လော့နျန်ဝေက စာအိတ်ကို ချက်ချင်း ယူကာ ဖောက်ဖတ်လိုက်သည်။ စာထဲမှ အကြောင်းအရာများကို ဖတ်လိုက်ရသောအခါ သူမ၏ မျက်လုံးများက ချက်ချင်း ပြာနှမ်းသွားသည်။ သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။ လုချန်က သူမ၏ မျက်နှာပေါ်မှ အမူအရာကို သတိပြုမိလိုက်သည်။ သူမ၏ လက်ထဲမှ စာကို ညင်သာစွာ ယူကာ ဖတ်ကြည့်လိုက်သည်။
"ချစ်ရတဲ့ နျန်ဝေ... မင်းရဲ့ ညီမလေး ငါ့ဆီမှာ ရှိတယ်... တစ်ရက်အတွင်းတော့ သူ့ကို ငါ ဘာမှမလုပ်ပါဘူး... သူ့ကို ကယ်ချင်ရင် ဒီအချိန်အတွင်း ငါ့ရဲ့ ဗီလာကို လာခဲ့... မဟာမိတ်အဖွဲ့ကို အကြောင်းမကြားနဲ့... ငါ့အဖေက အဆင့်D အကောင်ကြီးဆိုတာ မင်းလည်း သိတာပဲ... မင်း သူတို့ကို အကြောင်းကြားရင်တောင် သူတို့က ငါ့ကို ဘာလုပ်ရဲမှာလဲ.. ဒါပေမဲ့ နျန်ယင်း အတွက်တော့ အခြေအနေက မတူဘူးလေ.. သူက မင်းလိုပဲ တကယ့် အလှလေးပဲ... ငါ ဆိုလိုတာကို မင်း နားလည်မှာပါ... ဒါကြောင့် တစ်ယောက်တည်း လာခဲ့... မလာဘူးဆိုရင်တော့... ဟီးဟီးဟီး... ချစ်တဲ့ မာကျုံးရွေ့"
လုချန် စာကို ဖတ်ပြီးသွားသောအခါ. သူ၏ မျက်လုံးများက အနည်းငယ် လက်သွားသည်။ သူက လော့နျန်ဝေကို ကြည့်ကာ ညင်သာစွာ မေးလိုက်သည်။
"ဒီမာကျုံးရွေ့ဆိုတာ ဘယ်သူလဲ"
လော့နျန်ဝေက ပြန်ဖြေသည်။
"သူက အရင်တုန်းက ငါတို့ကို အတိုးနှုန်း အဆမတန်များတဲ့ အကြွေးတွေ ချေးပေးခဲ့တဲ့ သူဌေးရဲ့ သားလေ"
"နျန်ယင်းရဲ့ ဆေးဖိုးတွေက အရမ်းများတယ်... လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါ့အဖေ သူတို့ဆီကနေ အတိုးနှုန်း အဆမတန်များတဲ့ ငွေတွေ ချေးခဲ့ပြီး မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တယ်"
"အဲဒီအချိန်ကစပြီး သူတို့က ငါတို့ကို အမြဲတမ်း လာနှောင့်ယှက်နေခဲ့တာ... ငါတို့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေရောင်းပြီး အရင်းကြေအောင် ဆပ်နိုင်ခဲ့တယ်"
"ဒါပေမဲ့ အဲဒီ ခွေးသူတောင်းစားက ငါတို့ကို အလွတ်မပေးသေးဘူး။ ငါ့ကို လာနှောင့်ယှက်ဖို့ အိမ်ကို ခဏခဏ လာတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတောင် ငါ့ကို လက်ထပ်ချင်တယ်လို့ ပြောသေးတယ်"
"ငါ ပြတ်ပြတ်သားသား ငြင်းလိုက်တာ... အဲဒီအချိန်ကစပြီး သူ ငါ့ကို ခြိမ်းခြောက်နေခဲ့တာပဲ ဒါပေမဲ့ နျန်ယင်းကို ဖမ်းခေါ်သွားလိမ့်မယ်လို့တော့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး..."
စကားပြောနေရင်း သူမ၏ မျက်လုံးများက တစ်ဖန် နီရဲလာပြန်သည်။ လုချန်က ဤစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သို့သော် သူ ဘာမှမပြောပေ။ ယုံကြည်မှုအပြည့်ဖြင့်သာ ဆိုလိုက်သည်။
"စိတ်မပူပါနဲ့... လူသားမျိုးနွယ် မဟာမိတ်အဖွဲ့ထဲမှာ ငါသိတဲ့လူ တချို့ရှိတယ်... နျန်ယင်း မကြာခင် အိမ်ပြန်ရောက်လာနိုင်မှာပါ"
လော့နျန်ဝေက လုချန် ပြောနေသော အဆက်အသွယ်ဆိုသည်မှာ ကောင်းချန်းဖုန်းကို ဆိုလိုသည်ဟု ထင်လိုက်သည်။ ပါရမီနိုးထခြင်း စမ်းသပ်မှုတွင် ကောင်းချန်းဖုန်းက လုချန်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သည် မဟုတ်ပါလား။ သို့သော် ကောင်းချန်းဖုန်းက ဘာလုပ်နိုင်မည်နည်း။ သူ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ အဆင့်E ဒသမအလွှာ စစ်သည်တော် တစ်ယောက်သာ ဖြစ်သည်။
မာကျုံးရွေ့၏ ဖခင်ကမူ တကယ့် အဆင့်-D ပညာရှင် စစ်စစ်ကြီး ဖြစ်နေသည်။ လုချန်က သူမ ဘာတွေတွေးနေသည်ကို လုံးဝ မသိပါပေ။ သူ ချက်ချင်း ဖုန်းထုတ်ကာ ချိုက်ကျိကွမ် ဆီသို့ ခေါ်လိုက်သည်။ မကြာမီ တစ်ဖက်မှ ချိုက်ကျိကွမ်၏ အသံ ထွက်ပေါ်လာသည်။
"ဟေ့... လုချန် ဘာကိစ္စလဲ... မင်း ပြန်သွားတာ နှစ်နာရီတောင် မပြည့်သေးဘူးလေ... ဆုံးဖြတ်ချက် ချပြီးပြီလား"
လုချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
"ကြီးကြပ်ရေးမှူး ချိုက်... ကျွန်တော် ခင်ဗျားရဲ့ အကူအညီ လိုတယ်"
ချိုက်ကျိကွမ်က အံ့အားသင့်သွားပုံရသည်။ ချက်ချင်း လေးနက်သော လေသံဖြင့် ပြန်ပြောလာသည်။
"ဘာအကူအညီလဲ လုချန် ပြောစမ်း... ငါ ကူညီလို့ မရရင်တောင် မဟာမိတ်အဖွဲ့က အထက်လူကြီးတွေ ကိုယ်တိုင် ဝင်ပါလိမ့်မယ်"
လုချန်က ပြန်ဖြေသည်။
"မဟုတ်ဘူး မဟုတ်ဘူး ကြီးကြပ်ရေးမှူးချိုက် ခင်ဗျား အထင်လွဲနေပြီ... ကိစ္စက ဒီလိုဗျ..."
ထို့နောက် သူက တစ်ဖက်လူကို ဇာတ်ကြောင်းစုံ ရှင်းပြလိုက်သည်။ အကြောင်းစုံကို ကြားပြီးနောက် ချိုက်ကျိကွမ်က အေးစက်စက် နှာမှုတ်လိုက်သည်။
"ဒီအခြေစိုက်မြို့တော်ထဲက ခွေးသူတောင်းစားတွေကို ရှင်းလင်းပစ်ဖို့ လိုနေပြီပဲ... အဲဒီ ခွေးသူတောင်းစားတွေက မဟာမိတ်အဖွဲ့ရဲ့ ထောက်ခံမှု ရှိရုံလေးနဲ့ သူတို့ လုပ်ချင်တာ လုပ်လို့ရတယ်လို့ ထင်နေကြတာ"
"ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူတို့ တကယ်ကို ပြဿနာရှာမိပြီ"
ချိုက်ကျိကွမ်က ရှောင်ဝမ်လုံထံမှ ရှင်းလင်းပြတ်သားသော အမိန့်များကို ရရှိထားပြီး ဖြစ်သည်။ လုချန်ကို စော်ကားရဲသူ မည်သူမဆိုသက်ညှာမှုကင်းမဲ့စွာ သတ်ပစ်ရမည်။ ချိုက်ကျိကွမ်က ထိုသို့ တွေးလိုက်သည်။ လော့နျန်ဝေက သူ့အတွက် အလွန် အရေးပါသူ ဖြစ်ရမည်။ ထို့ကြောင့် ချက်ချင်း ပြောလိုက်သည်။
"လုချန်... စိတ်မပူနဲ့... ဒီကိစ္စကို ဘယ်လို ဖြေရှင်းချင်လဲ... သူတို့ကို သတ်ပစ်ပြီး လော့နျန်ယင်းကို ပြန်ခေါ်လာရမလား"
"ဒါမှမဟုတ် အရှင်ဖမ်းလာခဲ့ရမလား"
လုချန်က မူလက လော့နျန်ယင်းကိုသာ ပြန်ခေါ်လာချင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူများထဲတွင် အဆင့်D ပညာရှင် ပါဝင်နေသည်ကို တွေးကြည့်၍ ရနိုင်သည်။ ထို့အပြင် သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများစွာမှာလည်း သာမန်လူများသာ ဖြစ်ကြသည်။ သို့သော် သူ၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။ ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"သူတို့ကို ဖမ်းလိုက်ပါ... နှစ်ယောက်စလုံးကို ဒီခေါ်လာခဲ့... သူတို့ကို တောင်းပန်ခိုင်းမယ်... ပြီးမှ ကျွန်တော့်လက်နဲ့ ကိုယ်တိုင် သတ်ပစ်မယ်"
ချိုက်ကျိကွမ်က လုချန်၏ လေသံထဲမှ အေးစက်မှုကို ခံစားလိုက်ရသည်။
သူက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ... မင်း သဘောအတိုင်းပါပဲ" ဟု ပြန်ဖြေလိုက်သည်။ ထို့နောက် D6 အခြေစိုက်မြို့တော် တစ်ခုလုံး၏ အမြင့်ဆုံး အဆင့်ရှိ ပုဂ္ဂိုလ်များအားလုံး ချက်ချင်း လှုပ်ရှားလာကြသည်။ လူသားမျိုးနွယ် မဟာမိတ်အဖွဲ့၊ မြို့တော်ခန်းမ နှင့် စစ်တပ်တို့ ပူးပေါင်းလိုက်ကြသည်။
ဧရာမ လှုပ်ရှားမှုကြီးတစ်ခု စတင်ခဲ့သည်။ အဆင့်D သားရဲများ မြို့ကို ဝိုင်းရံတိုက်ခိုက်ချိန်မျိုးတွင်သာ ဖြစ်ပေါ်လေ့ရှိသော လှုပ်ရှားမှုမျိုးပင်။ စစ်တပ်မှ အဆင့်-D စစ်သည်တော် ၂၀ နှင့် အဆင့်-E စစ်သည်တော် ၈၀ တို့ ထွက်ခွာလာကြသည်။ သူတို့က စစ်သုံးကားများပါဝင်သော ဧရာမ ယာဉ်တန်းကြီးကို မောင်းနှင်လာကြသည်။ ကြီးမားသော ဗီလာကြီး တစ်လုံးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။
“အဆင့်D စစ်သည်တော်တစ်ဦး ပိုင်ဆိုင်သော ဗီလာ...”
သူတို့၏ လှုပ်ရှားမှုများကို မည်သို့မျှ ဖုံးကွယ်မထားခဲ့ပေ။ ထိုသို့သော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းကြီးကို အင်တာနက် အသုံးပြုသူများက ချက်ချင်း ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ်သို့ တင်လိုက်ကြသည်။ တချို့သော သတင်းထောက်များနှင့် ရဲတင်းသော ဗီဒီယိုဘလော့ဂါများက ထိုသတင်းကို မြင်လိုက်ကြသည်။ သွေးနံ့ရသွားသော ငါးမန်းများပမာ ချက်ချင်း တုံ့ပြန်လိုက်ကြသည်။
သူတို့အားလုံး ကားကိုယ်စီဖြင့် ယာဉ်တန်း၏ နောက်မှ လိုက်သွားကြသည်။ တချို့လူများက တိုက်ရိုက်ထုတ်လွှင့်မှုပင် စတင်လုပ်ဆောင်နေကြပြီ ဖြစ်သည်။
"ကြည့်ကြစမ်း... စစ်တပ်က စူပါစစ်သည်တော်တွေ၊ မဟာမိတ်အဖွဲ့က အဆင့်မြင့် အရာရှိကြီးတွေနဲ့ မြို့တော်ဝန်ကိုယ်တိုင် ပါလာကြတာဟ"
"ဘာလို့ ဒီလောက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး လှုပ်ရှားနေကြတာလဲ.. ဘယ်သွားမလို့လဲ... ငါတို့ရဲ့ အခြေစိုက်မြို့တော်က အဆင့်D သားရဲတွေရဲ့ တိုက်ခိုက်မှုနဲ့များ ရင်ဆိုင်ရတော့မလို့လား"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးနောက် နိုင်ငံသားများအားလုံး ထိတ်လန့်သွားကြသည်။ သို့သော် လုချန်၊ လော့နျန်ဝေ နှင့် သူမ၏ မိသားစုတို့မှာမူ ထိုအရာများနှင့် ပတ်သက်၍ ဘာမှမသိခဲ့ကြပေ။ တစ်ချိန်တည်းမှာပင် ကြီးမားသော ဗီလာကြီး တစ်လုံးအတွင်း၌ လူမိုက်ငယ်လေး တစ်ယောက် အပြေးအလွှား ဝင်လာသည်။
"သူဌေး... သူဌေး ပြဿနာတက်ပြီ အခြေစိုက်မြို့တော်က အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေ အများကြီး ရောက်လာပြီး အပြင်မှာ ဝိုင်းထားကြပြီ"
မာကျုံးရွေ့က အခန်းထဲတွင် အမျိုးသမီးတစ်ဦးနှင့် သာယာနေဆဲ ဖြစ်သည်။ ဤစကားကို ကြားသောအခါ သူ၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ဘာပေါက်ကရတွေ လာပြောနေတာလဲ... ဘယ်က ပုဂ္ဂိုလ်ကြီးလဲ... ငါ့အဖေက အဆင့်-D စစ်သည်တော်ကွ"
" D6 အခြေစိုက်မြို့တော် တစ်ခုလုံးမှာ... မဟာမိတ်အဖွဲ့နဲ့ စစ်တပ်ကလွဲရင် ဘယ်သူက ငါ့အဖေနဲ့ တစ်တန်းတည်းရှိတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေလို့လဲ"
တပည့်ဖြစ်သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေသည်။
"သူဌေး... သူတို့က မဟာမိတ် စစ်တပ်က ပုဂ္ဂိုလ်ကြီးတွေပါ... အဆင့်D အရာရှိ ၂၀ နဲ့ အဆင့်E အရာရှိ ၈၀ လောက်တောင် ကိုယ်တိုင် ရောက်နေကြတာ"
"သူဌေး... ဘာတွေဖြစ်နေလဲ သိလား... သူဌေးများ တစ်ခုခု ဖြစ်လို့လား"
"သူဌေးအဖေရဲ့ ကိစ္စတွေများ ပေါ်သွားပြီလား"
မာကျုံးရွေ့က သူ၏ တပည့်ကို အားကုန်လွှဲရိုက်လိုက်သည်။ ချက်ချင်းပင် အဝတ်အစားများကို ကောက်စွပ်ကာ လသာဆောင်သို့ ပြေးထွက်သွားသည်။ လသာဆောင်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူတို့၏ ဗီလာတစ်ခုလုံး အဝိုင်းခံထားရပြီ ဖြစ်သည်။ သူက ဖခင်ဖြစ်သူ၏ အခန်းဆီသို့ အပြေးအလွှား သွားလိုက်သည်။ တံခါးကို အသည်းအသန် ထုလိုက်သည်။
"အဖေ... ပြဿနာတက်ပြီ... တံခါးဖွင့်ပါဦး"
ချက်ချင်းပင် အထဲမှ ဒေါသတကြီး အသံတစ်သံ ထွက်လာသည်။
"မင်းလို ခွေးသူတောင်းစားက... ငါ ကောင်းခန်းရောက်နေတာကို နှောင့်ယှက်ရဲတယ်ပေါ့လေ... မင်းသာ သေသေချာချာ မရှင်းပြနိုင်ရင် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"
မာကျုံးရွေ့က အော်ပြောလိုက်သည်။
"အဖေ... မဟာမိတ်အဖွဲ့နဲ့ စစ်တပ်က အဆင့်D စစ်သည်တော် ၂၀ နဲ့ အဆင့်E ၆၀ လွှတ်ပြီး ငါတို့အိမ်ကို ဝိုင်းထားပြီ... ဘာတွေဖြစ်နေလဲ အဖေ သိလား"
တံခါးက ရုတ်တရက် ပွင့်လာသည်။ သူ၏ ဖခင်က ညအိပ်ဝတ်ရုံရှည်ကြီး ဝတ်ကာ ထွက်လာသည်။ တံခါးဟနေသော ကြားမှတစ်ဆင့် အထဲတွင် စောင်ခြုံထားသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို မြင်တွေ့နိုင်သည်။ သူတို့သားအဖ နှစ်ယောက် အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားကြလေတော့သည်။
***