လော့နျန်ဝေက မျက်တောင်တစ်ချက် ခတ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာများ အထင်းသား ပေါ်လွင်နေသည်။
"လုချန်... နင် ဘာပြောလိုက်တာလဲ... ဘယ်သူ ရောက်လာတာလဲ"
"အင်း... နျန်ယင်း နဲ့ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတာလေ"
ဤစကားကို ကြားသောအခါ လော့နျန်ဝေက ချက်ချင်း နေရာမှ ခုန်ထသွားသည်။
သူမ၏ မိခင်ဖြစ်သူ ရှန်စီသည်လည်း ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
"တကယ်လား လုချန်... နျန်ယင်း တကယ် ပြန်ရောက်လာတာလား"
ရှန်စီက မေးလိုက်သည်။ သားအမိနှစ်ယောက်စလုံး၏ အသံများက တုန်ယင်နေကြသည်။ လုချန်က သူမကို စိတ်အေးသွားစေမည့် အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။
"ဟုတ်ပါတယ် အန်တီ သူ ပြန်ရောက်လာပါပြီ... ဘေးကင်းဘေးကင်းနဲ့ကို ပြန်ရောက်လာတာပါ"
လော့နျန်ဝေက လှည့်ထွက်သွားသော လုချန်၏ ကျောပြင်ကို စိုက်ကြည့်နေမိသည်။ ကိုယ့်နားကိုတောင် ကိုယ် မယုံနိုင်အောင် ဖြစ်နေသည်။
“ဒီကောင် တကယ်ပဲ ပေါက်ကရတွေ ပြောနေတာ မဟုတ်ဘူးလား...”
သို့သော်လည်း သူမက လုချန်၏ အနောက်မှ တံခါးဆီသို့ လိုက်သွားလိုက်သည်။ တိုက်ခန်း အဆောက်အအုံထဲမှ ထွက်လာသောအခါ လော့နျန်ဝေ နှင့် ရှန်စီ တို့ နှစ်ယောက်စလုံး ကြက်သေ သေသွားကြသည်။ သူတို့ အဆောက်အအုံရှေ့တွင် ဧရာမ လူအုပ်ကြီး တစ်ခု စုရုံးနေကြသည်။ မဟာမိတ် စစ်သုံးကား အစီးလေးဆယ်ခန့်က တဖြည်းဖြည်း လာရပ်လိုက်ကြသည်။
“ဘာတွေ ဖြစ်နေတာလဲ...”
လော့နျန်ဝေက လုချန်ကို သံသယအပြည့်ရှိသော မျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။ လုချန် ကိုယ်တိုင်ပင်လျှင် အလွန် ဇဝေဇဝါ ဖြစ်နေသည်။ ဤကားများက ယခုမှ ရောက်လာသည်မှာ သိသာလှသည်။
“ဒါပေမဲ့ ဘာလို့ ဒီလောက် လူတွေအများကြီး စုရုံးနေကြတာလဲ...”
လုချန် မသိခဲ့သည့် အရာကတော့ စစ်ဆင်ရေး တစ်ခုလုံးကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်နေခဲ့ခြင်းပင် ဖြစ်သည်။ ယာဉ်တန်းကြီး ဦးတည်သွားနေသော လမ်းကြောင်းကို ကြည့်ပြီး သိချင်စိတ် ပြင်းပြနေသော လူအုပ်ကြီးက ထိုနေရာသို့ စုရုံးရောက်ရှိလာကြခြင်း ဖြစ်သည်။ နျန်ယင်းကို သိကြသော အိမ်နီးချင်းများကလည်း ဘာတွေဖြစ်နေသလဲဆိုတာ သိရအောင် အပြင်ထွက်လာကြသည်။
ခပ်ဝဝ အမျိုးသမီးကြီးတစ်ဦးက ရှန်စီ အနီးသို့ လျှောက်လာသည်။ ထို့နောက် စိုးရိမ်တကြီး မျက်နှာထားဖြင့် မေးလိုက်သည်။
"နျန်ယင်း ပြန်ပေးဆွဲခံရတယ်ဆို ဒီလောက် ကိစ္စကြီးကို ဘာလို့ ငါတို့ကို မပြောတာလဲ ငါတို့ ကူညီပေးလို့ ရနိုင်တာပဲဟာကို"
ထိုစကားကို ကြားသောအခါ ရှန်စီက အံ့အားသင့်သွားသည်။ “နျန်ယင်း ပြန်ပေးဆွဲခံရသည်ကို သူတို့ ဘယ်လိုလုပ် သိကြတာလဲ... သူမက နျန်ဝေ တစ်ယောက်တည်းကိုပဲ ပြောခဲ့တာလေ...”
အဖြေက ရှင်းနေပါသည်။ ဤခပ်ဝဝအမျိုးသမီးကြီးက သူမနှင့် ရင်းနှီးအောင် လာလုပ်နေခြင်းသာ ဖြစ်သည်။ ယခုအချိန်တွင် အရူးတစ်ယောက်ကပင် မြင်နိုင်လေသည်။
“ဒီမိသားစုမှာ အားကောင်းတဲ့ နောက်ခံ ကျောထောက်နောက်ခံတွေ ရှိနေပြီ မဟုတ်ရင် မဟာမိတ်အဖွဲ့က ဘယ်လိုလုပ် ဒီလောက် အင်အားကြီးကြီး လှုပ်ရှားပါ့မလဲ...”
"မသိဘူးလား"
အမျိုးသမီးကြီးက အံ့သြတကြီး ပြောလိုက်သည်။
"ဘာကို သိရမှာလဲ"
ရှန်စီက သတိထားကာ ပြန်မေးလိုက်သည်။
"ကယ်ဆယ်ရေး စစ်ဆင်ရေးကို တိုက်ရိုက် လွှင့်နေတာလေ... အခု အင်တာနက် တစ်ခွင်လုံးမှာ ပြန့်နေပြီ၊ လူတိုင်း ကြည့်နေကြတာ"
ယခုအခါ လုချန် နှင့် လော့နျန်ဝေတို့ပါ ကြောင်အမ်းသွားကြသည်။
“တိုက်ရိုက် ထုတ်လွှင့်တယ် ဟုတ်လား...”
လုချန်က မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
“ဒါက ကြီးကြပ်ရေးမှူးချိုက် ရဲ့ အကြံလား မဟာမိတ်အဖွဲ့က ဒီအမှုကို စံပြအဖြစ် ပြသပြီး တခြားလူတွေကို သတိပေးချင်လို့များလား...”
ထိုအချိန်မှာပင် လူအုပ်ကြီးကြားမှ တိုးတိုးတိတ်တိတ် စကားပြောသံများ ချက်ချင်း ရပ်တန့်သွားသည်။ ကားတံခါးများ တစ်ပေါက်ပြီးတစ်ပေါက် ပွင့်လာသည်။ ပထမဆုံး ထွက်လာသော စစ်သည်တော်များ အားလုံးမှာ အဆင့်E စစ်သည်တော်များ ဖြစ်ကြသည်။ ထို့နောက် သူတို့က အဆင့်D ပညာရှင်များအတွက် ကားတံခါးများကို ဖွင့်ပေးလိုက်ကြသည်။ အဆင့်D ပညာရှင် နှစ်ဆယ်ခန့် ရှေ့သို့ ထွက်လာကြသည်။
အလယ်ဗဟိုရှိ ကားတစ်စီးထဲမှ ပုံရိပ်တစ်ခု ထွက်လာသည်။ သူက ကောင်းချန်းဖုန်း ဖြစ်သည်။ သူ၏အနောက်တွင် လော့နျန်ယင်း ပါလာသည်။ ရှန်စီ နှင့် လော့နျန်ဝတို့က သူမကို မြင်သည်နှင့် တစ်ပြိုင်နက် ရှေ့သို့ အပြေးအလွှား သွားကြတော့သည်။ မိသားစုကို မြင်လိုက်ရသောအခါ လော့နျန်ယင်း၏ မျက်ရည်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ သူမက အော်ခေါ်လိုက်သည်။
"မေမေ... မမ"
စကားပြောနေရင်း သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် ဝေဝါးသွားသည်။ ပါးပြင်ထက်တွင် မျက်ရည်များ စီးကျလာသည်။
"သမီးက မေမေတို့ကို နောက်တစ်ခါ ပြန်မတွေ့ရတော့ဘူးလို့တောင် ထင်နေတာ"
လော့နျန်ဝေက သူမ၏ ပါးစပ်ကို လက်ချောင်းလေးဖြင့် အလျင်အမြန် ပိတ်လိုက်သည်။
"ပေါက်ကရတွေ မပြောပါနဲ့ နျန်ယင်းရယ်... မမ အသက်ရှင်နေသရွေ့ ညီမလေးကို ဘာမှ အဖြစ်မခံပါဘူး"
ယခင်က လော့နျန်ဝေသည် မိမိကိုယ်ကိုပင် စတေးရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် အရာအားလုံးက ထိုသို့ ဖြစ်မလာခဲ့ပေ။ ရှန်စီက လော့နျန်ယင်းကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ညီမလေးက ထပ်ပြီး ပျောက်ကွယ်သွားတော့မည့် အလားပင်။
"ငါ့သမီးလေးရယ်... သမီးကို မကာကွယ်နိုင်ခဲ့တဲ့ မေမေ့အမှားတွေပါ.. မေမေ့ကို ခွင့်လွှတ်ပါ... မေမေက အသုံးမကျတဲ့ မိန်းမပါ"
လော့နျန်ယင်းကလည်း မိခင်ကို ပြန်လည် ဖက်တွယ်ထားလိုက်သည်။
"အဲလို မပြောပါနဲ့ မေမေ... မေမေက ဒီလောကမှာ အကောင်းဆုံး မိခင်ပါ... အဲဒီလူတွေက အရမ်း အားကောင်းလွန်းလို့ပါ..."
"ဒါ မေမေ့အမှား မဟုတ်ပါဘူး... ဒါပေမဲ့ ဒီက ဦးဦးတွေက သူတို့ကို နှိမ်နင်းလိုက်ပြီလေ"
သားအမိ သုံးယောက်သား တိတ်ဆိတ်စွာ ဖက်ငိုနေကြသည်။ မည်သူမျှ သူတို့၏ ပြန်လည်ဆုံစည်းမှုကို မနှောင့်ယှက်ခဲ့ကြပေ။ ယခုအချိန်ရောက်မှသာ ရှန်စီက သတိဝင်လာတော့သည်။ သမီးဖြစ်သူကို ဖက်ထားရာမှ ချက်ချင်း လွှတ်လိုက်ပြီး ကောင်းချန်းဖုန်းကို ရိုရိုသေသေ ခါးညွတ်ကာ အရိုအသေပေးလိုက်သည်။
"လူကြီးမင်း... ကျွန်မရဲ့ သမီးလေးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကောင်းချန်းဖုန်းက တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သော ချွေးများ ထွက်လာတော့သည်။
“သူက ဘယ်လိုလုပ် ဂုဏ်ယူဝံ့ကြွားရဲမှာလဲ...”
“ပိုမှန်အောင် ပြောရလျှင် တစ်ဖက်လူက သူ့ကို အရိုအသေပေးတာကို သူ ဘယ်လိုလုပ် လက်ခံရဲမှာလဲ”
“ဟိုကောင်လေးက ငါ့ကို အသားလွတ် အရေခွံဆုတ်ပစ်ရင် ဘယ်လိုလုပ်မလဲ”
သူက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"အန်တီ... ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါ"
"တကယ်တော့ ဒီရာဇဝတ်ကောင်တွေက မြို့ထဲမှာ ဒီလိုကိစ္စမျိုး လုပ်ရဲတာဟာ ကျွန်တော်တို့ တာဝန်ပေါ့လျော့မှုကြောင့်ပါ"
ထိုစကားကို ကြားသောအခါ ရှန်စီက အလွန် အံ့အားသင့်သွားသည်။
“ဒီလောက် အာဏာရှိပြီး ဩဇာကြီးမားတဲ့ လူတွေက တကယ်ပဲ ဒီလောက် ယဉ်ကျေးကြတာလား...”
ဘေးမှ စောင့်ကြည့်နေကြသော အိမ်နီးချင်းများမှာမူ မနာလိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
“ဒီလောက် အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးကတောင် သူ့ကို အန်တီလို့ ခေါ်တယ်တဲ့...”
“ဒီမိသားစုတော့ ချမ်းသာတော့မှာပဲ...”
ထိုအချိန်မှာပင် ချိုက်ကျိကွမ်က ကားပေါ်မှ ဆင်းလာသည်။ ချက်ချင်းပင် အားကောင်းပြီး အသက်ရှူကြပ်လုမတတ် စိုးမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကြီး တစ်ခုက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူက တမင်သက်သက် ဖိအားပေးနေခြင်း မဟုတ်ပေ။
သို့သော် ပညာရှင်တစ်ဦး၏ သဘာဝအတိုင်း ထွက်ပေါ်နေသော အငွေ့အသက်ကပင် လူတွေ၏ ကျောရိုးကို စိမ့်တက်သွားစေရန် လုံလောက်နေသည်။ ထိုဖိအားက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ချိုက်ကျိကွမ်က အော်ပြောလိုက်သည်။
"အဲဒီ သားအဖ နှစ်ယောက်ကို ဒီခေါ်ခဲ့"
လုချန်က သူ့ကို နှုတ်ဆက်ရန် ရှေ့သို့ ထွက်လာသည်။
"ကြီးကြပ်ရေးမှူးချိုက်... ဒီလောက် မြန်မြန် ထပ်တွေ့ရတာ ဝမ်းသာပါတယ်... ကြီးကြပ်ရေးမှူး ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး... နေပါဦး... ဒီ တိုက်ရိုက် ထုတ်လွှင့်တယ်ဆိုတာက ဘာလဲ။...ဒီအမှုကို စံပြအဖြစ် ပြချင်လို့လား... တိုက်ရိုက် ထုတ်လွှင့်နေတဲ့ အကောင့်က ဘယ်မှာလဲ... ကျွန်တော် တစ်ချက်လောက် သွားကြည့်ရအောင်"
ထိုစကားကို ကြားသောအခါ ချိုက်ကျိကွမ်၏ မျက်ခုံးများ ပြင်းထန်စွာ တုန်လှုပ်သွားသည်။
"ဘာ အကောင့်လဲ"
ထို့နောက် တစ်စုံတစ်ရာကို သတိရသွားပုံဖြင့် သူက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
"ကျစ်... သတင်းကို ဖုံးထားဖို့ မေ့သွားတာပဲ... စစ်ဆင်ရေးတစ်ခုလုံးက ပြည်သူတွေရှေ့မှာ ပေါ်သွားပြီ... အခု သတင်းတွေ နေရာတိုင်းမှာ ပြန့်သွားတော့ ငါတို့က ဂျိုကာတွေလို ဖြစ်မနေဘူးလား"
ထို့နောက် သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အလွန် လေးနက်သော လေသံဖြင့် ပြန်ပြောသည်။
"ဘာ ဗီဒီယိုအကောင့်လဲ... ပေါက်ကရတွေ လာမပြောနဲ့"
"အခု မင်းရဲ့ ခယ်မလေးလည်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ... တရားခံကိုလည်း မင်းရှေ့ ခေါ်လာပေးပြီ... မင်း ဘာလုပ်ချင်လဲပြော"
လော့နျန်ဝေ၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူမက ကြက်သေသေသွားသည်။
“ကြီးကြပ်ရေးမှူး ဟုတ်လား...”
“လုချန်က ခုလေးတင် ဒီလူကို ကြီးကြပ်ရေးမှူးလို့ ခေါ်လိုက်တာလား”
မဟာမိတ်အဖွဲ့ထဲမှာ အဲဒီ စကားလုံးက ဘယ်လို အဓိပ္ပာယ်ရှိလဲဆိုတာ သူမ သိသည်။ စောစောက အသက်ရှူကြပ်လုမတတ် ဖိအားကြီးကို ခံစားလိုက်ရကတည်းက သူမ သံသယ ဝင်နေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ အရာအားလုံး အတည်ပြုလို့ ရသွားပြီ ဖြစ်သည်။
“ဒီလူက... အဆင့်C ပညာရှင်ကြီးပဲ”
“ဒါပေမဲ့ လုချန်က သူ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့...”
သူမ၏ နှလုံးသားက ရူးသွပ်စွာ ခုန်ပေါက်နေသည်။
“သူက တကယ်တော့ ဘယ်သူလဲ...”
“သူက A အခြေစိုက်မြို့တော်က အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်လား ဒါမှမဟုတ် အဆင့်B ပညာရှင်ကြီး တစ်ယောက်ရဲ့ သားမြေးများလား...”
သူမ၏ ခန့်မှန်းချက်က အမှန်တရားနှင့် သိပ်မဝေးလှပေ။ သို့သော် ချိုက်ကျိကွမ်က လုမိသားစုအတွက် ရောက်လာခြင်း မဟုတ်ပေ။ လုချန် တစ်ယောက်တည်းအတွက်သာ ရောက်လာခြင်း ဖြစ်သည်။ ချိုက်ကျိကွမ်က နျန်ယင်းကို လုချန်၏ ခယ်မလေး ဟု ခေါ်လိုက်သည်ကို လော့နျန်ဝေ ကြားလိုက်ရသောအခါ သူမ၏ လည်ပင်းနှင့် ပါးပြင်များ ချက်ချင်း နီရဲသွားတော့သည်။ယနေ့ တစ်ရက်တည်းအတွင်းမှာပင် သူမ၏ ခံစားချက်များက ရိုလာကိုစတာ စီးနေရသကဲ့သို့ အတက်အကျ ကြမ်းလွန်းလှသည်။ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အံ့အားသင့်ခြင်း၊ စိတ်လှုပ်ရှားခြင်း နှင့် ရှက်သွေးဖြာခြင်းများပင်။
ချိုက်ကျိကွမ်က နျန်ယင်းကို သူ၏ ခယ်မလေးဟု ခေါ်လိုက်သည်ကို လုချန် ကြားသောအခါ သူလည်း ချောင်းတစ်ချက် ဟန့်လိုက်မိသည်။ ထို့နောက် သူက မာချန်းထျန် နှင့် သူ၏သား မာကျုံးရွေ့ တို့ဘက်သို့ လှည့်ကြည့်လိုက်လေတော့သည်။
***