မာချန်းထျန်က အခြေအနေကို အကဲခတ်နေသည်။ လုချန်၏ အကြည့်များ ရောက်လာသောအခါ သူက လန့်ဖျပ်သွားသည်။
သူ့”ကို ဖမ်းဖို့ မဟာမိတ်အဖွဲ့ တစ်ခုလုံးကို ဒီကောင်လေးက လှုပ်ရှားခိုင်းလိုက်တာလား”
“သူက ဘယ်သူလဲ”
သို့သော် ယခုအချိန်တွင် ထိုအရာက အရေးမကြီးတော့ပေ။ သူက အသေအချာ နားလည်သွားပြီ ဖြစ်သည်။ သူ အသက်ရှင်နိုင်မလား ဆိုတာ ဒီကောင်လေး အပေါ်မှာပဲ မူတည်နေသည်။ မာချန်းထျန်က ချက်ချင်း အော်ပြောလိုက်သည်။
"သခင်လေး... ကျွန်တော် ဘာမှမသိပါဘူး... ဒါတွေအကုန်လုံးက ကျွန်တော့်သား လုပ်ခဲ့တာပါ... သခင်လေးနဲ့ ဒီအမျိုးသမီးကြားက ပတ်သက်မှုကိုလည်း သူ မသိခဲ့လို့ပါ"
"ဒီအမျိုးသမီးက သခင်လေးနဲ့ ပတ်သက်နေမှန်း သူသာသိရင် ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်ရဲမှာလဲ"
"ကျွန်တော်တို့ မှားသွားပါတယ် သခင်လေးရယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဘေးတွင် ရပ်နေသော မာကျုံးရွေ့ကလည်း ကြက်စာဆိတ်သကဲ့သို့ အဆက်မပြတ် ခေါင်းညိတ်နေသည်။ သူက အလွန်အမင်း ထိတ်လန့်နေပြီ ဖြစ်သည်။ အဆက်မပြတ် ကရုဏာသက်ရန် တောင်းပန်နေတော့သည်။
"သခင်လေး... သက်ညှာပါဦး သခင်လေး... ချမ်းသာပေးပါဦး မသိလို့ လုပ်မိတာပါဗျာ"
လုချန်၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။ ဤစကားများကို ကြားသောအခါ အေးစက်စက် လှောင်ပြုံးတစ်ခုသာ ပြုံးလိုက်သည်။ ထို့နောက် သူက စကားစလိုက်သည်။
"မင်းတို့ တောင်းပန်ရမှာ ငါ့ကို မဟုတ်ဘူး"
လုချန်၏ မျက်နှာပေါ်ရှိ လှောင်ပြုံးကို မြင်သောအခါ မာကျုံးရွေ့က ချက်ချင်း နားလည်သွားသည်။ သူက လော့နျန်ဝေ၏ ရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်ပြီး တောင်းပန်တော့သည်။
"နျန်ဝေ... ငါ့ကို ချမ်းသာပေးပါ... ငါ မှားသွားပါတယ်... နင့်ကို အတင်းအကျပ် မလုပ်ခဲ့သင့်ဘူး... ကျေးဇူးပြုပြီး... နင့်ကောင်လေးကို ငါ့အတွက် အသနားခံပေးပါဟာ"
"အရင်က အကြွေးတွေအကုန်လုံး လျှော်ပစ်ပါ့မယ်... နင် ဘာပဲလိုချင်လိုချင်... အကုန်ပေးပါ့မယ်... ကျေးဇူးပြုပြီး..."
“ရှပ်...”
သူ စကားပင် ဆုံးအောင် မပြောလိုက်ရပေ။ အေးစက်သော ဓားရောင်တစ်ချက် လက်ခနဲ ထွက်ပေါ်လာသည်။ မာကျုံးရွေ့၏ ခေါင်းက ပခုံးပေါ်မှ ပြတ်ထွက်ကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ လုချန်က ကမ္ဘာနှစ်သွယ်ဓား ကို တဖြည်းဖြည်း ပြန်သိမ်းလိုက်သည်။
"အခု မင်း တောင်းပန်ပြီးပြီဆိုတော့... သွားသေလို့ ရပြီ"
သူတို့ စတင်လှုပ်ရှားခဲ့သည့် အခိုက်အတန့်ကတည်းက သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးပြီးသား ဖြစ်သွားခဲ့သည်။ သွေးသံရဲရဲ ခေါင်းပြတ်ကြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်ကို ကြည့်ပြီး ဘေးတွင် ရပ်နေသူများအားလုံး ချက်ချင်း ကြက်သေ သေသွားကြသည်။ သတ္တိနည်းသော တချို့လူများဆိုလျှင် ကြောက်လန့်တကြား သတိလစ်မေ့မြောသွားကြသည်။ လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ကြရသည်။
အမူအရာကင်းမဲ့နေသော ထိုမျက်နှာကို ကြည့်ပြီး ချိုက်ကျိကွမ်က ဒုတိယဥက္ကဋ္ဌ ရှောင်ဝမ်လုံ၏ စကားများကို မနေနိုင်ဘဲ ပြန်လည် အမှတ်ရသွားမိသည်။
“ဒီကောင်လေးသာ လူသားမျိုးနွယ်ရဲ့ ရန်သူ ဖြစ်လာခဲ့ရင် ဘာတွေဖြစ်လာမလဲ မသိဘူး...”
“ဒီလောက် ထက်မြက်ပြီး ပြတ်သားလွန်းတယ်...”
သူက မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လော့နျန်ဝေ သည်လည်း ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားသည်။ သူမက နျန်ယင်း၏ မျက်လုံးများကို လက်ဖြင့် အလျင်အမြန် ကွယ်ထားလိုက်သည်။ အခြေအနေက ဒီအထိ ရောက်လာခဲ့သည်။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သူမ လုံးဝ မသိတော့ပေ။
သို့သော်လည်း လုချန်၏ ကျောပြင်ကို မြင်ရသောအခါ သူမ၏ နှလုံးသားထဲတွင် ငြိမ်းချမ်းမှုတစ်ခုကို ခံစားလိုက်ရသည်။ မာကျုံးရွေ့ကို သတ်ပြီးနောက် လုချန်က နောက်သို့ပင် လှည့်မကြည့်ခဲ့ပေ။ မာချန်းထျန်၏ ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ မာချန်းထျန်က သူ၏သားဖြစ်သူ၏ ခေါင်းပြတ်ကြီးကို မြင်လိုက်ရသည်။
ဒေါသ၊ ကြောက်ရွံ့မှု နှင့် ပူဆွေးသောက... ထိုခံစားချက်များ အားလုံးက သူ၏ နှလုံးသားထဲသို့ တစ်ပြိုင်နက်တည်း ရိုက်ခတ်လာသည်။ သူ၏ မျက်လုံးများက နီရဲလာသည်။ ဒီနေ့ သူ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူးဆိုတာကို သူ သိလိုက်သည်။ သူက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
"ခွေးကောင်... မင်းက ငါ့ကို အသေခံဖို့ တွန်းပို့နေတာပဲ... ငါတို့နဲ့အတူ ငရဲကို လိုက်ခဲ့စမ်း"
စကားပြောနေရင်းပင် သူ၏ ခန္ဓာကိုယ်ထဲမှ ဆူပွက်နေသော ဓာတ်သဘာဝ စွမ်းအင်များ ထွက်ပေါ်လာသည်။ မည်သည့် သတိပေးချက်မှမပါဘဲ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်လိုက်သည်။ ထိုအခိုက်အတန့်၌ လော့နျန်ဝေ၏ မျက်နှာက သေမတတ် ဖြူရော်သွားတော့သည်။
မာချန်းထျန်က အဆင့်D စစ်သည်တော် စစ်စစ်ကြီး တစ်ယောက်ဖြစ်သည်။ လုချန် ဘယ်လောက်ပဲ ပါရမီပါပါ... အဆင့်D စစ်သည်တော်တစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။ သူမက အလိုအလျောက် အော်ဟစ် သတိပေးလိုက်မိသည်။
"လုချန်... သတိထား"
သို့သော် လုချန်ကမူ သိသိသာသာကို တည်ငြိမ်နေဆဲပင်။ ဘာကြောင့်လဲဆိုတော့ သူ၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည် သည်လည်း အဆင့်D ပထမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ မဟုတ်သေးဘူး... အဆင့်-D ဆဋ္ဌမအလွှာပင်။ ထို့အပြင် သူ၌ အားကောင်းသော စိတ်စွမ်းအားလည်း ရှိသေးသည်။
မာချန်းထျန်က သာမန် အဆင့်D စစ်သည်တော်လေးပဲ ရှိသေးသည်။ သူက အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။ မာချန်းထျန်၏ ကိုယ်မှ စူးရှသော ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ အဆင့်D သို့ ရောက်ရှိလာသောအခါ စစ်သည်တော်များက ဓာတ်သဘာဝ စွမ်းအင်များကို လွတ်လပ်စွာ အသုံးပြုလာနိုင်ပြီ ဖြစ်သည်။ ဓာတ်သဘာဝ စွမ်းအင်များနှင့် ပတ်သက်သော ကျင့်စဉ်များကိုလည်း ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
မာချန်းထျန်က သတ္တုဓာတ်ခံ ရှိသော အဆင့်-D စစ်သည်တော် ဖြစ်သည်။ သူက လုချန်အပေါ်သို့ ရွှေရောင်အလင်း သိုင်းကွက်ဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းပင်။ လုချန်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပြင်ဆင်နေစဉ်မှာပင် ဒေါသတကြီး အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ"
ချိုက်ကျိကွမ်က လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံမှ ဧရာမ ဖိအားကြီးတစ်ခု ကျဆင်းလာသည်။ သူတို့ပတ်ဝန်းကျင်ရှိ လှိုင်းထန်နေသော သတ္တုဓာတ် စွမ်းအင်များ ချက်ချင်း ငြိမ်သက်သွားသည်။ မာချန်းထျန်က တစ်နေရာတည်းတွင် အေးခဲသွားသည်။ လုံးဝ လှုပ်ရှား၍ မရတော့ပေ။
သူ့ကို ရစ်သိုင်းထားသော ရွှေရောင်အလင်းတန်းများပင် အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။ ဤသည်က အဆင့်C စစ်သည်တော်တစ်ဦးထံမှ ထွက်ပေါ်လာသော အငွေ့အသက် ဖိအားပေးမှုပင်။ ထိုဖိအားထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို လုချန် ခံစားလိုက်ရသည်။ သူ့ကို ဦးတည်ထားခြင်း မဟုတ်သော်လည်း ထိုအထဲမှ စွမ်းအားကို သူ ခံစားသိရှိနိုင်သည်။
“ဒီတော့... ဒါက ချိုက်ကျိကွမ်ရဲ့ အစစ်အမှန် စွမ်းအားပေါ့လေ...”
“ဟီးဟီး... ပညာရှင်စစ်စစ်တွေက သူတို့ရဲ့ စွမ်းရည်တွေကို အလွယ်တကူ ထုတ်မပြကြဘူးကိုး...”
လုချန်က ကမ္ဘာနှစ်သွယ်ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ မာချန်းထျန်သည်လည်း သူ၏ သားဖြစ်သူ သွားခဲ့သည့် လမ်းအတိုင်း နောက်ကနေ လိုက်သွားရလေတော့သည်။ လုချန်က ချိုက်ကျိကွမ်ကို ကြည့်ကာ ပြောလိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူးချိုက်"
ချိုက်ကျိကွမ်က လုချန်ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်းလေးကလေ... ငါ ဝင်မပါရင်တောင် မင်း ဘာမှဖြစ်မှာ မဟုတ်ဘူးလို့ ငါ ခံစားနေရတယ်"
လုချန်က ပြုံးကာ ပြန်ဖြေသည်။
"ကြီးကြပ်ရေးမှူးချိုက်ကတော့ နောက်နေပြန်ပါပြီ"
စကားပြောနေရင်းပင် သူက ပတ်ဝန်းကျင်ရှိ ဩဇာတိက္ကမ ကြီးမားသော ပုဂ္ဂိုလ်ကြီးများကို ကြည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ယှက်ကာ ဂါရဝပြုလိုက်သည်။
"အားလုံးပဲ ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီနေ့ အားလုံးရဲ့ ကျေးဇူးကို ကျွန်တော် မှတ်ထားပါ့မယ်"
ထိုစကားကို ကြားသောအခါ အရေးပါသော ပုဂ္ဂိုလ်ကြီးများအားလုံး ကြင်နာသော အပြုံးများဖြင့် ပြန်လည် တုံ့ပြန်ကြသည်။ သူတို့ အနည်းငယ် စိတ်လှုပ်ရှားနေကြပုံပင်။ လုချန်က ဘယ်သူလဲဆိုတာကို သူတို့ သေချာပေါက် သိထားကြသည် မဟုတ်ပါလား။ ယနေ့ ဒုတိယဥက္ကဋ္ဌ ကိုယ်တိုင် ရောက်လာချိန်တွင် သူတို့ထဲမှ တချို့က ထိုနေရာတွင် ရှိနေခဲ့ကြသည်။
ဒုတိယဥက္ကဋ္ဌ၏ အေးစက်ပြီး ပြတ်သားသော ကြေညာချက်ကို ကြားခဲ့ရပြီးနောက် သူတို့ရှေ့မှ လူငယ်လေး၏ အရေးပါမှုကို သူတို့ ဘယ်လိုလုပ် နားမလည်ဘဲ နေပါမည်နည်း။ ထို့ကြောင့် လုချန်က သူတို့ကို ဘာလက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အကျိုးအမြတ်မှ မပေးနိုင်သေးရင်တောင် သူတို့အားလုံး အပြေးအလွှား ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ တစ်ဖက်လူနဲ့ မျက်မှန်းတန်းမိအောင် လုပ်ချင်ရုံ သက်သက်ပင်။
လော့နျန်ဝေ နှင့် ရှန်စီတို့မှာ ထိုမြင်ကွင်းကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ လော့နျန်ဝေက သူမဘာသာ တွေးလိုက်သည်။
“ကြည့်ရတာ ငါ လုချန်နဲ့ သေသေချာချာ စကားပြောဖို့ လိုနေပြီပဲ.. သူ တကယ်တော့ ဘယ်သူလဲဆိုတာကို မေးရမယ်...”
လုချန်က တစ်ဖန် ကျေးဇူးတင်စကား ဆိုလိုက်ပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။ ချိုက်ကျိကွမ်နှင့် အခြားလူများ ထွက်သွားပြီးနောက် လုချန်က လော့နျန်ဝေ အနီးသို့ လျှောက်သွားကာ ပြောလိုက်သည်။
"ငါတို့လည်း ပြန်ကြရအောင်... နျန်ယင်း အနားယူဖို့ လိုသေးတယ်လေ"
လော့နျန်ဝေက ခေါင်းညိတ်လိုက်သည်။ နျန်ယင်းကို ခေါ်ကာ သူတို့လေးယောက် အတူတူ အိမ်သို့ ပြန်လာခဲ့ကြသည်။ ရှန်စီက နျန်ယင်းကို အခန်းထဲသို့ ခေါ်သွားပြီး အနားယူစေလိုက်သည်။ လော့နျန်ဝေက နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားပြီ ဖြစ်သည်။
သူမ လုချန်ကို ကြည့်လိုက်သောအခါ ထိုလူက ဆိုဖာပေါ်တွင် အေးအေးဆေးဆေး ထိုင်ကာ လိမ္မော်သီး အခွံနွှာစားနေသည်ကို တွေ့လိုက်ရသည်။ “သူ ရေခဲသေတ္တာထဲကနေ လိမ္မော်သီးကို ဘယ်အချိန်က သွားယူလိုက်တာလဲ...”
သူ ကြည့်ရတာ အရမ်းကို သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး ရှိလွန်းနေသည်။ ကိုယ့်အိမ်ကိုယ့်ယာလိုပင်။ သို့သော် လော့နျန်ဝေက ပြုံးလိုက်မိသည်။ ဘာကြောင့်မှန်းတော့ မသိပေ။ ဒီခံစားချက်က အရမ်းကောင်းလွန်းသည်။ သူမက အနားသို့ လျှောက်သွားလိုက်ပြီး စကားစလိုက်သည်။
"အင်း... လုချန် ငါ နင့်ကို တစ်ခုလောက် မေးချင်တယ်"
လုချန်က လက်ထဲမှ လိမ္မော်သီးကိုသာ အာရုံစိုက်ခွာနေပြီး ခေါင်းပင် မမော့ဘဲ ပြန်ဖြေသည်။
"ဘာမေးချင်လို့လဲ... မေးလေ"
လော့နျန်ဝေက ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။
"တကယ်တော့ နင်က ဘယ်သူလဲ... နင်က ဘယ်လိုလုပ် ဒီလောက် အားကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတွေကို... အဆင့်C ပညာရှင်ကြီးတွေကိုတောင် လှုပ်ရှားခိုင်းနိုင်ရတာလဲ"
***