ဗီလာ၏ ခြံတံခါးကြီးမှာ ပေါက်ကွဲဖျက်ဆီးခံထားရပြီး ဖြစ်သည်။ မာကျုံးရွေ့၏ ဖခင် မာချန်းထျန်က အတင်း အပြုံးတစ်ခုကို ဖန်တီးကာ မေးလိုက်သည်။
"မဟာမိတ် စစ်တပ်က လူကြီးမင်းတွေ... ကျွန်တော့်အိမ်ကို ဘာကိစ္စများ ရှိလို့ ရောက်လာကြတာလဲ သိပါရစေ"
မဟာမိတ်အဖွဲ့မှ အဆင့်D စစ်သည်တော်တစ်ဦးက အေးစက်စက် နှာမှုတ်လိုက်သည်။ ထို့နောက် ခြိမ်းခြောက်လိုက်သည်။
"မာချန်းထျန်... အခုချက်ချင်း ပါးစပ်ပိတ်ပြီး ငါတို့အလုပ်ကို ပူးပေါင်းပါဝင်ဖို့ အကြံပေးချင်တယ် မဟုတ်ရင်..."
ဤစကားကို ကြားသောအခါ မာချန်းထျန်၏ မျက်နှာက ရုတ်တရက် မှောင်မိုက်သွားသည်။
"မင်းတို့က မဟာမိတ်အဖွဲ့က ဖြစ်နေရင်တောင် အဆင့်D စစ်သည်တော်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားလို့ရတယ် ထင်နေတာလား... မင်းတို့ကို ငါ့အထက်လူကြီးတွေဆီ သေချာပေါက် တိုင်တောပစ်မယ်"
ထိုလူက လှောင်ပြုံး ပြုံးလိုက်သည်။
"တိုင်ချင်ရင် တိုင်လိုက်လေ... ငါတို့က ကြီးကြပ်ရေးမှူး ချိုက်ကျိကွမ်ရဲ့ အမိန့်နဲ့ ဒီကို လာခဲ့ကြတာပဲ"
"မင်း တိုင်ချင်တယ်ဆိုရင်တောင် အဆင့်C မဟာမိတ်အဖွဲ့လောက်နဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး... မင်းအနေနဲ့ B... ဒါမှမဟုတ် A-1 မဟာမိတ် ဌာနချုပ်အထိတောင် တိုင်ဖို့ လိုကောင်းလိုလိမ့်မယ်..."
ထိုစကားကို ကြားလိုက်ရချိန်တွင် မာချန်းထျန်၏ ခြေထောက်များ ခွေယိုင်သွားတော့သည်။ ထိုအခိုက်အတန့်၌ သူ့တစ်သက်တာလုံး လုပ်ခဲ့ဖူးသမျှ မကောင်းမှု ဒုစရိုက်များအားလုံးကို သူ၏ ဦးနှောက်ထဲတွင် ပြန်လည် စဉ်းစားခန်း ဝင်နေမိသည်။ သို့သော် ဘာကိုမှ အတိအကျ စဉ်းစားလို့ မရပေ။ ကြီးကြပ်ရေးမှူး ချိုက် ကဲ့သို့သော ဩဇာတိက္ကမကြီးမားသည့် ပုဂ္ဂိုလ်ကြီး၏ အာရုံစိုက်မှုကို ရရှိလောက်အောင် သူ ဘာပြစ်မှုများ ကျူးလွန်ခဲ့မိပါသနည်း။ သို့သော် သူ အများကြီး တွေးနေစရာ မလိုတော့ပေ။ ထိုလူက သူ့ကို အဖြေတစ်ခု ချက်ချင်း ပေးလိုက်သည်။
"မာချန်းထျန်... မင်းရဲ့သားက လော့နျန်ယင်း ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တယ်"
"အဲဒီလုပ်ရပ်ကပဲ အခုလို အခြေအနေမျိုးကို ရောက်လာစေတာပဲ... ရိုးရိုးသားသား ပြောရရင် ဒီလိုသားမျိုး ရှိနေတဲ့ မင်းအတွက် ငါ စိတ်မကောင်းဖြစ်မိတယ်"
ဘေးတွင် ရပ်နေသော မာကျုံးရွေ့မှာ ထိုစကားကို ကြားသောအခါ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သူ၏ ခြေထောက်များ အရုပ်ကြိုးပြတ် ဖြစ်သွားကာ မြေပြင်ပေါ်သို့ ခွေကျသွားသည်။
“ဘာ...” “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” “ဘယ်လိုဖြစ်နိုင်မှာလဲ...” “အဲဒီ သားအမိတွေဆီမှာ ဘယ်လိုလုပ် ဒီလောက် အင်အားကြီးမားတဲ့ နောက်ခံ ရှိနေနိုင်မှာလဲ...”
သို့သော် သူ ဘာတွေဖြစ်နေသည်ကို သေချာ စဉ်းစားချိန်ပင် မရလိုက်ခင်မှာ စူးရှသော နာကျင်မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဖခင်ဖြစ်သူက သူ့ကို အားကုန်လွှဲ၍ ကန်ကျောက်လိုက်ခြင်းပင်။ မာချန်းထျန်က စနစ်တကျ ဖွဲ့စည်းထားသော ဧရာမ စစ်တပ်ကြီးကို ကြည့်လိုက်သည်။ အခြေအနေတွေ အလွန် ဆိုးရွားတော့မည်ကို သူ သိလိုက်သည်။ သူက ချက်ချင်း ရှင်းပြသည်။
"ဒါ နားလည်မှုလွဲတာပါ... သေချာပေါက် နားလည်မှုလွဲနေတာ ဖြစ်ရမယ်... ကျွန်တော် ဘာမှမသိဘူး... တကယ် ကျိန်ရဲပါတယ်"
"ကျွန်တော်က အဆင့်D စစ်သည်တော် တစ်ယောက်ပါ... လူသားမျိုးနွယ်အတွက် သားရဲတွေကို တိုက်ခိုက်ခဲ့ဖူးတယ်... အခြေစိုက်မြို့တော်အတွက် သွေးထွက်သံယို ဖြစ်ခဲ့ဖူးတယ်... မဟာမိတ်အဖွဲ့က ကျွန်တော့်ကို ဒီလို ဆက်ဆံလို့ မရဘူးလေ"
မည်သူမျှ သူ့ကို ပြန်မဖြေကြပေ။ သူတို့က သားအဖနှစ်ယောက်စလုံးကို လျင်မြန် ပြတ်သားစွာ ဖမ်းဆီးလိုက်ကြသည်။ ထို့နောက် ဗီလာထဲသို့ အတင်း ဝင်ရောက်သွားကြသည်။ အထဲရှိ လူအားလုံးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြသည်။ နောက်ဆုံးတွင် အခန်းတစ်ခုထဲ၌ သတိလစ်ကာ ကြိုးတုပ်ခံထားရသော လော့နျန်ယင်းကို ရှာတွေ့သွားကြသည်။ သူတို့က သူမကို ချည်နှောင်ထားသော ကြိုးများကို ဖြည်ပေးလိုက်ပြီး သတိပြန်လည်လာအောင် ကြိုးစားနှိုးလိုက်ကြသည်။
လော့နျန်ယင်းက တဖြည်းဖြည်း သတိရလာသည်။ မျက်လုံးပွင့်လာသည့် အခိုက်အတန့်တွင် သူမ၏ မျက်လုံးများထဲ၌ သိသာထင်ရှားသော ကြောက်ရွံ့မှုများ ကိန်းအောင်းနေဆဲပင်။
"ကျေးဇူးပြုပြီး... ကျွန်မကို လွှတ်ပေးပါ... ကျွန်မတို့မှာ ပိုက်ဆံမရှိဘူး... မမရေ... ကယ်ပါဦး..."
ကောင်းချန်းဖုန်းက ရှေ့သို့ တိုးလာသည်။ သူသည်လည်း ဤစစ်ဆင်ရေးတွင် ပါဝင်သူ တစ်ဦးဖြစ်သည်။
"မင်္ဂလာပါ လော့နျန်ယင်း... ငါက ကောင်းချန်းဖုန်းပါ... မင်းအစ်မရဲ့ သူငယ်ချင်းပါ"
"ငါတို့က မင်းကို ကယ်ဖို့ လာခဲ့တာ... မင်းရဲ့ အမေနဲ့ အစ်မက အိမ်မှာ မင်းကို စောင့်နေကြတယ်"
ဤစကားကို ကြားသောအခါ လော့နျန်ယင်း၏ ငိုသံများ ချက်ချင်း ရပ်တန့်သွားသည်။ သူမက သွေးရောင်လွှမ်းနေသော မျက်လုံးလေးများဖြင့် မော့ကြည့်လာသည်။ ထို့နောက် သတိထားကာ မေးလိုက်သည်။
"တကယ်လား... ကျွန်မကို တကယ် လာကယ်ကြတာလား"
ကောင်းချန်းဖုန်းက ကျယ်လောင်စွာ ပြုံးလိုက်သည်။
"သေချာတာပေါ့... မင်း ငါတို့နဲ့ လိုက်ခဲ့မလား"
လော့နျန်ယင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ လူတစ်စုက လော့နျန်ယင်းကို ခေါ်ဆောင်လာခဲ့ကြသည်။ သူတို့က သာမန်ပြည်သူများ နေထိုင်ရာ ရပ်ကွက်ဆီသို့ ခမ်းနားကြီးကျယ်သော ယာဉ်တန်းကြီးဖြင့် ဝင်ရောက်လာကြသည်။
ထိုဖြစ်စဉ်တစ်ခုလုံးကို အွန်လိုင်းတွင် တိုက်ရိုက် ထုတ်လွှင့်နေခဲ့သည်။ ဤသည်က D6 အခြေစိုက်မြို့တော် တစ်ခုလုံးတွင် မီဒီယာ မုန်တိုင်းကြီး တစ်ခုကို ချက်ချင်း ဖန်တီးလိုက်သကဲ့သို့ပင်။ လူတိုင်းက ဤသို့ မေးခွန်းထုတ်နေကြသည်။
“မာကျုံးရွေ့က ဘယ်သူလဲ...”
“သူက ဘယ်သူ့ကို ပြန်ပေးဆွဲခဲ့တာလဲ...”
“မဟာမိတ်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံးကိုတောင် လှုပ်ရှားလာအောင် လုပ်နိုင်ရတဲ့အထိ အဲဒီလူက ဘယ်သူများလဲ...”
ရေတွက်၍မရနိုင်သော ပို့စ်များစွာက လူမှုကွန်ရက် ပလက်ဖောင်း အသီးသီးတွင် ရေလွှမ်းမိုးသွားတော့သည်။ ဖုန်းခေါ်ဆိုပြီးနောက် လုချန်က လော့နျန်ဝေ၏ ဘေးတွင် တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်သည်။ လော့နျန်ဝေက သူ့ကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"စာမေးပွဲစစ်မှူး ကောင်းချန်းဖုန်းက ဘာပြောလဲ... သူ ငါတို့ကို ကူညီပေးနိုင်မလား... သူ့ကို နောက်တစ်ခါ ထပ်ပြောကြည့်ပေးလို့ ရမလား"
"လိုမယ်ဆိုရင် ငါ မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်မယ်... စတားဒူး အကယ်ဒမီကို မသွားတော့ဘူး"
သူမ၏ မျက်လုံးများထဲတွင် အလွန်အမင်း အရေးတကြီး ဖြစ်နေမှုများ ပြည့်နှက်နေသည်။ သူမက သုတေတနပညာရှင် တစ်ယောက် ဖြစ်လာရန် အမြဲ အိပ်မက်မက်ခဲ့သူ ဖြစ်သည်။ စစ်သည်တော်တစ်ယောက် ဖြစ်လာရန် မဟုတ်ပေ။ ဤသည်က သူမ စတားဒူး အကယ်ဒမီကို တက်ရောက်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
သို့သော် ယခု အခြေအနေက အရေးပေါ် ဖြစ်နေသည်။ သူတို့က သူမကို ချောက်ကမ်းပါးစွန်းအထိ တွန်းပို့လိုက်ကြပြီ ဖြစ်သည်။ မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်းက သူမ၏ ညီမလေးကို ကယ်တင်ရန် ကူညီပေးနိုင်မည်ဆိုလျှင်... သူမ၏ အိပ်မက်များကို စွန့်လွှတ်ရန် သူမ ဝန်မလေးတော့ပါပေ။ ထို့အပြင် သူမ၏ လေဓာတ်ခံ ဝိညာဉ်စွမ်းရည်ဖြင့်ဆိုလျှင် နောင်တစ်ချိန်တွင် အားကောင်းသော ဝိညာဉ်သခင် တစ်ယောက် ဖြစ်လာနိုင်သေးသည်။
အမှန်တကယ်တော့ မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်းကလည်း ဆိုးရွားသော ရွေးချယ်မှုတစ်ခုတော့ မဟုတ်ပေ။ လုချန်က သူမကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူက တကယ် မေးလိုက်ချင်မိသည်။
“ငါက ဘာလို့ သူ့ကို ဖုန်းခေါ်ရမှာလဲ...”
“သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို မင်း မသိဘူးလား...”
သို့သော် ထိုစကားများကို အပြင်သို့ ထုတ်မပြောခဲ့ပေ။ ယင်းအစား ညင်သာသော နှစ်သိမ့်စကားများကိုသာ ဆိုလိုက်သည်။
"စိတ်မပူပါနဲ့... နျန်ယင်း မကြာခင် ပြန်ရောက်လာမှာပါ"
"ငါ ထင်တာ မမှားဘူးဆိုရင် အခုလောက်ဆို သူ ကယ်ဆယ်ခံရလောက်ပြီ... ခဏလောက် ထပ်စောင့်ကြည့်ရအောင်"
"မင်း မဟာမိတ်အဖွဲ့ထဲ ဝင်ချင်တယ်ဆိုရင် ရပါတယ် ဒါပေမဲ့ ဒီလို အခြေအနေမျိုးအောက်မှာတော့ အဲဒီ ရွေးချယ်မှုကို မလုပ်ပါနဲ့"
"အခု မင်းမှာ ရွေးချယ်စရာ မရှိတာ မဟုတ်ဘူး ပြီးတော့ မင်းရဲ့ ပါရမီကို ဘာနဲ့မှ လဲလှယ်စရာ မလိုပါဘူး"
လော့နျန်ဝေက လုချန်ကို ကြည့်လိုက်သည်။ သူမက အနည်းငယ် ကြောင်အမ်းသွားသည်။ သူမက တကယ် မေးလိုက်ချင်သည်။
“နျန်ယင်း မကြာခင် ပြန်ရောက်လာမယ်ဆိုတဲ့ ယုံကြည်မှုကို နင် ဘယ်ကနေ ရနေတာလဲ...”
လုချန်၏ မိသားစု ချမ်းသာကြွယ်ဝသည်ကို သူမ သိသည်။ သို့သော် သူမ သိထားသလောက်ဆိုလျှင် သူတို့ မိသားစုထဲတွင် တရားဝင် မှတ်ပုံတင်ထားသော စစ်သည်တော်များလည်း မရှိပါပေ။
“ဒီလောက် ကြီးမားတဲ့ လွှမ်းမိုးနိုင်စွမ်းမျိုး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ”
လုချန်က ထပ်မံ၍ စကားမပြောတော့ပေ။ ယင်းအစား သူ မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ ကိုယ်ပိုင် စိတ်စွမ်းအားများကို ဖြာထွက်စေလိုက်သည်။ ယခု သူ၏ စိတ်စွမ်းအားက အချင်းဝက် ၄၅ ကီလိုမီတာ အထိ လွှမ်းခြုံနိုင်နေပြီ ဖြစ်သည်။ ရုတ်တရက် မဟာမိတ် စစ်သုံးကား အစီးလေးဆယ်ခန့်က သူ၏ စိတ်ဝိညာဉ်နယ်ပယ် ထဲသို့ ဝင်ရောက်လာသည်။ ကားတစ်စီးထဲတွင် အဆင့်C စစ်သည်တော်တစ်ဦး၏ အငွေ့အသက်ကို သူ ခံစားမိလိုက်သည်။
“ကြီးကြပ်ရေးမှူးချိုက် ရောက်လာပြီလား...”
“သူကိုယ်တိုင် ရောက်လာလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး... “
“ကြည့်ရတာ နျန်ယင်း အဆင်ပြေလောက်ပါပြီ အဲဒီနှစ်ယောက်က မာကျုံးရွေ့နဲ့ သူ့အဖေ ဖြစ်ရမယ်... မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေးက တော်တော် ချောမွေ့သွားပုံရတယ်...”
လုချန်က ခပ်လှမ်းလှမ်းရှိ အရာအားလုံးကို သူ၏ စိတ်ဝိညာဉ်နယ်ပယ်ထဲတွင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ မိနစ် ၃၀ ခန့် ကြာပြီးနောက် သူက မတ်တပ်ရပ်လိုက်သည်။ လော့နျန်ဝေကို ကြည့်ကာ ပြောလိုက်သည်။
"အပြင်ထွက်ကြရအောင်... သူတို့ ရောက်လာကြပြီ"
***