအမျက်ကို သုံးခွင့်မပေးထားလို့လေ။ ဒါကလည်း တကယ်ကို အသုံးဝင်တဲ့ ပညာရပ်တစ်ခုပါ။ သားမှာ အရင်က ပညာရပ် လေးမျိုး ရှိခဲ့ပေမဲ့ ယဇ်ပူဇော်ပွဲ မတိုင်ခင် သုံးမျိုးပဲ ရွေးချယ်သင်ပေးဖို့ အမေ ဆုံးဖြတ်ခဲ့တာ။ နဂါးပညာရပ်နဲ့ ကျင့်ကြံခြင်းပညာရပ်ကတော့ သေချာပေါက် ပါရမှာဆိုပေမဲ့ တတိယမြောက်အတွက်တော့ အမေ အတော် စဉ်းစားခဲ့ရတယ်။ သရဲဘုရင် ရာသီဥတုလား ဒါမှမဟုတ် ဝိဇ္ဇာဓားပညာရပ်လား ဆိုပြီးတော့ပေါ့။ သားက ဝိဇ္ဇာဓားပညာရပ်ကို သုံးရတာ ပိုဝါသနာပါလို့ ဒါကိုပဲ ရွေးပေးလိုက်တယ်။ ရော့..." မူယွမ်က တတိယစာလိပ်ကို လုံချန်းအား ပေးလိုက်သည်။
လုံချန်းသည် သူမ၏ လက်ထဲမှ စာလိပ်ကို ယူလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ နှလုံးသားထဲတွင် လှုပ်ခတ်သွားကာ ဓားဆန္ဒများမှာ ပြင်ပသို့ ထွက်ပေါ်လာရန် ဟိန်းဟောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ လုံချန်းသည် သူ၏ ဓားအရှိန်အဝါကို မနည်း ထိန်းချုပ်ရင်း စာလိပ်ကို ဖွင့်လိုက်သည်။
စာလိပ် ပွင့်သွားချိန်တွင် လုံချန်းသည် ထုံးစံအတိုင်း အခြားနေရာတစ်ခုသို့ ရောက်ရှိသွားပြန်သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် တောင်ခြေတစ်ခုသို့ ရောက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဓားများစွာ ရှိနေသည်။ ထိုဓားအားလုံးမှာ တောင်ပေါ်တွင် စိုက်ထူထားခြင်း ဖြစ်သည်။
"ဝိဇ္ဇာဓားပညာရပ် ဟုတ်လား။ ဒီပညာရပ်က ဒီလူသားလောကမှာ ဘာလာလုပ်နေတာလဲ" ရွှင်းသည် လုံချန်း၏ ရှေ့တွင် ပေါ်လာပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။
"နင် ဒီပညာရပ်ကို သိသလား" လုံချန်းက ရွှင်းကို ကြည့်ကာ မေးသည်။
"သေချာပေါက် သိတာပေါ့။ ဒါက အင်မော်တယ်လောကမှာ အင်မတန် အစွမ်းထက်တဲ့ ပညာရပ်တစ်ခုပဲ။ ဒီပညာရပ်ကို ပိုင်ဆိုင်တဲ့သူက အင်မော်တယ်လောကရဲ့ မြို့တစ်မြို့ကို အုပ်ချုပ်တဲ့ အရှင်သခင်ပဲ။ သူက အဲဒီမြို့မှာ ရှိသမျှ အင်မော်တယ်တိုင်းကို ထိတ်လန့်စေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးပေါ့။ အဲဒီလူမှာ ပညာရပ်တွေ အများကြီး ရှိပေမဲ့ သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဒီဝိဇ္ဇာဓားပညာရပ်ကြောင့်ပဲ လူသိများတာ။ သူကတော့ ရွှေရောင်တစ္ဆေမြို့တော်ရဲ့ ဝိဇ္ဇာဘုရင်ပဲ" ရွှင်းက ရှင်းပြသည်။
"ဒီပညာရပ်ကို ကြည့်ရုံနဲ့ အဲဒီလူနဲ့ အဲဒီမြို့အကြောင်းကို နင်က ဘယ်လိုလုပ် သိနေတာလဲ။ ငါ ထင်တာတော့ နင် အဲဒီလူနဲ့ တွေ့ဖူးမှာပဲ၊ တျန်းရှန်နဲ့ အတူရှိနေတုန်းက ဖြစ်လိမ့်မယ်။ အဲဒီလူရဲ့ စရိုက်ကို ငါ သိပြီးသားပဲ။ နင်က ဝိဇ္ဇာဘုရင်ကို သန်မာတယ်လို့ ပြောနေပုံအရဆိုရင် တျန်းရှန်က အဲဒီလူနဲ့ တိုက်ခိုက်ခဲ့ဖူးဖို့ အခွင့်အလမ်း အများကြီး ရှိတယ်" လုံချန်းက မေးစေ့ကို လက်ဖြင့် ပွတ်ကာ တွေးတောရင်း ဆိုသည်။
"နင် တျန်းရှန်ကို ဘယ်လိုလူလို့ ထင်နေလို့လဲ။ သူက သန်မာတဲ့သူတွေ့တိုင်း လိုက်ချနေတဲ့ တိုက်ပွဲရူး မဟုတ်ပါဘူး။ ဒါပေမဲ့ အခုကိစ္စမှာတော့ နင်ပြောတာ မှန်ပါတယ်။ အဲဒီလူက ဝိဇ္ဇာဘုရင်နဲ့ တကယ် တိုက်ခဲ့တာ။ ဝိဇ္ဇာဘုရင်က အားလုံးရဲ့ ရှေ့မှာတင် အသတ်ခံလိုက်ရတာလေ။ ဒါကြောင့်လည်း ဒီပညာရပ်က လူသားလောကမှာ ဘယ်လိုဖြစ်ပြီး ပြန်ပေါ်လာတာလဲဆိုတာ အံ့သြစရာ ဖြစ်နေတာပေါ့။ သေသွားတဲ့သူက ပညာရပ်တွေကို မျှဝေပေးလို့ မရဘူးလေ။ ဘာတွေ ဖြစ်နေတာလဲ" ရွှင်းက မျက်မှောင်ကြုတ်ကာ ရေရွတ်သည်။
"နင် မေ့နေတာလား။ မူလင်းရဲ့ အဖေက နဂါးမျိုးနွယ်စုရဲ့ ပညာရပ်တွေကိုတောင် ရအောင် ယူနိုင်တဲ့သူပဲလေ၊ သာမန်လူသား ကျင့်ကြံသူတစ်ယောက်ရဲ့ ပညာရပ်က သူ့အတွက် ဘာခက်ခဲမှာလဲ" လုံချန်းက ရယ်မောရင်း ခေါင်းခါလိုက်သည်။ "ဘာပဲဖြစ်ဖြစ်၊ ဒီပညာရပ်အကြောင်း ငါ့ကို ပိုပြောပြပါဦး"
"နာမည်အတိုင်းပဲ ဒါက ဓားပညာရပ်တစ်ခုပါ။ ဒီပညာရပ်က ဘယ်လို အလုပ်လုပ်သလဲဆိုတာ ငါ မသိပေမဲ့ တျန်းရှန်နဲ့ ဝိဇ္ဇာဘုရင် တိုက်တုန်းကတော့ ဝိဇ္ဇာဘုရင်က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို သုံးပြီး ပေတစ်ရာကျော် ရှည်တဲ့ ဧရာမ ဓားကြီးတစ်လက်ကို ဖန်တီးပြီး ရန်သူကို တိုက်ခိုက်နိုင်တယ်။ အဲဒါက အတော်လေး ဒုက္ခပေးတဲ့ စွမ်းရည်ပဲ" ရွှင်းက ရှင်းပြသည်။
"အဝေးကနေ တိုက်ခိုက်ဖို့အတွက် တကယ့်ကို မိုက်တဲ့ စွမ်းရည်ပဲ။ ဒါကြောင့် ဓားသမားတစ်ယောက်က အဝေးကနေ တိုက်ခိုက်နိုင်တာပေါ့၊ ပြီးတော့ အင်မော်တယ် လောကက ပညာရပ်ဆိုတော့ စွမ်းအားကလည်း မဆိုးလောက်ဘူး။ ဒီမူလင်းမှာ တကယ့်ကို ကောင်းတဲ့ ပညာရပ်တွေ ရှိနေတာပဲ။ ဒီတစ်ပတ်တော့ ငါ တကယ် ကံကောင်းတာပဲ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။
"သေချာပေါက် ကံကောင်းတာပေါ့။ နင် ဇနီးသည် နှစ်ယောက်ရတယ်၊ အစွမ်းထက်တဲ့ ပညာရပ် နှစ်ခုရတယ်၊ ပြီးတော့ နင့်ရဲ့ ဟင်းလင်းပြင် နိယာမကလည်း အဆင့်တက်သွားသေးတယ်။ ဒါပေမဲ့ ဒီပညာရပ်ကို အထင်မသေးပါနဲ့။ နားလည်အောင် အစွမ်းကုန် ကြိုးစားပါဦး" ရွှင်းက လုံချန်းကို ဆိုသည်။
"ကဲပါ... ကလေးတစ်ယောက်တောင် သင်နိုင်ခဲ့တာပဲ၊ ဘယ်လောက် ခက်ခဲမှာလဲ။ အလွန်ဆုံးတော့ သူကြာခဲ့တဲ့ အချိန်ထက် ငါ ပိုကြာသွားမှာပေါ့" လုံချန်းက ရေရွတ်ရင်း တောင်ပေါ်သို့ ပထမဆုံး ခြေလှမ်း လှမ်းလိုက်သည်။
သူ တောင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တောင်တစ်တောင်လုံး တုန်ခါသွားတော့သည်။
လုံချန်းသည် တောင်၏ တုန်ခါမှုကို ဂရုမစိုက်ဘဲ ထိပ်ဆုံးသို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ တောင်ပေါ်တွင် စိုက်ထူထားသော ထောင်ချီသည့် ဓားများကို သူ လျစ်လျူရှုထားခဲ့သည်။ သူ ရှေ့သို့ ဆက်သွားလေလေ ဓားများမှာ ပိုမို သန်မာလာလေလေ ဖြစ်သည်ကို သူ သတိပြုမိသည်။
"အားနည်းတဲ့ ဓားတွေက တောင်ခြေမှာ ရှိနေတာဆိုတော့ ပိုသန်မာတဲ့ ဓားတွေက တောင်ထိပ်မှာ ရှိနေမှာပေါ့။ အသန်မာဆုံး ဓားကတော့ တောင်ထိပ် အစွန်းဆုံးမှာ ရှိလိမ့်မယ်။ အဲဒါက ဝိဇ္ဇာဝိညာဉ်ဓားပဲ။ နင် ရယူရမှာက အဲဒါပဲ။ ငါ ကြားဖူးတာတော့ ဝိဇ္ဇာဓားဆိုတာ တကယ့်ဓား မဟုတ်ဘဲ တာအိုကနေ ဖန်တီးထားတဲ့ ပညာရပ်ဆိုင်ရာ ဓားတစ်လက်ပဲ။ နင် နားလည်သွားပြီး နင့်ရဲ့ ကိုယ်ပိုင် ဝိဇ္ဇာဓားကို ဖန်တီးနိုင်သွားရင်တောင် ဒီဝိဇ္ဇာဓား နားလည်သဘောပေါက်ခြင်း တောင်ကြီးက နင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ တာအိုဓားက ဒီမှာ ရှိနေဦးမှာမို့လို့ပဲ" ရွှင်းက လုံချန်းကို ရှင်းပြသည်။
"ငါ နားလည်ပါပြီ။ ငါက အဲဒီ ဝိဇ္ဇာတာအိုဓားကို မလိုအပ်ပါဘူး။ ဒါပေမဲ့ နင်ပြောသလိုပဲ ငါကိုယ်တိုင် နားလည်ပြီး ဖန်တီးလိုက်တဲ့ ဝိဇ္ဇာဓားက ပိုကောင်းလိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ လူတိုင်းထက်လည်း နိမ့်ကျမှာ မဟုတ်ပါဘူး" လုံချန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောရင်း တောင်ထိပ်သို့ ဆက်လက် လျှောက်လှမ်းသွားသည်။
လေးနာရီကျော် လမ်းလျှောက်ပြီးနောက် လုံချန်းသည် တောင်၏ ထက်ဝက်ခန့်သို့ ရောက်ရှိလာသည်။ သို့သော် သူ တောင်လယ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တုန်ခါမှုများမှာ ရပ်တန့်သွားသည်။ လွန်ခဲ့သည့် လေးနာရီလုံးလုံး ငလျင်လှုပ်နေသကဲ့သို့ တုန်ခါနေခဲ့သော တောင်ကြီးမှာ ယခုအခါ တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သည်။
တောင်ကြီး တုန်ခါမှု ရပ်တန့်သွားသော်လည်း အခြေအနေမှာ ပိုမို ဆိုးဝါးလာတော့သည်။
***