~နေဝင်ရီသရော အချိန်။ အရိုးသင်္ချိုင်း ချောက်ကမ်းပါး။
မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲ ကျင်းပရာ နေရာ၌ ဖြစ်၏။
ဆုချင်းကောသည် လက်ထဲမှ သံဓားလေးကိုပင် မနည်း ကိုင်ထားရလျက်... စင်မြင့်ပေါ်မှ ကြောင်အမ်းအမ်းဖြင့် ဆင်းလာခဲ့သည်။
သူမသည် မိစ္ဆာကျင့်ကြံသူများ၏ အားကျလေးစားနေသော အကြည့်များဖြင့် ဝန်းရံခံထားရပြီး... အသည်းထိတ်ဖွယ် မိစ္ဆာခေါင်းဆောင်အိုကြီး အချို့ပင်လျှင် သူမအနားသို့ တိုးလာကာ၊ ဝါကျင့်ကျင့် သွားကြီးများကို ဖော်ပြလျက် လူကြီးသူမ တစ်ယောက်ပမာ သဘောကောင်းသည့် အပြုံးမျိုးဖြင့် ချီးကျူးစကားများ ဆိုလာကြတော့၏။
“ကောင်မလေး... မဆိုးဘူးပဲ။ ခုနက ဓားချက်ထဲက သတ်ဖြတ်လိုစိတ်တွေက... ငါ့ကိုတောင် လန့်သွားစေတယ်"
“ကွေ့ယွမ်ဂိုဏ်း ကတော့ မျိုးဆက်သစ်ကောင်း ရသွားပြီဗျို့။ ဂိုဏ်းချုပ်ကြီး ကျန်းချန်... ခင်ဗျားရဲ့ တပည့်က တကယ့်ကို ထူးခြားလွန်းပါတယ်။ အနာဂတ်မှာ ကြီးကျယ်တဲ့ နေရာ တစ်ခုကို သေချာပေါက် ရောက်မှာပဲဗျ"
အဓိက နေရာတွင် ထိုင်နေသော ကျန်းချန်သည် သေရည်ခွက်ကို ကိုင်ထားလျက်... ပတ်ဝန်းကျင်မှ ချီးကျူးစကားများကို ကြားရသောအခါ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ဝင်မပြောဘဲ၊ ခန့်မှန်းရခက်လှသော ဟန်ပန်ကိုသာ ဆက်လက် ထိန်းသိမ်းထားသည်။
အလယ်တွင် ညပ်နေသော ဆုချင်းကောမှာမူ... လူမရှိသော ထောင့်တစ်နေရာသို့ ပြေးသွားပြီး အားရပါးရ ငိုချပစ်လိုက်ချင်စိတ်များသာ ပြည့်နှက်နေတော့၏။
သာမန်အချိန်များတွင် လူတိုင်း သတ်ပစ်ချင်နေကြသည့် ဤမိစ္ဆာခေါင်းဆောင်ကြီးများသည်... ယခုအခါ သူမကို သမီး တစ်ယောက်လို ဂရုတစိုက် ဆက်ဆံနေကြသည်ကို ကြည့်ရင်း သူမမှာ လုံးဝ (လုံးဝ) ရူးသွပ်သွားတော့မည့်အလား ခံစားနေရ၏။
“ပြီးသွားပြီ... ငါ တကယ် ရှင်းပြလို့ မရတော့ဘူးပဲ...”
သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် သွေးခြောက်သွေ့ အရှင်က သေရည်ခွက်ကို မြှောက်ကာ... ညစာစားပွဲ စတင်ကြောင်းနှင့် အားလုံး အတူတကွ ‘သွေးသေရည်’ များကို သောက်သုံးကြရန် ကြေညာတော့မည့် ဆဲဆဲမှာပင်...
“ဝုန်း... ရွှမ်း...”
မည်သည့် ကြိုတင် အသိပေးချက်မှ မရှိဘဲ... အရိုးများ ပြည့်နှက်နေသော ချောက်ကမ်းပါး၏ မီးခိုးရောင် ကောင်းကင်ယံထက်ဝယ် ဧရာမ အက်ကွဲကြောင်းကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
၎င်းမှာ အနက်ရောင် မိစ္ဆာစွမ်းအင်များ မဟုတ်ဘဲ... ဖြောင့်မတ် မှန်ကန်လှသော အရှိန်အဝါများ ပြည့်နှက်နေသည့် မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းကြီး တစ်ခု ဖြစ်၏။ ထိုအလင်းတန်းမှာ ချွန်ထက်လှသော ဓားတစ်လက်ပမာ... ချောက်ကမ်းပါးကို တစ်နှစ်ပတ်လုံး ဖုံးလွှမ်းထားသော မှိုင်းညို့နေသည့် အငွေ့အသက်များကို မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုးဖောက် ဖြတ်တောက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင်... မျက်စိကျိန်းမတတ် တောက်ပလှသော ဓားပျံများ၊ မှော်လေလှေကြီးများနှင့် ဝိညာဉ်သားရဲများမှာ... ကောင်းကင်ဘုံမှ စစ်တပ်ကြီး ဆင်းသက်လာသည့်အလား တိမ်တိုက်များအထက်၌ သိပ်သည်းစွာ ထွက်ပေါ်လာကြလေတော့၏။
အသက်ရှူကျပ်မတတ် ကြီးမားလှသော ဝိညာဉ်ဖိအားကြီး တစ်ခု ကျဆင်းလာပြီး... ကွင်းပြင် အတွင်းရှိ မိစ္ဆာစွမ်းအင် အများစုကို ချက်ချင်းပင် လွင့်စင်သွားစေတော့သည်။
“ဟို... ဟိုဟာက...”
သေရည် သောက်နေကြသော မိစ္ဆာကျင့်ကြံသူများမှာ နေရာမှာတင် တောင့်ခဲသွားကြပြီး၊ သူတို့၏ မျက်နှာထားများလည်း လုံးဝ ပြောင်းလဲသွားကြ၏။
ကောင်းကင်ယံထက်ဝယ်... အလံများ တဟူးဟူး လွင့်ပျံနေတော့သည်။
အလယ်ဗဟိုရှိ ဧရာမ ရွှေရောင် လေလှေကြီး တစ်စင်းပေါ်တွင်မူ... အပြာရောင် နေမင်းကြီးကို ထိုးရှယ်ထားသော ဧရာမ အလံကြီး တစ်ခု ချိတ်ဆွဲထား၏။ ၎င်းမှာ... ချင်းယန်ဂိုဏ်း ၏ အမှတ်တံဆိပ်ပင် ဖြစ်တော့သည်။
ချင်းယန်ဂိုဏ်း၏ ဘေးပတ်လည်တွင်လည်း... ပတ်ဝန်းကျင် တစ်ဝိုက်၌ နာမည်ကျော်ကြားလှသော ဖြောင့်မတ်သည့် လမ်းစဉ်မှ ဂိုဏ်းငါးဂိုဏ်း၏ အလံများ ဖြစ်သည့်... ‘လျိုယွင် (တိမ်လွင့်) တောင်ကြား’၊ ‘ကျင်းကန်း (စိန်) ဂိုဏ်း’ နှင့် ‘ပန်းတစ်ရာ နန်းတော်’ စသည်တို့လည်း စုဝေးနေကြ၏။
ဖြောင့်မတ်သော လမ်းစဉ် မဟာမိတ်တပ်ကြီး ပါလား၊ အင်အား အပြည့် သုံးပြီး လာကြတာပဲဟေ့။
လေလှေကြီး၏ ဦးပိုင်းတွင်မူ... ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် သက်တန့် တစ်တန်းပမာ တောက်ပလှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်း ပညာရှင်... ချင်းယန်ဂိုဏ်း၏ ဂိုဏ်းချုပ် ချင်ရွှမ် အရှင်သည် ကြာပွတ်ကို ကိုင်ဆောင်ကာ၊ အောက်ဘက်ရှိ မိစ္ဆာများကို လျှပ်စီးပမာ စူးရှလှသော အကြည့်များဖြင့် ငုံ့ကြည့်နေသည်။
ဝိညာဉ်စွမ်းအင်များဖြင့် ချဲ့ထွင်ထားသော သူ၏ အသံမှာ... မိုးခြိမ်းသံပမာ ချောက်ကမ်းပါး တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့၏။
“မိစ္ဆာကျင့်ကြံသူတွေ... မင်းတို့က မရေမတွက်နိုင်တဲ့ အကုသိုလ်တွေကို ကျူးလွန်ခဲ့ကြတယ်။ ဒီနေ့... ဖြောင့်မတ်တဲ့ လမ်းစဉ်က ဂိုဏ်း (၆) ဂိုဏ်း ပူးပေါင်းပြီး... ကောင်းကင်ဘုံ ကိုယ်စား မင်းတို့ရဲ့ မိစ္ဆာဂူကြီးကို သုတ်သင် ရှင်းလင်းပစ်မယ်"
“သနားညှာတာစရာ မလိုဘဲ... အကုန် သတ်ပစ်ကြစမ်း"
‘သတ်ပစ်’ ဟူသော နောက်ဆုံး စကားလုံး အဆုံးတွင်... ကောင်းကင်ယံ၌ မရေမတွက်နိုင်သော ဓားပျံများ မြည်ဟည်းသွားပြီး... မျက်စိကျိန်းမတတ် တောက်ပလှသော မှော်ပညာများမှာလည်း စတင် စုစည်းလာကြကာ... ဖျက်ဆီးပစ်နိုင်စွမ်းရှိသော တိုက်ခိုက်မှုကြီး တစ်ခု အစပြုတော့မည် ဖြစ်သည်။
ကွင်းပြင် အတွင်းရှိ မိစ္ဆာကျင့်ကြံသူများမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြတော့၏။
“ချင်းယန်ဂိုဏ်းပဲဗျို့။ အဲ့ဒါ ဟို သရဲအိုကြီး ချင်ရွှမ် ပဲ"
“ဘုရားရေ..သတင်းက ဘယ်လိုလုပ် ပေါက်ကြားသွားတာလဲ။ ငါတို့ ဒီနေ့ တွေ့ဆုံပွဲ လုပ်မယ်ဆိုတာကို သူတို့ ဘယ်လို သိသွားတာလဲဗျာ"
“စကားများမနေနဲ့တော့။ ခံစစ်ပြင်ကြစမ်း... မြန်မြန်"
သွေးခြောက်သွေ့ အရှင်၏ မျက်နှာမှာလည်း သေလူကဲ့သို့ ဖြူဖျော့သွားခဲ့ပြီ ဖြစ်သည်။ သူသည် ရွှေအမြုတေအဆင့် ဖြစ်သော်လည်း... အစောပိုင်းအဆင့်မျှသာ ရှိသေးသဖြင့် ချင်းယန်ဂိုဏ်း ကဲ့သို့သော ဧရာမ အင်အားစုကြီးကို ရင်ဆိုင်ရမည်ဆိုပါက အနည်းငယ် ကြောက်လန့်နေမိသည်မှာ အမှန်ပင် ဖြစ်၏။
ကွေ့ယွမ်ဂိုဏ်း ဘက်တွင်မူ...
ကစားသမားများ၏ တုံ့ပြန်မှုမှာ လုံးဝ (လုံးဝ) ခြားနားနေသည်။
ကောင်းကင်ယံ အပြည့် ထွက်ပေါ်လာသော ဓားပျံများနှင့် CG အန်နီမေးရှင်းများတွင်သာ မြင်တွေ့ရလေ့ရှိသော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းကြီးကို မြင်လိုက်ရသည့်အခါ... သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ကြောက်ရွံ့ခြင်း မဟုတ်ဘဲ...
“အမေးဇင်းဟေး...”
တစ်ခဲနက် အံ့သြအော်ဟစ်သံ ထွက်ပေါ်လာတော့၏။
ဝမ်သဲ့ဖာ သည် လက်ထဲမှ ဖရဲသီးခွံကိုပင် လွှတ်ချလိုက်မိသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကောင်းကင်ယံရှိ ရွှေရောင် လေလှေကြီးကို လက်ညှိုးထိုးပြကာ ဆိုလိုက်၏။
“ဒီ အထူးပြုလုပ်ချက်တွေ၊ ဒီ ရုပ်ထွက်တွေ၊ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အတိုင်းအတာကြီး... ဒါဟာ သေချာပေါက် ကမ္ဘာ့အဆင့်မီ ပွဲတော်ကြီးပဲဟေ့"
“ညီအစ်ကိုတို့... ဟိုမှာ ကြည့်စမ်း။ အကုန်လုံးက နာမည်နီတွေချည်းပဲဗျို့။ တကယ့် နာမည်နီ အစစ်တွေဟေ့"
ကောင်းကင်ခွင်း ဓားတစ်လက် က စိတ်လှုပ်ရှားစွာဖြင့် ဓားကို ဆွဲထုတ်လိုက်၏။ “ဒီ တွေ့ဆုံပွဲက ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူးလို့ ငါ ထင်သားပဲဗျာ။ ဒါကမှ ပွဲကြမ်း အစစ်ပဲ"
“အင်အားစုချင်း တိုက်ပွဲဗျို့... ဒါ တရားဝင် အင်အားစုချင်း တိုက်ပွဲကြီးပဲဟေ့"
ဝါရင့် ကစားသမား အယောက် တစ်ရာကျော်နှင့် လူသစ် ရာပေါင်းများစွာမှာ... ချက်ချင်းပင် တိုက်ပွဲဝင် မုဒ်သို့ ပြောင်းလဲသွားကြတော့၏။
သူတို့ထံတွင် မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိဘဲ... ဖြောင့်မတ်သော လမ်းစဉ်မှ ထိုဆရာကြီးများကို သွားရောက် အကဲစမ်းကြည့်ရန် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
သို့သော်လည်း ဤစိတ်လှုပ်ရှားနေသော အရူးအုပ်စုကြီး အလယ်တွင်မူ...
လူတစ်ယောက်ကတော့ ရေခဲလိုဏ်ဂူကြီး ထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားနေရရှာ၏။
ဆုချင်းကောသည် ကောင်းကင်ယံရှိ ရင်းနှီးကျွမ်းဝင်နေသော လေလှေကြီးနှင့်၊ ဦးပိုင်းတွင် ရပ်နေသည့် တည်ကြည်လေးနက်လှသော အဘိုးအိုကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိတော့သည်။
“အရှင်..."
ထိုသူမှာ သူမ၏ ကျေးဇူးရှင် ဆရာ... ချင်ရွှမ် အရှင် ပင် ဖြစ်တော့သည်။
ချင်ရွှမ် အရှင်၏ အနောက်တွင်မူ သူမကို အလိုလိုက်ကာ ပညာသင်ပေးခဲ့သော အကြီးအကဲ၊ သူမကို ဓားသိုင်း သင်ပေးလေ့ရှိသော အကြီးအကဲနှင့်... သူမနှင့် ရင်းနှီးလှသော စီနီယာ အစ်ကိုကြီးများနှင့် အစ်မကြီးများ...
အားလုံး ရောက်လာကြပြီပဲ။
မိစ္ဆာလမ်းစဉ်ကို သုတ်သင်ဖို့ အတွက်... ဂိုဏ်းရဲ့ အရှက်ကို ဆေးကြောဖို့ အတွက်... သူတို့ ရောက်လာကြပြီလေ။
ဆုချင်းကောသည် သူမ မသေသေးကြောင်းနှင့် သူမက သူလျှို တစ်ယောက်သာ ဖြစ်ကြောင်း အော်ဟစ် ပြောဆိုလိုက်ချင်စိတ်များ ဖြစ်ပေါ်လာမိ၏။
သို့သော် သူမ စကားပင် မပြောနိုင်သေးမီမှာပင်...
ကောင်းကင်ယံရှိ ချင်ရွှမ် အရှင်၏ စူးရှလှသော အကြည့်များမှာ... သွေးများ စွန်းထင်းနေသော အဖြူရောင် ဝတ်စုံကို ဆင်မြန်းကာ၊ ယခုလေးတင် ‘မိစ္ဆာ ဓားသိုင်း’ ကို ပြသထားခဲ့ပြီး၊ ကွေ့ယွမ်ဂိုဏ်း၏ အလယ်၌ ရပ်နေသော သူမထံသို့ တည့်တည့်မတ်မတ် ကျရောက်လာတော့သည်။
သူ၏ မျက်လုံးများထဲတွင် သနားစိတ်များ အနည်းငယ် လက်ခနဲ ဖြစ်သွားသော်လည်း... ပြတ်သားသော ဆုံးဖြတ်ချက်နှင့် လူသတ်လိုသော အရိပ်အယောင်များက ပိုမို ကြီးမားနေ၏။
“ဆုချင်းကော... ကျေးဇူးကန်းတဲ့ မိန်းမယုတ်။ မင်း တကယ်ပဲ မိစ္ဆာလမ်းစဉ်ထဲကို ကျဆင်းသွားခဲ့ပြီပဲ"
“ဒီနေ့... ငါ ကိုယ်တိုင်ပဲ ဂိုဏ်းရဲ့ အရှက်ကို ဆေးကြောပစ်မယ်"
စကားအဆုံးတွင် ချင်ရွှမ် အရှင်က ကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ... ရွှေရောင် မိုးကြိုးသွား တစ်ခုမှာ ဆုချင်းကောထံသို့ တည့်တည့်မတ်မတ် ပစ်ချလာတော့၏။
“မလုပ်ပါနဲ့ အရှင်... ကျွန်မ ရှင်းပြပါရစေဦးရှင်" ဆုချင်းကောမှာ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်ရှာသည်။
သို့သော်လည်း နားကွဲမတတ် မိုးခြိမ်းသံများနှင့် ပတ်ဝန်းကျင်ရှိ တိုက်ခိုက်သံများ ကြားတွင်... သူမ၏ အသံလေးမှာ အလွန်ပင် တိုးညှင်းလွန်းနေတော့၏။
မိုးကြိုးသွားမှာ သူမကို ပြာအဖြစ် ပြောင်းလဲပစ်တော့မည့် အချိန်လေးမှာပင်...
ရုတ်တရက်...
လူရိပ်အချို့က သူမ၏ ရှေ့သို့ ရုတ်တရက် ခုန်ဝင်လာကာ ကာကွယ်ပေးလိုက်ကြ၏။
“ညီမလေးကို ကာကွယ်ကြစမ်း"
“ရန်သူ့ခေါင်းဆောင်ကြီးက ငါတို့ရဲ့ အန်ပီစီ လေးကို အသတ်မခံရစေနဲ့"
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း က ဧရာမ အိုးမည်းကြီးကို မြှောက်ကာ ကာကွယ်လိုက်ပြီး၊ ဝမ်သဲ့ဖာ က သံမဏိ ဒိုင်းကာကြီးကို မကာ ရှေ့သို့ တိုးလာသည်။
ခွန်အားလိုင်း ကစားသမား အချို့မှာလည်း လူသား ပိရမစ်ကြီး တစ်ခုပမာ ဆုချင်းကော၏ အပေါ်သို့ အထပ်ထပ် အုပ်မိုးလိုက်ကြတော့၏။
“ဝုန်း...”
မိုးကြိုး ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ကစားသမားများ၏ ကာကွယ်ရေးမှာ ချက်ချင်းပင် ပျက်စီးသွားပြီး... အချို့မှာ မည်းနက် တူးခြစ်သွားကာ အသက်သွေးကြောတန်းများပင် ကုန်မလို ဖြစ်သွားကြသော်လည်း... အနည်းဆုံးတော့ သူတို့ ထိုတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြ၏။
“အဟွတ်... အဟွတ်... ဒီ ရန်သူ့ခေါင်းဆောင်ကြီးက ထိခိုက်မှု အား တော်တော် ပြင်းတာပဲဗျာ...”
ဝမ်သဲ့ဖာ က အမည်းရောင် မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး... အနောက်သို့ လှည့်ကာ ဆုချင်းကောကို ပြုံးဖြီးဖြီးဖြင့် ဆိုလိုက်သည်။
“ညီမလေး... မကြောက်နဲ့နော်။ ငါတို့ ရှိသေးတယ်။ ကွေ့ယွမ်ဂိုဏ်းက လူကို လာထိချင်ရင်... ငါတို့ရဲ့ ဂေါ်ပြားတွေက ခွင့်ပြုမပြု အရင် မေးရလိမ့်မယ်ဟေ့"
ကစားသမားများ သာမက...၊ သွေးမိစ္ဆာဂိုဏ်းသားများနှင့် ဘေးနားရှိ အခြားသော မိစ္ဆာဂိုဏ်းများမှ ကျင့်ကြံသူများပင်လျှင် ဤမြင်ကွင်းကြောင့် အလွန်တရာ ‘ကြည်နူး’ သွားကြရ၏။
“ကောင်းတယ်ဗျို့။ တကယ့်ကို သစ္စာရှိတဲ့ ကွေ့ယွမ်ဂိုဏ်းပဲဗျာ"
သွေးခြောက်သွေ့ အရှင်က ဟိန်းဟောက်လိုက်သည်။
“ဟန်ဆောင်ကောင်းတဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ် ကောင်တွေ... ကိုယ့်တပည့်ကိုတောင် မချမ်းသာပေးဘူးပဲ။ ဒါနဲ့ ယှဉ်လိုက်ရင် ငါတို့ မိစ္ဆာလမ်းစဉ် ကမှ တကယ့်ကို ဖြောင့်မတ်သေးတယ်ဟေ့"
“တာအိုရောင်းရင်းတို့... အဲ့ဒီ ကောင်မလေးက ငါတို့ မိစ္ဆာလမ်းစဉ်ရဲ့ ရှားပါး ပါရမီရှင်လေးပဲ။ သူ့ကို ဟန်ဆောင်ကောင်းတဲ့ ကောင်တွေရဲ့ လက်ထဲမှာ အသေခံလို့ လုံးဝ (လုံးဝ) မဖြစ်ဘူးနော်"
“အဲ့ဒီ ကောင်မလေးကို ကာကွယ်ကြစမ်း။ ဖြောင့်မတ်တဲ့ လမ်းစဉ်ကို သေတဲ့အထိ တိုက်ကြ"
ချက်ချင်းဆိုသလိုပင်... ယခင်က တစ်ယောက်တစ်ပေါက် ဖြစ်နေခဲ့ကြသော မိစ္ဆာကျင့်ကြံသူများမှာ ရန်သူကို မုန်းတီးသည့် စိတ်ဖြင့် အတူတကွ ပူးပေါင်းသွားကြလေတော့သည်။
မိစ္ဆာလမ်းစဉ်၏ မှော်ရတနာ မျိုးစုံ၊ တိမ်မည်းများနှင့် သွေးမိစ္ဆာ စွမ်းအင်များမှာ ကောင်းကင်သို့တိုင် ထိုးတက်သွားပြီး... ဖြောင့်မတ်သော လမ်းစဉ် မဟာမိတ်တပ်ကြီး၏ ပထမဆုံး တိုက်ခိုက်မှုကို အောင်မြင်စွာ ခုခံနိုင်ခဲ့ကြ၏။
ဆုချင်းကောသည် လူအုပ်၏ အလယ်ဗဟို၌ ရပ်နေသည်။
သူမကို အသေအလဲ ကာကွယ်ပေးနေကြသော ‘မိစ္ဆာ’ စီနီယာ အစ်ကိုကြီးများကို သူမ မော့ကြည့်လိုက်မိ၏။
ထို့ပြင်၊ မိစ္ဆာလမ်းစဉ်၏ ပါရမီရှင်လေးကို ကာကွယ်ပေးမယ်ဆိုပြီး အော်ဟစ်နေကြသော မိစ္ဆာခေါင်းဆောင်ကြီး တွေကိုလည်း သူမ ဝေ့ကြည့်လိုက်မိသည်။
ထို့နောက်... ကောင်းကင်ယံမှာ မျက်နှာကြီး ရှုံ့မဲ့နေပြီး သူမကို သတ်ပစ်ဖို့ အသည်းအသန် ကြိုးစားနေသော ... သူမ၏ ကျေးဇူးရှင် ဆရာ ကိုလည်း သူမ လှမ်းကြည့်လိုက်မိတော့၏။
ထိုအခိုက်အတန့်တွင်... လောကကြီး တစ်ခုလုံး ဇောက်ထိုး ပြောင်းပြန် ဖြစ်သွားပြီဟု သူမ ခံစားလိုက်ရသည်။
ဖြောင့်မတ်တဲ့ လမ်းစဉ် က သူမကို သတ်ချင်နေပြီး... မိစ္ဆာလမ်းစဉ် ကတော့ သူမကို ကာကွယ်ပေးနေတယ်လား။
ဆုချင်းကော၏ ဓားကိုင်ထားသော လက်ကလေးမှာ တုန်ယင်လာပြီး၊ မျက်ရည်များကြောင့် သူမ၏ အမြင်အာရုံများပင် မှုန်ဝါးလာတော့၏။
ပတ်ဝန်းကျင်ရှိ ဖရိုဖရဲ ဖြစ်နေသော စစ်မြေပြင်ကြီးကို ကြည့်ရင်း... သူမ၏ ရင်ထဲတွင် ယခင်က တစ်ခါမှ မခံစားဖူးခဲ့သော အဓိပ္ပာယ်မဲ့မှုများနှင့် အထီးကျန်မှုများ အလုံးအရင်းနှင့် ဖြစ်ပေါ်လာသည်။
ငါ... ဘယ်သူ့ဘက်က ကူတိုက်ပေးရမှာလဲ။
ဒါမှမဟုတ်... အခု ငါက ဘယ်ဘက်က လူ ဖြစ်နေပြီလဲ...
စင်မြင့်ထက်တွင်မူ ကျန်းချန်သည် ဤ ဇာတ်ကွက်ဆန်လှသော မြင်ကွင်းကို ကြည့်ကာ သက်ပြင်း သဲ့သဲ့ ချလိုက်၏။
သူသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး... ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်း၏ အရှိန်အဝါများကို လုံးဝ (လုံးဝ) ဖိသိပ်မထားတော့ဘဲ အစွမ်းကုန် ထုတ်လွှတ်လိုက်ရာ... အောက်ဘက်ရှိ အနည်းငယ် ကြောက်လန့်နေသော အခြေအနေကို ချက်ချင်းပင် တည်ငြိမ်သွားစေတော့သည်။
“ရောက်လာမှတော့လည်း... ပြန်မသွားကြနဲ့တော့လေ"
ကျန်းချန်၏ အသံမှာ တိမ်တိုက်များကို ဖောက်ထွင်းသွားပြီး ကောင်းကင်ယံရှိ ချင်ရွှမ် အရှင်ထံသို့ တိုက်ရိုက် ရောက်ရှိသွား၏။
“ချင်းယန်ဂိုဏ်း တဲ့လား။ ဖြောင့်မတ်တဲ့ လမ်းစဉ် မဟာမိတ်တပ် တဲ့လား
“ငါ့အမြင်မှာတော့... မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးဖို့ ရောက်လာတဲ့ အတွေ့အကြုံ အမှတ်တွေ သက်သက်ပါပဲကွာ"
သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ... သူ၏ အနောက်ရှိ ခန်းမဆောင် အရိပ်ထဲတွင် အချိန်အတော်ကြာ ချောင်းမြောင်းနေခဲ့ကြသော ကစားသမားသစ် သုံးထောင်မှာ... နားကွဲမတတ် ကျယ်လောင်လှသော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ကြတော့၏။
“အဖွဲ့အစည်းကြီး အတွက်... အဲ... မဟုတ်ဘူး... ကွေ့ယွမ်ဂိုဏ်းကြီး အတွက်...တိုက်ကြဟေး"
---
[t.n- CG အန်နီမေးရှင်း : ကွန်ပျူတာဖြင့် ဖန်တီးထားသော အလွန် သဘာဝကျပြီး လှပသော ရုပ်ထွက်များ ဖြစ်ပါသည်။]
***