ကြယ်လသိုင်းသင်တန်းကျောင်းက အမျိုးသမီး ကျောင်းသားများကိုသာ သီးသန့် လက်ခံသင်ကြားပေးသော သိုင်းသင်တန်းကျောင်း ဖြစ်သည်။ ထို့ကြောင့် လုချန် ရောက်ရှိလာမှုက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားလေသည်။ သူ မှန်တံခါးကို ဖြတ်၍ ဝင်လာသောအခါ နေရောင်ခြည်က သူ၏အပေါ်သို့ ဖြာကျနေသည်။ မှေးမှိန်သော ရွှေရောင်အလင်းဝန်းတစ်ခုက သူ့ကို ရစ်သိုင်းထားသကဲ့သို့ပင်။
သူက အမည်းရောင် အပေါ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကျောတွင် ဓားရှည်တစ်လက်ကို လွယ်ထားသည်။ သူ၏ ဆံပင်များက လေထဲတွင် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။ ရုပ်ပြစာအုပ်ထဲမှ တိုက်ရိုက် ထွက်လာသည့် ဇာတ်လိုက်မင်းသားတစ်ပါးနှင့်ပင် တူနေတော့သည်။ ဖြတ်လျှောက်သွားသော ကောင်မလေးတစ်ယောက်မှာ ထိုမြင်ကွင်းကြောင့် ခဏတာ ညို့ယူဖမ်းစားခံလိုက်ရပြီး ချော်လဲမတတ်ပင် ဖြစ်သွားသည်။
"ဘုရားရေ... လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် ချောမောနေရတာလဲ။ သူက ငါ့အိပ်မက်ထဲက ကောင်လေးနဲ့ တစ်ပုံစံတည်းပဲ"
အခြားကောင်မလေးက ရယ်မောလိုက်ပြီး ပြောသည်။
"နင့်အိပ်မက်ထဲက ကောင်လေးဆိုတာ ဘာအဓိပ္ပာယ်လဲ... နင်က သူ့ကို စိတ်ကူးယဉ်နေတာမလား"
လုချန်က ဤစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။
“ငါက အဲဒီလောက်တောင် ချောနေလို့လား...”
သူက ဧည့်ကြိုကောင်တာဘက်သို့ လျှောက်သွားလိုက်သည်။ ဧည့်ကြိုကောင်မလေးမှာ သူ့ကိုမြင်သောအခါ အနည်းငယ် ကြောင်အမ်းသွားသည်။ လုချန်က ဆွံ့အသွားသည်။
“စစ်သည်တော်များက ကျင့်ကြံခြင်းကတစ်ဆင့် ဆွဲဆောင်မှုစွမ်းရည်တွေ ပိုတိုးလာတာပဲ ဖြစ်ရမယ်... တစ်ယောက်ယောက်ကသာ အဆင့်တွေကို ဆက်တိုက် ဖောက်ထွက်နိုင်ပြီး ခန္ဓာကိုယ်ကို ဆက်တိုက် သန့်စင်နိုင်မယ်ဆိုရင်... ဒီလောကမှာ အချောမောဆုံး ယောက်ျား ဖြစ်မလာနိုင်ဘူးလား...”
“ဟူး... မဖြစ်နိုင်ပါဘူးလေ...”
"မင်္ဂလာပါ... ကျွန်တော့်နာမည် လုချန်ပါ... လော့နျန်ဝေကို လာရှာတာပါ... သူ အားလပ်ပါသလား"
ထိုစကားကို ကြားသောအခါ ဧည့်ကြိုကောင်မလေးမှာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး အသိစိတ်ပြန်ဝင်လာသည်။ ထို့နောက် သတိထားကာ မေးလိုက်သည်။
"ရှင်က... နည်းပြလော့နျန်ဝေကို ရှာနေတာလား"
လုချန်က ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူက ဤသည်ကို မြင်သောအခါ ချက်ချင်း ဖုန်းခေါ်လိုက်သည်။
"နည်းပြလော့... ဟုတ်ကဲ့... လုချန် ဆိုတဲ့လူ ရှင်နဲ့တွေ့ဖို့ ရောက်နေပါတယ်"
သိုင်းသင်တန်းကျောင်း အတွင်း၌ လော့နျန်ဝေက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
“လုချန် ဟုတ်လား... သူ ဒီအထိ ဘာလာလုပ်တာလဲ...”
သူမက ကျောင်းသားများကို ဆက်လက် လေ့ကျင့်နေရန် တိုက်တွန်းလိုက်ပြီး ချက်ချင်း ထွက်လာခဲ့သည်။ သူမ ရှေ့ကောင်တာသို့ လျှောက်လာသောအခါ ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသော အရပ်ရှည်ရှည်၊ ချောမောသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ နွေးထွေးသော နေရောင်ခြည်က မှန်တံခါးကို ဖြတ်သန်းကာ သူ၏အပေါ်သို့ ဖြာကျနေသည်။
တစ်ခဏမျှ သူမက ငေးမောသွားသလို ဖြစ်သွားပြီး ရင်တစ်ချက် ခုန်သွားရသည်။ သို့သော် သူမက ချက်ချင်း အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူမ၏ ပါးပြင်များက အနည်းငယ် နီမြန်းသွားသည်။
“လူတွေသာ ဒါကို မြင်သွားရင် ဘယ်လိုထင်ကြမလဲ...”
သူမက ရှည်လျားသော ဆံပင်များကို အလျင်အမြန် သပ်တင်လိုက်ပြီးမှ ရှေ့သို့ လှမ်းကာ နှုတ်ဆက်လိုက်သည်။
"ဟိုင်း... လုချန်"
လုချန်က မတ်တပ်ရပ်လိုက်ပြီး ပြုံးပြလိုက်သည်။
"ဟိုင်း... နျန်ဝေ မကြာသေးခင်က ဘယ်လိုနေလဲ"
"ငါ အဆင်ပြေပါတယ်... နင် ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ"
သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။ လုချန်က ပြုံးလိုက်သည်။
"ငါ လာတာက... ငါ မကြာခင်..."
ရုတ်တရက် တစ်ဖက်လူ၏ ဖုန်းမြည်လာသည်။ သူမက လက်တစ်ချောင်း ထောင်ပြလိုက်ပြီး တောင်းပန်သည့် မျက်နှာထားဖြင့် ပြောသည်။
"ဆောရီး... ငါ့အမေ ဖုန်းခေါ်နေလို့... ငါ ဖုန်းသွားကိုင်လိုက်ဦးမယ် ခဏလေး စောင့်ပေးနော်"
လုချန်က ခေါင်းညိတ်လိုက်သည်။
"အိုကေ... ရပါတယ်"
သို့သော် လော့နျန်ဝေ ပြန်ရောက်လာသောအခါ သူမ၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်။ ခုလေးတင် ငိုထားသည့်ပုံပင်။
"မင်း ဘာလို့ ငိုနေတာလဲ... ဘာဖြစ်လို့လဲ... မင်းအမေ တစ်ခုခု ဖြစ်လို့လား"
လုချန်က မနေနိုင်ဘဲ မေးလိုက်သည်။ လော့နျန်ဝေ၏ မျက်နှာက ဖြူရော်နေသည်။ သူမ၏ အသံတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"ဆောရီး လုချန်... ငါ အခု သွားရတော့မယ်"
ထို့နောက် သူမ ဘာစကားမှ ဆက်မပြောတော့ဘဲ လှည့်ကာ အပြင်သို့ ပြေးထွက်သွားလေသည်။
"နျန်ဝေ"
သူက အလျင်အမြန် နောက်မှ လိုက်သွားပြီး မေးလိုက်သည်။
"တကယ်တော့ ဘာဖြစ်တာလဲ"
သူမက လမ်းလျှောက်ရင်း အလျင်စလို ပြန်ဖြေသည်။
"နျန်ယင်းလေ... ငါ့ညီမလေး ဖမ်းခေါ်ခံလိုက်ရပြီ"
လုချန်က အံ့အားသင့်သွားသည်။ ထို့နောက် သူက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"နျန်ဝေ... ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို သေသေချာချာ ပြောပြလို့ရမလား"
လော့နျန်ဝေက ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ ခန္ဓာကိုယ်က သိသိသာသာ တုန်ယင်နေသည်။ သူမ၏ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး မျက်နှာပေါ်တွင် ကူကယ်ရာမဲ့ မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။ လုချန်က လော့နျန်ဝေကို ဤကဲ့သို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ကျောင်းသားအားလုံးအတွက် သူမက အမြဲတမ်း ပြည့်စုံလှပသော နတ်သမီးတစ်ပါး ဖြစ်ခဲ့သည်။ တည်ငြိမ်သည်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည်၊ ရည်မှန်းချက် ကြီးမားသည်။ သို့သော် ယခု သူ၏ရှေ့တွင် ရပ်နေသော ကောင်မလေးမှာ အနည်းငယ် စိမ်းသက်နေသလိုပင်။ ထိခိုက်လွယ်သည်၊ ကူကယ်ရာမဲ့နေသည်၊ မျှော်လင့်ချက်မဲ့နေသည်။ ကွဲအက်လုမတတ် ဖြစ်နေသော လှပသည့် ကြွေထည်လေး တစ်ခုလိုပင်။
လုချန်က ရှေ့သို့ တိုးသွားလိုက်ပြီး သူမ၏ ပခုံးကို ညင်သာစွာ ကိုင်ကာ ထိန်းပေးထားလိုက်သည်။ လော့နျန်ဝေ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေဆဲပင်။ ထိုအခိုက်အတန့်တွင် သူမ မည်မျှ ထိခိုက်လွယ်နေသည်ကို လုချန် ခံစားသိရှိနိုင်လေသည်။
ဤကောင်မလေးက အမြဲတမ်း မှတ်သားလောက်ဖွယ် ခွန်အားများကို ပြသခဲ့သူဖြစ်သည်။ သို့သော် ဤရက်စက်ကြမ်းကြုတ်သော စွန့်ပစ်မြေရိုင်း ကမ္ဘာကြီးတွင် ရှင်သန်ရန် မှီခိုအားထားစရာ အားကောင်းသော နောက်ခံ မိသားစု မရှိပေ။ ယခုမူ သူမ၏ ညီမလေး ဖမ်းခေါ်ခံလိုက်ရသည်။
ထိုခိုင်မာသော အပြင်ပန်းရုပ်သွင်က ဝန်ထုပ်ဝန်ပိုးများအောက်တွင် နောက်ဆုံး၌ ပြိုကျသွားခဲ့ရသည်။ မိသားစု၊ ညီမလေးနှင့် မိခင်ဖြစ်သူ၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးထားရသော လော့နျန်ဝေ အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်သကဲ့သို့ပင်။ လုချန်ဘက်မှ စတင်၍ ကူညီပေးရန် လုပ်ဆောင်လာမှုကို လော့နျန်ဝေ မငြင်းဆန်ခဲ့ပေ။
ဤအချိန်တွင် သူမက အားကောင်းသော မှီခိုအားထားရာ တစ်ခုကို လိုအပ်နေသည်။ တည်ငြိမ်အေးဆေးသော စိတ်ထားမျိုးကို လိုအပ်နေသည်။ ထို့အပြင် သူမ၏ ရင်တွင်းနက်ရှိုင်းသော နေရာမှနေ၍လည်း မငြင်းဆန်ချင်ခဲ့ပေ။
လုချန် ရုပ်ချောနေ၍လည်း ဖြစ်နိုင်သည်။ ပါရမီနိုးထခြင်း အခမ်းအနားတွင် အံ့မခန်း ပါရမီကို ပြသခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။ သူမ၏ နှလုံးသား အောက်ခြေမှနေ၍ သူ့ကို လေးစားအားကျနေသောကြောင့်လည်း ဖြစ်နိုင်သည်။ အခြားသော အကြောင်းပြချက်များကြောင့်လည်း ဖြစ်နိုင်လေသည်။ လုချန်က အသံနှိမ့်ကာ ပြောလိုက်သည်။
"နျန်ဝေ... စိတ်မပူပါနဲ့... နျန်ယင်း အခုလောက်ဆို အဆင်ပြေနေမှာပါ ပြီးတော့ သူ ဘာမှဖြစ်မှာ မဟုတ်ပါဘူး... ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်ပါ"
ထို့နောက် သူက ဆက်ပြောသည်။
"အခု ငါတို့ မင်းအိမ်ကို ချက်ချင်း သွားကြမယ်... ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်"
သူက သူမ၏လက်ကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်သည်။
လော့နျန်ဝေ၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားသည်။ ထိုအချိန်ကျမှသာ တစ်ဖက်လူနှင့် ဤမျှ နီးကပ်စွာ ရှိနေခဲ့သည်ကို သူမ သတိထားမိလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုအရာများကို တွေးတောနေရန် သူမတွင် အချိန်မရှိပေ။ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် လုချန်က သူမကို သူ၏ ဆိုင်ကယ်နောက်တွင် တင်ကာ သာမန်ပြည်သူများ နေထိုင်ရာ ရပ်ကွက်ဆီသို့ ဦးတည်မောင်းနှင်သွားလေတော့သည်။ သာမန်ပြည်သူများ နေထိုင်သည့် ရပ်ကွက်တွင် စစ်သည်တော်များ မရှိသလို ချမ်းသာသော သူဌေးများလည်း မရှိပေ။ လုချန်က ဆိုင်ကယ်ကို ရပ်လိုက်သည်။
လော့နျန်ဝေက သူ့ကို သူမ၏အိမ်သို့ ခေါ်သွားသည်။ ခုနစ်ထပ် လူနေတိုက်ခန်း အဆောက်အအုံတစ်ခုဖြစ်သည်။ တတိယထပ်သို့ တက်သွားပြီး လော့နျန်ဝေက လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ ခဏအကြာတွင် တံခါးပွင့်လာသည်။
လုချန်က အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ သူ၏ မိခင်ထက် အသက်သိပ်ကြီးမည် မဟုတ်သော်လည်း သိသိသာသာ အိုမင်းရင့်ရော်နေပုံရသည်။ ဤအချိန်တွင် သူမ၏ မျက်လုံးများက နီရဲကာ ဖောင်းအစ်နေ၏။ အချိန်အတော်ကြာအောင် ငိုထားပုံရသည်။ သူမက လော့နျန်ဝေ၏ မိခင်ဖြစ်ရမည်ဟု လုချန် စိတ်ထဲမှ တွေးလိုက်သည်။
လော့နျန်ဝေ အထဲသို့ဝင်သွားပြီး သူမ၏ မိခင်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ လုချန် ဝင်ရောက် မနှောင့်ယှက်ခဲ့ပေ။ သားအမိနှစ်ယောက်အတွက် တန်ဖိုးရှိသော ငြိမ်သက်မှုလေးကို ခံစားခွင့်ပေးထားလိုက်သည်။ ခဏကြာပြီးနောက် သူက ညင်သာစွာ စကားစလိုက်သည်။
"မင်္ဂလာပါ အန်တီ ကျွန်တော်က လုချန်ပါ... နျန်ဝေရဲ့ အတန်းဖော်ပါ အဆင်ပြေမယ်ဆိုရင် ဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော့်ကို ပြောပြလို့ရမလား"
လော့နျန်ဝေ၏ မိခင်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောပြသည်။
"ဒီနေ့ အန်တီက နျန်ယင်းကို အနီးအနားက ပန်းခြံထဲ လမ်းလျှောက်ထွက်ဖို့ ခေါ်သွားတာ"
"နျန်ယင်းက ငယ်ငယ်ကတည်းက ရှားပါးတဲ့ နာတာရှည်ရောဂါကို ခံစားနေရတာလေ.. ဆေးကို ပုံမှန်သောက်ပြီး စိတ်လှုပ်ရှားမှုမရှိအောင် တည်တည်ငြိမ်ငြိမ် ထားနိုင်မှပဲ သူ့အသက်ကို အာမခံနိုင်မှာ... ဒါကြောင့် အန်တီနဲ့ နျန်ဝေက ရက်အနည်းငယ်ခြားတစ်ခါ သူ့ကို အလှည့်ကျ လမ်းလျှောက်ခေါ်ထွက်ပေးကြတာ"
ဤစကားကို ကြားသောအခါ လုချန်က အနည်းငယ် အံ့အားသင့်သွားသည်။ သူက လော့နျန်ယင်းနှင့် ဆုံဖူးခဲ့သည်။ သူမက အလွန် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက် ဖြစ်သည်။ ထိုအချိန်က မည်သည့် ပုံမှန်မဟုတ်သော အခြေအနေကိုမျှ သူမတွေ့ခဲ့ရပေ။ လော့နျန်ဝေက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... နျန်ယင်းက ငယ်ငယ်တုန်းက ပြင်းထန်တဲ့ ရေခဲဒဏ်ရာ ရခဲ့လို့ ကျန်းမာရေး ပြဿနာတွေ ကျန်ရစ်ခဲ့တာ... သူက ညဘက်တွေဆို အရမ်းချမ်းတယ်လို့ ခဏခဏ ခံစားရတတ်တယ်"
"ရောဂါဖောက်လာရင် သူ့ခန္ဓာကိုယ်က အရမ်းကို အေးစက်သွားတာ ပြီးတော့ တစ်ခါဖြစ်ရင် တစ်ခါ ပိုဆိုးလာတယ်... အခြေအနေ ပိုဆိုးမလာအောင် ဆေးနဲ့ပဲ ထိန်းထားနိုင်တာ... ဆရာဝန်ကတော့ စွန့်ပစ်မြေရိုင်းထဲမှာရှိတဲ့ ရှားပါးပြီး အဖိုးတန်တဲ့ ဆေးဘက်ဝင်အပင်တချို့က သူ့ကို ကုသပေးနိုင်တယ်လို့ ပြောပေမဲ့..."
လုချန်က ဤသည်ကို ကြားသောအခါ ချက်ချင်း နားလည်သွားသည်။ ထိုရတနာက အလွန်တန်ဖိုးကြီးမားလှပေမည်။ ထို့ကြောင့်လည်း လော့နျန်ဝေက စတားဒူး စစ်ပညာအကယ်ဒမီ သို့ ဝင်ခွင့်ရရန် အပြင်းအထန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ သူမတို့သည် ပါရမီမနိုးထခင်ကတည်းက ထိုအရာအတွက် ကြိုတင်ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။ လော့နျန်ဝေ၏ မိခင်က ဆက်ပြောသည်။
"အန်တီတို့ ပန်းခြံထဲမှာ ရှိနေတုန်း ရုတ်တရက် အမည်းရောင် ကားတစ်စီးက ရှေ့မှာ လာရပ်တယ် ပြီးတော့ လေ့ကျင့်ရေးဝတ်စုံတွေ ဝတ်ထားတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် လူမိုက်တချို့ ကားပေါ်ကဆင်းလာပြီး နျန်ယင်းကို အတင်း ဖမ်းခေါ်သွားကြတာပဲ... အန်တီက အသုံးမကျလို့ ကိုယ့်သမီးကိုတောင် မကာကွယ်နိုင်ခဲ့ဘူး... အန်တီ့အမှားတွေပါ"
စကားပြောနေရင်း သူမက တစ်ဖန် ငိုချလိုက်ပြန်သည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရသွားပုံဖြင့် အိတ်ကပ်ထဲမှ စာအိတ်တစ်အိတ်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။
"အော်... ဟုတ်သားပဲ နျန်ဝေ ဒါက သူတို့ ချန်ထားခဲ့တဲ့ ဟာလေး သမီးကို ပေးရမယ်"
***