မူလက မိမိတို့သက်ဆိုင်ရာ စားသောက်ဆိုင်များအတွက် အားပေးနေကြသော အသံများသည် တုကူးဖူကွေ့၏ “သူဌေးလု နိုင်ရမည်” ဆိုသည့် စကားအောက်တွင် ချက်ချင်း လွှမ်းမိုးပျောက်ကွယ်သွားရသည်။ ထို့နောက်တွင်တော့ လမ်းကြောင်းတစ်ခု ပြောင်းလဲသွားသည်။ လူများစွာက စိတ်ဝိညာဉ်ကျောက်တုံးများ၏ သွေးဆောင်မှုအောက်တွင် မူလက သူတို့အားပေးခဲ့သော စားသောက်ဆိုင်များကို စွန့်ခွာကာ “သူဌေးလု နိုင်ရမည်” ဟု စတင်အော်ဟစ်လာကြသည်။
ခုနလေးတင် လုချန်ကို လှောင်ပြောင်နေခဲ့ကြသူများမှာ မှင်သက်သွားကြသည်။
သူတို့က ရွှေစင်ရထားလုံးပေါ်မှ တုကူးဖူကွေ့ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ လုချန်၏ တည်းခိုခန်းတစ်ခန်းလုံးက သူ၏ သီးသန့်ခန်းလောက်တောင် မကျယ်ဘူးဟု ဝင့်ကြွားစွာ ပြောဆိုခဲ့သူမှာ သူပင်ဖြစ်သည်။ ယခုတော့ တုကူးဖူကွေ့တစ်ယောက် နတ်သမီးလေး ပန်းကြဲချနေသကဲ့သို့ စိတ်ဝိညာဉ်ကျောက်တုံး အစအနများကို ပက်ကြဲနေသည်ကို သူတို့ မြင်တွေ့နေရသည်။
'ကျွတ်... အစ်ကိုကြီးရယ် ဒီလောက်တောင် ဖြုန်းတီးပြစရာ မလိုပါဘူး... အားပေးသံ နည်းနည်းလေးအတွက်နဲ့ တကယ်ပဲ တန်လို့လား'
အခြား ပြိုင်ပွဲဝင်များ၏ မျက်နှာများကလည်း မှုန်ကုပ်သွားကြသည်။
အကြောင်းမူကား အခြားပြည်နယ်များမှ သူတို့နှင့်အတူ လိုက်ပါလာခဲ့ကြသူများအားလုံး ယခုအခါ “သူဌေးလု နိုင်ရမည်” ဟူသော စကားကိုသာ ဝိုင်းဝန်းအော်ဟစ်နေကြသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ဒါက သူတို့ကို သစ္စာဖောက်ခံရသလို ပြင်းပြင်းထန်ထန် ခံစားလိုက်ရစေသည်။
သေချာပေါက် လုချန်အတွက် အားပေးသံများက ဒီလောက်နှင့် ကုန်ဆုံးမသွားပေ။
ကျင်ကျောင်းက ဖေ့ယီရှန်၊ ရှောက်ချင်းတို့နှင့်အတူ ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ထိုအမျိုးသမီးသုံးဦး၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော အားပေးသံသုံးသံက လူတချို့၏ မျက်လုံးများကို ချက်ချင်း ပြူးကျယ်သွားစေသည်။
သူတို့က တစ်ယောက်တစ်မျိုးစီ ဆွဲဆောင်မှုရှိလှသော အလှပန်းလေးသုံးပွင့် ဖြစ်သည်။ သို့တိုင် သူတို့အားလုံးက ယောက်ျားတစ်ယောက်တည်းအတွက် အားပေးနေကြခြင်း ဖြစ်သည်။
'ကျိုး... ဒီကောင်က ဘာတွေများ လုပ်ထားလို့လဲ... ဒါက ကံကောင်းလွန်းနေပြီ'
အလှမယ်လေးများ၏ စည်းရုံးနိုင်စွမ်းက အလွန်ကြီးမားလှသည်။ အမျိုးသမီးသုံးဦး အားပေးလိုက်သည်နှင့် လူများစွာမှာ ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွလာကြသည်။
“ဆရာဦးလေးငယ် အားတင်းထား”
ကမ္ဘာမြေကြီး တုန်ဟည်းသွားမတတ် နောက်ထပ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဒီအသံက အစောပိုင်းက ပထမအဆင့် ဂိုဏ်းချုပ်ကြီးများ၏ ပေါင်းစပ်အသံထက်ပင် ပို၍ကျယ်လောင်နေပြီး လူအုပ်ထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ မြို့တော်အပြင်ဘက်မှ လာခြင်းဖြစ်သည်။
အဝေးမှ ကြည့်လိုက်လျှင် မီတာတစ်ရာခန့် မြင့်မားလှသော ဧရာမ ပုံရိပ်ကြီးတစ်ခုက မြို့တော်ရိုးအပြင်ဘက်တွင် ရပ်တန့်နေသည်ကို မြင်နိုင်သည်။ သူ ဟိန်းဟောက်လိုက်သောအခါ ရင်ပြင်ပေါ်ရှိ လူများပင် ပြင်းထန်သော လေပြင်းတစ်ချက်ကို ခံစားလိုက်ရသည်။
“ကောင်းကင်ကိုယ်ထင်ပြခြင်းပဲ... ဒါက အနည်းဆုံး ကပ်ဘေးကျော်ဖြတ်ခြင်း ပဉ္စမအဆင့်ရှိတဲ့သူမှ သုံးနိုင်တဲ့ ပညာရပ်လေ”
တစ်စုံတစ်ယောက်က မြို့ပြင်မှ ဧရာမအရိပ်ကြီးကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်။
“မဖြစ်နိုင်တာ... ကပ်ဘေးကျော်ဖြတ်ခြင်း ပဉ္စမအဆင့်က မဟာပညာရှင်ကြီးကလည်း တစ်ယောက်ယောက်ကို လာအားပေးတယ်ပေါ့... ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကပ်ဘေးကျော်ဖြတ်ခြင်း ပဉ္စမအဆင့် ပညာရှင်များသည် အလယ်ပိုင်းကုန်းမြေတိုက်၏ အထွတ်အထိပ်တွင် ရပ်တည်နေသူများ ဖြစ်သည်။ ဤအဆင့်သို့ ရောက်လျှင် သူတို့၏ မျက်နှာကို မြင်တွေ့ရရန်ပင် ခက်ခဲလှသည်။ သူတို့ ပေါ်ထွက်လာသည်နှင့် လူအများ၏ လေးစားကြည်ညိုမှုကို ခံရမည်မှာ အသေအချာပင်။ ဥပမာပြရလျှင် ရှောက်ချင်း၏ ဖခင်ဖြစ်သူ ရှောက်မိသားစုခေါင်းဆောင်သည် ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တစ်ဦးကို မြင်တွေ့လိုက်ရသည်နှင့် ချက်ချင်း ဒူးထောက်အရိုအသေပေးခဲ့သည်ကို ကြည့်နိုင်သည်။
သို့သော် ယခုအခါတွင် တစ်စုံတစ်ယောက်က သေမျိုးတစ်ဦး၏ ပြိုင်ပွဲအတွက် အားပေးရန် ရောက်လာခဲ့သည်။ ဤသည်မှာ အရင်က တစ်ခါမှ မဖြစ်ဖူးသော ကိစ္စပင်။
ပြီးတော့ သူ ဘာအော်လိုက်တာလဲ။ ဆရာဦးလေးငယ် ဟုတ်လား။ ကပ်ဘေးကျော်ဖြတ်ခြင်း ပဉ္စမအဆင့် ပညာရှင်ကြီးတစ်ယောက်ရဲ့ ဆရာဦးလေးငယ်က ပြိုင်ပွဲဝင်နေတယ်ပေါ့လေ။
ဒီကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်ကြီး၏ ဆရာဦးလေးငယ်က ဘယ်သူဖြစ်နိုင်မလဲဟု လူတိုင်း အံ့အားသင့်ကာ ခန့်မှန်းနေကြဆဲမှာပင် အပြင်ဘက်မှ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။
“ဆရာဦးလေးငယ်လု နိုင်ရမည်”
သူ့မျိုးရိုးနာမည်က လု တဲ့လား...
ဟိုကောင်လေးပဲ ဖြစ်နေမလား...
ဒီရောက်နေတဲ့သူတွေထဲမှာ လု မျိုးရိုးနာမည်ရှိတာ သူတစ်ယောက်ပဲ ရှိတာလေ။ ဘုရားရေ... ဒါက နည်းနည်း လွန်လွန်းမနေဘူးလား။ သူက လူငယ်လေးတစ်ယောက် မဟုတ်ဘဲ နုပျိုခြင်းဆီ ပြန်လည်ရောက်ရှိသွားတဲ့ ဘိုးဘေးကြီးတစ်ယောက်များ ဖြစ်နေမလား။
လူအုပ်ထဲမှ တစ်ယောက်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး မြို့တော်အပြင်ဘက်ရှိ ပုံရိပ်ကြီးကို မျက်နှာမူကာ ဝမ်းသာအားရ အံ့သြဟန်ဖြင့် မေးလိုက်သည်။
“အဘိုးကြီးလျို... ခင်ဗျား ပဉ္စမအဆင့် ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်သွားပြီလား”
ဒီလူကလည်း ကပ်ဘေးကျော်ဖြတ်ခြင်း စတုတ္ထအဆင့်တွင် ကာလရှည်ကြာ တစ်ဆို့နေခဲ့သော ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။
“အဲဒီလောက်တင် ဘယ်ကမလဲ... ငါ ဆဋ္ဌမအဆင့်တောင် ရောက်တော့မှာကွ... ဟားဟားဟားဟား”
အဘိုးကြီးလျိုဟု ခေါ်ခံရသူက ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူသည် သူတောင်းစားအဘိုးအိုက ရှမိသားစု ဘိုးဘေးကြီးကို ပညာပေးတော့မည့်အချိန်တွင် ကြားဝင်ဖြန်ဖြေပေးခဲ့သူ ဖြစ်ပြီး ယခုအခါ သူတောင်းစားအဘိုးအိုထံမှ ပညာရပ်အချို့ကို သင်ယူနေသူလည်း ဖြစ်သည်။
သူတောင်းစားအဘိုးအိုနှင့် တကယ်တမ်း စကားပြောကြည့်ပြီးမှသာ ထိုအဘိုးအို မည်မျှ ကြောက်စရာကောင်းကြောင်း သူ သဘောပေါက်သွားခဲ့သည်။ သူတို့၏ စကားဝိုင်းများအရ သူတောင်းစားအဘိုးအိုက မဟာယာနအဆင့်ဆိုသူများကို ပုရွက်ဆိတ်များအဖြစ် သတ်မှတ်ကာ အထင်အမြင်သေးကြောင်း သိသာထင်ရှားလှသည်။ အနည်းငယ် လမ်းညွှန်ပြသပေးရုံဖြင့် နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးနေခဲ့သော အဆင့်တက်ရန် အဟန့်အတားမှာ အလွယ်တကူ ကျိုးပေါက်သွားခဲ့လေသည်။
ပြီးတော့ သူတောင်းစားအဘိုးအိုက လုချန်၏ အစ်ကိုကြီးဖြစ်နေသဖြင့် လုချန်က သဘာဝကျကျပင် သူ၏ ဆရာဦးလေးငယ် ဖြစ်လာခဲ့သည်။ ဤ ဆရာဦးလေးငယ် ဟူသော အခေါ်အဝေါ်ကို သူက အနည်းငယ်မျှ ဝန်လေးခြင်းမရှိဘဲ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
“ဂုဏ်ယူပါတယ်ဗျာ... ဂုဏ်ယူပါတယ်”
တစ်စုံတစ်ယောက်က အဘိုးကြီးလျိုကို ဂုဏ်ပြုစကား ဆိုလိုက်သည်။
“အားလုံးက ဆရာဦးလေးငယ်ရဲ့ ကျေးဇူးတွေပါပဲ... ဆရာဦးလေးငယ် နိုင်ရမည်”
အဘိုးကြီးလျိုက ထပ်မံအော်ဟစ်လိုက်ပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ ပြိုင်ပွဲဝင်အားလုံး နှုတ်ဆိတ်သွားကြသည်။ ခုနလေးတင် လုချန်ကို အားပေးမည့်သူ မရှိဟု လှောင်ပြောင်နေခဲ့ကြသော်လည်း ယခုရော ဘယ်လိုဖြစ်သွားပြီလဲ။ သူတို့ကို အားပေးနေသူများက လုချန်ဘက် ပြောင်းသွားရုံသာမက ကပ်ဘေးကျော်ဖြတ်ခြင်း ပဉ္စမအဆင့် ပညာရှင်ကြီးတစ်ဦးကပင် ထွက်ပေါ်လာခဲ့သည်။ ထိုကဲ့သို့သော ပညာရှင်မျိုးကို သူတို့ ဒူးထောက်ပြီး ဖိတ်ခေါ်လျှင်တောင် လာမည်မဟုတ်ပေ။ ကောင်းကင်ကိုယ်ထင်ပြခြင်းကို သုံးပြီး သူတို့အတွက် အားပေးခိုင်းရန်ဆိုသည်မှာ ဝေးစွတည်း။
ယခုမှ သူတို့၏ လှောင်ပြောင်ခဲ့သော စကားများကို ပြန်တွေးမိပြီး အရှက်ရလွန်းလှသဖြင့် ခေါင်းပင်မဖော်ရဲကြတော့ချေ။
“ကဲ... ကဲ... ဒါက ဟင်းချက်ပြိုင်ပွဲပဲလေ... ပြိုင်ပွဲဝင်တွေက ကိုယ့်ကို အားပေးတဲ့သူတွေကို ထိန်းပေးကြပါဦး... ကျွန်တော်တို့ ပြိုင်ပွဲ ဆက်လုပ်ရဦးမယ်”
အင်မော်တယ်အရသာနန်းဆောင် သူဌေး၏ အချက်ပြမှုကြောင့် ဝန်ထမ်းတစ်ဦးက ထွက်ပြောလိုက်သည်။
စောစောက လူတိုင်း လုချန်ကို လှောင်ပြောင်နေကြချိန်တုန်းက ဒီဝန်ထမ်းလည်း လိုက်ရယ်နေခဲ့သူ ဖြစ်သည်။
“မထိန်းနိုင်ဘူး... ဆူညံနေတယ်ထင်ရင် ကိုယ့်ဘာသာ သွားပြောလိုက်”
လုချန်က လက်ယမ်းပြကာ သူ့ကို လုံးဝ လျစ်လျူရှုလိုက်သည်။ စောစောက သူ ပြောဆိုရလွယ်ကူနေသည်ကို လူအထင်သေးခံ၊ အနိုင်ကျင့်ခံရမည့်သူဟု မှတ်ယူသွားပုံရသည်။
ဒီစကားကြောင့် ဝန်ထမ်းခမျာ ဆွံ့အသွားရသည်။ 'ငါ သွားပြောရမယ်ဟုတ်လား... အဲဒါက ကပ်ဘေးကျော်ဖြတ်ခြင်း ပဉ္စမအဆင့် ပညာရှင်ကြီးလေ... ငါက ဘယ်လိုလုပ် သွားပြောရဲမှာလဲ'
“ပြိုင်ပွဲကို စတင်လိုက်ပါ”
အကဲဖြတ်ဒိုင် စားပွဲတွင် ထိုင်နေသော သက်လတ်ပိုင်းအမျိုးသမီးက စကားစလိုက်သည်။
“ပြိုင်ပွဲ စတင်ပြီ” ဆိုသည့် အသံကို ကြားလိုက်ရသည်နှင့် အပြင်ဘက်မှ အော်ဟစ်သံများက တဖြည်းဖြည်း ငြိမ်သက်သွားသည်။
တစ်ချိန်တည်းမှာပင် ဝန်ထမ်းက ပြိုင်ပွဲစည်းကမ်းများကို ကြေညာလိုက်သည်။
“ပြိုင်ပွဲဝင်တွေက နာရီဝက်အတွင်း ဟင်းတစ်ပွဲ ချက်ရပါမယ်... အခြေခံလိုအပ်ချက်တွေက အရောင်၊ အနံ့၊ အရသာ၊ ပုံသဏ္ဍာန်၊ ဆိုလိုရင်းနဲ့ အာဟာရ တို့ပဲ ဖြစ်ပါတယ်... ဟင်းပွဲတိုင်းမှာ ပါဝင်ပစ္စည်း ငါးမျိုးထက် ပိုမသုံးရပါဘူး... ပြီးတော့ ပန်းပုထုဆစ်ထားတဲ့ အလှဆင်မှုလည်း ပါဝင်ရပါမယ်... အဲဒါကိုလည်း အမှတ်ပေးစံနှုန်းအနေနဲ့ သတ်မှတ်ထားပါတယ်”
ဒါက အလွန်ကို သက်ညှာလှသော ကန့်သတ်ချက် ဖြစ်သည်။ လုချန်၏ အမြင်တွင်မူ ပါဝင်ပစ္စည်း ငါးမျိုးဆိုသည်မှာ ဟင်းတစ်ပွဲချက်ရန် နေနေသာသာ ဟော့ပေါ့စားရန်ပင် လုံလောက်သည်ထက် ပိုနေသေးသည်။
ပြိုင်ပွဲခေါင်းစဉ်ကို ကြေညာလိုက်သည်နှင့် နာရီဝက် ရေတွက်မှုကို စတင်လိုက်သည်။ စားဖိုမှူးများစွာ စတင် အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့နိုင်ပေသည်။
“သူ စွမ်းအားကြီးတော့ရော ဘာဖြစ်လဲ... သူ့ကို အားပေးတဲ့သူတွေ များတော့ရော ဘာဖြစ်လဲ... ဒါက ဟင်းချက်ပြိုင်ပွဲလေ”
စောစောကမှ လုချန်တွင် အားပေးမည့်သူ မရှိဟု ပြောခဲ့သူက ယခုတော့ မိမိကိုယ်ကိုယ် နှစ်သိမ့်သည့်အနေဖြင့် တိုးတိုးလေး ရေရွတ်နေသည်။
စားသောက်ဆိုင်အသီးသီးနှင့် ၎င်းတို့၏ စားဖိုမှူးများက အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်နေကြသည်။ လုပ်ငန်းစဉ် အဆင့်တိုင်းအတွက် တာဝန်ခံတစ်ဦးစီ ရှိသည်။ သူတို့အားလုံးက ဤနယ်ပယ်မှ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသည်။ တစ်ညီတစ်ညာတည်း ပါးလွှာနေသော မုန်လာဥဖြူမျှင်များကို ကြည့်ရုံဖြင့် ဤလူများ၏ စွမ်းရည် မည်မျှမြင့်မားကြောင်း သိသာနိုင်သည်။
လုချန်ကလည်း ထိုကြယ်ငါးပွင့်အဆင့် စားဖိုမှူးများကို အလွန်အထင်ကြီးလေးစားမိသည်။ ဥပမာအားဖြင့် စုမိသားစုမှ ကြယ်ငါးပွင့်အဆင့် စားဖိုမှူးဆိုလျှင် ပါဝင်ပစ္စည်းများနှင့် မီးအပူချိန်ကို ထိန်းချုပ်ရာတွင် သူ့နည်းတူ နားလည်ကျွမ်းကျင်ပြီး အဆင့်တူနီးပါးပင် ဖြစ်သည်။ မှတ်သားထားရမည့်အချက်မှာ လုချန် သိရှိထားသမျှက တည်းခိုခန်းမှ ပံ့ပိုးပေးထားသော အကောင်းဆုံး ပြီးပြည့်စုံသည့် နည်းလမ်းများဖြစ်ပြီး တစ်ဖက်လူကမူ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အားကိုးနေရခြင်း ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် လုချန်က အနည်းငယ် အားနည်းနေသေးသည်။
ဒီဟင်းချက်ပြိုင်ပွဲအတွက်တော့ လုချန်မှာ အရင်ကလောက် အနိုင်ရဖို့ ယုံကြည်ချက်မရှိဘဲ မသေချာမရေရာ ဖြစ်နေသည်။
ထို့ကြောင့် ဤပြိုင်ပွဲအတွက် ဟင်းပွဲရွေးချယ်ရာတွင် လုချန် တစ်ချက်လေးမျှ တုံ့ဆိုင်းမနေခဲ့ပေ။ အဲဒါက ခြင်္သေ့ဦးခေါင်းအသားလုံးပေါင်းပင် ဖြစ်သည်။ တည်းခိုခန်း၏ မှတ်စုများအရ ထိုဟင်းပွဲက ပထမအဆင့် ဟင်းချက်စရာ ပါဝင်ပစ္စည်းများထဲတွင် အကောင်းဆုံး ဖြစ်လေသည်။
သူက အတွေးနှင့်အတူ လက်တွေ့လုပ်ဆောင်လိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အထပ်များ ထင်ရှားစွာရှိနေသော ဝက်သုံးထပ်သား တစ်တုံးက သူ၏လက်ထဲတွင် ပေါ်လာသည်။ ၎င်းမှာ တည်းခိုခန်းမှ ပံ့ပိုးပေးထားသော အလတ်ဆတ်ဆုံး ပါဝင်ပစ္စည်းပင် ဖြစ်သည်။
သို့သော် အခြားသူများ၏ မျက်လုံးထဲတွင်တော့...
“ဟွန့်... သူ ဘာလို့ တစ်ယောက်တည်း လာသလဲဆိုတာ ငါ သိလိုက်ပြီ... ပါဝင်ပစ္စည်းတွေကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားတယ်ပေါ့လေ... သိုလှောင်လက်စွပ်က ပါဝင်ပစ္စည်းတွေကို မပျက်စီးအောင် သိမ်းထားပေးနိုင်တာ မှန်ပေမယ့် ဒီလိုလုပ်တာက ပါဝင်ပစ္စည်းတွေရဲ့ မူလအရသာကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုတာကို သူ မသိဘူးလား”
***