~စစ်ခုန်လန်သည် စိတ်သဘောထား အလွန် အကောက်ကြံသူ တစ်ဦး ဖြစ်ပေသည်။
ယခင်က ချီခယ်ချင်းကို ချော့မော့ပြောဆို ကာ နင်ချီအား ပစ်မှတ်ထားရန် ဆွဲဆောင်၍ မရခဲ့သဖြင့်၊ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း တပ်ဖွဲ့မှ ခွဲထွက်သွားရန် သူ စဉ်းစားခဲ့၏။
သို့သော် တိုက်ဆိုင်စွာပင် နင်ချီထံ၌ ဆုံမှတ်များကို ထောက်လှမ်း ရှာဖွေနိုင်စွမ်းရှိသော သံလိုက်အိမ်မြှောင်တစ်ခု ရှိနေပုံရကြောင်း သူ သတိပြုမိလိုက်၏။
ထို့ကြောင့် သူက ချက်ချင်း စိတ်ပြောင်းသွားပြီး ချီခယ်ချင်း နောက်သို့ ဆက်လက် လိုက်ပါကာ အခြေအနေကို အရင်ဆုံး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
အကယ်၍ နင်ချီက ဆုံမှတ်များကို တကယ်ပဲ ရှာဖွေနိုင်စွမ်း ရှိနေမည် ဆိုပါက၊ ဤကိစ္စနှင့် ပတ်သက်၍ သူ တစ်ခုခု စနစ်တကျ အကွက်ချ ကြံစည် နိုင်ကောင်းပါရဲ့ဟု သူ တွေးလိုက်မိသည်။
သို့ဖြစ်၍ ဤနေရာသို့ ရောက်ရှိလာသောအခါ၊ ရှေ့ဘက်တွင် ပေါ်လာသော ကြီးမားသည့် ဆုံမှတ်ကြီးက နင်ချီ၏ အိမ်မြှောင် မည်မျှ တန်ဖိုးကြီးမားကြောင်းကို အပြည့်အဝ သက်သေပြနေပြီ ဖြစ်၏။
စစ်ခုန်လန်သည် နင်ချီနှင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီးကို မျက်စိဖြင့် မမြင်ရသော်ငြားလည်း၊ သူတို့ သေချာပေါက် အနီးအနားတွင် ရှိနေမည်ဟု ယုံကြည်ထား၏။
ဆိုလိုသည်မှာ နင်ချီက ဆုံမှတ်ကို တကယ် ရှာတွေ့နိုင်ခြင်းပင် ဖြစ်ချေသည်။
ထိုအခိုက်အတန့်၌ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ တပ်ဖွဲ့ကြီးက သူတို့ကို ရှာတွေ့သွားပြီး၊ သူတို့ကို တားဆီးရန် အထွတ်အထိပ် ဘိုးဘေးကြီး နှစ်ပါးကို စေလွှတ်လိုက်၏။
စစ်ခုန်လန် လုံးဝ မထင်မှတ်ထားသည်မှာ ချီခယ်ချင်းက အလွန်တရာ ပြတ်သားလွန်းနေပြီး၊ ထိုလူနှစ်ယောက်ကို တိုက်ရိုက် မျိုးတုံး သတ်ဖြတ်ပစ်လိုက်ခြင်းပင် ဖြစ်၏။ ဤလုပ်ရပ်ကြောင့် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း တပ်ဖွဲ့၏ အင်အား တစ်ဝက်ခန့်ကို ဆွဲဆောင်လိုက်သလို ဖြစ်သွားတော့သည်။
'ကျစ်... နင်ချီက အရိပ်အယောင်လေးတောင် မပြသေးဘူး၊ သူတို့အချင်းချင်း အရင် သတ်ပုတ်နေကြပြီ။' စစ်ခုန်လန် အနေဖြင့် ဤကဲ့သို့ အရှုံးပေါ်မည့် ကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး ဝင်ပါနိုင်မည်နည်း။
ဤမျှ အရေးကြီးသော အခြေအနေတွင် စစ်ခုန်လန်သည် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း နှင့် သူ၏ လက်အောက်ခံများကို တိုက်ရိုက် ဆက်သွယ်လိုက်ပြီး၊ ချီခယ်ချင်းတို့ တစ်စု မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် သည်းကြီးမည်းကြီးတိုက်ခိုက် နေစဉ်အတွင်း တိုက်ပွဲထဲမှ ချက်ချင်း ဆုတ်ခွာရန် ရွေးချယ်လိုက်တော့သည်။
စစ်ခုန်လန်သည် နောက်ကျောကို ဓားနှင့် ထိုးမည့် တကယ့် ပရော်ဖက်ရှင်နယ် လူယုတ်မာ တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသည်။
ယခင်က ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း တပ်ဖွဲ့မှ သူ မထွက်ခွာခဲ့ခြင်းမှာ ချီခယ်ချင်း၏ အငြိုအငြင်ကို ခံရမည် စိုးသောကြောင့် ဖြစ်၏။
ယခုအချိန်တွင်မူ ချီခယ်ချင်းသည် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ ဖိနှိပ် ချုပ်ချယ်မှုကို ခံနေရပြီ ပင်။
‘သူမ မကျေနပ်ရင်ကော ဘာလုပ်နိုင်မှာလဲ။ စွမ်းနိုင်ရင် နောက်ကနေ လိုက်လာခဲ့ရုံသာ။’
မထွက်ခွာမီ စစ်ခုန်လန်က ခပ်ပြုံးပြုံး ဖြင့် အသံလွှင့်ကာ ပြောလိုက်၏။
"စီနီယာအစ်မကြီး ချီ... အစ်မကြီးက ကျွန်တော့်လူတွေကို ခေါ်ပြီး အချိန်မရွေး ထွက်သွားခွင့် ရှိတယ်လို့ ပြောထားခဲ့တယ်နော်။ ဒါကြောင့် ကျွန်တော်တို့ အစ်မကြီးကို ဆက်ပြီး အဖော်မလုပ်ပေးနိုင်တော့ဘူးဗျာ"
စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း တပ်ဖွဲ့ကြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချီခယ်ချင်းနှင့် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း မှ လူများ မျက်နှာ ကွက်ခနဲ ပျက် သွားကြပြီး ဒေါသထွက်လွန်းသဖြင့် ရင်ကွဲမတတ် ဖြစ်သွားကြသည်။
စစ်ခုန်လန်သည် အပြင်ပန်းတွင် သူတော်ကောင်း ယောင်ဆောင်ထားသော်ငြားလည်း၊ ဤမျှ အရှက်ကင်းမဲ့သော လုပ်ရပ်ကို ကျူးလွန် လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။ သူတို့အားလုံး သူ့အပေါ် အထင်မှားခဲ့ကြပြီ ဖြစ်၏။
လူတိုင်းအတွက် တစ်ခုတည်းသော ဖြေသိမ့်စရာမှာ စစ်ခုန်လန်.. မူလက ဦးဆောင်လာခဲ့သော တပ်ဖွဲ့ကြီး တစ်ခုလုံးက သူနှင့် တူမနေခြင်းပင် ဖြစ်သည်။ သူတို့ထဲမှ သုံးပုံ တစ်ပုံခန့်က ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း ၏ တပ်ဖွဲ့ထဲတွင် ဆက်လက် ကျန်ရစ်နေခဲ့ကြ၏။
ကျန်ရစ်ခဲ့သော သူများမှာ တိုက်ပွဲမှ ထွက်ပြေးရမည်ကို ရှက်ရွံ့သူများ ဖြစ်လျှင်ဖြစ်မည်။ သို့မဟုတ်ပါက စစ်ခုန်လန် ထက်စာလျှင် ချီခယ်ချင်းက ပိုမို အားထားရသည်ဟု ယုံကြည်သူများ ဖြစ်ပေလိမ့်မည်။
လူသုံးပုံတစ်ပုံက ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း တွင် ဆက်နေရန် ရွေးချယ်လိုက်သည့် အချက်အပေါ် စစ်ခုန်လန်က ပေါ့ပေါ့ပါးပါး ဟားတိုက်လိုက်သော်လည်း၊ သူ၏ ရင်တွင်း၌တော့ အနည်းငယ် လန့်သွားမိ၏။
ကံကောင်းလို့သာ သူက ဒီအချိန်မှာ ထွက်ခွာလာဖို့ ရွေးချယ်လိုက်၍။
သို့မဟုတ်ပါက ချီခယ်ချင်း နောက်သို့သာ ဆက်လိုက်နေမည် ဆိုလျှင် အနာဂတ်တွင် ပိုမိုများပြားသော လူများက သူမ၏ သဘောထားကို လက်ခံသွားကြပေလိမ့်မည်။
ထိုသို့ ဆိုပါက၊ သူနှင့် သူ၏ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း က တစ်ကိုယ်တော် အထီးကျန် စစ်သူကြီး ဖြစ်သွားမှာ မဟုတ်ပါလား။
ချီခယ်ချင်းက သူမ၏ လူများကို ဦးဆောင်ကာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် ဆက်လက် တိုက်ခိုက်နေရ၏။ စစ်ခုန်လန် ကို ပြဿနာ သွားရှာရန် သူမတွင် အချိန်မရှိချေ။ လောလောဆယ်တွင် မည်သည့်အရာက ပိုမို အရေးကြီးကြောင်းကို သူမ ကောင်းကောင်း ရှင်းလင်းစွာ သိထား၏။
ထို့အပြင် ချီခယ်ချင်းက မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ အထွတ်အထိပ် ဘိုးဘေးကြီး နှစ်ပါးကို မျက်တောင်တစ်ခတ် အတွင်း ပြိုင်တူ ဝင်ရောက် သတ်ဖြတ်ရန် အမိန့်ပေးခဲ့ပြီး ဖြစ်သည်။
ဤမျှ ကြီးမားလှသော သွေးရန်ကြွေးကြီး ဖြစ်တည်နေပြီ ဖြစ်ရာ၊ ချီခယ်ချင်း အနေဖြင့် စစ်ခုန်လန်ကို ပြဿနာ သွားရှာချင်လျှင်တောင်မှ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း က သူတို့ကို အလွယ်တကူ ထွက်သွားခွင့် ပေးပါမည်လော။
...
နင်ချီ နှင့် သူ၏ တပ်ဖွဲ့ကြီးမှာ ဆုံမှတ် ဗဟိုချက်၏ အပြင်ဘက် ဆယ်လီ အကွာရှိ ဟင်းလင်းပြင်ထဲတွင် တိတ်တဆိတ် ပုန်းအောင်းနေကြ၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ အဖွဲ့နှစ်ဖွဲ့ ကွဲသွားပြီး နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများနှင့် ချီခယ်ချင်း ၏ လူများကို တစ်ပြိုင်နက်တည်း ခွဲ၍ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ၊ သူတို့၏ အခွင့်အရေး ရောက်ရှိလာပြီဟု ရုတ်တရက်.. ခံစားလိုက်ကြရ၏။
လူတိုင်းက နင်ချီ ကို မမှိတ်မသုန်ကြည့်လိုက်ကြပြီး သူ၏ အမြော်အမြင် ကြီးမားမှုကို တိတ်တဆိတ် ချီးကျူး အားကျနေကြတော့သည်။
***