~သုံးရက် ကြာပြီးနောက် ၊ ချန်ဝူတောင်တန်း၏ အနက်ရှိုင်းဆုံး နေရာ။ အရိုးသင်္ချိုင်း ချောက်ကမ်းပါး၌ ဖြစ်၏။
ဤနေရာသည် တစ်နှစ်ပတ်လုံး အနက်ရောင် မိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသော ဧရာမ ချောက်ကမ်းပါးကြီး တစ်ခု ဖြစ်၏။ ချောက်ကမ်းပါး အတွင်း၌ ကျောက်ဆောင်များ ပြည့်နှက်နေပြီး၊ သစ်ပင် ပန်းမန်ဟူ၍ မရှိဘဲ၊ နေရာအနှံ့တွင် ဖြူဖွေးနေသော အရိုးစုများသာ ပြန့်ကျဲနေတော့သည်။
သို့သော်လည်း ယနေ့တွင်မူ ဤနေရာ၌ အလံများ တဝေဝေ လွင့်ပျံနေပြီး၊ မိစ္ဆာ အရှိန်အဝါများမှာလည်း ကောင်းကင်သို့တိုင် ထိုးတက်နေ၏။
မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းသော မိစ္ဆာလမ်းစဉ်၏ အကြီးစား ပွဲတော်ကြီး ဖြစ်သည့် ‘မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲ’ ကို ကျင်းပနေခြင်း ဖြစ်ရာ... မိစ္ဆာဂိုဏ်း (၃၆) ဂိုဏ်း၊ မိစ္ဆာဘုရင် (၇၂) ပါးနှင့် မရေမတွက်နိုင်သော ရက်စက်လှသည့် တစ်ကိုယ်တော် မိစ္ဆာကျင့်ကြံသူများ စုဝေးရောက်ရှိနေကြခြင်းပင် ဖြစ်တော့သည်။
ကောင်းကင်ယံထက်ဝယ် သွေးနီရောင် အလင်းတန်းများ၊ တိမ်မည်းကြီးများနှင့်... ကြောက်မက်ဖွယ် မိစ္ဆာသားရဲများကို စီးနင်းလာသော အစွမ်းထက် ပညာရှင်များ... တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာတိုင်း လူအုပ်ကြီးကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။
“ဟိုမှာ ကြည့်စမ်း။ ‘အရိုးဂိုဏ်း’ က ဘိုးဘေးကြီးဗျို့။ သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ပြီးပြည့်စုံတဲ့ ကြေးဝါ အလောင်းကောင် တစ်ကောင်ကို ဖန်တီးထားတယ်လို့ ကြားတယ်နော်"
“ဟိုဘက်က ‘ဟယ်ဟွမ် (ကာမဂုဏ်) ဂိုဏ်း’ က မိစ္ဆာမလေးတွေပဲ။ ကျွတ်... ကျွတ်... ဝေးဝေးက ရှောင်နေမှ... မဟုတ်ရင် မင်းရဲ့ ယန် (အသက်) စွမ်းအင်တွေ အကုန် စုပ်ခံရလိမ့်မယ်”
မိစ္ဆာကျင့်ကြံသူများ အချင်းချင်း ချီးမွမ်းကာ မိမိတို့၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းများကို ကြွားဝါနေကြစဉ်မှာပင်...
“ဝုန်း... ရွှမ်း...”
အဝေးရှိ ကောင်းကင်ယံဆီမှ မိုးခြိမ်းသံပမာ ကျယ်လောင်လှသော ဟိန်းဟောက်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
အားလုံး မော့ကြည့်လိုက်သောအခါ... ဖုန်လုံးကြီးများ အလယ်မှနေ၍ (အမှန်တော့ မြန်လွန်းသဖြင့် ထွက်လာသော ဖုန်များ ဖြစ်ပါသည်)... အလွန်တရာ ထူးဆန်းသော ပုံစံများ ရှိသည့် လူအုပ်ကြီး တစ်ခုသည် တောင်ကြားလမ်းဆီမှနေ၍ တည့်တည့်မတ်မတ် ချီတက်လာသည်ကို တွေ့လိုက်ကြရ၏။
ထိုအဖွဲ့သည် မှော်ရတနာများ၊ သို့မဟုတ် မိစ္ဆာသားရဲများကို စီးနင်းလာခြင်း မဟုတ်ဘဲ... အားရပါးရ ပြေးလာကြခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့၏ အရှိန်အဝါမှာ... စစ်တပ်ကြီး တစ်ခုထက်ပင် ပိုမို ကြောက်စရာ ကောင်းနေတော့၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခရမ်းရွှေရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး၊ ချောမောခန့်ညားကာ သီးသန့်ဆန်ဟန် ရှိသော လူငယ်လေး တစ်ဦး (ကျန်းချန်) ဖြစ်၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေဟာနယ်ကို နင်းလျှောက်လာပြီး... ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်း၏ ကျောချမ်းဖွယ် ကောင်းလှသော အရှိန်အဝါကြီးကို ထုတ်လွှတ်နေတော့သည်။
သူ၏ အနောက်တွင်မူ... လှပလွန်းလှသော်လည်း မျက်နှာထား ရှုပ်ထွေးနေပုံ ရသည့် အဖြူရောင် ဝတ်စုံလေးနှင့် အမျိုးသမီး တစ်ဦး (ဆုချင်းကော) လိုက်ပါလာ၏။
သူမ၏ အနောက်တွင်မှ... ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားပြီး၊ ဆာလောင်နေသော ဝံပုလွေများပမာ ရူးသွပ် မျက်လုံးများ ရှိသော... ထူးဆန်းသည့် လူအုပ်ကြီး (အမှန်တော့ လက်ရွေးစင် သုံးရာခန့်သာ ခေါ်လာခဲ့သော်လည်း သုံးထောင်ခန့် ရှိမည်ဟု ထင်မှတ်ရလေသည်) လိုက်ပါလာကြခြင်းပင်။
“ဟို... ဟိုဟာက ဘယ်ဂိုဏ်းလဲ"
“မိစ္ဆာ အရှိန်အဝါက တကယ့်ကို ပြင်းထန်လွန်းတယ်။ ဖွဲ့စည်းပုံကလည်း လုံးဝ ဖရိုဖရဲပဲ။ ပြီးတော့ သူတို့ရဲ့ အကြည့်တွေက... တကယ့်ကို ထူးဆန်းလွန်းတယ်
ပွဲတော်သို့ ရောက်ရှိနေကြသော မိစ္ဆာကျင့်ကြံသူများမှာ ဤလူအုပ်ကြီးကို ကြည့်ကာ လုံးဝ အူကြောင်ကြောင် ဖြစ်သွားကြ၏။
အကြောင်းမူကား ထိုထူးဆန်းသော လူများက သူတို့ကို ကြည့်နေသည့် အကြည့်များမှာ... ကျင့်ကြံသူ အချင်းချင်း ကြည့်သည့် အကြည့်မျိုး မဟုတ်ဘဲ... လမ်းလျှောက်နေသည့် ‘ဝက်သားနှပ်’ ပန်းကန်များကို ကြည့်နေသည့်အလား ဖြစ်နေသောကြောင့်ပင်။
---
ကွေ့ယွမ်ဂိုဏ်း အဖွဲ့ အတွင်း၌မူ၊
“ဘုရားရေ..ဒါက မြေပုံအသစ် ဖြစ်တဲ့ ‘အရိုးသင်္ချိုင်း’ လား၊ အငွေ့အသက်က တကယ့်ကို အမိုက်စားပဲဟေ့"
ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) သည် သူ၏ အဆင့် (၂) တောဝက်ကြီး ပက်ပါ ကို စီးလျက် အဖွဲ့၏ ရှေ့ဆုံးသို့ တိုးထွက်လာပြီး... ပတ်ဝန်းကျင်ရှိ အသည်းထိတ်ဖွယ် မိစ္ဆာကျင့်ကြံသူများကို ကြည့်ကာ မျက်လုံးများ အရောင်တောက်လျက် လက်ညှိုးထိုးပြလိုက်၏။
“ညီအစ်ကိုတို့ ကြည့်စမ်း... အကုန်လုံးက နာမည်နီတွေချည်းပဲဟေ့။ မျက်နှာပြင် တစ်ခုလုံး နာမည်နီ မွန်းစတားတွေ ပြည့်နေတာပဲဗျို့"
“ဟိုဘက်က အရိုးစုနဲ့ ကစားနေတဲ့ အဘိုးကြီးက ပစ္စည်းကောင်းတွေ ပါတဲ့ ပုံပဲ။ သူ့လက်ထဲက အရိုးတောင်ဝှေးက သေချာပေါက် အဆင့်မြင့် မှော်ရတနာပဲ ဖြစ်ရမယ်"
“ညာဘက်က အဝတ်အစား ခပ်ဟော့ဟော့လေးနဲ့ ကောင်မလေးကိုကော... ဟဲဟဲ... အိမ်ပြန်ခေါ်သွားပြီး ဇနီးလေး လုပ်လို့ ရမလား မသိဘူးနော် (အဲ့ဒီ လုပ်ဆောင်ချက် မပါပါ)"
ကောင်းကင်ခွင်း ဓားတစ်လက် မှာလည်း ဓားရိုးကို ကိုင်ထားရင်း စိတ်လှုပ်ရှားလွန်းသဖြင့် လက်ချောင်းများပင် တုန်ယင်နေသည်။
“ဒီ နေရာမှာ မွန်းစတားတွေ အများကြီးပါလား။ ပြီးတော့ အကုန်လုံးက အဆင့်မြင့်တွေချည်းပဲ။ ဒီမှာသာ အားရပါးရ ကြိတ်ခွင့် ရမယ်ဆိုရင်... ငါ့ရဲ့ အတွေ့အကြုံ အမှတ်တွေတော့ အကြီးအကျယ် တက်သွားမှာ သေချာတယ်"
“စိတ်မလောကြနဲ့လေ"
ထိုသို့ ၊ ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း က ဆေးတံကို တစ်ချက်ဖွာလိုက်ရင်း သတိပေးလိုက်သည်။
“ဂိုဏ်းချုပ်ကြီးက ဒါကို ‘ဇာတ်လမ်း မုဒ်’ လို့ ပြောထားတယ်လေ။ တိုက်ခိုက်လို့ မရသေးဘူး။ အရင်ဆုံး တာဝန်လေး ဘာလေး ယူလို့ ရမလား ကြည့်ကြသေးတာပေါ့"
ကစားသမားများ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသော်လည်း... သူတို့၏ လောဘဇောများ၊ စပ်စုချင်စိတ်များနှင့် လုံးဝ (လုံးဝ) ရိုသေမှု မရှိသော အကြည့်များကြောင့်... ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများမှာ ကျောချမ်းသွားရရှာ၏။
ယုန်ငယ်လေး တစ်အုပ်က ဝံပုလွေအုပ်ကြားထဲ ဝင်လာပြီး... ဝံပုလွေသားကို ဘယ်လို ချက်စားမလဲ ဆိုတာကို သွားရည်ကျလျက် ဆွေးနွေးနေကြသည့် ခံစားချက်မျိုးပင် ဖြစ်တော့သည်။
လူအုပ်ကြီးမှာ ပွဲတော် အဝင်ဝ၌ ရပ်တန့်သွားသည်။
ဧည့်ခံကြိုဆိုရေး တာဝန်ယူထားသူမှာ အခြားသူ မဟုတ်... သွေးမိစ္ဆာဂိုဏ်း၏ အိမ်တော်ထိန်း လီသွေးညဉ့် ပင် ဖြစ်၏။
ကျန်းချန် ကိုယ်တိုင် ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ သူမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာကြီးပင် နီမြန်းသွားရသည်။ သူသည် အမြန် ပြေးထွက်လာပြီး အလွန်တရာ ရိုသေစွာဖြင့် ခါးညွတ် ဂါရဝပြုလိုက်တော့၏။
“ကျွန်တော် လီသွေးညဉ့်... ဂိုဏ်းချုပ်ကြီး ကျန်းချန်ကို ကြိုဆိုပါတယ် ခင်ဗျာ။ ကွေ့ယွမ်ဂိုဏ်းက စီနီယာကြီးတွေကိုလည်း ကြိုဆိုပါတယ် ခင်ဗျာ"
“စီနီယာကြီးတို့ ရောက်လာတာဟာ...ကျွန်တော်တို့ မိစ္ဆာဂိုဏ်းတော်ကြီး အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ ခင်ဗျာ။ အတွင်းကို ကြွပါ"
ကျန်းချန်က သူ၏ အထီးကျန် ဆရာကြီး ဟန်ပန်ကို ထိန်းသိမ်းလျက် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး... “အင်း” ဟု တစ်လုံးတည်းသာ ပြန်ပြောလိုက်သည်။
ထို့နောက် သူသည် ဆုချင်းကောနှင့် တပည့်များကို ဦးဆောင်ကာ... လူအများ၏ အကြည့်များ အောက်တွင် ပွဲတော်၏ အလယ်ဗဟိုဆီသို့ ခန့်ညားစွာ ဝင်ရောက်သွားလေတော့သည်။
လမ်းတစ်လျှောက်တွင် ကစားသမားများမှာ သူတို့၏ လက်များနှင့် ပါးစပ်များကို လုံးဝ (လုံးဝ) မထိန်းချုပ်နိုင်ကြတော့ချေ။
“ဟေး... သူငယ်ချင်း၊ မင်းရဲ့ အနက်ရောင် ဝတ်ရုံကြီးက တော်တော် မိုက်တာပဲ။ ဘယ်က ဝယ်တာလဲဗျ။ ငါ့ကို ရောင်းမလား"
ကစားသမား တစ်ဦးသည် ဖြတ်သွားသော မိစ္ဆာကျင့်ကြံသူ တစ်ဦးကို တားကာ ဈေးမေးလိုက်ခြင်းပါ။
ထို မိစ္ဆာကျင့်ကြံသူမှာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။ “သွားစမ်း။ ဒါ ငါ့ရဲ့ ကိုယ်ပိုင် ဝိညာဉ် ဝတ်ရုံကွ"
“မရောင်းရင်လည်း ပြီးတာပဲလေ။ ဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ”
ထိုကစားသမားက နှုတ်ခမ်းကို စူလိုက်ပြီး တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
“တိုက်ပွဲ စတာနဲ့... မင်းက ပထမဆုံး အသတ်ခံရမယ့် ကောင်ပဲဟေ့"
အခြား ကစားသမား တစ်ဦးမှာလည်း လမ်းဘေး၌ အလှပြထားသော ဦးခေါင်းခွံ တစ်ခုကို တွေ့လိုက်ရသဖြင့်... သူ၏ ဝိညာဉ်သိုလှောင်အိတ်ထဲသို့ အတင်း ထိုးထည့်ရန် ကြိုးစားနေ၏။
“ဒါက အများသုံး ပစ္စည်းလေဗျာ... ယူလို့ မရဘူး"
လီသွေးညဉ့်မှာ ချွေးအေးများ ထွက်လာပြီး ချက်ချင်း သွားရောက် တားဆီးရရှာတော့သည်။
“ဟွန်း... ကပ်စေးနှဲလိုက်တာ။ ငါက ကောက်လို့ရတဲ့ ပစ္စည်းများ မှတ်လို့
ကျန်းချန်၏ အနောက်မှ လိုက်ပါလာသော ဆုချင်းကောသည်... ဤ မိစ္ဆာလမ်းစဉ်၏ ပွဲတော်ကြီးကို ဈေးဝယ်ထွက်လာသည့်အလား ပေါ့ပေါ့ပါးပါး လျှောက်သွားနေကြပြီး၊ နာမည်ကြီး မိစ္ဆာခေါင်းဆောင်များကိုပင် ဝေဖန်နေကြသော ထို ‘စီနီယာ အစ်ကိုကြီး’ များကို ကြည့်ကာ... သူမ၏ နှလုံးသားမှာ အပြင်သို့ပင် ခုန်ထွက်လာတော့မည့်အလား ခံစားနေရ၏။
“ဂိုဏ်းချုပ်ကြီး...”
ဆုချင်းကောက အသံကို နှိမ့်ကာ စိုးရိမ်တကြီး မေးလိုက်၏။
“ဒီနေရာမှာ မိစ္ဆာကျင့်ကြံသူတွေ အများကြီးပဲနော်။ အချို့ဆိုရင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် နှောင်းပိုင်းတွေ၊ ပြီးပြည့်စုံတဲ့ အဆင့်တွေတောင် ရှိနေတာ။ ကျွန်မတို့ အရမ်းကို မာနထောင်လွှားလွန်းနေပြီ မဟုတ်လားရှင်"
ကျန်းချန်က သူမကို တစ်ချက် ကြည့်လိုက်ပြီး... နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာကာ အသံဖြင့် ဆက်သွယ် ပြောဆိုလိုက်၏။
“မာနထောင်လွှားတယ် ဟုတ်လား"
“ချင်းကော... မှတ်ထားလိုက်။ မိစ္ဆာလမ်းစဉ်မှာက... ဘယ်သူက ပိုပြီး ရက်စက်လဲ၊ ဘယ်သူက ပိုပြီး ရူးသွပ်လဲ ဆိုတာက အဓိကပဲလေ"
“ပတ်ဝန်းကျင်က မိစ္ဆာကျင့်ကြံသူတွေကို သေချာ ကြည့်လိုက်စမ်း... အခု သူတို့ရဲ့ မျက်လုံးတွေ ဘယ်လို ဖြစ်နေပြီလဲ ဆိုတာကို"
ဆုချင်းကောသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက်... ပတ်ဝန်းကျင်ကို တိတ်တဆိတ် ဝေ့ကြည့်လိုက်၏။
အံ့သြစရာ ကောင်းလောက်အောင်ပင်... မူလက ရက်စက်ပြီး ရိုင်းစိုင်းလှသော မိစ္ဆာကျင့်ကြံသူ တစ်ယောက်မှ... ဆူညံပွက်လောရိုက်ပြီး စည်းကမ်းမဲ့နေသော ကွေ့ယွမ်ဂိုဏ်းသားများကို သွားရောက် ပြဿနာ မရှာရဲကြသည်ကို တွေ့လိုက်ရသည်။
ထိုအစား... သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ၊ သံသယများနှင့်... ‘ကြောက်လန့်မှု’ အရိပ်အယောင် အချို့ပင် ပြည့်နှက်နေကြတော့၏။
အဘယ်ကြောင့်ဆိုသော် သူတို့ ခန့်မှန်း၍ မရသောကြောင့် ဖြစ်သည်။
ဤလူအုပ်ကြီးက ဘာကြောင့်များ မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲကြီးမှာ ဒီလောက်အထိ ရမ်းကားရဲသလဲ ဆိုတာကို သူတို့ နားမလည်နိုင်ကြပေ။
“သူတို့ရဲ့ ကျင့်စဉ်အဆင့်တွေက သိပ်မမြင့်ပေမယ့်... အချိန်မရွေး ကိုယ်နဲ့အတူ အသေခံတော့မယ့် ပုံစံမျိုးတွေ ရှိနေတယ်” ဆိုသည့် ဤလူအုပ်ကြီး၏ ရူးသွပ်သော သဘာဝကို သူတို့ လုံးဝ (လုံးဝ) ခန့်မှန်း၍ မရနိုင်ကြသောကြောင့် ဖြစ်၏။
ကျန်းချန် ပြောသလိုပင်... မိစ္ဆာလမ်းစဉ်တွင် ‘အစွမ်းထက်သူ’ ထက် ‘အရူး’ များကို ပိုပြီး ကြောက်ကြရသည် မဟုတ်ပါလော။
ကွေ့ယွမ်ဂိုဏ်း ဆိုသည်မှာလည်း ထိပ်တန်း အရူးအုပ်စုကြီး တစ်ခုသာ ဖြစ်သည်။
“နေရာယူကြစမ်း"
ကျန်းချန်သည် သွေးမိစ္ဆာဂိုဏ်း၏ အဓိက နေရာပြီးလျှင် ဒုတိယ အကောင်းဆုံး ဖြစ်သော... ကွေ့ယွမ်ဂိုဏ်းအတွက် သတ်မှတ်ထားသည့် နေရာသို့ လျှောက်သွားလိုက်၏။
သူသည် ခမ်းနားကြီးကျယ်စွာ ထိုင်ချလိုက်ပြီး... သူ၏ ကိုယ်ခန္ဓာမှ ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်း၏ ကြီးမားလှသော ဖိအားကြီးကို မည်သည့် ထိန်းချုပ်မှုမှ မရှိဘဲ အစွမ်းကုန် ထုတ်လွှတ်လိုက်ရာ... အကဲစမ်းရန် လာရောက်သည့် ဂိုဏ်းငယ်လေးအချို့မှ လူများကို ချက်ချင်းပင် ဖိနှိပ်လိုက်တော့၏။
“တပည့်တို့...”
ကျန်းချန်က လက်ကို ဝှေ့ယမ်းလိုက်၏။
“လွတ်လွတ်လပ်လပ် နားလို့ ရပြီ။ ဒါပေမဲ့ မှတ်ထား... ငါ့ကို အရှက်တော့ မခွဲနဲ့နော်"
“ဟုတ်ကဲ့ပါဗျို့"
ကစားသမား ရာပေါင်းများစွာမှာ ချက်ချင်းပင် လူစုကွဲသွားကြတော့၏။
အချို့က အခြား ဂိုဏ်းများ၏ နေရာများသို့ သွားရောက်ကာ အလကား စားသောက်နေကြ၏။ အချို့ကမူ အဝတ်စုတ် တစ်ခုကို မြေပြင်ပေါ် ခင်းကာ ‘ကွေ့ယွမ်ဂိုဏ်း အထူးထုတ်’ (အဆိပ်ဆေးလုံးများနှင့် ကြွက်သားရေများ) ဟု ဆိုကာ ဈေးရောင်းနေကြတော့သည်။
အခြား သူများကလည်း မိစ္ဆာကျင့်ကြံသူ အချို့ကို အတင်း ဆွဲခေါ်ကာ... ယောကျ်ားစစ် မစစ် ‘လက်မောင်းလှဲ’ ပြီး ဆုံးဖြတ်ရမည်ဟု ဇွတ်အတင်း ပြုလုပ်နေကြလေ၏။
အလွန် တည်ကြည်လေးနက်ပြီး မှိုင်းညို့နေသော မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲကြီးမှာ... ဤလူများ ရောက်လာပြီးနောက်တွင် ရုတ်တရက် အနည်းငယ် ‘ပျက်ရယ်စရာ’ ကောင်းသော ပွဲတော်ကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အဓိက နေရာတွင် ထိုင်နေသော သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ... ပိန်လှီခြောက်ကပ်နေသည့် ရွှေအမြုတေ အစောပိုင်းအဆင့် အဘိုးကြီးသည် အောက်ဘက်ရှိ ဖရိုဖရဲ မြင်ကွင်းကို ကြည့်ကာ မျက်ခုံးများ တုန်ယင်လာပြီး... ဘေးနားရှိ လီသွေးညဉ့်ကို လှည့်မေးလိုက်၏။
“ဒါက မင်းပြောတဲ့... ပုန်းကွယ်နေတဲ့ မိစ္ဆာဂိုဏ်းကြီး ဆိုတာလား"
လီသွေးညဉ့်က အလွန်တရာ အထင်ကြီး လေးစားနေသည့် မျက်နှာပေးဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ဂိုဏ်းချုပ်ကြီး... သူတို့ရဲ့ မာနထောင်လွှားတဲ့ ဟန်ပန်တွေကို ကြည့်လိုက်ပါ။ စည်းကမ်းတွေကို အမှိုက်လို သဘောထားတဲ့ သူတို့ရဲ့ အပြုအမူတွေကို ကြည့်လိုက်စမ်းပါ။ ဒါဟာ စစ်မှန်တဲ့ မိစ္ဆာကြီးတွေရဲ့ ဟန်ပန်ပဲ မဟုတ်လားခင်ဗျ"
သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်... နောက်ဆုံးတွင် သူသည်လည်း အလွန် သဘောတူသည့်အလား ခေါင်းညိတ်လိုက်လေတော့သည်။
“တကယ်ပါပဲ... သူတို့ရဲ့ မိစ္ဆာစိတ်တွေက တကယ့်ကို နက်ရှိုင်းပြီး ထူးခြားလွန်းလှပါတယ်"
[t.n-* ရွှေအမြုတေအဆင့်: ကျင့်ကြံသူ တစ်ဦး၏ အစွမ်း အထွတ်အထိပ်သို့ ရောက်ရှိနေသော အဆင့်။
* အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံခြင်း၏ ဒုတိယအဆင့်။
* တစ်ကိုယ်တော် ကျင့်ကြံသူ: မည်သည့် ဂိုဏ်းနှင့်မှ မသက်ဆိုင်သော ကျင့်ကြံသူ။
* နာမည်နီ: ရန်သူ သို့မဟုတ် တိုက်ခိုက်ရမည့် မွန်းစတားများကို ပြသသည့် အမှတ်အသား။
* ဇာတ်လမ်း မုဒ်: တိုက်ခိုက်ခြင်းထက် ဇာတ်လမ်းကို အဓိကထားသော ကစားနည်း စနစ်။
* လက်မောင်းလှဲခြင်း: လက်မောင်း အင်အား ယှဉ်ပြိုင်သည့် ကစားနည်း။]
***