လုချန်က လုမိသားစုအပေါ် အာဃာတ ကြီးကြီးမားမား မရှိပေ။ သူ စိုးရိမ်သည်မှာ သူ့မိဘများ၏ သဘောထားသာ ဖြစ်သည်။ ယခုမူ လုယွမ်ကိုယ်တိုင်က လက်ခံလိုက်ပြီဖြစ်ရာ လုချန်အနေဖြင့် ငြင်းဆန်နေရန် အကြောင်းပြချက် မရှိတော့ဟု သူ ယုံကြည်လိုက်သည်။
ထို့နောက် အားလုံး စုံစုံလင်လင် ထိုင်ကာ ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုကြသည်။ လုချန်က လုမိသားစု၏ သမိုင်းကြောင်း၊ မိသားစုဝင်များနှင့် ၎င်းတို့၏ အမွေအနှစ်များအကြောင်းကို တဖြည်းဖြည်း သိရှိလာခဲ့သည်။
ထိုစဉ် လုဟုန်တောက်က လုယွမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ကလေး... အတိတ်ကကိစ္စတွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့ အရင်က ငါတို့တွေပဲ မှားခဲ့တာပါ"
"အဘိုးက မင်းကို အိမ်ပြန်လာဖို့ အခုပဲ ဖိတ်ခေါ်ပါတယ် မင်းရဲ့ သုတေသနဓာတ်ခွဲခန်းကိုလည်း နှစ်အတော်ကြာ ချိပ်ပိတ်ထားခဲ့တာ... ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့ရဲကြဘူး ပြန်လာခဲ့ပါ... မိသားစုက မင်းကို စောင့်နေတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ လုယွမ်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်။ လုမိသားစုအိမ်တော်သို့ ပြန်ရမည်ဟူသော အချက်က သူတစ်ခါမျှ မမက်ရဲခဲ့သော အိပ်မက်တစ်ခုပင်။ ယနေ့တွင်မူ သူ၏သားဖြစ်သူက သူဆုံးရှုံးခဲ့ရသော ဂုဏ်သိက္ခာများကို ပြန်လည်ဆယ်ယူပေးခဲ့ပြီ။ သူ ပျော်မိသလို တစ်ခါဖူးမျှ မကြုံဖူးသည့် ဂုဏ်ယူမှုကိုလည်း ခံစားနေရသည်။
ထို့နောက် လုဟုန်တောက်က ဆုန့်ယွဲကို ကြည့်ကာ ပြောပြန်သည်။ "ဒါတွေက မင်းအတွက်တော့ မထိုက်တန်တဲ့ ကံဆိုးမှုတွေပါပဲ မင်း ဘာမှမမှားဘဲနဲ့ ယွမ်အာနဲ့အတူ ဒုက္ခခံခဲ့ရတာ... အဲဒီအတွက် ငါ တကယ်ပဲ တောင်းပန်ပါတယ်"
ဆုန့်ယွဲ၏ မျက်ဝန်းများက နီမြန်းလာပြီး ရှိုက်သံဖြင့် ပြန်ပြောသည်။ "ဘိုးဘေးကြီး... အဲဒီလို မပြောပါနဲ့ ဒါ ကျွန်မတို့ အမှားလည်း ပါပါတယ် အဲဒီတုန်းက လုယွမ်နဲ့ ကျွန်မက မိသားစုရဲ့ ခံစားချက်ကို ထည့်မတွက်ခဲ့ကြလို့ပါ"
လုဟုန်တောက်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။ သူမက လုမိသားစု၏ မြေးချွေးမဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်ပင် ထိုက်တန်ပေသည်။ သူမသည် ဘယ်အရာက အရေးကြီးသည်ကို ကောင်းကောင်း နားလည်ထားသူ ဖြစ်သည်။
ထို့နောက် လုကျန့်လျန်ကလည်း ဆုန့်ယွဲကို တောင်းပန်ရန် ပြင်လိုက်သော်လည်း သူမက အမြန်ပင် ခေါင်းယမ်းလိုက်သည်။ "အဖေ... အဖေက လုယွမ်ရဲ့ အဖေပဲ ကျွန်မရဲ့ အဖေလည်း ဖြစ်ပါတယ်.... အဖေက ကျွန်မကို ဘယ်လိုလုပ် တောင်းပန်လို့ ရမှာလဲ"
ထို့နောက် လုကျန့်လျန်က ထရပ်ကာ လုယွမ်နှင့်အတူ အပြင်သို့ ထွက်သွားကြသည်။ သားအဖနှစ်ယောက် ပြောစရာ စကားများစွာ ရှိနေပုံရသည်။ အမှန်တကယ်တော့ ယခုအချိန်အထိ သားအဖနှစ်ယောက်ကြားတွင် စိမ်းသက်မှု ရှိနေဆဲပင်။ ၎င်းမှာ လုကျန့်လျန်က အစပျိုးမှု မရှိ၍ မဟုတ်ဘဲ လုချန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
အကယ်၍ လုချန်သာ အာဃာတများကို မစွန့်လွှတ်နိုင်ပါက သူတို့သားအဖ ပြန်လည်သင့်မြတ်ရေးမှာလည်း သူတို့ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် မရှိပေ။ အတင်းအကျပ် လုပ်ယူ၍ရသော အရာမျိုး မဟုတ်သောကြောင့်ပင်။
အဆင့်B စစ်သည်တော် တစ်ယောက်ဖြစ်သော်လည်း A-1 အခြေစိုက်မြို့တော်မှ သူ့ဖခင်၊ ညီဖြစ်သူတို့နှင့်အတူ လိုက်လာစဉ်တစ်လျှောက် လုကျန့်လျန်က နောက်တန်းသို့သာ ရောက်နေခဲ့ပြီး စကားအများကြီး မပြောခဲ့ပေ။
လုချန်က ထိုအရာကို မြင်သောအခါ ပြုံးလိုက်သည်။ သူ့ဖခင်က လုမိသားစုထံ အမှန်တကယ် ပြန်လိုနေသည်ကို သူ သိမြင်နိုင်သည်။ ထိုစဉ်က ကိစ္စမှာ သူ့ဖခင်အား အတင်းအကျပ် လက်ထပ်ခိုင်းခြင်းကြောင့် ဆိုသည်ထက် မိသားစု၏ ဝေဖန်မှုများအောက်တွင် သူ၏ နိမ့်ကျလှသော အားငယ်စိတ်များ ပေါက်ကွဲထွက်သွားခြင်းကြောင့်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။
ထို့ကြောင့် သူတို့က ထွက်ပြေးခဲ့ကြသည်။ ထိုတောက်ပလွန်းသော ရွှေရောင်မိသားစုကြီးထံမှ လွတ်မြောက်ရန်၊ သာမန်လူသားတစ်ယောက်အဖြစ် သာမန်ကမ္ဘာထဲသို့ တိုးဝင်ရန်နှင့် မိသားစု၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရန်အတွက်ပင်။ သို့သော်လည်း သူတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် မိသားစု၏ ဂုဏ်သိက္ခာကို မထိခိုက်စေမည့် တစ်နေ့တွင် မိသားစုထံ ပြန်လည်ရောက်ရှိရန် အမြဲတမ်း တောင့်တနေခဲ့ကြမည်သာ။
လုဟုန်တောက်က အရာအားလုံးကို ပြုံးလျက် ကြည့်နေပြီးနောက် လုချန်ဘက်သို့ လှည့်လာသည်။ "ချန်အာ... မင်းရဲ့ ရှေ့ဆက်မယ့် အစီအစဉ်က ဘာလဲ... ငါတို့နဲ့ အတူတူ အိမ်ပြန်လိုက်ခဲ့မလား"
လုချန်က ထိုစကားကို ကြားသောအခါ ခဏတာ တုံ့ဆိုင်းသွားပြီး စဉ်းစားဟန်ပြုလိုက်သည်။ "ကျွန်တော် A-1 အခြေစိုက်မြို့တော်ကို သွားဖို့ အစီအစဉ်ရှိပါတယ်... ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်ဘူး... နောက်ငါးရက်နေရင် သွားဖို့ စိတ်ကူးထားပါတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ လုဟုန်တောက်မှာ ချက်ချင်းပင် သက်ပြင်းချကာ စိတ်အေးသွားတော့သည်။ လုချန်က လုမိသားစုကို ဆန့်ကျင်နေမည်ကို သူ အမြဲတမ်း စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
"ကောင်းပြီလေ" သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒါဆိုရင် ငါတို့ လုမိသားစုအိမ်တော်မှာ မင်းကို စောင့်နေမယ်"
"ဟုတ်ကဲ့" လုချန်က လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် လှည့်ထွက်ကာ သူ့အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။
ယနေ့တွင် ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်။ မဟာမိတ်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်၊ လော့နျန်ဝေ၏ ညီမလေးကို ကယ်တင်ခဲ့သည်။ ယခုမူ သူ၏ ဘိုးဘေးကြီးနှင့် အဘိုးပင် ရောက်လာခဲ့ကြပြီး သူတို့မိသားစုကို အိမ်ပြန်ခေါ်ရန် တောင်းပန်ခဲ့ကြသည်။
သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ "တကယ်ကို စုံလင်လှတဲ့ နေ့တစ်နေ့ပါပဲ..."
ရေပူဖြင့် ရေချိုးပြီးနောက် သက်သောင့်သက်သာရှိသော အိပ်ယာဝင်ဝတ်စုံကို လဲလိုက်ကာ လုချန်က ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ၏ ရှေ့ဆက်မည့် အဆင့်များကို စတင်စီစဉ်ရပေမည်။
သူ၏ ခွန်အားမှာ အလိုအလျောက် ဆက်လက် တိုးပွားနေမည်မှာ သေချာသည်။ သို့သော် သာမန်ခွန်အား ရှိရုံနှင့် မလုံလောက်ပေ။ သူက တိုက်ခိုက်ရေး ဗီဇ၊ တိုက်ခိုက်ရေး အာရုံနှင့် အသိတရားတို့ကိုပါ ထက်မြက်အောင် ပျိုးထောင်ရန် လိုအပ်သည်။ ဤအရာအားလုံးမှာ အစွမ်းထက်သော သားရဲများနှင့် တကယ့်စစ်မြေပြင်တွင် ရင်ဆိုင်တိုက်ခိုက်မှသာ ရရှိနိုင်မည် ဖြစ်သည်။
သို့သော်လည်း ဤအရာအားလုံးထက် သူက အဆင့်D ကို အရင်ဆုံး ဖောက်ထွက်နိုင်ဖို့ လိုအပ်သည်။ အဆင့်D ရောက်မှသာ သူက ဓာတ်သဘာဝစွမ်းအင်များကို အသုံးပြုနိုင်မည်ဖြစ်ပြီး ဓာတ်သဘာဝ သိုင်းကွက်များကို လေ့ကျင့်နိုင်မည်ဖြစ်သည်။
သူ၏ ယခင်ဘဝက ဖတ်ခဲ့ဖူးသော ကျင့်ကြံခြင်းဝတ္ထုများထဲမှ ဇာတ်ကွက်မျိုးစုံကို ပြန်လည်တွေးတောမိရင်း သူ၏ အတွေးများမှာ လွင့်ပျံသွားကာ နှုတ်ခမ်းထောင့်တွင် အလိုလို အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤကမ္ဘာကြီးမှာလည်း ယခင်ဘဝကကဲ့သို့ နတ်ဘုရားနယ်ပယ်လိုမျိုး ပိုမိုမြင့်မားတဲ့ အတိုင်းအတာတွေ ရှိနေမလားဆိုတာ သူ မသိပေ။
မည်သို့ပင်ဖြစ်စေ ဤကမ္ဘာ၏ ကျင့်ကြံခြင်းနည်းလမ်းများမှာ အမှန်ပင် ထူးခြားဆန်းပြားလှသည်။ အကယ်၍ သူသာ ဓာတ်သဘာဝစွမ်းအင်များကို ရရှိပြီး ကျင့်စဉ်များကို စတင်လေ့ကျင့်ပါက သူ၏ အခြေခံခွန်အားများကဲ့သို့ပင် ဓာတ်သဘာဝစွမ်းအားများမှာလည်း နေ့စဉ် နှစ်ဆ တိုးပွားနေမည်လား။
ဖြစ်နိုင်သည်မှာ သူသည်လည်း ယခင်ဘဝက စူပါဟီးရိုးများကဲ့သို့ လက်သီးတစ်ချက်တည်းနှင့် ကြယ်တစ်လုံးကို ဖျက်ဆီးနိုင်သူ ဖြစ်လာနိုင်ပေသည်။ သို့သော်လည်း လက်ရှိတွင်မူ သူက အသက်ရှင်သန်နေရန် လိုအပ်သည်။
အကယ်၍ သူသာ ယခုချက်ချင်း အဆင့်ဖောက်ထွက်လိုက်ပါက အဆင့်B ကျွမ်းကျင်သူ သုံးယောက်စလုံးက သတိထားမိသွားနိုင်ပြီး သူ၏ အစွမ်းအစအစစ်အမှန် ပေါက်ကြားသွားနိုင်သည်။ လူသားမျိုးနွယ်၏ အသန်မာဆုံးပုဂ္ဂိုလ် သို့မဟုတ် လူသူမရှိသော တောရိုင်းနယ်မြေမှ အစွမ်းထက်ဆုံး သတ္တဝါကို မကျော်လွန်နိုင်သေးသရွေ့ သူက လူမသိအောင် အစွမ်းလျှိုထားရန်သာ ဆုံးဖြတ်လိုက်သည်။
ကိုယ်ပိုင်ကိစ္စများကို စဉ်းစားပြီးနောက် လုချန်က ညစာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ့ဖခင်နှင့် အဘိုးတို့သည်လည်း စကားပြောပြီး ပြန်ရောက်နေကြပြီ ဖြစ်သည်။ သူ့ကို မြင်သောအခါ ဆုန့်ယွဲက ညင်သာစွာ ပြုံးပြသည်။ "လာ... ထိုင်တော့... အမေ ညစာ ပြင်ပြီးသွားပြီ"
လူခြောက်ဦးရှိသော မိသားစုက စားပွဲတွင် ဝိုင်းဖွဲ့ထိုင်ကြပြီး တစ်လျှောက်လုံး ရယ်မောပျော်ရွှင်နေကြသည်။ လုချန်က သူ့ဖခင်၏ မျက်ဝန်းများထဲမှ စစ်မှန်သော ပျော်ရွှင်မှုကို မြင်တွေ့နေရသဖြင့် ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။
ညစာစားပြီးနောက် A-1 အခြေစိုက်မြို့တော်သို့ သွားမည့်ကိစ္စကို မိဘများအား ပြောပြလိုက်သည်။ "ကျွန်တော် နောက်ငါးရက်နေရင် ထွက်သွားတော့မယ်" လုချန်က စကားစလိုက်သည်။ "အဖေတို့က ကျွန်တော်နဲ့ လိုက်မှာလား ဒါမှမဟုတ် အဘိုးတို့နဲ့ အရင်လိုက်သွားမှာလား"
လုယွမ်က တုံ့ဆိုင်းစွာဖြင့် "သား... အဖေ အခုမှ ဟို ရင်းနှီးမြှုပ်နှံမှု ယွမ် ၄.၈ ဘီလီယံနဲ့ ကုမ္ပဏီ စထောင်ထားတာလေ အခုချက်ချင်း ထွက်သွားရင်... အသစ်စက်စက် ကုမ္ပဏီက ဘယ်လိုလုပ်မလဲ"
လုဟုန်တောက်က လက်ကာပြလိုက်သည်။ "အဲဒါအတွက် မစိုးရိမ်ပါနဲ့ မင်း မရှိတုန်းမှာ ငါ့ဘက်က ပညာရှင်တစ်ယောက်ကို စီမံခန့်ခွဲဖို့ လွှတ်ပေးထားမယ်... နောက်မှ မင်း ကုမ္ပဏီဌာနချုပ်ကို A-1 အခြေစိုက်မြို့တော်ဆီ ရွှေ့လိုက်လို့ ရတာပဲ"
လုယွမ်က ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ... ဒါပဲ ရှိတာပဲလေ ဒါနဲ့... သားက ဘယ်တော့ သွားမှာလဲ"
"နောက်ငါးရက်နေရင်ပါ" လုချန်က ပြန်ဖြေသည်။ "အဖေ... ကျွန်တော်နဲ့ လိုက်မှာလား"
လုယွမ်က ပြုံးကာ "သားနဲ့ လိုက်ရမှာပေါ့... အဖေတို့သာ မနက်ဖြန် လိုက်သွားရင် ဒီငါးရက်အတွင်း သားကို ဘယ်သူက ထမင်းချက်ကျွေးမှာလဲ"
လုချန်က ချက်ချင်းပင် မျက်လုံးလေး ကလယ်ကလယ်ဖြင့် စနောက်လိုက်သည်။ "အဖေက မိသားစုနဲ့ တစ်ယောက်တည်း ရင်ဆိုင်ရမှာ ကြောက်နေလို့ မဟုတ်လား"
လုယွမ်က ချက်ချင်းပင် မျက်နှာလွှဲလိုက်ပြီး "မင်း ဘာပြောလိုက်တာလဲ... အဖေ မကြားလိုက်ဘူး"
လုချန်က ချက်ချင်းပင် အော်ဟစ်ကာ ရယ်မောလိုက်တော့သည်။ "ဟုတ်ပါပြီ... ဟုတ်ပါပြီ ကောင်းသောညပါ အဖေ"
***