ကျယ်ဝန်းလှသော လုမိသားစု၏ ဘိုးဘေးကန်တော့ကျောင်းဆောင်ကြီး အတွင်း၌ အဆင့်B နဝမအလွှာ စစ်သည်တော်ဖြစ်သူ လုမိသားစု၏ လက်ရှိခေါင်းဆောင် လုဟုန်တောက်က ခေါင်းဆောင်နေရာတွင် ထိုင်နေသည်။ သူ၏ မျက်နှာက မှိုင်းညို့နေသည်။ သူ၏ရှေ့တွင် လုမိသားစုမှ မျိုးဆက်သစ်များအားလုံး မတ်တပ်ရပ်နေကြသည်။
လုချန်၏ အဘိုးလုကျန့်လျန် နှင့် အဘိုးလေးလုကျန့်မုန်းတို့က ရှေ့ဆုံးတွင် တောင့်တောင့်ကြီး ရပ်နေကြသည်။ သူတို့နှစ်ဦးစလုံးမှာ အဆင့်B စစ်သည်တော်များ ဖြစ်ကြသော်လည်း ယခုအခိုက်အတန့်တွင်မူ ဆရာ့ထံမှ အပြစ်ပေးခံရမည်ကို စောင့်ဆိုင်းနေသော မူလတန်းကျောင်းသားလေးများပမာ ဂနာမငြိမ် ဖြစ်နေကြသည်။
သူတို့၏ အနောက်တွင် လုချန်၏ ဦးလေးနှစ်ယောက် ရှိသည်။ ဦးလေးလုကျန့်က အဆင့်C ဆဋ္ဌမအလွှာစစ်သည်တော် ဖြစ်ပြီး နောက်ထပ် ဦးလေးတစ်ယောက်ဖြစ်သော လုဖူမှာမူ အဆင့်E ဒသမအလွှာ စစ်သည်တော် ဖြစ်သည်။ လုကျန့် နှင့် လုဖူတို့၏ အနောက်တွင် သူတို့၏ သားသမီးများ အသီးသီး ရပ်နေကြသည်။ သူတို့က လုချန်၏ ဝမ်းကွဲမောင်နှမများ ဖြစ်ကြသည်။
လုကျန့်၏ သားသမီးများမှာ - လုကွာကွာ (အသက် ၂၁ နှစ် အဆင့်F ပဉ္စမအလွှာ စစ်သည်တော်)၊ လုရွှမ်းရွှမ်း (အသက် ၂၀ နှစ် အဆင့်F တတိယအလွှာ စစ်သည်တော်)၊ လုမင်မင် (အသက် ၁၉ နှစ် အဆင့်F ဒုတိယအလွှာ စစ်သည်တော်) တို့ဖြစ်ကြသည်။
လုဖူ၏ သားသမီးများမှာ - လုရှောက်ဖျင် (အသက် ၁၉ နှစ် အဆင့်F ပထမအလွှာ စစ်သည်တော်)၊ လုရှောက်အန်း (အသက် ၁၈ နှစ် စစ်သည်တော်အကြို)၊ လုလီနာ (အသက် ၁၆ နှစ် ပါရမီမနိုးထရသေးသူ) တို့ဖြစ်ကြသည်။
လုကျန့်မုန်း၏ အဆက်အနွယ်များဘက်တွင်မူ သားနှစ်ယောက်နှင့် သမီးနှစ်ယောက် ရှိသည်။ သူတို့အားလုံးတွင် သားသမီးများ ရှိကြပြီး စုစုပေါင်း ကလေး ၇ ယောက် ရှိသည်။ ယောကျာ်းလေး ၄ ယောက်နှင့် မိန်းကလေး ၃ ယောက်ဖြစ်ကာ၊ စစ်သည်တော်စစ်စစ် ၃ ယောက်နှင့် အရွယ်မရောက်သေးသူ ၄ ယောက် ဖြစ်သည်။
ထို့ကြောင့် လုချန်တွင် ဝမ်းကွဲမောင်နှမ စုစုပေါင်း ၁၃ ယောက် ရှိပြီး၊ ၎င်းတို့အထဲမှ ၈ ယောက်မှာ ပါရမီနိုးထသူများ ဖြစ်ကြသည်။ ကျောင်းဆောင်အတွင်းရှိ လေထုက တင်းမာကာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ရုတ်တရက် လုဟုန်တောက်၏ ဩရှရှ ရယ်မောသံကြီးက ကျောင်းဆောင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ထိုရယ်မောသံ၏ တစ်ဝက်က တကယ်ကို ရယ်ချင်နေခြင်းဖြစ်ပြီး ကျန်တစ်ဝက်ကမူ ဒေါသထွက်နေခြင်း ဖြစ်သည်။
သူက လုချန်၏ အဘိုးလုကျန့်လျန် ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအဘိုးကြီး၏ နဖူးပေါ်တွင် ရေခဲတမျှ အေးစက်သော ချွေးသီးချွေးပေါက်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ အဆင့်B စစ်သည်တော်တစ်ဦး ဖြစ်နေသည့်တိုင်အောင် မိမိ၏ ဖခင်အရင်းကို ရင်ဆိုင်ရချိန်တွင် အရွယ်မရောက်သေးသော ကလေးတစ်ယောက်လို ကြောက်ရွံ့နေဆဲပင်။
သူ၏ ညီဖြစ်သူ လုကျန့်မုန်း မှာလည်း ဘေးတွင် ရပ်နေသည်။ ဆရာ့ထံမှ ဆူပူခံနေရသော အတန်းဖော်ကို ကြည့်နေသည့် မူလတန်းကျောင်းသားလေးပမာ သူ၏မျက်နှာက တင်းမာနေသည်။ နောက်ထပ် အလှည့်ကျမည့်သူက သူတို့ဖြစ်လာမည်ကို ကြောက်ရွံ့နေကြသည်။ လုဟုန်တောက်၏ ဩရှရှ အသံကြီး ထွက်ပေါ်လာသည်။ မိုးကြိုးပစ်ချလိုက်သလို ဝုန်း ခနဲ ပေါက်ကွဲထွက်လာသည်။
"ငါ့ရဲ့ သားလိမ္မာလေး... ယွမ်အာ ကို အိမ်ကနေ နှင်ထုတ်ခဲ့တာ မင်းလား... မင်းရဲ့ ဦးနှောက်ကို မြည်းကန်သွားတာလား"
မည်သူမျှ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် ခေါင်းဆောင်နေရာရှိ ထိုပုဂ္ဂိုလ်ကြီးက ဒေါသထွက်နေသော ဧရာမ ဒိုင်နိုဆောကြီး တစ်ကောင်ပမာ ဝေါင်း ခနဲ ဟိန်းဟောက်လိုက်သည်။
"ခွေးသူတောင်းစား... အမှိုက်ကောင်... မင်းက ငါ လုဟုန်တောက် အတွက် အရှက်ရစရာပဲ မင်းရဲ့ ဦးနှောက်က အိမ်သာလား... အထဲမှာ ချေးတွေပဲ ပြည့်နေတာလား... ငါက မင်းကို ပြင်ပေးရမလား"
အဆင့်B စစ်သည်တော်ဖြစ်သော လုချန်၏ အဘိုးလုကျန့်လျန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေသည်။
"ကျွန်... ကျွန်တော်က အဖေလည်း ဒီသဘောပဲလို့ ထင်လို့ပါ..."
သူက မကျေမနပ်ပုံစံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော် လုဟုန်တောက်၏ နားများက မည်မျှ ပါးလိုက်သနည်း။ သူ၏ အကြည့်များက ရုတ်တရက် ဓားတစ်လက်လို စူးရှသွားသည်။ ဘေးတွင်ရပ်နေသော လုကျန့်မုန်းမှာ ထိတ်လန့်သွားသဖြင့် မျက်နှာ ဖြူရော်သွားသည်။
"တကယ့် အရူးပဲ" ဟု လုကျန့်မုန်းက သူ့ဘာသာ ကြိတ်ဆဲလိုက်သည်။
ချက်ချင်းဆိုသလိုပင်။
“ဘန်း... “
လုကျန့်လျန်၏ ခန္ဓာကိုယ်က နေရာမှ တိုက်ရိုက် လွင့်စင်သွားသည်။ ခေါင်မိုးများပေါ်မှ ကျော်လွန်ကာ နံရံကို ခွပ် ခနဲ သွားစောင့်မိသည်။ လူတိုင်းက အံ့အားသင့်ကာ အသက်ရှူမှားသွားကြသည်။ လုဟုန်တောက်က မတ်တပ်ရပ်လိုက်သည်။ သူ၏ မျက်လုံးများက ဒေါသမီးများဖြင့် တောက်လောင်နေသည်။
"ယွမ်အာကို နှင်ထုတ်ခိုင်းတာ ငါပါလို့ မင်းက ပြောချင်တာလား... ငါ့ကို တကယ့် အရူးလို့ ထင်နေတာလား... တခြားလူရဲ့ သမီးအတွက် ကိုယ့်မြေးအရင်းကို နှင်ထုတ်ရအောင် ငါက အရူးလား... အဲဒီကိစ္စဖြစ်ပြီးကတည်းက မင်းရဲ့သားကို တစ်ခါလေးတောင် ဆက်သွယ်ဖို့ မကြိုးစားခဲ့ဘူးပေါ့လေ... ဒါမှမဟုတ် မင်းမှာ တခြားသားတွေ ရှိသေးလို့ ဒီတစ်ယောက်ကို မလိုတော့ဘူးလို့ ခံစားနေရတာလား"
သူက လုကျန့်မုန်း ဘက်သို့ လှည့်ကြည့်လိုက်သည်။ လုကျန့်မုန်း၏ မျက်နှာက ချက်ချင်း ရှုံ့မဲ့သွားပြီး ကရုဏာသက်ရန် တောင်းပန်တော့သည်။
"အဖေ... ကျွန်တော့်ကို ချမ်းသာပေးပါ... ယွမ်အာကို ကျွန်တော် အမြဲ အရမ်းချစ်တယ်ဆိုတာ အဖေ သိသားပဲ... အဲဒီအချိန်တုန်းက အရမ်းဒေါသထွက်သွားလို့ပါ... အဲဒါကြောင့်..."
နောက်ထပ် ခန္ဓာကိုယ်တစ်ခု ခေါင်မိုးပေါ်မှ လွင့်ပျံသွားပြန်သည်။ နံရံကို ခွပ် ခနဲ ဝင်စောင့်မိသွားသည်။ ထို့နောက် လုဟုန်တောက်က သူ့ဘာသာ ရေရွတ်လိုက်သည်။
"ပြိုင်ဘက်ကင်းတဲ့ ကျင့်ကြံခြင်း ပါရမီရှင်တစ်ယောက်... ဒုတိယဥက္ကဋ္ဌကိုယ်တိုင် ငါ့ကို သတိပေးသွားခဲ့တယ် ငါတို့ လုမိသားစုကသာ လုချန်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခုထားခဲ့ရင် လုမိသားစုတစ်ခုလုံး သုတ်သင်ခံရနိုင်တယ်တဲ့"
သူက အောက်ဘက်ရှိ သူ၏ သားနှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။ သူတို့က မြေပြင်ပေါ်တွင် ပက်လက်လန်နေကြပြီး သတိလစ်ချင်ယောင် ဆောင်နေကြသည်။ လုဟုန်တောက်၏ မျက်နှာက ဒေါသကြောင့် တစ်ဖန် နီရဲလာပြန်သည်။ သူက အော်ဟစ်လိုက်သည်။
"မင်းတို့ ခွေးသူတောင်းစား နှစ်ကောင်... အခုချက်ချင်း တစ်စက္ကန့်အတွင်း ထစမ်း မဟုတ်ရင် မင်းတို့ကို ဒီမှာ သုံးနှစ်လောက် လဲနေအောင် လုပ်ပစ်မယ်"
ညီအစ်ကို နှစ်ယောက်စလုံးက ဆေးထိုးခံလိုက်ရသကဲ့သို့ ချက်ချင်းပင် မယုံနိုင်လောက်အောင် တက်ကြွသွားကြသည်။ သူတို့က မြေပြင်မှနေ၍ ဂျွမ်းပစ်ကာ မတ်တပ်ရပ်လိုက်ကြသည်။ လုကျန့်မုန်းက သူ့အစ်ကိုကို စိုက်ကြည့်လိုက်သည်။
"အဖေ့ရှေ့မှာ သတိလစ်ချင်ယောင် ဆောင်ရတယ်လို့... တကယ် မျက်ခွက်ပြောင်တာပဲ"
လုဟုန်တောက်က သက်ပြင်းချလိုက်ပြီး ပြောသည်။
"ငါတို့ C6 အခြေစိုက်မြို့တော်ကို အခုချက်ချင်း သွားမယ် ဒီညပဲ... အားလုံး အတူတူ သွားကြမယ်"
"ဟုတ်ကဲ့ပါ အဖေ"
ညီအစ်ကို နှစ်ယောက်က ပြိုင်တူ ဖြေလိုက်ကြသည်။ မျိုးဆက်သစ် လူငယ်များအားလုံး ကြက်သေ သေသွားကြသည်။ ဘာတွေ ဖြစ်ကုန်တာလဲ။ အဆင့်C စစ်သည်တော်များ၏ မိသားစုဝင်များပင်လျှင် လုံးဝ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ လုချန်နှင့် ပတ်သက်၍မူ လုမိသားစုအိမ်တော်တွင် အဆင့်B နှင့်အထက် အဖွဲ့ဝင်များသာ သိခွင့်ရှိလေသည်။ လုချန်၏ ဦးလေး လုကျန့်က သတ္တိမွေးလိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ မေးလိုက်သည်။
"အဖေ... တကယ်တော့ ဘာတွေဖြစ်နေတာလဲ"
လုကျန့်လျန် မှာ ဒေါသထွက်နေသည်။ ဒေါသဖြေစရာ တစ်ယောက်ယောက်ကို သူ အသည်းအသန် လိုအပ်နေသည်။ သူ၏ ဖခင်နှင့် ညီဖြစ်သူကိုတော့ သေချာပေါက် ဒေါသသွားဖြေ၍ မရနိုင်ပေ။ ထို့ကြောင့် လုကျန့်က တိုက်ရိုက်ပင် အကြီးမားဆုံး သားကောင် ဖြစ်သွားရလေတော့သည်။ သူက ဘာမှမပြောပေ။ လုကျန့် ကို ဖြတ်ရိုက်လိုက်သည်။ ခန္ဓာကိုယ်ကြီးက ခေါင်မိုးကို ကျော်လွန်ကာ လွင့်ပျံသွားပြီး ဧည့်ခန်းမနှင့် မျက်နှာချင်းဆိုင်ရှိ နံရံကို ခွပ် ခနဲ သွားစောင့်မိလေသည်။
"မင်းရဲ့ အဖေ အရိုက်ခံရတာကို မြင်ရလို့ မင်းက ပျော်နေတယ်ပေါ့လေ ဟုတ်လား"
လုကျန့်လျန်က အေးစက်စက် နှာမှုတ်လိုက်သည်။ ထိုသို့ပြောပြီးနောက် သူက အင်္ကျီလက်ကို တစ်ချက် ခါလိုက်ပြီး အပြင်သို့ တန်းတန်းမတ်မတ် လျှောက်ထွက်သွားသည်။ ဧည့်ခန်းမကြီးမှာ သေမင်းတမန် တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားလေသည်။
C6 အခြေစိုက်မြို့တော်သို့ ပြန်ကြည့်ရလျှင် ဤအချိန်တွင် လုချန်က ကြယ်လ သိုင်းသင်တန်းကျောင်း သို့ သွားနေသည်။ ရှောင်ဝမ်လုံနှင့် တွေ့ဆုံပြီးနောက် C6 အခြေစိုက်မြို့တော်မှ မကြာမီ ထွက်ခွာရတော့မည်ဟု သူ ခံစားမိသည်။ ထို့ကြောင့် မထွက်ခွာမီ သူ၏ သူငယ်ချင်းကောင်းများနှင့် တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။ သူ့တွင် သူငယ်ချင်းကောင်း သိပ်များများစားစား မရှိပေ။ ကောဂျီ မှလွဲ၍ လော့နျန်ဝေကိုသာ သူငယ်ချင်းကောင်း တစ်ဝက်ခန့်အဖြစ် သတ်မှတ်၍ ရသည်။
သူက ကောဂျီကို သွားရှာချင်ခဲ့သည်။ သို့သော် သူ၏ စိတ်စွမ်းအားဖြင့် လှမ်း၍ အကဲခတ်ကြည့်လိုက်သောအခါ တစ်ဖက်လူက သူ၏ ချစ်သူကောင်မလေးနှင့် အလွန် ကြည်နူးနေသည်ကို တွေ့လိုက်ရသည်။ သူ သွားရန် အဆင်မပြေပေ။
ထို့ကြောင့် လော့နျန်ဝေဆီသို့သာ သွားရန် ဆုံးဖြတ်လိုက်သည်။ သူမက သိုင်းသင်တန်းကျောင်းတစ်ခုတွင် ခွန်အားနှင့် ကိုယ်ကာယ ကြံ့ခိုင်ရေး နည်းပြအဖြစ် အချိန်ပိုင်း အလုပ်လုပ်နေကြောင်း သူ သိထားသည်။ ထိုနေရာရှိ နည်းပြများအားလုံးက အနည်းဆုံး စစ်သည်တော်စစ်စစ် များချည်းသာ ဖြစ်ကြသည်။
သို့ရာတွင် လော့နျန်ဝေကမူ သူမ၏ အားကောင်းသော ပါရမီကို အားကိုးလျက် သတ်မှတ်ချက်များနှင့် မပြည့်မီသော်လည်း အလုပ်ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။ လုချန်က တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ဆိုင်ကယ်ကိုစီးကာ ကြယ်လသိုင်းသင်တန်းကျောင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားလေတော့သည်။
***