~နောက်တစ်နေ့ နံနက်ခင်း။ ကွေ့ယွမ်ဂိုဏ်း၏ ကျောက်ကွင်းပြင်ကျယ်၌ ဖြစ်၏။
ကျောက်ကွင်းပြင်ကြီးမှာ ယခင်ကထက် ပိုမို ပြည့်ကျပ်နေပြီး ပိုမို ဆူညံပွက်လောရိုက်နေတော့သည်။
ဂိမ်းကို မနေ့ညကမှ အဆင့်မြှင့်တင်ထားခဲ့ခြင်း ဖြစ်၏။ ကစားသမား အများစုမှာ ချီစုစည်းမှု အဆင့်တွင်သာ ရှိနေကြသေးပြီး၊ ဂိုဏ်း စုဆောင်းမှတ် ထောင်ချီ ပေးရသည့် စံသတ်မှတ်ချက်မီ ဓားပျံများကို မဝယ်နိုင်ကြသေးသော်လည်း... စနစ်က စေတနာကောင်းစွာဖြင့် ဈေးသက်သာသော အစားထိုး ပစ္စည်းတစ်ခုကို မိတ်ဆက်ပေးထားသည်။ ၎င်းမှာ [အနိမ့်အဆင့် ပျံသန်းရေး မန္တန်] (တစ်ခါသုံး၊ ဆယ်မိနစ် ခံသည်၊ အမြင့်ကန့်သတ်ချက် မီတာ ငါးဆယ်) ပင် ဖြစ်၏။
သို့ဖြစ်ရာ... ဂိုဏ်းတစ်ခုလုံး ရူးသွပ်စွာ ပျံသန်းကြသည့် လှုပ်ရှားမှုကြီး စတင်တော့သည်။
“ဖယ်ကြဟေ့... ဖယ်ကြစမ်း။ ငါ ပျံတက်တော့မယ်”
ချီစုစည်းမှု အဆင့် (၆) ကစားသမား တစ်ဦးသည် တောက်ပနေသော မန္တန်စာရွက် တစ်ရွက်ကို ပေါင်ပေါ်သို့ ဖြန်းခနဲ ရိုက်ကပ်လိုက်ပြီး... “ဝှစ်... ပျံတက်စမ်း" ဟု အော်ဟစ်လိုက်၏။
“ဝှစ်...”
ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာမှုနှင့်အတူ... သူသည် ဒုံးပျံ တစ်စင်းပမာ ကောင်းကင်သို့ တည့်တည့်မတ်မတ် ထိုးတက်သွားတော့သည်။
“ဟားဟားဟား... ငါ ပျံနေပြီဟေ့။ နန်းတော် အမိုးကိုတောင် မြင်နေရပြီ။ ဒါက နတ်ဘုရားတွေ ကြည့်တဲ့ ရှုထောင့်ကြီးလား”
သူသည် လေထဲတွင် စိတ်လှုပ်ရှားစွာ ကခုန်နေပြီး၊ အောက်ဘက်ရှိ ပုရွက်ဆိတ်များပမာ သေးငယ်နေသော လူအုပ်ကြီးကို ငုံ့ကြည့်ကာ... ထိုအခိုက်အတန့်တွင် မိမိကိုယ်မိမိ နတ်ဘုရား တစ်ပါးပမာ ခံစားနေရသည်။
သို့သော်လည်း... သူ၏ မိုက်မဲလှသော ဟန်ပန်မှာ သုံးစက္ကန့်သာ ခံလိုက်၏။
“ဟင်... နေပါဦး... ဒီဟာကြီးကို ဘယ်လို ကွေ့ရတာလဲ။ ဘုရားရေ..အရှေ့မှာ သစ်ပင်ကြီးဟေ့။ ဘရိတ်... ဘရိတ် ဘယ်မှာလဲကွ"
ကြောက်လန့်တကြား အော်ဟစ်သံနှင့်အတူ... ထိုကစားသမားမှာ လေထဲတွင် တောင့်တင်းသော မျဉ်းဖြောင့် အတိုင်း ပျံသန်းသွားပြီး၊ ကျောက်ကွင်းပြင် အစွန်ရှိ သစ်ပင်အိုကြီး တစ်ပင်ကို မျက်နှာဖြင့် တည့်တည့်မတ်မတ် ဝင်ဆောင့်မိသွားတော့သည်။
“ဘုန်း...”
သစ်ရွက်များ ဖရိုဖရဲ ကြွေကျလာပြီး၊ အပြစ်ကင်းသော ငှက်အချို့ပင် လှုပ်ခါသွားသဖြင့် ပြုတ်ကျလာ၏။ ထိုကစားသမားမှာ ပန်းချီကား တစ်ချပ်ပမာ သစ်ပင် ပင်စည်တွင် ကပ်နေပြီးနောက်... နှာခေါင်းသွေး နှစ်ကြောင်း ယိုကျလျက် အောက်သို့ ဖြည်းညှင်းစွာ လျှောကျလာရှာတော့သည်။
သို့သော် ဤကိစ္စက ကစားသမားများ၏ စိတ်အားထက်သန်မှုကို နည်းနည်းလေးမှ မလျှော့ကျသွားစေခဲ့ပေ။
“အဲ့ဒီကောင်က အသုံးမကျလို့ပါ။ ငါ့ကိုသာ ကြည့်နေလိုက်တော့"
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်သော ကျွမ်းကျင် ကစားသမား ကောင်းကင်ခွင်း ဓားတစ်လက် မှာမူ သေချာပေါက် ဓားပျံကိုသာ စီးနင်း၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ဝတ်ရုံစများ လွင့်ပျံလျက်၊ ယခုလေးတင် သူ လဲလှယ်ထားသော [တိမ်လွင့် ဓားပျံ] ပေါ်တွင် မတ်တတ်ရပ်ကာ လေထဲသို့ ဖြည်းညှင်းစွာ တက်လာသည်။
“လေနုအေးကို ခွင်း၊ ဓားပျံစီးလို့... တစ်လောကလုံးက မိစ္ဆာတွေကို သုတ်သင်မယ်ကွ"
သူသည် ခန့်ညားလှသော ဓားနတ်ဘုရား တစ်ပါး၏ ဟန်ပန်ကို ဖမ်းရန် ကြိုးစားရင်း၊ ကျောက်ကွင်းပြင် အထက် လေထဲတွင် လှည့်ပတ် ပျံသန်းပြနေရာ... အောက်ဘက်ရှိ လူသစ်လေးများထံမှ အံ့သြတသ အာမေဍိတ်သံများကို ရရှိနေတော့၏။
“ဝါး... ဒီ ဆရာကြီးက သောက်ရမ်း မိုက်တာပဲဗျာ"
“ဒါမှ တကယ့် ကျင့်ကြံခြင်း အစစ်ဟေ့။ ငါလည်း မြန်မြန် အခြေခံအုတ်မြစ် တည်ဆောက်ချင်နေပြီဗျို့"
သို့သော်လည်း... သူသည် သူ၏ အစွမ်းအစများကို ထုတ်ပြရန် ‘မြွေဟောက် ပျံသန်းနည်း’ ဟုခေါ်သော ခက်ခဲသည့် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်ရန် ပြင်ဆင်နေစဉ်မှာပင်...
ဆဝင်ရောက်လာ၏။
၎င်းမှာ... လေထဲတွင် ရူးသွပ်စွာ လည်ပတ်နေသော ဧရာမ တံခါးရွက်ကြီး တစ်ခု ဖြစ်နေပါလား။
“ဖယ်ကြ... ဖယ်ကြဗျို့။ စတီယာရင် ကြောင်သွားလို့ဟေ့"
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် ထိုတံခါးရွက်ကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး (ကုန်ပစ္စည်းများ သယ်ယူရ လွယ်ကူစေရန်ဟု ဆိုကာ သူကိုယ်တိုင် တီထွင်ထားသော ထူးဆန်းလှသည့် ပျံသန်းရေး မှော်ရတနာ ဖြစ်သည်) ကြောက်လန့်တကြား အော်ဟစ်နေ၏။
တံခါးရွက်ကြီးမှာ ပျံတက်လာစဉ်က တည်ငြိမ်နေသော်လည်း၊ ၎င်း၏ အရှိန်အဟုန်မှာ ကြီးမားလွန်းသဖြင့် လုံးဝ (လုံးဝ) ရပ်တန့်၍ မရနိုင်တော့ချေ။
“ဘုရားရေ..ဦးလေးကျန်း၊ အနား မကပ်လာနဲ့လေဗျာ"
ကောင်းကင်ခွင်း ဓားတစ်လက် မှာ လန့်ဖြတ်သွားပြီး အသည်းအသန် ကွေ့ရှောင်ရန် ကြိုးစားလိုက်၏။ သို့သော် ဓားပျံ၏ သွက်လက်မှုမှာ ထိန်းချုပ်မရ ဖြစ်နေသော တံခါးရွက်ကြီးကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။
“ဒိုင်း...”
ကျယ်လောင်လှသော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ခန့်ညားလှသော ဓားသမားလေးမှာ လေးလံလှသော တံခါးရွက်ကြီး၏ ရိုက်ချခြင်းကို ခံလိုက်ရပြီး... သူ၏ ဓားနှင့်အတူ လေထဲတွင် (၃၆၀) ဒီဂရီ လည်ထွက်သွားကာ၊ ယင်ကောင် တစ်ကောင် အရိုက်ခံရသည့်အလား မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျကျသွားရှာတော့၏။
“အား... ငါ့ခါး။ အဘိုးကြီးကျန်း... ခင်ဗျားကြီး... လိုင်စင်မဲ့ ယာဉ် မောင်းနေတာလားဗျ"
လူများ လေထဲသို့ ပျံတက်လာလေလေ၊ လေကြောင်း အခြေအနေမှာ ပို၍ ဆိုးရွားလာလေလေ ဖြစ်တော့၏။
အချို့လူများမှာ အမြင့်ကြောက်ရောဂါ ရှိကြသည်။ နှစ်မီတာခန့်သာ ပျံတက်ရသေးသော်လည်း၊ ကြောက်လန့်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေသွားကြ၏။ သူတို့သည် ဓားပျံကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး လုံးဝ မလှုပ်ရဲတော့ဘဲ... လေထဲတွင် တွဲလောင်းဖြစ်နေကာ အာပြဲကြီးနှင့် ငိုယို အော်ဟစ်နေကြတော့သည်။
“အမေရေ... ကယ်ပါဦးဗျို့။ ငါ အောက်ဆင်းချင်တယ်။ ငါ အမြင့်ကြောက်ရောဂါ ရှိတယ်ဟေ့"
အရှိန်ကို လိုချင်လွန်းသဖြင့် ဝိညာဉ်စွမ်းအင်များကို အမြင့်ဆုံးအထိ ထုတ်လွှတ်လိုက်သော အချို့လူများမှာမူ... ဓားပျံ ထိန်းချုပ်မရ ဖြစ်သွားပြီး တောင်နောက်ဘက်ရှိ ချေးကန်ထဲသို့ ခေါင်းစိုက်ကျသွားကာ အကြီးအကျယ် ဆူညံပွက်လောရိုက်သွားစေတော့၏။
အဆိုးရွားဆုံး ကိစ္စမှာ ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) ပင် ဖြစ်သည်။
ဤလူဝကြီးသည် သူ၏ အလေးချိန်ကို ခံနိုင်မည့် လေးလံသော ဓားပျံများကို မဝယ်နိုင်သော်လည်း၊ ကိုယ်ပိုင် အကြံဉာဏ်များ ရှိနေ၏။ သူသည် သူစီးနင်းသော အဆင့် (၂) သံခွံ တောဝက်ကြီး ‘ပက်ပါ’ ၏ ကိုယ်ပေါ်သို့ [ပျံသန်းရေး မန္တန်] လေးရွက်တိတိ ကပ်ပေးလိုက်တော့သည်။
“ပက်ပါရေ... ငါတို့က ပျံသန်းနေတဲ့ ဝက်တွေကွ။ ကောင်းကင်ဆီ ထိုးတက်ကြစမ်း”
ဝမ်သဲ့ဖာ၏ အတင်းအကြပ် ခိုင်းစေမှုကြောင့်... သနားစရာ တောဝက်ကြီးမှာ တဝှီးဝှီး မြည်ကာ လေထဲသို့ တကယ်ပင် ပျံတက်သွားပြီး၊ ၎င်း၏ ခွာများမှာလည်း လေထဲတွင် တရစပ် လှုပ်ရှားနေ၏။
သို့သော်လည်း တောဝက်ကြီးမှာ မြေကြီးနှင့် မထိရသော ခံစားချက်ကို လုံးဝ အသားမကျလှပေ။ ၎င်းသည် ထိတ်လန့်တကြားဖြင့် လေထဲတွင် ရူးသွပ်စွာ ကန်ကျောက်နေသဖြင့်... ပျံသန်းမှု လမ်းကြောင်းမှာ လုံးဝကို ‘ဘရောင်းနီယံ လှုပ်ရှားမှု’ (ကျပန်း လှုပ်ရှားမှု) အတိုင်း အထက်အောက်၊ ဘယ်ညာ ဖရိုဖရဲ ဖြစ်နေတော့၏။
“ဟေး... ဟေး... အဲ့ဒီဘက် မသွားနဲ့လေကွာ။ အဲ့ဒါ ခန်းမဆောင်ကြီးကွ"
ဝမ်သဲ့ဖာ သည် ဝက်ကျောပေါ်တွင် စီးလျက်... လားရာကို ထိန်းချုပ်ရန် ဝက်နားရွက်များကို အသည်းအသန် ဆွဲနေသော်လည်း ဘာအကျိုးမှ မရှိခဲ့ချေ။
လူနှင့် ဝက်သည် အသားစိုင် ဂြိုဟ်တု တစ်ခုပမာ ခန်းမဆောင်ကြီး၏ မှန်စီရွှေချ ခေါင်မိုးကို ပွတ်တိုက် ပျံသန်းသွားပြီး... ခေါင်မိုးစွန်းရှိ သားရဲခေါင်း ရုပ်တုတစ်ခုကို ကျိုးပဲ့သွားစေကာ... အော်ဟစ်သံများနှင့်အတူ တောင်နောက်ဘက်ရှိ သစ်တောအုပ်ထဲသို့ ထိုးကျသွားလေတော့သည်။
“ကယ်ကြပါဦးဗျို့... ဝက်က မူးနေပြီဟေ့။ ငါလည်း မူးနေပြီဟ"
နာရီဝက်ခန့် အတွင်းမှာပင်။
ကွေ့ယွမ်ဂိုဏ်း၏ အထက် ကောင်းကင်ယံမှာ ဆူပွက်နေသော ဆန်ပြုတ်အိုးကြီး တစ်ခုပမာ ဖြစ်နေတော့၏။ နေရာတိုင်းတွင် ပျံသန်းနေသော လူရိပ်များ၊ ထိန်းချုပ်မရ ဖြစ်နေသော မှော်ရတနာများနှင့်... အော်ဟစ်သံများ၊ ဝင်တိုက်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်။
မြေပြင်ပေါ်ရှိ ကစားသမားများမှာမူ... လေထဲမှ ကျလာသော လူများ သို့မဟုတ် ဓားများကြောင့် အသတ်ခံရမည်ကို ကြောက်လန့်သဖြင့်... ခမောက်များ (ဒယ်အိုးဖုံး ကဲ့သို့သော အရာများ) ကို အတင်း ဆောင်းထားကြရ၏။
“ပုန်းကြဟေ့... လေကြောင်း အန္တရာယ် သတိပေးချက်ဗျို့"
“ဘယ်ကောင် ကောင်းကင်ပေါ်ကနေ အန်ချနေတာလဲကွ။ လူအများနဲ့ နေတဲ့ နေရာမှာ နည်းနည်းပါးပါး အသိတရားလေး မရှိကြဘူးလား”
ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင်မူ...
ကျန်းချန် သည် ကမ္ဘာပျက်၍ လေယာဉ်များ ပျက်ကျနေသည့်အလား မိစ္ဆာများ ရူးသွပ်စွာ ကခုန်နေသည့် ဤ ဖရိုဖရဲ မြင်ကွင်းကြီးကို ကြည့်နေ၏။ မူလဝိဉာဉ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့မှုကြောင့် ရရှိလာသော... အစပိုင်းက ကောင်းမွန်နေခဲ့သည့် ခံစားချက်များမှာ ချက်ချင်းပင် လွင့်စင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ နားထင်ကြောများပင် တဒိတ်ဒိတ် ခုန်လာသည်ကို ခံစားလိုက်ရ၏။
ဒါက သူ မျှော်လင့်ထားခဲ့တဲ့ “နတ်ဘုရား သောင်းချီ လာရောက် ဂါရဝပြုပြီး၊ ဓားပျံတွေ စီးလို့ ကောင်းကင်ပြာကြီးကို ခွင်းပျံကြမယ့်” ခမ်းနား ကြီးကျယ်တဲ့ မြင်ကွင်းကြီးလား။
ဒါက သေချာပေါက် အရက်တု သောက်ထားတဲ့ ယင်ကောင် တစ်အုပ်ကြီး ရည်ရွယ်ချက် မရှိဘဲ ပတ်ချာလည် ပျံဝဲနေတာနဲ့ တူနေတယ် မဟုတ်လား။
“မြေပြင်ပေါ်က ကိစ္စတွေကို စီမံခန့်ခွဲရုံတင် မကဘူး... ကောင်းကင်ပေါ်က ကိစ္စတွေကိုပါ စီမံခန့်ခွဲရဦးမယ် ထင်ပါရဲ့...”
ကျန်းချန် သည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။ သူသည် လက်ချောင်းကို ဆန့်ထုတ်ကာ လေဟာနယ်ကို ညင်သာစွာ ခေါက်လိုက်သည်။
ညင်သာသော်လည်း ငြင်းဆန်၍ မရနိုင်သော မူလဝိဉာဉ် အဆင့်၏ ဖိအားကြီး တစ်ခု ပြန့်ထွက်သွားပြီး... ကျောက်ကွင်းပြင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ရမ်းကားစွာ ပျံသန်းနေကြသော၊ ဝင်တိုက်တော့မည့် ဆဲဆဲ ဖြစ်နေသော၊ သို့မဟုတ် ပြုတ်ကျနေသော ကစားသမားများ အားလုံးမှာ... သူတို့၏ ကိုယ်ခန္ဓာများ လေးလံသွားသည်ကို ခံစားလိုက်ရပြီး၊ ပျံသန်းမှု အရှိန်နှုန်းမှာ (၈၀) ရာခိုင်နှုန်းခန့် အတင်းအကြပ် လျှော့ချခံလိုက်ရကာ... အလွန် နှေးကွေးစွာ လွင့်မျောနေသည့် အခြေအနေသို့ ရောက်ရှိသွားကြ၏။
“တပည့်တို့ အားလုံး... နားထောင်ကြစမ်း"
ကျန်းချန်၏ အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားပြီး၊ အနည်းငယ် တင်းမာနေသော လေသံ ပါဝင်နေတော့၏။
“ဂိုဏ်းရဲ့ လေပိုင်နက် အတွင်းမှာ... ဓားပျံ ပြိုင်မောင်းတာကို တားမြစ်တယ်။ အရက်သောက်ပြီး ပျံသန်းတာကို တားမြစ်တယ်။ ပျံသန်းနိုင်စွမ်း မရှိတဲ့ ဝိညာဉ်သားရဲတွေ (အထူးသဖြင့် ဝက်တွေ) ကို စီးနင်းတာကို တားမြစ်တယ်"
“လေကြောင်း ထိန်းချုပ်ရေး စည်းကမ်းတွေကို အခုချက်ချင်း စတင် အကောင်အထည် ဖော်မယ်"
“ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း... ပျံသန်းတာကို ရပ်လိုက်စမ်း။ ကျောက်ကွင်းပြင် အထက်မှာ မီးပွိုင့် အခင်းအကျင်းတွေ သွားလုပ်ထားလိုက်။ ပျံသန်းရမယ့် လမ်းကြောင်းတွေကိုပါ ရေးဆွဲထား"
“နောက်တစ်ခါ စည်းကမ်းမဲ့ ပျံသန်းရဲတဲ့သူ ဘယ်သူမဆို... ဂိုဏ်း စုဆောင်းမှတ်တွေ အကုန်လုံး အဖြတ်ခံရမယ်။ ပြီးတော့ သုံးရက် တိတိ ပျံသန်းခွင့် ပိတ်ပင်ခံရမယ်ဟေ့"
ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ဝင်ရောက် စွက်ဖက်လိုက်မှုကြောင့်... ဤ ဖရိုဖရဲ ဖြစ်နေသော ‘ပထမဆုံး ပျံသန်းခြင်း အခမ်းအနား’ ကြီးမှာ နောက်ဆုံး၌ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သတည်း။
*
အရှိန် ကန့်သတ်ခံထားရသော်လည်း... ကစားသမားများ၏ “ငါ ပျံလို့ ရပြီ” ဆိုသည့် စိတ်လှုပ်ရှားမှုများမှာမူ လျော့ကျမသွားခဲ့ပေ။ သူတို့သည် လေထဲတွင် အေးအေးလူလူ လွင့်မျောရင်း အချင်းချင်း နှုတ်ဆက်နေကြ၏။
“ဟေး သူငယ်ချင်း... မင်းလည်း လေယာဉ် ပျက်ကျတာပဲလား"
“အေးဗျာ... ကျုပ် ခုနလေးတင် သစ်ပင်ကို ဝင်ဆောင့်မိတာ။ မင်းကော"
“ဘုရားရေ..ငါက ဟို ပျံနေတဲ့ ဝက် ဝင်တိုက်တာ ခံလိုက်ရတာကွ"
.
လုပ်ငန်းစဉ် တစ်ခုလုံးမှာ လှုပ်ခါနေပြီး၊ သူတို့၏ ဟန်ပန်များမှာလည်း အလွန် အချိုးမကျ ဖြစ်နေသော်လည်း...
မည်သို့ပင်ဖြစ်စေ ကွေ့ယွမ်ဂိုဏ်း၏ တပည့်များသည် ဆွဲငင်အားကို နောက်ဆုံး၌ နှုတ်ဆက်နိုင်ခဲ့ကြပြီး... “အဖွဲ့ဝင် အားလုံး ပျံသန်းနိုင်သည့်” ခေတ်သစ်ကြီး တစ်ခုသို့ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်၏။
ဒါက သူတို့၏ ပြဿနာရှာနိုင်သည့် အချင်းဝက်မှာ... ချန်ဝူတောင်တန်းမှသည် ကျင့်ကြံခြင်း လောက တစ်ခုလုံး၏ ကောင်းကင်ယံအထိ ချဲ့ကားသွားပြီ ဆိုသည်ကိုလည်း ဆိုလိုနေတော့သည် ။
***