~သူတို့နှစ်ဦး အောက်ဘက် မြေပြင်ပေါ်သို့ ဆင်းသက်သွားကြပြီးနောက်၊ နင်ချီက သူ၏ သိုလှောင် နေရာလပ် ထဲမှ တရားထိုင် (ဖျာ) နှစ်ချပ်ကို ထုတ်ယူလိုက်ကာ မျက်နှာချင်းဆိုင် နေရာယူ ထိုင်လိုက်ကြ၏။
"ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း က စီနီယာအစ်မကြီး ချီ ကို နင်ချီ က ဂါရဝပြုပါတယ် ခင်ဗျာ"
နင်ချီက လက်နှစ်ဖက်ကို ယှက်ကာ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ရှင့်ကို အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ် လို့ ခေါ်ရမလား၊ ဒါမှမဟုတ် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရဲ့ နယ်မြေအရှင်သခင် လို့ပဲ ခေါ်ရမလား" ချီခယ်ချင်း က မေးလိုက်၏။
ထိုအခါ၊ နင်ချီ ၏ နှုတ်ခမ်းထောင့်များ ကွေးသွားကာ ခပ်ပြုံးပြုံး ဖြင့် ပြန်ဖြေလိုက်သည်။
"ဒီနေရာမှာ အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ် လည်း မရှိပါဘူး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရဲ့ နယ်မြေအရှင်သခင် လည်း မရှိပါဘူး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ က လူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားတဲ့ မဟာမိတ် ခေါင်းဆောင်ကြီး ပဲ ရှိပါတယ်ဗျ"
ချီခယ်ချင်း ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ "မဟာမိတ် ခေါင်းဆောင်ကြီးလား"
နင်ချီ ၏ ဦးဆောင်မှုအောက်တွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ တပ်ဖွဲ့ကြီးသည် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများနှင့် နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများကို မျိုးတုံး သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို သူမ ပြန်လည် မြင်ယောင်လာမိသည်။
နင်ချီ သည် သူ၏ တပ်ဖွဲ့ကြီးကို နတ်ဘုရား တစ်ပါးအလား လုံးဝ အပြည့်အဝ ခြယ်လှယ် ကွပ်ကဲနေခဲ့သည်။ ဤကဲ့သို့သော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိရန်မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်းရှိ ဂိုဏ်းအသီးသီး၏ အကြွင်းမဲ့ ယုံကြည်မှုကို ရရှိထားမှသာ ဖြစ်နိုင်ပေမည်။
သူမကလည်း နင်ချီ ကို လက်ယှက်ကာ ပြန်လည် ဂါရဝပြုလိုက်၏။
"မဟာမိတ် ခေါင်းဆောင်ကြီး နင်... အချိန်က တန်ဖိုးရှိလွန်းလှတဲ့အတွက် ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ ရှင်"
"ပြောပါဗျာ"
ချီခယ်ချင်း က ဆက်ပြောလိုက်သည်။
"ကျွန်မတို့ နှစ်ယောက်စလုံးရဲ့ လက်အောက်မှာ အစွမ်းထက်တဲ့ တပ်ဖွဲ့တွေ ကိုယ်စီ ရှိနေကြတာပဲ။ ဒီ စစ်မြေပြင်နယ်မြေ ထဲမှာ ကျွန်မတို့ရဲ့ အင်အားတွေကို စုစည်းပြီး မဟာမိတ် အဖြစ် ပူးပေါင်းလိုက်ရင် မကောင်းဘူးလား ရှင်"
ချီခယ်ချင်း ၏ မူလ ရည်ရွယ်ချက်မှာ ဤဆုံမှတ်ကို လုယူရန် ဖြစ်သော်ငြားလည်း၊ နင်ချီ နှင့် သူ၏ တပ်ဖွဲ့ကြီးကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ ခွန်အားကို အကဲစမ်းပြီးချိန်တွင်တော့ သူမ၏ စိတ်ကူးကို မပြောင်းလဲဘဲ မနေနိုင်တော့ချေ။
ဝိညာဉ်ကမ္ဘာ စစ်ပွဲ စတင်လာပြီ ဖြစ်ရာ အဓိက အရေးကြီးဆုံး အချက်မှာ စစ်မြေပြင်နယ်မြေ အတွင်းရှိ ဆုံမှတ်များကို သိမ်းပိုက်ရန်ပင် ဖြစ်ပေသည်။
ထိုဆုံမှတ်များကို သိမ်းပိုက်နိုင်ရန်မှာ လူအင်အား များများ စေလွှတ်ရုံဖြင့် ပိုကောင်းမည်ဟု မဆိုနိုင်ပေ။
ဤနေရာသည် သေခြင်းတရားများ ပြည့်နှက်နေသော စစ်မြေပြင် တစ်ခု ဖြစ်၏။ လူအရေအတွက် နည်းပါးလေလေ၊ ပိုမို အထီးကျန်ဆန်လေလေ ဖြစ်ပြီး အသက်ရှင် ကျန်ရစ်ရန် အခွင့်အရေးမှာလည်း ပို၍ နည်းပါးသွားလေလေ ဖြစ်သည်။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းအသီးသီး ဖြစ်စေ၊ ဝိညာဉ်နယ်မြေ အသီးသီး ဖြစ်စေ... အားလုံး စည်းလုံး ညီညွတ်ရမည် ဟူသော အချက်တစ်ချက်ကို အသေအချာ သဘောပေါက်လာကြပေလိမ့်မည်။
မိမိကိုယ်ကိုယ် အစွမ်းထက်လှပြီဟု ထင်မှတ်ထားလျှင်တောင်မှ၊ အချင်းချင်း စည်းလုံးခြင်း မရှိဘဲ စည်းလုံးနေသော အခြား အစွမ်းထက်သည့် အုပ်စုများနှင့် တွေ့ဆုံလာရသောအခါ မည်သူက အနိုင်ရမည်ကို မေးနေစရာပင် လိုမည် မဟုတ်ချေ။
ယခင်က နင်ချီ တွေ့ဆုံခဲ့ရသော ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်း နှင့် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း တို့လိုပင် ဖြစ်၏။ သူတို့က ကိုယ့်ကိုယ်ကိုယ် အစွမ်းထက်လှပြီဟု ထင်မှတ်ထားကြသဖြင့် တပ်ဖွဲ့ငယ်များ ခွဲကာ စစ်မြေပြင်နယ်မြေ ကို တိုက်ခိုက်မည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြပြီး နောက်ဆုံးတွင်တော့ နင်ချီ ၏ မျိုးတုံး သတ်ဖြတ်ခြင်းကို ခံလိုက်ကြရ၏။
အကယ်၍ သူတို့သာ တပ်ဖွဲ့ငယ်များ မခွဲဘဲ အစကတည်းက စည်းလုံးညီညွတ်စွာ ရှေ့သို့ ချီတက်လာခဲ့ကြမည် ဆိုပါက နင်ချီ အနေဖြင့် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့မည် မဟုတ်ပေ။
ထို့ကြောင့် ချီခယ်ချင်း က နင်ချီ ကို မဟာမိတ် ဖွဲ့ရန် ဖိတ်ခေါ်လိုက်ခြင်းမှာ စစ်မြေပြင်နယ်မြေ အတွင်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ကြိုတင် အကဲခတ်မိပြီး ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းပင် ဖြစ်ချေသည်။
ချီခယ်ချင်း ၏ အကြံပြုချက်နှင့် ပတ်သက်၍ နင်ချီ ၏ မျက်နှာသွင်ပြင်မှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိဘဲ ပြတ်သားစွာပင် ပယ်ချလိုက်၏။
"ကျွန်တော် ငြင်းပါတယ်"
ဤမျှ ပြတ်သား ရှင်းလင်းလှသော တုံ့ပြန်မှုကြောင့် ချီခယ်ချင်း တစ်ယောက် သဘာဝကျကျပင် အံ့အားသင့်သွားတော့သည်။
သူမက နင်ချီ ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
"ရှင်နဲ့ ကျွန်မ နှစ်ယောက်စလုံးက တပ်ဖွဲ့ ခေါင်းဆောင်တွေချည်းပဲ။ စစ်မြေပြင်နယ်မြေ ထဲက တပ်ဖွဲ့တွေရဲ့ အနာဂတ် လမ်းကြောင်းက သေချာပေါက် စည်းလုံး ညီညွတ်ရေးဘက်ကို ဦးတည်သွားမယ် ဆိုတာ ကျွန်မတို့ သိထားသင့်တယ်လေ။ ကျွန်မရဲ့ ဖူယောင် နယ်မြေ တပ်ဖွဲ့ကြီးက ရှင့်ရဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ထက် လုံးဝ မညံ့ပါဘူး... ဘာလို့ သဘောမတူရတာလဲ"
နင်ချီ က ယုံကြည်မှု အပြည့်ဖြင့် တည်ကြည်လေးနက် စွာ ဆိုလိုက်၏။
"တောင်တစ်တောင်မှာ ကျားနှစ်ကောင် နေလို့ မရဘူးလေဗျာ... အကယ်လို့ ခင်ဗျားသာ ကွပ်ကဲမှု အာဏာကို စွန့်လွှတ်ပြီး ဖူယောင် နယ်မြေ တပ်ဖွဲ့ကြီး တစ်ခုလုံးကို ကျွန်တော့်ကို အပြည့်အဝ ဦးဆောင်ခွင့် ပေးမယ် ဆိုရင်တော့ ပူးပေါင်းဖို့ ဖြစ်နိုင်ချေ ရှိပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ချီခယ်ချင်း ၏ မျက်ခုံးများ ထိစပ်လုမတတ် တွန့်ချိုးသွားတော့သည်။
နင်ချီ က အင်အားစု နှစ်ခုကို ပူးပေါင်းရန် ဆန္ဒ မရှိခြင်း မဟုတ်ပေ။ သို့သော် သူမ အနေဖြင့် ကွပ်ကဲမှု အာဏာကို လုံးဝ စွန့်လွှတ်နိုင်မည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထား၏။
နင်ချီ သည် အမှန်တကယ်ပင် အစွမ်းထက်ကြောင်းကို သူမ အသိအမှတ်ပြုထားသော်ငြားလည်း၊ ကွပ်ကဲမှု အာဏာကို စွန့်လွှတ်ကာ ဖူယောင် နယ်မြေ တပ်ဖွဲ့ကြီးကို နင်ချီ ၏ လက်အောက်သို့ လွှဲပြောင်းပေးရမည် ဆိုသည်ကိုမူ ချီခယ်ချင်း လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပေ။ သူမတွင်လည်း သူမ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိ၏။
အနည်းဆုံးတော့ သူမသည် တပ်ဖွဲ့ကြီး တစ်ခုကို ကွပ်ကဲနိုင်သော သူမ၏ ကိုယ်ပိုင် စွမ်းရည်ကို ယုံကြည်ထားပြီး၊ ဤကိစ္စတွင် သူမက နင်ချီ ထက် လုံးဝ မနိမ့်ကျကြောင်း ယုံကြည်ထားပေသည်။
ထို့အပြင် စစ်မြေပြင်နယ်မြေ ၏ အခြေအနေများ တည်ငြိမ်သွားပြီး တသားတည်းဖြစ်ခြင်း နယ်ပယ် ဘိုးဘေးကြီး များ ဝင်ရောက်လာနိုင်မည့် အချိန်ရောက်လာသောအခါ၊ သူတို့ကလည်း ဤစစ်ပွဲတွင် ပါဝင်လာကြမည် ဖြစ်၏။
ချီခယ်ချင်း သည် သူမ ကိုယ်တိုင်အတွက်သာမက ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း တစ်ခုလုံးကိုပါ ကိုယ်စားပြုနေသူ ဖြစ်သည်။
အနာဂတ်တွင် သူမသည် ဖူယောင် နယ်မြေ တပ်ဖွဲ့ကြီးကို သူမ ဂိုဏ်းအတွင်းရှိ တသားတည်းဖြစ်ခြင်း နယ်ပယ် ဘိုးဘေးကြီး ထံသို့ ဆက်လက် လွှဲပြောင်းပေးရဦးမည် ဖြစ်ရာ ယခုအချိန်တွင် နင်ချီ ထံသို့ မည်သို့လုပ်၍ လွှဲပြောင်းပေးနိုင်ပါမည်နည်း။
နင်ချီ အနေဖြင့်လည်း ချီခယ်ချင်း ၏ ဦးဆောင်မှုအောက်တွင် လုံးဝ နေမည် မဟုတ်ချေ။
သူ၏ ကွပ်ကဲမှုအောက်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီးကို ယနေ့ကဲ့သို့ စည်းလုံး ညီညွတ်သော အင်အားစု တစ်ခု ဖြစ်လာစေရန်အတွက် နင်ချီ က ဆယ်စုနှစ်များစွာ အချိန်ယူကာ သွေးစွန်းသော လေ့ကျင့်မှုများဖြင့် ပုံသွင်းထားခဲ့ရခြင်း ဖြစ်၏။
ယေဘုယျအားဖြင့် ပြောရလျှင် နင်ချီ ဦးဆောင်သော နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီးသည် အတွင်းရေး ပဋိပက္ခများ လုံးဝ ကင်းစင်နေသော ဂိုဏ်းကြီး တစ်ခုနှင့်ပင် ဆင်တူနေပြီး၊ အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းရှိ သက်ရှိများအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းထက်ပင် သာလွန်နေသေးသည်။
ထို့ကြောင့် အကယ်၍ သူ၏ အင်အားစုများက ချီခယ်ချင်း ၏ တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်ရပြီး တစ်ဖက် တပ်ဖွဲ့ကို သူက မကွပ်ကဲနိုင်ခဲ့လျှင် သူ၏ ကိုယ်ပိုင် စည်းချက်များ အားလုံး ပျက်ယွင်းသွားပေလိမ့်မည်။
ဘာကြောင့် ဤသို့ အချိန်ဖြုန်းနေရမည်နည်း။ သူသည် အခြားသူများကို အလျှော့ပေးလိုက်လျောမည် မဟုတ်သလို၊ ဖြုန်းတီးပစ်စရာ အချိန်လည်း မရှိချေ။
သေချာသည်မှာ... သူ့တွင် တစ်ဖက် တပ်ဖွဲ့ကို ထိန်းချုပ်လိုသော ရည်မှန်းချက် မရှိဘူးဟု ပြောမည် ဆိုလျှင်တော့ ထိုအရာက လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
သို့သော် ယခုအချိန်တွင်မူ ချီခယ်ချင်း သည် မာနခံနေဆဲ။ နင်ချီ၏ တောင်းဆိုချက်များကို သဘောတူလိမ့်မည် မဟုတ်ပေ။ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများ၏ သည်းကြီးမည်းကြီးတိုက်ခိုက် ခြင်းကို ခံရပြီး အထိနာသွားချိန်၊ သူမ ကိုယ်တိုင် လိုလိုလားလား ရှိလာမည့် အချိန်ကို စောင့်ဆိုင်းပြီးမှ ပြန်လည် စဉ်းစားလျှင်လည်း နောက်ကျမည် မဟုတ်ချေ။
ထိုစဉ်၊ ချီခယ်ချင်း က မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်၏။
"လောလောဆယ်တော့ ကျွန်မတို့ သဘောတူညီမှု တစ်ခုကို ရနိုင်ဦးမှာ မဟုတ်သေးဘူး ထင်တယ်။ ဒါဆိုလည်း ကျွန်မ အချိန်မဖြုန်းတော့ဘူး... ပြန်ခွင့်ပြုပါဦး ရှင်"
နင်ချီ က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူ၏ ဝိညာဉ်အာရုံက နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီးကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဆက်လက် ဆင့်ခေါ်ရန် အမိန့်ပေးထားပြီး ဖြစ်၏။
ယခုအချိန်တွင် ကောင်းကင်ကြယ် မှာ အပြည့်အဝ ဖွဲ့စည်းပြီးစီးသွားပြီ ဖြစ်ပြီး တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ တည်ရှိမှု အစိတ်အပိုင်း အချို့လည်း ရောက်ရှိနေပြီ ဖြစ်ရာ၊ တစ်ဖက်လူက ဆုံမှတ် ကို ဝင်လုမည်ကို နင်ချီ လုံးဝ စိုးရိမ်မနေတော့ချေ။
အကယ်၍ တစ်ဖက်လူက အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်ဘဲ ဝင်လုရန် ကြိုးစားလာမည် ဆိုလျှင်ပင်၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ၎င်းဘာသာ ဝင်ရောက် စွက်ဖက် ရှင်းလင်းပေးလိမ့်မည်သာ ဖြစ်၏။
ထို့အပြင် ဤ ဆုံမှတ် တွင် တပ်ဖွဲ့ကြီး နှစ်ခုစလုံး ရှိနေပြီ ဖြစ်ရာ၊ အနီးအနားတွင် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများ ရှိနေလျှင်ပင် အနီးသို့ ချဉ်းကပ်ရဲကြမည် မဟုတ်ပေ။
ချီခယ်ချင်း က သူမ၏ တပ်ဖွဲ့များရှိရာသို့ ပြန်လည် ပျံသန်းသွား၏။
စစ်ခုန်လန် က ချော့မော့ပြောဆို လိုက်၏။
"စီနီယာအစ်မကြီး ချီ... နင်ချီ နဲ့ ဆွေးနွေးတာ အဆင်မပြေခဲ့ဘူးလားဗျ"
ချီခယ်ချင်း က သူ့ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ပြီး
"ငါတို့ ဘာတွေ ပြောခဲ့ကြလဲ ဆိုတာ မင်း သိလို့လား"
စစ်ခုန်လန် က ဟားတိုက်လိုက်ပြီး
"စီနီယာအစ်မကြီး ချီ က ကျွန်တော်တို့ကို အထင်သေးလွန်းနေပါပြီ... ကျွန်တော်တို့က ခန့်မှန်းကြည့်ရုံနဲ့တင် အစ်မကြီးရဲ့ အတွေးတွေကို သိနိုင်ပါတယ်ဗျာ... ဟုတ်တယ် မဟုတ်လား ကျင့်ကြံသူ မိတ်ဆွေတို့"
လူအုပ်ကြီးထဲမှ ထောက်ခံသံများ ပြိုင်တူ ထွက်ပေါ်လာကြသည်။ ထိုသူများ အားလုံးနီးပါးမှာ သူ၏ လက်အောက်ခံဟောင်းများသာ ဖြစ်ကြ၏။
သို့သော် ချီခယ်ချင်း ၏ တပ်ဖွဲ့များထဲမှမူ စစ်ခုန်လန် ကို တုံ့ပြန်သူ အလွန် နည်းပါးလှပေသည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ စစ်ခုန်လန် ၏ မျက်နှာသွင်ပြင်မှာ ပြောင်းလဲမသွားသော်ငြားလည်း၊ သူ၏ ရင်တွင်း၌ အနည်းငယ် တွက်ချက်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်၏။
ချီခယ်ချင်း ၏ လက်အောက်ခံ တစ်ဦးက မေးလိုက်သည်။
"စီနီယာအစ်မကြီး ချီ... အစ်မကြီးက နင်ချီ ကို မဟာမိတ် ဖွဲ့ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ရမယ်... ဒါပေမယ့် တစ်ဖက်လူက ငြင်းလိုက်တာ မဟုတ်လား"
ချီခယ်ချင်း က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး၊
"သူက သဘောတူညီမှုအတွက် အပေးအယူ အနေနဲ့ ကွပ်ကဲမှု အာဏာကို သူ့ဆီ လွှဲပေးရမယ်လို့ တောင်းဆိုနေတယ်လေ"
"ဘယ်လို..."
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ ဒေါသမီးများ ဟုန်းခနဲ တောက်လောင်သွားကြတော့သည်။
"ဒီကောင်က တကယ်ကို အခြေအနေမှန်ကို နားမလည်တဲ့ ကောင်ပဲ"
"ကျွန်တော်တို့ ဖူယောင် နယ်မြေ တပ်ဖွဲ့က သူတို့ထက် လူအင်အားရော စွမ်းအားရော သာတယ်လေ။ တပ်ဖွဲ့ နှစ်ခုသာ ပူးပေါင်းလိုက်ရင် သူတို့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွက် အများကြီး အကျိုးရှိသွားမှာကို... နင်ချီ က ကျေးဇူးမတင်တဲ့အပြင် ကွပ်ကဲမှု အာဏာကိုတောင် အပိုင်စီးချင်သေးတယ် ဟုတ်လား”
***