~ရုတ်တရက် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အဆုံးအစမဲ့သော မီးတောက်များ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင် တစ်ခုလုံးကို လောင်ကျွမ်းသွားစေတော့သည်။
ချက်ချင်းပင် ဧရာမ မီးလုံးကြီး တစ်ခုအလား နတ်ဘုရား မီးတောက် တစ်ပိုက်စာကို ရှေ့သို့ အဟုန်ပြင်းစွာ မှုတ်ထုတ်လိုက်ရာ၊ ဟင်းလင်းပြင် ကို မီးလောင်သွားစေပြီး အပူချိန်မှာ ရုတ်ချည်း ထိုးတက်သွား၏။
ထိုမီးတောက်များက 'ကြယ်ခုနစ်ပွင့် သတ်ဖြတ်ခြင်း အကြွင်းမဲ့ ဓားချက်' နှင့် ဝင်ရောက် ထိတိုက်မိသွားတော့သည်။
ရုတ်တရက် အရောင် ခုနစ်မျိုး ပါဝင်သော အလင်းတန်းများနှင့် မီးတောက်များ အချင်းချင်း အကြိတ်အနယ် တိုက်ခိုက်နေကြသည်ကို တွေ့မြင်လိုက်ရပြီး၊ တစ်ခု၏ စွမ်းအားကို တစ်ခုက အပြန်အလှန် ချေဖျက်ရန် ကြိုးစားနေပုံ ရ၏။
နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် သူတို့၏ စွမ်းအား အပြည့်အဝကို ထုတ်လွှတ်ကာ တိုက်ပွဲထဲသို့ သွင်းနှံနေကြပြီး၊ အခြေအနေမှာ ယာယီအားဖြင့် လွန်ဆွဲနေသည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။
မကြာမီမှာပင် နှစ်ဖက်စလုံး၏ ခန္ဓာကိုယ်များ တုန်ခါသွားပြီး တစ်လီခန့် အကွာအဝေးသို့ နောက်ဆုတ်သွားကြရ၏။
သူတို့က တစ်ယောက်ကို တစ်ယောက် စူးရှသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး၊ နှစ်ဖက်စလုံးမှာ မယုံကြည်နိုင်အောင် ဖြစ်နေပုံ ရ၏။
ချီခယ်ချင်း နှင့် အခြားသူများက ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများမှာ အလွန်တရာ အစွမ်းထက်လွန်းလှသည်ဟု ခံစားလိုက်ကြရသည်။
သူတို့သည် ယခင်က ကြီးမားသော ဆုံမှတ် တစ်ခုကို သိမ်းပိုက်နိုင်ခဲ့သော်ငြားလည်း ၎င်းမှာ ကံကောင်းခြင်းသက်သက်သာ ဖြစ်ပေသည်။
နောက်ပိုင်းတွင် ကျယ်ပြန့်သော ကမ္ဘာ ရှိ အခြား ဂိုဏ်းများမှ တပ်ဖွဲ့ငယ်များနှင့် အကြိမ်ကြိမ် ထိပ်တိုက် တွေ့ဆုံခဲ့ဖူးသော်လည်း၊ အကြိမ်တိုင်းတွင် သူတို့၏ လူအင်အား သာလွန်မှုကို အသုံးချကာ ရန်သူများကို အနိုင်ယူနိုင်ခဲ့ကြသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အားလုံးက ကွဲပြားခြားနားနေခဲ့ပြီ ဖြစ်၏။
သူတို့ ရင်ဆိုင်နေရသော ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများသည် ကျယ်ပြန့်သော ကမ္ဘာ၏ အလယ်အလတ်အဆင့် ဝိညာဉ်နယ်မြေများထဲတွင် အင်အားအကြီးမားဆုံး ဂိုဏ်းကြီးတစ်ခုမှ ဖြစ်ကြောင်းကို သူတို့ လုံးဝ မသိရှိခဲ့ကြချေ။
တစ်ဖက်လူ၏ အလယ်အလတ်အဆင့် ဝိညာဉ်နယ်မြေ ဆိုသည်ကပင် သူတို့၏ အဆင့်နိမ့် ဝိညာဉ်နယ်မြေထက် အစကတည်းက သာလွန်နေခဲ့သည် မဟုတ်ပါလော။
ပထမအချက်အနေဖြင့် ယခင်က နင်ချီသည် လင်းချင်း နယ်မြေမှ လူအများအပြားကို သတ်ဖြတ်ခဲ့ဖူးသည်။ ဒုတိယအချက်အနေဖြင့် ချီခယ်ချင်း ကိုယ်တိုင်က ပိုမို အစွမ်းထက်သော ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းကို ပိုမို ခွန်အားကြီးမားလာစေရန် ဦးဆောင်ပေးနိုင်စွမ်းရှိသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်းမှ လူများမှာမူ၊ နင်ချီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ လူများကဲ့သို့ပင် သူတို့၏ မျက်နှာထက်တွင် သံသယ အရိပ်အယောင်များ ထင်ဟပ်နေကြ၏။
'ငါတို့ တကယ်ပဲ တောင်နဲ့ ပင်လယ် ကမ္ဘာရဲ့ အောက်ခြေဆုံး အဆင့်က ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်နေရတာ ဟုတ်ရဲ့လား...'
နှစ်ဖက်စလုံးက လေကို ပြင်းပြင်းရှူသွင်းရင်း သူတို့၏ ခွန်အားများကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနေကြ၏။
နှစ်ဖက်စလုံးသည် ဝိညာဉ်နယ်မြေ နှစ်ခုကို ကိုယ်စားပြုကာ စစ်ခင်းနေကြခြင်း ဖြစ်ရာ၊ ဤတိုက်ပွဲသည် သေချာပေါက် တစ်ဖက်သေမှ တစ်ဖက်ရှင်မည့် ပွဲတစ်ပွဲသာ ဖြစ်ပေတော့မည်။
ထိုစဉ် ချီခယ်ချင်းထံသို့ အသံလွှင့် သတင်းစကားတစ်ခု ရုတ်တရက် ဝင်ရောက်လာ၏။
"စီနီယာအစ်မကြီး ချီ... ကျွန်တော်တို့ မီးလျှံငှက် အင်မော်တယ်ဂိုဏ်းနဲ့ တကယ်ပဲ ဆက်တိုက်ကြတော့မှာလား ခင်ဗျာ"
ချီခယ်ချင်းက ထိုသတင်းစကား ပို့လိုက်သူကို အကြည့်ပို့လွှတ်လိုက်ရာ၊ ယခင်က အခင်းအကျင်း ကျင့်ကြံသူကို မေးခွန်းထုတ်ခဲ့သော အကြီးအကဲ လီ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
သူမက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး
"အကြီးအကဲ လီ... ရှင်က ဘာသဘောနဲ့ ပြောတာလဲ။ ရှင်လည်း ကျွန်မကို တပ်ဖွဲ့ကြီး ဦးဆောင်ပြီး ထွက်ပြေးစေချင်နေတာလား"
အကြီးအကဲ လီ က ချက်ချင်း ရှင်းပြလိုက်သည်။
"စီနီယာအစ်မကြီး ချီ... ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် ဆိုလိုချင်တာက ကျွန်တော်တို့က အလင်းထဲမှာ ရှိနေပြီး၊ နင်ချီက အမှောင်ထဲမှာ ပုန်းနေတာလေ။ အကယ်လို့ ကျွန်တော်တို့သာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်းနဲ့ အသေအလဲ တိုက်ပြီးတဲ့ အချိန်ကျမှ သူတို့က အချောင်ဝင်နှိုက်သွားရင်... ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေ အားလုံး သဲထဲရေသွန် ဖြစ်သွားမှာ မဟုတ်ဘူးလား"
သူက စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ကျွန်တော်တို့.. သူတို့ကို ဆွဲထုတ်နိုင်မှ ဖြစ်မယ်... မဟုတ်ရင် ကျွန်တော်တို့ဘက်က အများကြီး နစ်နာသွားလိမ့်မယ်ဗျ"
တကယ်တမ်း ဆိုရလျှင် အကြီးအကဲ လီ ၏ စကားမှာ လူ့သဘာဝအရ ယုတ္တိရှိလှပေသည်။ အကယ်၍ သူသာ အသံထွက်၍ ပြောလိုက်မည် ဆိုပါက လူအများအပြား၏ ထောက်ခံမှုကို သေချာပေါက် ရရှိမည်သာ ဖြစ်၏။ သို့ဖြစ်သော်ငြားလည်း ချီခယ်ချင်းကို လေးစားသောအားဖြင့် သူက အသံလွှင့်၍သာ ပြောဆိုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ချီခယ်ချင်းက တစ်ခဏမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"အကြီးအကဲ လီ... ရှင့်ရဲ့ အတွေးကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ရပ်မျိုးကိုတော့ ကျွန်မ လုံးဝ မလုပ်ချင်ဘူး ရှင်"
ထိုစကားကို ကြားလိုက်ရသောအခါ အကြီးအကဲ လီ မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး တုံ့ပြန်လိုက်၏။
"စီနီယာအစ်မကြီး ချီ... ကျွန်တော်က အစ်မကြီးကို လေးစားလို့သာ ဒီစကားကို ပြောရတာပါ။ အခုက တရားမျှတမှု အကြောင်း လာပြောနေရမယ့် အချိန် မဟုတ်ဘူးလေ။ အသက်နဲ့ သေခြင်းတရားကို ရင်ဆိုင်နေရချိန်မှာ လုပ်ချင်တယ်၊ မလုပ်ချင်ဘူး ဆိုတာ မရှိဘူး။ ရှင်သန်ရမယ် ဒါမှမဟုတ် သေရမယ်... ဒါပဲ ရှိတယ်။ ရှင်သန်ဖို့အတွက် ဆိုရင် ဘယ်လို နည်းလမ်းကိုမဆို သုံးရမှာပဲဗျ"
သူက ချီခယ်ချင်း ငြင်းပယ်သွားမည်ကို စိုးရိမ်နေသည့်အလား ဆက်တိုက် ပြောလိုက်ပြန်သည်။
"အစ်မကြီးက ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းက လူတစ်ယောက်နော်... ဒီစစ်မြေပြင်နယ်မြေ ထဲက တောင်နဲ့ ပင်လယ် ကမ္ဘာရဲ့ ခေါင်းဆောင် မဟုတ်ဘူး။ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း ဒါမှမဟုတ် ဖူယောင် နယ်မြေရဲ့ အကျိုးစီးပွားတွေကိုတော့ အနစ်နာ မခံလိုက်ပါနဲ့ ခင်ဗျာ"
ချီခယ်ချင်းက ပြတ်သားစွာပင် ပိတ်ဟန့်လိုက်တော့သည်။
"တော်ပါတော့ အကြီးအကဲ လီ... ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ။ မီးလျှံငှက် အင်မော်တယ်ဂိုဏ်းကို နင်ချီတို့ ရှိနေတယ် ဆိုတာ လုံးဝ သိခွင့် ပေးလို့ မဖြစ်ဘူး"
လူ့သဘာဝ ရှုထောင့်မှ ကြည့်မည် ဆိုပါက အကြီးအကဲ လီ ၏ စကားမှာ လုံးဝ အမှားအယွင်း မရှိကြောင်းကို သူမ ကိုယ်တိုင်လည်း သိထားပြီး ဖြစ်ပေသည်။
သို့သော် ချီခယ်ချင်း၏ အမြော်အမြင် နှလုံးသားမှာ ကျယ်ပြန့် ကြီးမားလှသည်။ သူမသည် နင်ချီနှင့် ပတ်သက်၍ သေချာပေါက် ကောင်းစွာ မသိကျွမ်းသေးသော်ငြားလည်း၊ သူတို့ မီးလျှံငှက် အင်မော်တယ်ဂိုဏ်းနှင့် အသေအလဲ တိုက်ခိုက်ပြီး ပျက်သုဉ်းသွားမည့် အချိန်အထိ နင်ချီက လက်ပိုက် ကြည့်နေမည် မဟုတ်ကြောင်း သူမ အခိုင်အမာ ယုံကြည်ထား၏။
နင်ချီသည်လည်း သူမကဲ့သို့ပင် အခြေအနေ အရပ်ရပ်ကို ခြုံငုံကြည့်မြင်တတ်သော အမြော်အမြင် ရှိသူဟု သူမ ယုံကြည်ထား၏။
အကယ်၍သာ အကြီးအကဲ လီ ပြောသည့်အတိုင်း နင်ချီ၏ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တပ်ဖွဲ့ကြီး ရှိနေကြောင်း မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ကို အသိပေးလိုက်မည် ဆိုလျှင်၊ သို့မဟုတ် ဤအခိုက်အတန့်တွင် သူတို့ကိုပါ တိုက်ပွဲထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်မည် ဆိုလျှင်၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် စစ်ပွဲမှာ ပိုမို ရှုပ်ထွေးပြီး ခက်ခဲသွားပေလိမ့်မည်။
ချီခယ်ချင်းသည် နင်ချီနှင့် သူ၏ နောက်လိုက်များ၏ လူ့ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာအပေါ်တွင်လည်း ယုံကြည်မှု ရှိနေပါသည်။
အကြီးအကဲ လီ က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် နာကြည်းသော လေသံဖြင့် အသံလွှင့်ကာ ပြောလိုက်၏။
"စီနီယာအစ်မကြီး ချီ... ကျွန်တော် အစ်မကြီးကို ဘာပြောရမှန်းကို မသိတော့ဘူး။ ဒီကိစ္စမှာတော့ အစ်မကြီး စကားကို ကျွန်တော် နားထောင်လိုက်ပါ့မယ်။ ဒါပေမယ့် အဆုံးသတ် ရလဒ်သာ မကောင်းခဲ့ဘူး ဆိုရင်တော့... စစ်ခုန်လန် လိုမျိုးပဲ လူတစ်စုကို ခေါ်ပြီး ဒီတပ်ဖွဲ့ထဲကနေ ကျွန်တော် သေချာပေါက် ခွဲထွက်သွားမှာပါဗျာ"
ချီခယ်ချင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်သည်။
"ကောင်းပြီလေ... ရှင့်သဘောပဲ"
...
နင်ချီနှင့် အခြားသူများမှာမူ စစ်မြေပြင် နှစ်ခုလုံးတွင် အကြိတ်အနယ် တိုက်ခိုက်နေကြသည်ကို ဘေးမှနေ၍ စောင့်ကြည့်နေကြ၏။
သူတို့၏ တပ်ဖွဲ့ကြီးမှာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး အချိန်မရွေး ဝင်ရောက် တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။
ဓားဘိုးဘေးကြီးက မေးလိုက်၏။
"ကိုးလေး... ငါတို့ လှုပ်ရှားဖို့ အချိန်မတန်သေးဘူးလား"
နင်ချီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ သူက နောက်ကွယ်ရှိ လူအုပ်ကြီးကို အကြည့်ပို့လွှတ်လိုက်ရာ လူတိုင်း၏ မျက်လုံးများထဲတွင် မာန်မာန မီးတောက်များ ဟုန်းဟုန်းတောက်နေပြီး သူ၏ အမိန့်ပေးမှုကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြကြောင်း တွေ့လိုက်ရ၏။
သေချာသည်ကတော့ အချို့သော လူများက အကောင်းဆုံးသော အခြေအနေ တစ်ရပ်ကို ရရှိရန်အတွက် အချိန်ပိုကြာကြာ စောင့်ဆိုင်းချင်နေကြဆဲ ဖြစ်၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် အခြား တစ်ဖက်တို့ အသေအပျောက် များပြားကာ ပြိုလဲသွားမည့် အချိန်ရောက်မှ သူတို့က ဝင်ရောက် လှုပ်ရှားမည် ဆိုပါက မည်သည့် အားစိုက်ထုတ်မှုမျှ မလိုဘဲ အချောင် နှိုက်နိုင်မည် မဟုတ်ပါလော။
သို့သော် နင်ချီက သူတို့၏ အတွေးများကို ရိုက်ချိုးပစ်လိုက်ပြီး ထက်ရှသော အသံဖြင့် ဆော်ဩလိုက်တော့သည်။
"အားလုံး လှုပ်ရှားဖို့ အသင့်ပြင်ထားကြပါ"
ထိုအခါ၊ ဓားဘိုးဘေးကြီး ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွား၏။ သူသည် အမြဲတမ်း ပွင့်လင်း ဖြောင့်မတ်သူ တစ်ဦး ဖြစ်ရာ၊ ချီခယ်ချင်း၏ တပ်ဖွဲ့က မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် အသေအလဲ တိုက်ခိုက်နေချိန်တွင် သူတို့က ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေရသည်ကို သိပ်ဘဝင်မကျလှပေ။
သေချာသည်မှာ သူ၏ ထိုဖြောင့်မတ်သော စိတ်ဓာတ်ကို ထိုက်တန်သော သူများအပေါ်တွင်သာ ပြသလေ့ ရှိခြင်းပင် ဖြစ်၏။
အကယ်၍ တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ခုန်လန် လို လူမျိုးသာ ဖြစ်နေမည် ဆိုပါက... ဓားဘိုးဘေးကြီး အနေဖြင့် သေချာပေါက် လက်ပိုက်ကာ ဆက်လက် စောင့်ကြည့်နေမည်သာ ဖြစ်ပေသည်။
***