~မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲ။ ဗဟို တိုက်ပွဲဝင် စင်မြင့်။
ယခင်က ‘ဖရိုဖရဲ’ ပွဲစဉ်အချို့ ပြီးဆုံးသွားပြီးနောက်... ကွေ့ယွမ်ဂိုဏ်း၏ အမှတ်များမှာ အခြားသူများထက် အပြတ်အသတ် သာလွန်နေပြီ ဖြစ်၏။ ယခုအခါ အခြေအနေမှာ အနည်းငယ် အကဲဆတ်နေပြီး၊ စင်အောက်ရှိ မိစ္ဆာကျင့်ကြံသူများသည် ကွေ့ယွမ်ဂိုဏ်းသားများကို ကြောက်ရွံ့မှုနှင့် မကျေနပ်မှုများ ရောပြွမ်းနေသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
“ဟက်... အောက်တန်းကျတဲ့ လှည့်ကွက်တွေက လွဲရင် ဘာမှ မရှိပါဘူး"
သွေးမိစ္ဆာဂိုဏ်း၏ နေရာမှနေ၍... သွေးနီရောင် ဓားမကြီးကို လွယ်ထားပြီး အသည်းထိတ်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည့် လူငယ်လေး တစ်ဦး ဖြည်းညှင်းစွာ မတ်တတ်ရပ်လာ၏။ သူကား သွေးမိစ္ဆာဂိုဏ်း၏ အတွင်းစည်း ပင်မတပည့်များထဲမှ အတော်ဆုံး တစ်ဦး ဖြစ်ပြီး၊ သွေးလက်ဝါး ဟု အမည်ရလေသည် (ထို ကြေးစားတပ်ဖွဲ့နှင့် ဘာမှ မသက်ဆိုင်ပါ၊ နာမည် တူသွားရုံ သက်သက်သာ ဖြစ်သည်)။ သူ၏ ကျင့်စဉ်မှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင် ရှိနေပြီး၊ သူ၏ မိစ္ဆာစွမ်းအင်များမှာ အစိုင်အခဲ တစ်ခုပမာပင် ဖြစ်နေတော့သည်။
သူသည် စင်မြင့်ထက်သို့ ခုန်တက်သွားပြီး၊ ဓားမကြီးဖြင့် ကွေ့ယွမ်ဂိုဏ်း၏ နေရာဆီသို့ ညွှန်ပြကာ အေးစက်စွာ ဆိုလိုက်၏။
“ကွေ့ယွမ်ဂိုဏ်း... တိုက်နိုင်တဲ့သူကော ကျန်သေးရဲ့လား။ ထုံးမှုန့်လောက်ပဲ ပက်တတ်တဲ့ အမှိုက်တွေကို လွှတ်ပြီး အရှက်မခွဲနဲ့တော့နော်။ တကယ် အစွမ်းအစ ရှိရင် တက်လာခဲ့စမ်း။ ဘယ်သူ အစွမ်းထက်လဲ၊ ဘယ်သူ သေမလဲ ဆိုတာကို အပြတ်အသတ် ဆုံးဖြတ်ကြတာပေါ့"
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်၏ ကြီးမားလှသော အရှိန်အဝါများ ပါဝင်နေသည့် ဤဟိန်းဟောက်သံက... နေရာတစ်ခုလုံးကို ချက်ချင်းပင် ဖိနှိပ်သွားတော့သည်။
ကစားသမားများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ဇဝေဇဝါ ကြည့်လိုက်ကြ၏။
“ဘုရားရေ..အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် မွန်းစတားကြီး ပါလား။ ငါတို့တော့ နိုင်မယ် မထင်ဘူးနော်"
“ထုံးမှုန့် ပက်တာတောင် သူ့ရဲ့ ကာကွယ်ရေးကို ဖောက်နိုင်ပါ့မလား မသိဘူး”
“ငါတို့ရဲ့ အဆင့်တွေက နိမ့်လွန်းနေသေးတယ်။ သူ့ကို မျက်နှာချင်းဆိုင် သွားကြိတ်လို့ မရဘူးဗျ"
လူအင်အား သုံးပြီး ဆက်သေပေးရမလား ဟု အားလုံး တွေဝေနေကြစဉ်မှာပင်... ဝမ်သဲ့ဖာ
(ဒီဖရဲသီး မှည့်ပြီလား) ၏ မျက်လုံးများ ရုတ်တရက် လည်သွားပြီး၊ လူအုပ်၏ အနောက်ဘက်၌ သတိမထားမိအောင် ပုန်းနေသည့် ဆုချင်းကောထံသို့ သူ၏ အကြည့်များ ရောက်ရှိသွားသည်။
“ဟေ... ငါတို့ဆီမှာ မဟာဆရာကြီး ရှိနေတာပဲ မဟုတ်လား"
ဝမ်သဲ့ဖာသည် တိုက်ကြီး အသစ်တစ်ခုကို ရှာတွေ့သွားသည့်အလား... ဆုချင်းကောကို ရှေ့သို့ တွန်းထုတ်လိုက်၏။
“ညီမလေး... သွားစမ်း။ ဒီကောင်က အရမ်း မာနကြီးနေတယ်။ သူ့ကို ပညာပေးဖို့ မင်း ကိုယ်တိုင် ထွက်မှ ရတော့မယ်။ ငါတို့ ကွေ့ယွမ်ဂိုဏ်းရဲ့ အလှတရား... အဲ... မဟုတ်ဘူး... တိုက်ခိုက်ရေး စွမ်းအားကို သူ့ကို ပြသလိုက်စမ်းပါ"
“ဟုတ်တယ်ဗျို့။ စီနီယာ အစ်မကြီး ဆု က... ဖရဲသီး ခုတ်တဲ့ နေရာမှာ တကယ့် ဆရာကြီးပဲနော်"
“သွားပါ အစ်မကြီး။ ဒီ နာမည်နီ မွန်းစတားကို ကောင်းကောင်းကြီး ပညာပေးလိုက်စမ်းပါ"
ကစားသမားများမှာ ချက်ချင်းပင် အားပေး ဆူညံလာကြပြီး... ဆုချင်းကောကို စင်မြင့်ထက်သို့ အတင်းအကြပ် တွန်းပို့လိုက်ကြတော့သည်။
ဆုချင်းကောမှာ လုံးဝကို ထုံကျဉ်သွားရရှာ၏။
ငါ့ကို သွားခိုင်းတယ် ဟုတ်လား။ ပြိုင်ဘက်က အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်က မိစ္ဆာကျင့်ကြံသူလေ။ ပြီးတော့ ဒီမှာ ရွှေအမြုတေအဆင့် မွန်းစတားကြီးတွေက ဝိုင်းကြည့်နေကြတာ။ ငါသာ တိုက်လိုက်လို့ ချင်းယန်ဂိုဏ်းရဲ့ ကိုယ်ပိုင် ဓားသိုင်း ဖြစ်တဲ့ [ကြာပြာ ဓားသီချင်း] ကိုများ သူတို့ ရိပ်မိသွားကြရင်... ငါတော့ သေချာပေါက် သေပြီပဲပေါ့။
“ဟင့်အင်း... ကျွန်မ မသွား...” ဆုချင်းကောသည် ဖြူဖျော့နေသော မျက်နှာလေးဖြင့် ခေါင်းကို အသည်းအသန် ရမ်းလိုက်၏။
“ညီမလေး... နှိမ့်ချ မနေပါနဲ့တော့။ ဂိုဏ်းချုပ်ကြီးတောင် ကြည့်နေတယ်လေ"
ဝမ်သဲ့ဖာ က စင်မြင့်ထက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ဆုချင်းကော မော့ကြည့်လိုက်သောအခါ... ပြုံးသယောင်ယောင် ရှိနေသော ကျန်းချန်၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရသည်။ ကျန်းချန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး... သူမ၏ ခေါင်းထဲသို့ အသံဖြင့် ဆက်သွယ် ပြောဆိုလိုက်တော့၏။
“သွားပါ။ မင်း သဘောကျသလို လုပ်လိုက်... ကျန်တာ အကုန်လုံး ငါ တာဝန်ယူတယ်"
ဤစကားကို ကြားလိုက်ရသည့်အခါ ဆုချင်းကော၏ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားရသည်။
ဤဂိုဏ်းချုပ်ကြီးသည် ကြည့်ရတာ စိတ်မချရသော်လည်း၊ အရေးကြီးသည့် အချိန်များတွင်တော့ အတော်လေး အားကိုးရသည့် ပုံပါပဲလား။
“ရသလောက်တော့ လုပ်ကြည့်ရမှာပဲ"
ဆုချင်းကောသည် အံကို ကြိတ်လိုက်သည်။ ယခုအခါတွင် သူမ အနေဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့ဆက် တိုးရုံသာ ရှိတော့သည် မဟုတ်ပါလော။
သူမသည် လေတစ်ချက်ကို အဝရှူလိုက်ပြီး၊ ခြေဖျားလေးများကို ညင်သာစွာ ထောက်ကာ... စင်မြင့်ထက်သို့ ကျက်သရေရှိစွာ ဆင်းသက်လိုက်၏။
ဖြူလွလွ ဝတ်ရုံလေးနှင့် လွင့်ပျံနေသော ဆံကေသာရှည်များကြားတွင်... သူမသည် သာမန် သံဓားတစ်လက်ကို ကိုင်ဆောင်ထားသော်လည်း၊ သူမ၏ အေးစက်ပြီး လောကီနှင့် ကင်းကွာနေသည့် အရှိန်အဝါလေးက... ဆူညံနေသော လူအုပ်ကြီးကို ချက်ချင်းပင် တိတ်ဆိတ်သွားစေတော့သည်။
“လှလိုက်တဲ့ ကောင်မလေးပါလား"
“ဒီ အရှိန်အဝါက... မိစ္ဆာကျင့်ကြံသူနဲ့ လုံးဝ မတူဘူးနော်။ ဖြောင့်မတ်တဲ့ လမ်းစဉ်က... နတ်မိမယ်လေး တစ်ပါးနဲ့ ပိုတူနေတယ်”
စင်အောက်ရှိ မိစ္ဆာကျင့်ကြံသူများမှာ တိုးတိုးလေး ဆွေးနွေးနေကြတော့၏။
မျက်နှာချင်းဆိုင်ရှိ သားသတ်သမား သွေးလက်ဝါး ကမူ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး... ဆုချင်းကောကို အကဲခတ်ကာ နှုတ်ခမ်းကို သပ်လျက် ရက်စက်သော အပြုံး တစ်ခုကို ပြုံးပြလိုက်သည်။
“ကွေ့ယွမ်ဂိုဏ်းက လူကုန်သွားပြီလား။ ဒီလို နုနယ်တဲ့ မိန်းမပျိုလေးကို သေဖို့ လွှတ်လိုက်တယ် တဲ့လား။ ဒီလောက် လှတဲ့ မျက်နှာလေးကတော့ နှမြောစရာပဲ။ ခဏနေ ငါ့ရဲ့ ဓားမကြီးနဲ့ အပိုင်းပိုင်း အစစ ခုတ်ထစ်လိုက်ရင်... ကြည့်လို့ လှတော့မှာ မဟုတ်ဘူးနော်"
ဆုချင်းကောမှာ ဘာမှ ပြန်မပြောဘဲ... အဖြေတစ်ခုကိုသာ အသည်းအသန် ရှာဖွေနေ၏။
ကြာပြာ ဓားသီချင်းရဲ့ အစကွက်ကို သုံးလို့ မဖြစ်ဘူး... အရမ်း သိသာလွန်းတယ်။ ဖြောင့်မတ်တဲ့ အရှိန်အဝါတွေကိုလည်း ဖိသိပ်ထားရမယ်... သေချာပေါက် ဖိသိပ်ထားရမယ်။ သတ်ဖြတ်လိုစိတ် လိုအပ်တယ်။ ရက်စက်ရမယ်။ မိစ္ဆာခေါင်းဆောင် တစ်ယောက်လိုမျိုး ဖြစ်ရမယ်။
သူမသည် ပိတ်လှောင်ခံထားရသော ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များကို အတင်းအကြပ် ထုတ်လွှတ်လိုက်ပြီး... မှန်ကန်သော သွေးကြောလမ်းကြောင်းအတိုင်း မသွားစေဘဲ ပြောင်းပြန် လည်ပတ်စေလိုက်ရာ... ဝိညာဉ်စွမ်းအင်များမှာ ကြမ်းတမ်းပြီး ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်လာတော့သည်။
“သေစမ်း...”
ဆုချင်းကောသည် စူးရှစွာ အော်ဟစ်လိုက်ပြီး ဓားကို အရင်ဆုံး ဆွဲထုတ်လိုက်၏။
မူလက ကျက်သရေရှိပြီး သွက်လက်လှသော ‘ကြာပြာ ဓားသီချင်း’ မှာ... သူမ၏ တမင်တကာ ကမောက်ကမ ပြုလုပ်မှုကြောင့် လုံးဝ ပုံပျက်သွားခဲ့ပြီ ဖြစ်သည်။
သူမသည် မည်သည့် ဓားကွက်ကိုမှ မသုံးဘဲ၊ လှပသော ခြေလှမ်းများကိုလည်း မသုံးတော့ချေ။ ထိုအစား သူမသည် ဓားကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး... သားသတ်သမား သွေးလက်ဝါး ၏ ခေါင်းဆီသို့ တည့်တည့်မတ်မတ် အားကုန် ခုတ်ချလိုက်တော့၏။
“သေချင်နေတာပဲ"
သားသတ်သမား သွေးလက်ဝါး က လှောင်ပြုံး ပြုံးလိုက်ပြီး သူ၏ ဓားမကြီးကို မြှောက်ကာ ခုခံလိုက်သည်။
“ဒေါင်...”
ကျယ်လောင်လှသော အသံ တစ်ခု ထွက်ပေါ်လာ၏။
ဆုချင်းကောမှာ လက်များပင် ထုံကျဉ်သွားရသော်လည်း အနောက်သို့ မဆုတ်ခဲ့ပေ။ သူမသည် နောက်ပြန်ကန်အားကို အသုံးပြုကာ လေထဲတွင် အရူးမ တစ်ယောက်ပမာ ကိုယ်ကို လှည့်ပတ်လိုက်ပြီး... ကာကွယ်ရေးကို လုံးဝ ဂရုမစိုက်တော့ဘဲ ပြိုင်ဘက်၏ နှလုံးဆီသို့ ဓားဖြင့် ထပ်မံ ထိုးစိုက်လိုက်ပြန်သည်။
ဒါက အကူအညီမဲ့နေသော အခြေအနေတွင် သူမ စဉ်းစားမိခဲ့သည့် ‘ပြုပြင်ပြောင်းလဲထားသော’ ဓားသိုင်း ဗားရှင်း... ‘အသက်စွန့် ဓားသိုင်း’ ပင် ဖြစ်တော့၏။
ငါ့ရဲ့ တိုက်ခိုက်မှု အရှိန်က အရမ်း မြန်နေမယ်၊ ငါ အရမ်း ရူးသွပ်နေမယ်၊ ပြီးတော့ ငါ့ရဲ့ အကွက်တွေ အကုန်လုံးက တစ်ဖက်လူကို သေစေမယ့် အကွက်တွေချည်းပဲ ဆိုရင်... ငါ မိစ္ဆာကျင့်ကြံသူ တစ်ယောက်နဲ့ တူသွားပြီ မဟုတ်လား။
အမှန်တကယ်တော့ ဤနည်းဗျူဟာမှာ... ဖြောင့်မတ်သော လမ်းစဉ်၏ အမြင်တွင်မူ ဟာကွက်များ ပြည့်နှက်နေ၏။ သို့သော် မိစ္ဆာလမ်းစဉ် အတွက်မူ...
“ကောင်းတယ်ဗျို့"
စင်အောက်ရှိ မိစ္ဆာကျင့်ကြံသူများ၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့ကြပြီ ဖြစ်သည်။
“ဒီ ကောင်မလေးက တကယ့်ကို ရက်စက်တာပဲ။ အကွက်တိုင်းက အသေအကြေတွေချည်းပဲ၊ လွတ်လမ်း လုံးဝ မချန်ထားဘူးဗျို့"
“သူမရဲ့ မျက်လုံးတွေကို ကြည့်စမ်း (အမှန်တော့ စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်သည်)... အေးစက်ပြီး သနားညှာတာမှု ကင်းမဲ့နေလိုက်တာ... လူသေ တစ်ယောက်ကို ကြည့်နေသလိုပဲနော်”
“ဒါမှ မိစ္ဆာလမ်းစဉ်ရဲ့ စစ်မှန်တဲ့ ဓားကျင့်ကြံသူ ဟေ့။ ကာကွယ်တာတွေ၊ အကဲစမ်းတာတွေ အကုန်လုံးက အပိုတွေပဲ... သူမရဲ့ ရည်ရွယ်ချက် တစ်ခုတည်းက လူသတ်ဖို့ပဲလေ"
စင်မြင့်ထက်တွင်မူ... သားသတ်သမား သွေးလက်ဝါး သည်လည်း ဤ ခွေးရူး တစ်ကောင်ပမာ တိုက်ခိုက်ရေး ပုံစံကြောင့် လုံးဝ ဟန်ပျက်သွားရ၏။
ပြိုင်ဘက် အနေဖြင့် ထူးဆန်းသော မှော်ပညာများကို အသုံးပြုလိမ့်မည်ဟု သူက အစပိုင်းတွင် ထင်မှတ်ထားခဲ့သော်လည်း... တကယ်တမ်းကျတော့ အနီးကပ် တိုက်ပွဲကို အစပြုလိုက်ပြီး၊ အကွက်တိုင်းမှာလည်း တစ်ယောက်နှင့် တစ်ယောက် အသေအကြေ သတ်မည့် အကွက်များသာ ဖြစ်နေသောကြောင့်ပင်။
“အရူးမ...”
သားသတ်သမား သွေးလက်ဝါး က ဟိန်းဟောက်လိုက်ပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်၏ ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန် ထုတ်လွှတ်ကာ... ဆုချင်းကောကို အဝေးသို့ လွင့်ထွက်သွားစေရန် ကြိုးစားလိုက်သည်။
ဆုချင်းကောမှာ အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားရပြီး၊ နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းလေး တစ်ခု စီးကျလာ၏။ သို့သော် သူမသည် ရပ်တန့်မသွားဘဲ... နာကျင်မှုကို အသုံးပြုကာ သူမ၏ ရက်စက်ကြမ်းကြုတ်မှုများကို ထုတ်ဖော်ပြသလိုက်တော့သည်။ (အမှန်တော့ သူမသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ အသက်စွန့် တိုက်ခိုက်နေခြင်းသာ ဖြစ်လေ၏)။
လွန်ခဲ့သော ရက်အနည်းငယ်က ကွေ့ယွမ်ဂိုဏ်းတွင် သူမ ခံစားခဲ့ရသော နာကျင်မှုများ၊ ဖရဲသီး အတင်း ခုတ်ခိုင်းခံရသည့် အရှက်တရားများနှင့်... အလိုရှိကြောင်း ကြေညာခံရသည့် မျှော်လင့်ချက် ကင်းမဲ့မှုများ အားလုံးကို သူမ ပြန်လည် မြင်ယောင်လာမိသည်။
ထို အပျက်သဘောဆောင်သော ခံစားချက်များ အားလုံးမှာ ထိုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာတော့၏။
သူမ၏ လက်ထဲရှိ သံဓားလေးမှာ စူးရှလှသော ဓားမြည်သံ တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
မူလက သန့်စင်ပြီး လွင့်မျောနေသော ဓားအရှိန်အဝါများမှာ... သူမ၏ မကျေချမ်းမှုများနှင့် ပြောင်းပြန် လည်ပတ်နေသော ဝိညာဉ်စွမ်းအင်များကြောင့် ညစ်ညမ်းသွားပြီး... မှိုင်းညို့ကာ သေခြင်းတရားကို ကိုယ်စားပြုသော အရောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။
“ကြာပြာ... လောကကြီးကို ဖျက်ဆီးခြင်း...” (သူမ ဘာသာ ပေးထားသော အမည် ဖြစ်သည်)
ဆုချင်းကော၏ ဓားချက်မှာ မည်သည့် လှပသော လှုပ်ရှားမှုမှ မပါဝင်တော့ပေ။ အလွန် မြန်ဆန်လှသည်။ အလွန် ရက်စက်လှသည်။
မီးခိုးရောင် ဓားအလင်းတန်း တစ်ခုသည် လေဟာနယ်ကို ပိုင်းဖြတ်သွားပြီး... ကျောချမ်းဖွယ် ကောင်းလှသော ပြတ်သားမှုများနှင့်အတူ သားသတ်သမား သွေးလက်ဝါး ၏ လည်မျိုဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့၏။
သွေးလက်ဝါး ၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားရသည်။ ထိုဓားအတွင်းမှ မည်သည့် ဝိညာဉ်စွမ်းအင် တုန်ခါမှုကိုမှ သူ မခံစားရဘဲ... သန့်စင်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်မည့် သတ်ဖြတ်လိုစိတ် များကိုသာ ခံစားနေရတော့၏။
သူ ကြောက်သွားခဲ့ပြီ ဖြစ်သည်။
အရှိန်အဝါဖြင့် ဖိနှိပ်ခံလိုက်ရသည့် ထိုစက္ကန့်လေး အတွင်းမှာပင် သူ၏ လှုပ်ရှားမှုများမှာ တစ်ချက် နောက်ကျသွားခဲ့ရရှာ၏။
“ဖတ်...”
သံဓားလေးသည် သူ၏ ပခုံးကို ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။
သားသတ်သမား သွေးလက်ဝါး မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ အနောက်သို့ ယိုင်တိုင်တိုင် ဆုတ်သွားကာ စင်မြင့်ပေါ်မှ ပြုတ်ကျသွားလေတော့သည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်၏။
ဆုချင်းကောသည် စင်မြင့်၏ အလယ်ဗဟို၌ ရပ်နေသည်။ သူမ၏ အဖြူရောင် ဝတ်စုံလေးမှာ သွေးများ စွန်းထင်းနေပြီး၊ ဆံပင်ရှည်များမှာလည်း ဖရိုဖရဲ ဖြစ်နေတော့၏။ ဓားကို ကိုင်ထားသော သူမ၏ လက်မှာ အနည်းငယ် တုန်ယင်နေဆဲ ဖြစ်ပြီး... သူမ၏ မျက်လုံးများမှာ ခံစားချက်မဲ့ကာ အေးစက်နေလေသည် (အမှန်တော့ သူမ အလွန် ထိတ်လန့်နေခြင်းသာ ဖြစ်သည်)။
“ငါ... ငါ နိုင်သွားပြီလား"
သူမ၏ ခေါင်းထဲတွင် လုံးဝ (လုံးဝ) ဗလာကျင်းသွားရ၏။
ထိုစဉ်မှာပင်...၊
“တကယ့်ကို အံ့မခန်း ဓားသိုင်းပါပဲလား”
အဓိက နေရာတွင် ထိုင်နေသော သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် စားပွဲကို ရိုက်ကာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး... သူ၏ မျက်လုံးများထဲတွင် အထင်ကြီး လေးစားမှုများ အပြည့်အဝ ရှိနေတော့သည်။
“ဓားထုတ်လိုက်တာနဲ့ လုံးဝ (လုံးဝ) နောက်မဆုတ်ဘူး... သတ်ဖြတ်လိုစိတ်တွေကလည်း တကယ့်ကို ကျောချမ်းစရာပဲ။ ကြည့်ရတာ ဖရိုဖရဲ ဖြစ်နေပုံ ရပေမယ့်... တကယ်တော့ အဲ့ဒီအထဲမှာ ‘သုတ်သင် ရှင်းလင်းခြင်း’ ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်တွေ အပြည့်အဝ ပါဝင်နေတာပဲ…"
“ဒီ မိန်းကလေးက မိစ္ဆာစိတ် အလွန် နက်ရှိုင်းတယ်။ လူသတ်တဲ့ နေရာမှာလည်း အလွန် ပြတ်သားတယ်။ တကယ့်ကို မွေးရာပါ မိစ္ဆာလမ်းစဉ်ရဲ့ မျိုးစေ့လေးပဲဗျာ"
“ဂိုဏ်းချုပ်ကြီး ကျန်းချန်... ခင်ဗျားရဲ့ တပည့်ကို သွန်သင်ထားတာ တကယ့်ကို ထူးချွန်လွန်းလှပါတယ်"
ဘေးနားရှိ မိစ္ဆာလမ်းစဉ်၏ ဆရာကြီးများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
“ဟုတ်တယ်ဗျ။ ခုနက ဓားချက်ကို ကြည့်ပြီး... ငါတောင် ကျောထဲ စိမ့်သွားတယ်ဗျို့"
“ဒီ မိန်းကလေးကတော့ အနာဂတ်မှာ သေချာပေါက် ကြီးကျယ်တဲ့ နေရာ တစ်ခုကို ရောက်မှာပဲ။ ကျင့်ကြံခြင်း လောကကို တုန်လှုပ်စေမယ့် မိစ္ဆာမကြီး တစ်ယောက် သေချာပေါက် ဖြစ်လာမှာဗျို့"
ဤ ‘ချီးကျူးစကား’ များကို ကြားလိုက်ရသည့်အခါ ဆုချင်းကောမှာ ကောင်းကင်ကြီး ပြိုကျလာတော့မည့်အလား ခံစားလိုက်ရသည်။
သူမက ဖြောင့်မတ်တဲ့ လမ်းစဉ်က ဓားသိုင်းကို သုံးခဲ့တာလေ။ အားထည့်တဲ့ ပုံစံလေး နည်းနည်း ပြောင်းလိုက်ရုံလေးပါ။ အဲ့ဒါက ဘယ်လိုလုပ်ပြီး ‘သုတ်သင် ရှင်းလင်းခြင်း ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်’ ဖြစ်သွားရတာလဲ။ ဘယ်လိုလုပ်ပြီး ‘မိစ္ဆာမကြီး’ ဖြစ်သွားရတာလဲ။
သူမသည် စင်အောက်ရှိ ကစားသမားများကို လှည့်ကြည့်လိုက်၏။
ကစားသမားများမှာမူ စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်နေကြပြီ ဖြစ်သည်။
“မဟာဆရာကြီး... အရမ်း မိုက်တယ်ဗျို့။ အဲ့ဒါမှ အဆင့်မြင့် ကစားကွက် အစစ်ဟေ့"
“တွေ့တယ် မဟုတ်လား... အဲ့ဒါကိုမှ သွေးနည်းနည်းလေးနဲ့ အခြေအနေကို ပြောင်းပြန် လှန်ပစ်လိုက်တာ လို့ ခေါ်တာလေ"
“နောက်ဆိုရင် ဘယ်ကောင်က ကျုပ်တို့ရဲ့ မဟာဆရာကြီးကို အလှပြ အရုပ်လေးပါလို့ ပြောရဲသေးလဲ။ သူက တကယ့်ကို ရူးသွပ်နေတဲ့ တိုက်ခိုက်ရေးသမားကြီးပဲဗျို့"
အားကျလေးစားနေကြသော မျက်လုံးများကို ကြည့်ရင်း... ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများက သူမ၏ ‘မိစ္ဆာ သဘာဝ’ ကို အတည်ပြုပေးနေကြသည်ကို နားထောင်ရင်း...
သူမ၏ လက်ထဲမှ သံဓားလေးမှာ မြေပြင်ပေါ်သို့ “ခလွမ်” ခနဲ ကျကျသွားရှာ၏။
သူမသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး... ငိုချင်သော်လည်း မျက်ရည်မကျနိုင်ဘဲ ဖြစ်နေတော့သည်။
ပြီးသွားပြီ။
ဒီတစ်ခါတော့ တကယ်ကို ရှင်းပြလို့ ရတော့မှာ မဟုတ်ဘူး။
ငါ... ဆုချင်းကော... တစ်သက်လုံး ဖြောင့်မတ် မှန်ကန်စွာ နေထိုင်လာခဲ့တာ... ဒီနေ့တော့ မိစ္ဆာလမ်းစဉ်မှာ လုံးဝ (လုံးဝ) နာမည်ကြီးသွားခဲ့ပြီပဲဟယ်…
***