လုချန်က လက်ထဲမှ လိမ္မော်သီးကို အခွံနွှာနေသည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ငါ့မှာ ဘာအထူးအဆန်း နောက်ခံမှ မရှိပါဘူး... ငါက အဆင့်-F စစ်သည်တော် ဒသမအလွှာကို ခုလေးတင် အဆင့်ဖောက်ထွက်နိုင်ခဲ့လို့ မဟာမိတ်အဖွဲ့ရဲ့ အာရုံစိုက်မှုကို ခံလိုက်ရုံပါပဲ"
"ဒါကြောင့်လည်း ငါက အဲဒီလောက် အားကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတွေကို လှုပ်ရှားခိုင်းနိုင်ခဲ့တာပေါ့"
"ကြီးကြပ်ရေးမှူးချိုက် ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့တော့ ငါလည်း မထင်ထားဘူး"
ဤစကားကို ကြားသောအခါ လော့နျန်ဝေက အလိုအလျောက် ခေါင်းညိတ်လိုက်သည်။
"အော်... နင်က ခုလေးတင် အဆင့်ဖောက်ထွက်..."
ရုတ်တရက် သူမက ပြောစရာစကား ပျောက်သွားသည်။ မျက်လုံးများက ပြူးကျယ်သွားသည်။ ထို့နောက် အော်ဟစ်လိုက်တော့သည်။
"ဘာ... ဘာပြောတယ်"
သူမ၏ စူးရှသောအသံကြောင့် ရှန်စီ လန့်သွားပြီး အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။ မိမိ၏ သမီးကြီး တစ်ခုခု ထပ်ဖြစ်ပြန်ပြီဟု ထင်လိုက်ခြင်း ဖြစ်သည်။ လုချန်က သူမကို ကူကယ်ရာမဲ့နေသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ အကြည့်က ဤသို့ ဆိုနေသကဲ့သို့ပင် “ဘာလို့ ဒီလောက်တောင် တုံ့ပြန်မှု ကြီးနေရတာလဲ ငါက စူပါ ပါရမီရှင်လေ အဆင့်-F စစ်သည်တော် ဒသမအလွှာ ကို ဖောက်ထွက်နိုင်တာက ပုံမှန်ပဲ မဟုတ်ဘူးလား...”
သို့သော် တစ်ဖက်လူ၏ အလွန်အမင်း ထိတ်လန့်နေသော တုံ့ပြန်မှုကို မြင်ရသောအခါ လုချန်က အတော်လေး သဘောကျသွားသည်။ “အလုပ်ဖြစ်သေးတာပဲ...”
လော့နျန်ဝေက သူ့ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေ၏။ ခဏတာမျှ မှင်တက်သွားသည်။ သူမက ဗလာနတ္ထိ ဖြစ်နေသော မျက်လုံးများဖြင့် မိမိကိုယ်ကို ရေရွတ်လိုက်သည်။
"ဟုတ်တယ်လေ... နင့်လို စူပါ ပါရမီရှင်တစ်ယောက်အတွက် အဆင့်F စစ်သည်တော် ဒသမအလွှာကို ဖောက်ထွက်နိုင်တာက ဘာမှ မထူးဆန်းပါဘူး..."
"ပုံမှန်ပဲ... ပုံမှန်ပဲ... ပုံမှန်ဖြစ်ရမှာလား"
သူမ ရုတ်တရက် ဆိုဖာပေါ်မှ ခုန်ထလိုက်သည်။ တစ်ဖန် ထိန်းချုပ်မှု ကင်းမဲ့သွားပြီး အော်ဟစ်လိုက်ပြန်သည်။ လုချန်က သူမကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အေးဆေးစွာ ပြောလိုက်သည်။
"နျန်ဝေ... စိတ်ကို တည်တည်ထားစမ်းပါ... မင်းလို နတ်သမီးလေးက ပေါက်ကရတွေ ဆက်တိုက် မပြောသင့်ဘူးလေ"
ထို့နောက် လက်ထဲမှ လိမ္မော်သီးကို ဆက်နွှာနေလိုက်သည်။ ဤစကားကို ကြားသောအခါ လော့နျန်ဝေ၏ ပါးပြင်များ ချက်ချင်း နီရဲသွားတော့သည်။ သူမ အနေခက်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။ လုချန်ကို စိုက်ကြည့်နေမိသည်။ ဂြိုဟ်သားတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။ လုချန်က သူမကို ထပ်ကြည့်လိုက်ပြန်သည်။
"ငါ့အပေါ်ကို အတင်း ပစ်ချတော့မလို့ စီစဉ်နေတာလားတော့ မပြောနဲ့နော်... ငါကတော့ ကိစ္စမရှိပါဘူး... ဒါပေမဲ့ အန်တီက ဒီမှာ ရှိနေသေးတယ်လေ... အင်း... နျန်ဝေ မင်း မျက်နှာက ဘာလို့ အဲဒီလောက် နီနေရတာလဲ"
ရှန်စီက ထိုစကားကို ကြားသောအခါ ပြုံးလျက် အခန်းထဲသို့ ပြန်ဝင်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲမှ တွေးလိုက်မိသည်။
“ငါ့သမီးလေး... နင် ဒီထက်ပိုပြီး ရဲတင်းဖို့ လိုနေပြီ....”
လော့နျန်ဝေ တစ်ဖန် ဒေါသပေါက်ကွဲသွားပြန်သည်။
"နင်ဘာပေါက်ကရတွေ လာပြောနေတာလဲ... အရူးကြီး"
သို့သော် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လည်ပင်းမှစ၍ နားရွက်အဖျားအထိ နီရဲနေခဲ့ပြီ ဖြစ်သည်။ သူမက လုံးဝ ထိတ်လန့်သွားသည်။ ထို့နောက် ထိုအောက်တန်းကျသော လူယုတ်မာက သူ့ဘာသာ အပြစ်ကင်းစင်သည့်အလား ခေါင်းကို ခါယမ်းနေသည်ကို သူမ မြင်လိုက်ရသည်။
“စက်ဆုပ်စရာကောင်းလိုက်တာ...”
သူမ ပေါက်ကွဲထွက်တော့မည့် ဆဲဆဲတွင် ရုတ်တရက် အခွံနွှာပြီးသား လိမ္မော်သီးတစ်လုံး သူမထံသို့ ကမ်းပေးလာသည်။
"ရော့... မင်းအတွက်"
ခဏအကြာတွင် လုချန်က အတွင်းခန်းဘက်သို့ လှမ်းအော်လိုက်သည်။
"အန်တီ... ကျွန်တော် ပြန်တော့မယ်နော် နောက်မှပဲ ထပ်တွေ့ကြတာပေါ့"
ရှန်စီက အခန်းထဲမှ ပြုံးလျက် ထွက်လာသည်။
"လုချန်... မပြန်ပါနဲ့ဦး အန်တီ ဟင်းချက်နေပြီလေ ညစာစားပြီးမှ ပြန်ပါ... အချိန်လည်း နှောင်းနေပြီကို"
လုချန်က ပြုံးကာ ပြန်ဖြေသည်။
"မလိုတော့ပါဘူး အန်တီ ကျေးဇူးတင်ပါတယ်... ကျွန်တော် နောက်နေ့မှပဲ ညစာလာစားပါ့မယ်"
ရှန်စီက ခေါင်းညိတ်လိုက်သည်။
"အင်း... အဲဒါဆိုလည်း ကောင်းပါပြီ... လာစားဖို့ မမေ့နဲ့ဦးနော်"
လုချန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆင်းလာပြီး လူကုံထံ ရပ်ကွက်ဆီသို့ သူ၏ ဆိုင်ကယ်ဖြင့် မောင်းနှင်သွားလေတော့သည်။ အိမ်သို့ ရောက်သောအခါ အောက်ဘက် လမ်းမကြီးကို အကဲခတ်ရန် သူ၏ စိတ်စွမ်းအားများကို အကျင့်ပါနေသလို ဖြန့်ကြက်လိုက်သည်။
သို့သော် သူ၏ စိတ်စွမ်းအားက သူ၏ ကိုယ်ပိုင်အိမ်လေးနှင့် ထိတွေ့သွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော ဓာတ်သဘာဝ စွမ်းအင်ဝဲကတော့ကြီး သုံးခုက သူ၏ စိတ်ဝိညာဉ်နယ်ပယ် ထဲတွင် ဗုံးများကဲ့သို့ ပေါက်ကွဲထွက်လာသည်။ သူ၏ မျက်နှာက ချက်ချင်း သွေးဆုတ်သွားသည်။
“သူ့အိမ်မှာ... အဆင့်-B စစ်သည်တော် သုံးယောက်တောင် ရောက်နေတာလား”
အဲဒီအထဲက တစ်ယောက်ရဲ့ အငွေ့အသက်က ဒုတိယဥက္ကဋ္ဌ ရှောင်ဝမ်လုံ နီးပါးလောက်တောင် အားကောင်းနေတယ်
သူ ချက်ချင်း အရူးတစ်ယောက်လို အိမ်ဘက်သို့ အပြေးအလွှား သွားလိုက်သည်။ မိမိ၏ ဘေးကင်းလုံခြုံမှုကိုပင် ဂရုမစိုက်နိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိနေသည်။ “အဖေနဲ့ အမေ အဆင်ပြေရဲ့လား...”
တံခါးကို ဘန်း ခနဲ တွန်းဖွင့်လိုက်သည်။ သူက ချက်ချင်း အော်ဟစ်လိုက်သည်။
"အဖေ... အမေ အဆင်ပြေကြရဲ့လား"
သို့သော် သူ၏ရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းက လုံးဝ မျှော်လင့်မထားသော မြင်ကွင်းဖြစ်နေသည်။ သူ၏ဖခင် လုယွမ်က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် သက်ကြီးရွယ်အို သုံးဦးနှင့်အတူ စကားပြောကာ ရယ်မောနေသည်။ သူ၏ မိခင်ကလည်း ပျော်ရွှင်စွာဖြင့် သစ်သီးများ ချပေးနေသည်။
“တကယ်တော့ ဘာတွေဖြစ်ကုန်တာလဲ...”
လုယွမ်က သူ ပြန်လာသည်ကို မြင်သောအခါ ချက်ချင်း လက်ယမ်းပြလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
"သား... ဒီကို မြန်မြန်လာခဲ့... ဘယ်သူတွေ ရောက်နေလဲ ကြည့်စမ်း"
လုချန်က လုံးဝ ဇဝေဇဝါ ဖြစ်လျက် ရှေ့သို့ လျှောက်သွားလိုက်သည်။ လုယွမ်က ကျယ်လောင်စွာ ပြုံးလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် မိတ်ဆက်ပေးသည်။
"ဒါက သားရဲ့ ဘိုးဘေးကြီး လုဟုန်တောက်လေ ဒါက သားရဲ့ အဘိုး လုကျန့်လျန်... ပြီးတော့ ဒါက သားရဲ့ အဘိုးလေး လုကျန့်မုန်းတဲ့"
လုချန်က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ သူ၏ ဖခင်ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သူတို့မိသားစုရဲ့ သနားစရာကောင်းတဲ့ နောက်ခံအကြောင်းတွေကို လွမ်းဆွေးတသစွာနဲ့ ပြောပြနေခဲ့သည် မဟုတ်ဘူးလား။
“အခု ငါ့ရဲ့ မူလမိသားစုက လူတွေကို မြင်တော့ ဘယ်လိုဖြစ်သွားတာလဲ...”
“ဒေါ်လာ သန်းပေါင်းများစွာ တန်တဲ့ ထီပေါက်သွားသလိုပဲ... အရမ်းကို စိတ်လှုပ်ရှားနေပါလား”
သားဖြစ်သူ၏ မျက်လုံးထဲမှ အဓိပ္ပာယ်ကို မြင်သွားပုံရသည်။ လုယွမ်က အနေခက်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။ သူက မျက်လုံးချင်းဆုံခြင်းကို ရှောင်လွှဲလိုက်ပြီး ပြောသည်။
"ထားပါတော့... မင်းက လူကြီးတွေကို အရင် နှုတ်ဆက်သင့်တယ် မဟုတ်ဘူးလား"
လုဟုန်တောက်က လုချန်ကို မြင်သောအခါ သူ၏ မျက်လုံးများ လက်သွားသည်။ အမြတ်နိုးဆုံး ရတနာတစ်ခုကို ကြည့်နေရသကဲ့သို့ပင်။
"မိသားစုဝင်တွေကြားမှာ စည်းကမ်းတွေ သိပ်အများကြီး မလိုပါဘူး ကလေး... ဒီကိုလာခဲ့ မင်းရဲ့ ဘိုးဘေးကြီးကို သေသေချာချာ ကြည့်ခွင့်ပေးပါဦး"
"မင်း ကြီးပြင်းလာတဲ့ အချိန်တွေမှာ ငါတို့ အတူမရှိပေးနိုင်ခဲ့တဲ့အတွက် ငါတို့ တောင်းပန်ပါတယ်"
လုချန်က မိခင်ဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမက ဘာမှမမြင်လိုက်သည့်အလား အကြည့်ကို အလျင်အမြန် လွှဲဖယ်သွားသည်။
“ငါ့ကို မကြည့်နဲ့... ငါ ဘာမှမသိဘူး” ဟု ဆိုနေသကဲ့သို့ပင်။
သူ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။ သို့သော် သူက ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဘိုးဘေးကြီး... မင်္ဂလာပါ အဘိုး... မင်္ဂလာပါ အဘိုးလေး"
လုကျန့်မုန်းက ဤစကားကို ကြားသောအခါ သွားဖြီးလိုက်သည်။ ထို့နောက် ကျယ်လောင်စွာ ပြုံးလျက် ပြောလိုက်သည်။
"ငါ့ကို အဘိုးလေးလို့ မခေါ်နဲ့... အဘိုး လို့ပဲခေါ်... ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ အဘိုးအရင်းကတော့ မင်းကို မလိုချင်တော့ဘူးလေ"
သူက ဒေါသတကြီး ပြန်အော်လိုက်သည်။
"ဒုတိယညီ... မင်း ဘာပေါက်ကရတွေ လာပြောနေတာလဲ... သူက ငါ့မြေးကွ"
လုကျန့်မုန်းက နှာမှုတ်လိုက်သည်။
"ဒါဆို ဒီနှစ်တွေတစ်လျှောက်လုံး မင်းက ဘာလို့ သူ့ကို လာမကြည့်ခဲ့တာလဲ"
သိသာလှသည်။ သူက အပြစ်အားလုံးကို လုကျန့်လျန် အပေါ်သို့ လွှဲချလိုက်ခြင်းပင်။ လုကျန့်မုန်း နှင့် သူ၏ဖခင် လုဟုန်တောက် တို့ နှစ်ဦးစလုံးက တကယ့် လူတတ်ကြီးများ ဖြစ်ကြလေသည်။
***