"နင် အဲဒီဟင်းလင်းပြင်ထဲကို ဆုလာဘ်အနေနဲ့ ဝင်ခွင့်ရဖို့အတွက် ဒါကို လုပ်နေတာလား" ရွှင်းက လုံချန်းကို မေးလိုက်သည်။
"ဟုတ်တယ်။ ငါလည်း အဲဒီနေရာကို သွားဖို့ စီစဉ်ထားတာ။ တစ္ဆေကျောင်းတော်တောင် မက်မက်မောမော ဖြစ်နေတဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဟင်းလင်းပြင်ထဲမှာ တစ်ခုခုတော့ ရှိရမယ်" လုံချန်းက မျက်လုံးမှိတ်ရင်း ရေရွတ်လိုက်သည်။
"တကယ်လို့ နင် သေသွားရင် ဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ သိတယ်မဟုတ်လား။ နင့်ရဲ့ အမှတ်အသားက ပေါ်သွားမှာ ဖြစ်သလို သူတို့ကလည်း နင့်ကို အသက်ပြန်သွင်းပေးမှာ မဟုတ်ဘူး။ အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်" ရွှင်းက သတိပေးသည်။
"ငါ သိပါတယ်။ ဒါကြောင့်လည်း ငါ မသေအောင် ကြိုးစားမှာပေါ့။ မကြာခင်မှာ တကယ်ကို ကြီးမားတဲ့ တစ်ခုခု ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်၊ အဲဒါကြောင့် ဒီအခွင့်အရေးကို ငါ အဆုံးရှုံးမခံနိုင်ဘူး။ ဒီရှာဖွေမှုနဲ့ ပတ်သက်နေမယ် ထင်တယ်။ ငါ့ကိုယ်ထဲက သွေးတွေတောင် ဂနာမငြိမ် ဖြစ်နေသလိုပဲ။ အရေးကြီးတာတစ်ခုခု ဖြစ်တော့မှာမို့ ငါ အဲဒါကို လက်လွတ်မခံချင်ဘူး။ ပြီးတော့ ဒါက ကျောင်းတော် ယဇ်ပုရောဟိတ်တွေနဲ့ နီးစပ်ဖို့ အခွင့်အရေးလည်း ရမှာလေ" လုံချန်းက ဆိုသည်။
"ဒီမှာ ကြီးမားတဲ့ တစ်ခုခု ဖြစ်တော့မယ်လို့ ဘာလို့ ထင်နေရတာလဲ။ ငါကကော ဘာလို့ ဘာမှ မခံစားရတာလဲ" ရွှင်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ငါလည်း မသိဘူး။ ဒါပေမဲ့ ငါ့သွေးတွေကို ဒီလောက်အထိ လှုပ်ခတ်စေတယ်ဆိုရင် အဲဒါက သွေးမျိုးဆက် ဒါမှမဟုတ် မူလအစနဲ့ တစ်ခုခု ပတ်သက်နေလိမ့်မယ်။ ငါ့သွေးမျိုးဆက်ရဲ့ ဘိုးဘေးတွေဆီက ရှေးဟောင်းပစ္စည်းအချို့ကို ရနိုင်မလားပေါ့။ အဲဒါဆိုရင်တော့ တကယ် မိုက်မှာပဲ" လုံချန်းက ပြောလိုက်သည်။
"သွေးမျိုးဆက်သခင်နဲ့ ပတ်သက်တဲ့ အရာလား..." ရွှင်း၏ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းသွားသည်။ "အဲဒီလိုအရာမျိုး ဒီမှာ တကယ် ရှိနေနိုင်လို့လား။ ကောင်းတဲ့အရာ ဖြစ်ပါစေလို့ပဲ ငါ မျှော်လင့်ပါတယ်"
"ကောင်းတာလား၊ ဆိုးတာလားတော့ ငါ မသိဘူး။ ငါ့သွေးမျိုးဆက်ကို အာရုံခံကြည့်တိုင်း တစ်မျိုးကြီးပဲ၊ ဝမ်းလည်းသာသလို ဝမ်းလည်းနည်းသလို ခံစားရတယ်။ အဲဒီအရာနဲ့ နီးနီးကပ်ကပ် ရှိချင်သလိုလို တစ်ချိန်တည်းမှာပဲ ဝေးဝေးမှာ နေချင်သလိုလို ဖြစ်နေတာ။ အဲဒီကို ရောက်မှပဲ အဲဒါ ဘာလဲဆိုတာ ငါ သိမှာပါ" လုံချန်းက ပြန်ဖြေသည်။
ရွှင်းက ဘာမှ ထပ်မပြောတော့ဘဲ ပျောက်ကွယ်သွားသည်။ သူမသည် လုံချန်း၏ သွေးမျိုးဆက် ကျောင်းတော်ထဲသို့ ဝင်သွားပြီး အနက်ရောင် မှန်တစ်ချပ်ရှိသည့် အခန်းတစ်ခန်းထဲသို့ ဝင်ခဲ့သည်။
'သွေးမျိုးဆက်နဲ့ ပတ်သက်တဲ့ အရာတဲ့... ပြောစမ်းပါဦး၊ အဲဒါက ကောင်းတဲ့အရာလား၊ ဆိုးတဲ့အရာလား' သူမက မှန်ကို ကြည့်ရင်း မေးလိုက်သည်။
မှန်ပေါ်တွင် သွေးဖြင့် ရေးသားထားသကဲ့သို့သော စာသားအချို့ ပေါ်လာသည်။
"နေမင်းကဲ့သို့သော မူလအစ၏ ကြံရာပါဟောင်း၊ လမင်းကဲ့သို့သော နေမင်း၏ ရန်သူ။ ကောင်းသူအတွက် အသက်၊ ဆိုးသူအတွက် သေခြင်း။ ထာဝရ အိပ်စက်ခြင်း ပျက်စီးလေပြီ၊ နောင်တများ လိုက်ပါလာလိမ့်မည်။ သေခြင်းတရားက မဖြစ်နိုင်သော်လည်း၊ သေခြင်းတရားသည်သာ တစ်ခုတည်းသော အဖြေ ဖြစ်ပေလိမ့်မည်"
ရွှင်းသည် မှန်ပေါ်က စာသားများကို ဖတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါတွေက ဘာစကားလုံးတွေလဲ။ သူငယ်ချင်းအကြောင်းရော ရန်သူအကြောင်းရော တစ်ပြိုင်နက်တည်း ပြောနေသလိုပဲ။ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ။ အဲဒါက ကောင်းတာလား၊ ဆိုးတာလား" သူမက သွေးမျိုးဆက်ဗိမာန်ထဲက မှန်ကို ထပ်မေးသည်။ သို့သော် မှန်က ဘာမှ ထပ်မပြတော့ပေ။
"ဟူး... နင် ပြောမှာ မဟုတ်တော့ဘူးပေါ့။ သွေးမျိုးဆက်တောင် မူလအစ အကြောင်းကို မပြောနိုင်ဘူးပဲ။ ဆိုးတဲ့အရာဆိုရင် သူ့ကို တားဖို့ ငါ မျှော်လင့်ထားတာ၊ ဒါပေမဲ့ အဲဒါ ဘာလဲဆိုတာတောင် ငါ မသိဘူး။ သူ့အတွက် မဆိုးပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ" ရွှင်းက သက်ပြင်းချရင်း သူမ အဖြေရမည် မဟုတ်တော့ကြောင်း သိလိုက်သည်။
သူမ အခန်းထဲမှ ထွက်ကာ တံခါးပိတ်လိုက်သည်။ သူမ ထွက်သွားချိန်တွင် မှန်ပေါ်၌ စာသားများ ထပ်မံ ပေါ်လာပြန်သည်။
"မူလအစက နေမင်းကို သစ္စာဖောက်ခဲ့တာလား၊ ဒါမှမဟုတ် နေမင်းက မူလအစကို သစ္စာဖောက်ခဲ့တာလား။ သေခြင်းတရားက ကောင်းသလား၊ ဆိုးသလား။ နောင်တကော ရှိဦးမလား။ နေမင်းရဲ့ အပြစ်ပေးမှုကို မူလအစရဲ့ ရင်သွေးက ဖျက်ဆီးလိုက်တာလား။ ထာဝရ တရားမျှတမှုလား၊ ဒါမှမဟုတ် အဆုံးသတ်လား"
လုံချန်းသည် ရေချိုးကန်ထဲမှ ထွက်လာပြီး အဝတ်အစားလဲကာ ထွက်လာခဲ့သည်။ သူ မူယွမ်နှင့် တွေ့ဆုံလိုက်သော်လည်း ထွက်ခွာဖို့ စကားမပြောရသေးခင်မှာပင် ဝင်းတံခါး ပွင့်သွားသည်။
"မူယွမ်... လာမှာလား၊ မလာဘူးလား။ ယဇ်ပူဇော်ပွဲက နောက်တစ်နာရီဆို စတော့မယ်။ သူ မနိုးသေးဘူးလား"
ရွမ်းယီ တစ်ယောက် ဝင်းထဲသို့ ဝင်လာသည်။ သူမသည် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် လှပသော အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားသည်။ မူယွမ်နှင့် လုံချန်းတို့ မတ်တတ်ရပ်နေသည်ကို မြင်သောအခါ သူမ ရပ်လိုက်သည်။
"အခုပဲ သွားတော့မလို့။ သူ နိုးနေပြီ၊ အဆင်သင့်ပဲ" မူယွမ်က ရွမ်းယီကို ပြောလိုက်သည်။
"ကောင်းပြီ။ ဒါဆို သွားကြစို့" ရွမ်းယီက ဆိုသည်။
သူတို့အားလုံး ဝင်းထဲမှ ထွက်လာပြီး မူယွမ်၏ မိုးပျံ သားရဲပေါ်သို့ တက်လိုက်ကြသည်။ ထိုသားရဲက သူတို့ကို အနီးဆုံး နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ဆီသို့ ခေါ်ဆောင်သွားသည်။
'ဒါက ၁၉ ထပ်မြောက်က ဝင်ပေါက်ပဲ။ အဲဒီမှာ သေမင်းခန်းမ ရှိတာကိုး' လုံချန်းက ဝင်ပေါက်ကို ကြည့်ပြီး မှတ်မိသွားသည်။ သူသည် မူယွမ်၊ ရွမ်းယီတို့နှင့်အတူ ဝင်ပေါက်ပေါ်သို့ တက်လိုက်ရာ အထပ် ၂၀ မြောက်သို့ ရောက်ရှိသွားသည်။
'ဒါက...'
လုံချန်း ၂၀ ထပ်မြောက်သို့ ရောက်ရှိသွားချိန်တွင် အံ့သြသွားမိသည်။ သူ၏ ရှေ့တွင် ဧရာမ နန်းတော်ကြီးတစ်ဆောင်ရှိပြီး ၎င်းမှာ ဤအထပ်၏ ဧရိယာ ၉၀ ရာခိုင်နှုန်းကျော်ကို ဖုံးလွှမ်းထားသည်။ နန်းတော်ဝင်ပေါက်နားတွင် လူများစွာ မတ်တတ်ရပ်နေကြသည်။ ထောင်ချီသော တပည့်များ ရှိနေသော်လည်း အများစုမှာ စမ်းသပ်ပွဲတွင် ပါဝင်မည့်သူများ မဟုတ်ကြောင်း သူ သိသည်။ တပည့်များကို သင်ကြားပေးသည့် အကြီးအကဲ တစ်ဦးစီမှာ နှစ်ဦးစီသာ ရွေးချယ်ခွင့် ရှိသဖြင့် ကျန်ရှိသောသူများမှာ လာရောက်ကြည့်ရှုသူများသာ ဖြစ်သည်။
ထိုနေရာတွင် သူသည် မီလောင်ကိုလည်း တွေ့လိုက်ရသည်။ သူမမှာ မူလင်းကို သတ်ခဲ့သည့် မိန်းကလေး ဖြစ်သည်။ သူမမှာ ရွေးချယ်မခံရသဖြင့် ပွဲကြည့်ပရိသတ်အဖြစ်သာ ရောက်နေခြင်း ဖြစ်သည်။ သူမသည် သူမ၏ အစ်မဖြစ်သူ မီယင်နားတွင် ရပ်နေသည်။ သူတို့အနားတွင် လူငယ်တစ်ဦးနှင့် အမျိုးသမီး အကြီးအကဲတစ်ဦးလည်း ရှိနေသည်။
လုံချန်းသည် တခြားသော အကြီးအကဲများနှင့် သူတို့၏ တပည့်များကိုလည်း နေရာအနှံ့တွင် တွေ့ရသည်။ မူယွမ်၊ ရွမ်းယီနှင့် လုံချန်းတို့ နန်းတော်တံခါးနားသို့ ရောက်သွားချိန်တွင်...
"ဒီနေရာက သေမင်းခန်းမပဲ။ ဒီမှာပဲ ကျောင်းတော် ယဇ်ပူဇော်ပွဲကို ကျင်းပမှာ" မူယွမ်က လုံချန်းကို ရှင်းပြသည်။
ရုရှန် သည် အကြီးအကဲများကို မြင်သောအခါ သူတို့ထံ လျှောက်လာပြီး မူယွမ်နှင့် ရွမ်းယီကို နှုတ်ဆက်လိုက်သည်။
"နှုတ်ဆက်ပါတယ် အကြီးအကဲ" ရူရှန်က ဆိုသည်။
"ရူရှန်... ရောက်နေပြီလား၊ ကောင်းပြီ။ ယဇ်ပူဇော်ပွဲမှာ ပါဝင်တဲ့အခါ အစွမ်းကုန် ကြိုးစားပါဦး" ရွမ်းယီက ခေါင်းညိတ်ရင်း ပြောလိုက်သည်။ လုံချန်းသည် ရူရှန်ကို သိသည်။ သူသည် လုံချန်းနှင့်အတူ လူရွေးပွဲ အောင်မြင်ခဲ့သူ ဖြစ်သည်။ သူတို့ စကားအများကြီး မပြောဖြစ်ကြသလို ရူရှန်ကလည်း လုံချန်းကို နှုတ်မဆက်ပေ။
"အကြီးအကဲယီ... နင် တကယ်ပဲ အကြီးအကဲယွမ်ရဲ့ သားကို ပါဝင်ခိုင်းတာလား။ သူ့အတွက် အန္တရာယ်များမယ်လို့ မထင်ဘူးလား" အခြားသော အမျိုးသမီး အကြီးအကဲတစ်ဦး လျှောက်လာပြီး ရွမ်းယီ၊ မူယွမ်တို့နှင့် စကားပြောလာသည်။
"သူက ဘာလို့ ဂရုစိုက်ရမှာလဲ။ သူက သူ့အလုပ်အတွက်ပဲ စိတ်ပူနေတာလေ။ အကြီးအကဲယွမ်က ဒါကို ခွင့်ပြုလိုက်တာကိုပဲ ငါ ပိုအံ့သြမိတယ်" အခြားသော အကြီးအကဲတစ်ဦးက သူမ၏ တပည့်များနှင့်အတူ ရှေ့သို့ တိုးလာသည်။
သူမမှာ မီယင်ကို သင်ကြားပေးသည့် အကြီးအကဲ ဖြစ်သည်။ ရွမ်းယီက မီယင်ကို လွှတ်ပြီး အရေးကြီးကိစ္စပြောဖို့ ဖိတ်ခေါ်တုန်းက စော်ကားပြောဆိုခဲ့သည့် အကြီးအကဲလည်း ဖြစ်သည်။ သူမက ထိုကိစ္စကို အခုထိ အငြိုးထားနေဆဲပင်။ သူမ၏ အမည်မှာ အကြီးအကဲ ဖုမင် ဖြစ်သည်။
"အကြီးအကဲမင်... နင့်အလုပ် နင်လုပ်ပြီး နင့်အတန်းကိုပဲ အာရုံစိုက်ပါ။ ငါတို့ ကိစ္စတွေထဲ ဝင်ပါစရာ မလိုပါဘူး" ရွမ်းယီက စိတ်ပျက်လက်ပျက် အသံဖြင့် ပြောလိုက်သည်။
"နင့်ရဲ့ မိုက်မဲမှုကြောင့် အဲဒီကလေး တစ်ခုခု ဖြစ်သွားရင်လည်း အခုလို လေသံမျိုး ဆက်ထားနိုင်မလားဆိုတာ ငါ ကြည့်ချင်သေးတယ်" ဖုမင်က နှာခေါင်းရှုံ့ကာ ဆိုသည်။
လုံချန်းသည် တစ်စုံတစ်ယောက် သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။ သူ လှမ်းကြည့်လိုက်ရာ သူ့ကို စိုက်ကြည့်နေသော မီယင်ကို တွေ့လိုက်ရသည်။ လုံချန်းက မီယင်ကို တစ်ချက်ကြည့်လိုက်ချိန်မှာပင် မီလောင်က သတိထားမိသွားသည်။
"ဟွန်း... အဲဒီကောင်က မမကို ထပ်ပြီး စိုက်ကြည့်နေပြန်ပြီ။ မှတ်ဉာဏ်တွေ ပျောက်သွားတာတောင် မမကို လိုက်နှောင့်ယှက်နေတဲ့ တကှာရူးက အကျင့်မပျောက်သေးဘူးပဲ" သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် လူအားလုံး အသံတစ်ခုကို ကြားလိုက်ရသည်။
"အကြီးအကဲအားလုံး... ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို သေမင်းခန်းမထဲကို ပို့ပေးကြပါ။ ယဇ်ပူဇော်ပွဲ စတင်တော့မှာ ဖြစ်ပါတယ်" ထိုအသံ ထွက်ပေါ်လာပြီးနောက် ပြန်လည် တိတ်ဆိတ်သွားသည်။
'နောက်ဆုံးတော့ အချိန်ရောက်ပြီပဲ' လုံချန်းက နန်းတော်တံခါးကြီးကို ကြည့်ရင်း တွေးလိုက်တော့သည်။
***