~ချီခယ်ချင်း ဦးဆောင်သော ဖူယောင် နယ်မြေ တပ်ဖွဲ့ကြီးသည် နင်ချီ နှင့် သူ၏ နောက်လိုက်များ သူတို့ မျက်စိရှေ့မှောက်တွင်ပင် ရုတ်ချည်း ပျောက်ကွယ်သွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၏။
သူတို့က ရှေ့ဘက်ရှိ လွတ်ဟာနေသော ဟင်းလင်းပြင်ကြီးကို ငေးကြည့်ရင်း သူတို့၏ ရင်တွင်း၌ မရေမတွက်နိုင်သော ခံစားချက်များက ရောထွေး ပြင်းထန်နေတော့သည်။
အထူးသဖြင့် ယခုလေးတင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီး၏ အခင်းအကျင်းကို သံသယဝင်ကာ မေးခွန်းထုတ်ခဲ့ကြသူများမှာ အလွန်တရာ အရှက်ကွဲသွားသလို ခံစားလိုက်ကြရ၏။
သူတို့က သူတို့၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင် တစ်ဝိုက်ကို အသေအချာ စူးစမ်း ထောက်အကြည့်ပို့လွှတ်ကြသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ကြချေ။
အချိန်အတော်ကြာပြီးနောက်တွင်မှ လူတိုင်း သတိပြန်ဝင်လာကြပြီး အကူအညီမဲ့နေသော ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြ၏။
ထိုအထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော ချီခယ်ချင်း ပင်လျှင် နင်ချီ တို့ ဘယ်ရောက်သွားမှန်း အာရုံခံ၍ မရနိုင်ခဲ့သဖြင့် သူမက အခင်းအကျင်း ကျင့်ကြံသူကို မေးလိုက်သည်။
"သူတို့ ဘယ်နားမှာ ရှိနေလဲဆိုတာ မင်း အာရုံခံလို့ ရလား"
အခင်းအကျင်း ကျင့်ကြံသူက ခေါင်းခါပြလိုက်ပြီး
"စီနီယာအစ်မကြီး ချီ... ကျွန်တော် သူများကို အထင်ကြီးပြီး ပြောနေတာ မဟုတ်ပါဘူး... နင်ချီ ရဲ့ အခင်းအကျင်း ပညာရပ် ကျွမ်းကျင်မှုက ကျွန်တော်တို့ထက် အများကြီး သာလွန်လွန်းနေလို့ပါ။ သူတို့ရဲ့ အရိပ်အယောင်ကိုတောင် ကျွန်တော် လုံးဝ ရှာမတွေ့နိုင်ဘူးဗျ" ဟု ဖွင့်ဟဝန်ခံလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း နောက်တစ်ကြိမ် အံ့အားသင့် တုန်လှုပ်သွားကြပြန်သည်။
ဤမျှ ကြီးမားလှသော တပ်ဖွဲ့ကြီး တစ်ခုလုံး သူတို့ မျက်စိရှေ့တွင် အသံတိတ် ပျောက်ကွယ်သွားခြင်းက တစ်ပိုင်း ဖြစ်သော်လည်း၊ တစ်ဖက်လူ၏ အရိပ်အယောင် အနည်းငယ်ကိုမျှ သူတို့ လုံးဝ ထောက်လှမ်း၍ မရနိုင်ခြင်းက အနည်းငယ် ကြောက်စရာ ကောင်းမနေဘူးလော။
ကံကောင်းထောက်မစွာဖြင့် ထို အခင်းအကျင်း ကျင့်ကြံသူက သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို နောက်ဆုံးတွင် ပြသပေးခဲ့၏။
"ကျွန်တော်တို့ သူတို့ရဲ့ ခြေရာကို ရှာနေစရာ မလိုပါဘူး။ သူတို့ အရင်က သွားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်ပြီး လိုက်သွားမယ် ဆိုရင် တစ်ခုခုတော့ တွေ့နိုင်မှာပါ"
လူအုပ်ကြီးထဲမှ အကြီးအကဲ တစ်ဦးက ဝင်ပြောလိုက်သည်။
"နင်ချီ က ငါတို့ကို လမ်းမှားအောင်.. တမင် သက်သက် လုပ်သွားတာ မဟုတ်ဘူးလို့.. မင်း ဘယ်လို လုပ် သိမှာလဲ။ အကယ်လို့ သူက ကိုယ်ယောင်ဖျောက်ပြီးတဲ့ အချိန်ကျမှ လမ်းကြောင်း ပြောင်းသွားရင်ကော ဘယ်လို လုပ်မလဲ"
အခင်းအကျင်း ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ပြီး ထိုစကားကို အလွန် မကျေမနပ် ဖြစ်သွားပုံ ရ၏။
"အကြီးအကဲ လီ... ကျွန်တော် ပြောတဲ့ စကားက ရာခိုင်နှုန်းပြည့် မှန်ကန်တယ်လို့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့် စီနီယာအစ်မကြီး ချီ က သူတို့ကို ဆက်ပြီး လိုက်ချင်သေးတယ် ဆိုရင်တော့... ရှေ့ကို ဆက်သွားတာက အဖြစ်နိုင်ဆုံး လမ်းကြောင်းပါပဲ"
သူက ချီခယ်ချင်း ကို အကြည့်ပို့လွှတ်လိုက်ပြီး ဆက်ပြောသည်။
"စီနီယာအစ်မကြီး ချီ... ကျွန်တော် ပြောစရာ ရှိတာ အကုန် ပြောပြီးပါပြီ။ ဒီနောက်ပိုင်း ဘာဆက်လုပ်မလဲ ဆိုတာကတော့ အစ်မကြီး အပေါ်မှာပဲ မူတည်ပါတယ်ဗျ"
စကားဆုံးသည်နှင့် အခင်းအကျင်း ကျင့်ကြံသူက သူ၏ မူလ နေရာသို့ ပြန်သွား၏။
သူ အသံထွက် မပြောခဲ့သော အချက်တစ်ခု ရှိသေးသည်။ ၎င်းမှာ နင်ချီ က သူတို့ နောက်မှ လိုက်ပါလာခြင်းကို လုံးဝ ဂရုမစိုက်ဘဲ အရပ်မျက်နှာ တစ်ခုဆီသို့ ပေါ်ပေါ်တင်တင် သွားနေခဲ့ခြင်း ဖြစ်၏။
သို့သော် ဤနေရာသို့ ရောက်သောအခါ နင်ချီ နှင့် သူ၏ နောက်လိုက်များက ရုတ်တရက် ပျောက်ကွယ်သွားကြ၏။
ဤအချက်က နင်ချီ သည် သူသွားလိုသော ပစ်မှတ် နေရာသို့ နီးကပ်လာပြီ ဖြစ်သောကြောင့် ရုတ်တရက် ကိုယ်ယောင်ဖျောက်သွားခြင်း ဖြစ်ကြောင်း အထင်အရှား ပြသနေပေသည်။
ချီခယ်ချင်း ကမူ ခပ်လှမ်းလှမ်းသို့ ငေးကြည့်ရင်း အတွေးပေါင်း မြောက်မြားစွာကို စဉ်းစား တွက်ချက်နေပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်၏။
"ရှေ့ကို ဆက်သွားကြမယ်"
နင်ချီ နှင့် စတင် ဆုံတွေ့ခဲ့ချိန်မှစ၍ နှစ်နာရီပင် မပြည့်သေးသော်ငြားလည်း၊ ဤလူငယ်လေး၏ ပတ်လည်တွင် အဆုံးအစမဲ့သော လျှို့ဝှက်ချက်များ လွှမ်းခြုံနေပြီး သူမကို အဆက်မပြတ် အံ့အားသင့်စေခဲ့သည်ဟု ချီခယ်ချင်း ခံစားနေရသည်။
နင်ချီ ၏ လက်ထဲရှိ အိမ်မြှောင်သည် ဆုံမှတ် ကို တကယ်ပဲ ရှာဖွေနိုင်စွမ်း ရှိမရှိ ဆိုသည်ကို သူမ သိချင်နေမိသည်။
သို့မဟုတ် ထိုထက်ပိုသော အရာများကို သူမ ဖော်ထုတ် သိရှိချင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုအကြောင်းပြချက်များကပင် ချီခယ်ချင်း ကို ရှေ့သို့ ဆက်လက် ချီတက်ရန် တွန်းအားပေးနေတော့သည်။
မကြာမီမှာပင် ရှေ့ဘက်ရှိ မြင်ကွင်းက ပြောင်းလဲသွား၏။
ကမ္ဘာ နှစ်ခု၏ ကမ္ဘာ့စွမ်းအားများ ပေါင်းစပ် ဖွဲ့စည်းထားသော စစ်မြေပြင်နယ်မြေ ၏ မြေမျက်နှာသွင်ပြင်မှာ ညီညာ ပြန့်ူးနေခြင်း မရှိသလို၊ အလွန် ထူးခြားသော ရှုခင်းများ ရှိနေသည်လည်း မဟုတ်ချေ။
သို့သော် ဤအခိုက်အတန့်တွင် ချီခယ်ချင်း က လီတစ်ရာခန့် အကွာအဝေး၌ အလွန်တရာ ထူးခြားသော နေရာတစ်ခု ရှိနေကြောင်း အာရုံခံမိလိုက်သည်။
ထိုဒေသရှိ ဝိညာဉ်ချီ များမှာ မြူခိုးများအလား သိပ်သည်း ထူထပ်နေပြီး၊ ခပ်လှမ်းလှမ်းမှ ကြည့်မည်ဆိုပါက ထိုဒေသ တစ်ခုလုံး မြူခိုးများ လွှမ်းခြုံနေကာ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ပေးထားသကဲ့သို့ ထင်ရ၏။
သူမ၏ ဝိညာဉ်အာရုံဖြင့်ပင် ထိုအထဲကို ရှင်းလင်းစွာ မမြင်နိုင်ချေ။
ချီခယ်ချင်း က ချက်ချင်း ညွှန်ကြားလိုက်သည်။
"ရှေ့မှာ အကြီးစား ဆုံမှတ် တစ်ခု ရှိနေပုံရတယ်... သတိထားပြီး ဆက်သွားကြ"
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းက သူတို့၏ ကိုယ်ပိုင် အခင်းအကျင်းများကို ချက်ချင်း စတင် ဖွဲ့စည်းလိုက်ကြ၏။
သူတို့သည် နင်ချီ ကဲ့သို့ တပ်ဖွဲ့ကြီး တစ်ခုလုံးကို အပြည့်အဝ ကိုယ်ယောင်ဖျောက်နိုင်စွမ်း မရှိသော်ငြားလည်း၊ တစ်ဝက်တစ်ပျက် ကိုယ်ယောင်ဖျောက်သည့် အခြေအနေကိုတော့ ဖန်တီးနိုင်စွမ်း ရှိကြပေသည်။
တစ်ဝက်တစ်ပျက် ကိုယ်ယောင်ဖျောက်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ၎င်းမှာ တစ်ဖက်လူက အသေအချာ စူးစမ်း ထောက်လှမ်းခြင်း မပြုသရွေ့ သူတို့၏ တည်ရှိမှုကို သတိမထားမိနိုင်ခြင်းပင် ဖြစ်၏။
သို့သော် အသေအချာ စစ်ဆေးကြည့်မည် ဆိုပါက သူတို့ကို သေချာပေါက် ရှာတွေ့သွားမည်သာ ဖြစ်ချေသည်။
...
ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ လမ်းညွှန်မှုအောက်တွင် နင်ချီ က နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီးကို ဦးဆောင်ကာ ဤ ကြီးမားသော ဆုံမှတ် ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်၏။
ယခုအခါ သူတို့သည် ထို ကြီးမားသော ဆုံမှတ် ၏ လီငါးဆယ် အကွာအဝေး အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ဤ လီငါးဆယ် နယ်နိမိတ် တစ်ခုလုံးမှာ ဝိညာဉ်မြူခိုးများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေ၏။
သူတို့က ဟင်းလင်းပြင်ထဲတွင် ကိုယ်ယောင်ဖျောက်ထားရင်း လေကို ညင်သာစွာ ရှူသွင်းလိုက်ရာ၊ မြူခိုးများအလား သိပ်သည်းနေသော ဝိညာဉ်ချီ များကို ခံစားလိုက်ရပြီး သူတို့၏ စိတ်ဝိညာဉ်များပင် လန်းဆန်း သွားကြတော့သည်။
ဤ ကြီးမားသော ဆုံမှတ် ၏ အံ့မခန်း စွမ်းအင်များက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှကြောင်း သူတို့ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားကြရ၏။
အောက်ဘက်မှနေ၍ သားရဲများ၏ ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး၊ ကောင်းကင်ယံတွင်ပင် ဝေဝါးသော အော်ဟစ်သံများကို ကြားနေရ၏။
နင်ချီ က ရှေ့သို့ အကြည့်ပို့လွှတ်လိုက်ရာ ကြည်လင်သော အလင်းတန်း တစ်ခု ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသော်လည်း၊ ဝိညာဉ်မြူခိုးများ ကြောင့် အများစုမှာ ဖုံးကွယ်ခံထားရပြီး ရှင်းလင်းစွာ မမြင်ရချေ။
သူက သူ၏ ဝိညာဉ်အာရုံကို တိတ်ဆိတ်စွာ ဖြန့်ကျက်လိုက်ရာ၊ မည်သည့် အကာအကွယ်ကမှ သူ့ကို ဆက်လက် မတားဆီးနိုင်တော့ဘဲ အရာအားလုံးက သူ၏ အာရုံခံမှု အောက်တွင် အပြည့်အဝ ထင်ရှား ပေါ်လွင်လာတော့သည်။
ဤ အလယ်ဗဟို ဆုံမှတ် ကို သူ ပထမဆုံး ရှာတွေ့ခဲ့ခြင်း မဟုတ်ချေ။
လောလောဆယ်တွင် အလယ်ဗဟို၌ တပ်ဖွဲ့တစ်ခု နေရာယူထားပြီး ဤနေရာရှိ နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများကို လိုက်လံ သတ်ဖြတ်နေကြ၏။
သူတို့၏ လှုပ်ရှားမှုများမှာ အလွန်တရာ လျှို့ဝှက် သိုသိပ်လှပြီး၊ တိုက်ခိုက်မှုတိုင်းကို အသေအချာ ထိန်းချုပ်ထားကာ သူတို့၏ တည်ရှိမှု ပေါက်ကြားသွားပြီး ရန်သူများကို ဆွဲဆောင်မိမည်ကို ကြောက်ရွံ့နေသည့်အလား ဖြစ်နေပေသည်။
ဤတပ်ဖွဲ့၏ အရေအတွက်မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူများထက်ပင် များပြားနေပြီး၊ သူတို့၏ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် သူတို့ အားလုံးမှာ မီးတောက်များပမာ နီရဲတောက်ပနေသော ဝတ်ရုံများကို ဆင်မြန်းထားကြရာ ကျယ်ပြန့်သော ကမ္ဘာ ၏ ဝိညာဉ်ငှက်နယ်မြေ မှ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း က ကျင့်ကြံသူများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ယခင်က နင်ချီ သည် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ တပ်ဖွဲ့ငယ် တစ်ခုကို မျိုးတုံး သတ်ဖြတ်ခဲ့ဖူးသည်။ သူတို့သည် ဤကျယ်ပြောလှသော ဒေသမှတစ်ဆင့် စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်လာခဲ့ကြပုံ ရ၏။
ထို့ကြောင့် နင်ချီ အနေဖြင့် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများနှင့် ထပ်ခါတလဲလဲ ဆုံတွေ့နေရခြင်းမှာ သဘာဝပင် ဖြစ်ချေသည်။
ယခင်က တွေ့ခဲ့ရသော မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ တပ်ဖွဲ့ငယ်မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီး၏ သုံးပုံတစ်ပုံခန့်သာ ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ သူတို့၏ အရေအတွက်က နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူများထက်ပင် များပြားနေပြီ ဖြစ်၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများသည် ဤနေရာတွင် လာရောက် စုဝေးနေကြသည်မှာ ထင်ရှားလှပေသည်။
သူတို့က ဤ ကြီးမားသော ဆုံမှတ် ကို သိမ်းပိုက်ရန် ရောက်ရှိနေခြင်းလား၊ သို့မဟုတ် သူတို့ ခွဲထုတ်လိုက်သော တပ်ဖွဲ့ငယ် မျိုးတုံး သတ်ဖြတ်ခံလိုက်ရသည်ကို အာရုံခံမိသွားသဖြင့် အတူတကွ ပြန်လည် စုစည်းလိုက်ကြခြင်းလား ဆိုသည်ကိုတော့ သေချာ မသိရသေးချေ။
နင်ချီ က မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ အဖွဲ့ဝင် အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများကို တိတ်ဆိတ်စွာ ကဲဖြတ်လိုက်သည်။
ခဏအကြာတွင် အခြေအနေ အားလုံးကို သူ အပြည့်အဝ နားလည် သဘောပေါက်သွားတော့သည်။
သူတို့အထဲတွင် ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိ အထွတ်အထိပ် ဘိုးဘေးကြီး (၉) ပါး၊ ထိပ်တန်း ဘိုးဘေးကြီး (၂၀)၊ သာမန် ဘိုးဘေးကြီး (၅၀) နှင့် အခြားသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ (၆၀) ပါဝင်နေပေသည်။
ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှင့် မူလဝိညာဉ် နယ်ပယ် အောက်ရှိ သူများမှာမူ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီးနှင့် အကြမ်းဖျင်းအားဖြင့် အရေအတွက် တူညီ၏။
***