သက်လတ်ပိုင်းအမျိုးသား၏ အကြည့်က နာမည်ကြီးစားသောက်ဆိုင်များအားလုံးကို ဝေ့ကြည့်သွားပြီးနောက် နောက်ဆုံးတွင် လုချန်ကို သတိပြုမိသွားသည်။
လုချန်၏ လှုပ်ရှားမှုများကို သူ မြင်လိုက်ရသောအခါ ထပ်တလဲလဲ ထွက်ပေါ်နေသော ရိုက်ချသံများက သူ၏ ရင်ထဲတွင် ထူးခြားသော စည်းချက်တစ်ခုဖြင့် တီးခတ်နေသည့် ဗုံသံများနှင့် တူနေသည်။ ထိုအခိုက်အတန့်တွင် လုချန် ရိုက်ချလိုက်သည့် အချက်တိုင်းနှင့်အတူ သူ၏ နှလုံးခုန်သံက တစ်သားတည်း ဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။
‘အရမ်းကို စည်းချက်ကျလွန်းတယ်... ငါ့ရဲ့ နှလုံးခုန်သံကိုတောင် သူက ထိန်းချုပ်ထားသလိုပဲ... ဘုရားရေ... သူ ဘာလုပ်နေတာလဲ’
ဤလူက စစ်မှန်သော အစားအသောက်မက်သူတစ်ဦး ဖြစ်သည်။ စားရသည်ကို နှစ်သက်ပြီး စားနိုင်ရုံသာမက မည်သို့စားရမည်ကိုပါ သိရှိသူဖြစ်သည်။ သူ့တွင် အစားအသောက်များကို သုံးသပ်နိုင်သော ပညာဉာဏ်မျက်စိ ရှိသည်။ ပါဝင်ပစ္စည်းများ ပြင်ဆင်နေပုံကို ကြည့်ရုံဖြင့် လုချန်က သာမန်မဟုတ်ကြောင်း သူ သိနိုင်လေသည်။
ထို့နောက် ပါဝင်ပစ္စည်း ပြင်ဆင်သည့်အဆင့် ပြီးဆုံးသွားပြီး မီးစတင် မွှေးကြတော့သည်။ ပါဝင်ပစ္စည်း ပြင်ဆင်ခြင်းက အဓိကအပိုင်းဖြစ်ပြီး မီးမွှေးလိုက်ပြီဆိုသည်နှင့် မကြာခင် ပြီးဆုံးတော့မည်ဟု ဆိုနိုင်သည်။ ဟင်းပွဲက ဒယ်အိုးထဲတွင် အချိန်ဘယ်လောက်ကြာကြာ နေနိုင်မှာမို့လို့လဲ။
မီးတောက်အမျိုးမျိုး ထတောက်လာပြီး ပြိုင်ပွဲကွင်းအတွင်းမှ ပြင်းထန်သော ရနံ့များ ချက်ချင်း ထွက်ပေါ်လာသည်။
အကဲဖြတ်ဒိုင်ခုံတန်းမှ အမျိုးသမီးဒိုင်နှစ်ဦးက ရောထွေးနေသော အနံ့များကြောင့် သူတို့ကို အနှောင့်အယှက်ဖြစ်မည်စိုး၍ လက်ကိုင်ပဝါများဖြင့် နှာခေါင်းကို အုပ်ထားကြသည်ကို မြင်တွေ့နိုင်သည်။ အခြား အမျိုးသားဒိုင်သုံးဦးကမူ လေထုထဲမှ ပြင်းထန်သော ရနံ့များက သူတို့၏ စိတ်ဝင်စားမှုကို အနည်းငယ်မျှ ဆွဲဆောင်နိုင်ခြင်း မရှိသည့်အလား မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေကြဆဲပင်။
ပွဲခင်းအပြင်ဘက်တွင်တော့ လူများက ထိုရနံ့များကြောင့် စိတ်လှုပ်ရှား တက်ကြွနေကြပြီ ဖြစ်သည်။ ဤနေရာတွင် ရှိနေသူတိုင်းက ဟင်းချက်အနုပညာနယ်ပယ်မှ ထင်ရှားကျော်ကြားသူများဖြစ်ပြီး ဟင်းပွဲတိုင်းက သူတို့၏ အကောင်းဆုံး လက်ရာများ ဖြစ်ကြသည်။ ယခု ထိုအရာများအားလုံး ပေါင်းစပ်သွားသောအခါ လူတိုင်း၏ အတွင်းစိတ်ထဲမှ လောဘကြီးသော အစားအသောက်မက်သူကို နိုးထလာစေရန် လုံလောက်နေပြီ ဖြစ်သည်။
သက်လတ်ပိုင်းအမျိုးသားက တံတွေးများကို ဆက်တိုက် မျိုချနေပြီး သူ၏ဘေးမှ အမျိုးသမီးငယ်လေးပင် သူ့ကိုယ်စား မျက်နှာပူလာရသည်။
လုချန်မှလွဲ၍ လူတိုင်းက သူတို့၏ မီးဖိုများကို မီးညှိလိုက်ကြပြီ ဖြစ်သည်။ လုချန်က အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ အဆုံးသတ်ရန် အချိန်အနည်းငယ် လိုသေးသည်။
‘နည်းနည်းလောက် ထပ်ထုလိုက်ဦးမယ်’
အင်မော်တယ်အရသာနန်းဆောင် သူဌေးက လုချန်၏ လှုပ်ရှားမှုများကို ကြည့်ကာ ခနဲ့တဲ့တဲ့ ဆက်တိုက် ရယ်မောနေသည်။ ဤတစ်ကြိမ်တွင် လုချန်အတွက် မီးဖိုချရန် နေရာချန်ပေးထားရခြင်းတွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိနေသေးသည်။
ပြိုင်ပွဲမစတင်မီကပင် သူက သူ၏ အဆက်အသွယ်များကို အသုံးပြုကာ ယနေ့အတွက် လေတိုက်မည့် လမ်းကြောင်းကို ကြိုတင်စုံစမ်းထားခဲ့သည်။ ယခု မီးများညှိလိုက်ပြီး မီးခိုးငွေ့များ ထွက်ပေါ်လာချိန်တွင် လုချန်၏ နေရာက လေထွက်ပေါက် ဖြစ်သွားပြီး ချက်ပြုတ်ရာမှ ထွက်လာသော မီးခိုးငွေ့အမျိုးမျိုးက ထိုနေရာသို့ စုပုံသွားတော့သည်။
အစပိုင်းတွင် လုချန်၏ လှုပ်ရှားမှုများကို မြင်တွေ့ရဆဲ ဖြစ်သော်လည်း ဟင်းပွဲများမှ မီးခိုးများ စတင်ထွက်ပေါ်လာချိန်တွင် မီးခိုးတန်း ဆယ်ခုကျော်က လုချန်ကို လုံးဝ ဖုံးကွယ်သွားတော့သည်။
မကြာမီမှာပင် ဟင်းချက်မီးခိုးငွေ့များထဲမှ ပြေးထွက်လာရင်း ဆက်တိုက် ချောင်းဆိုးနေသော လုချန်၏ အသံကို ကြားလိုက်ရသည်။ ဤအခြေအနေမျိုးတွင် ဟင်းချက်ရန် နေနေသာသာ ထိုနေရာတွင် ဆက်နေရန်ပင် ခက်ခဲလှသည်။
လုချန်၏ မျက်လုံးများက မီးခိုးမွှန်မှုကြောင့် မျက်ရည်များ ကျလာပြီး ထိုလူများကို သူ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ပထမအဆင့် ဂိုဏ်းချုပ်ကြီးများက ဝင်ရောက်ကူညီရန် ဟန်ပြင်လိုက်ကြသော်လည်း ခွင့်ပြုချက်မရှိသူများ ဝင်ရောက်နှောင့်ယှက်ခွင့်မရှိကြောင်း၊ သို့မဟုတ်ပါက ပြိုင်ပွဲဝင်ကို အရည်အချင်းပြည့်မီမှုမှ ပယ်ဖျက်မည်ဖြစ်ကြောင်း ပွဲခင်းဝန်ထမ်းများက အသိပေးလာသည်။
“ဘယ်သူက ခွင့်ပြုချက်မရှိသူလို့ ပြောတာလဲ”
မြို့တော်အပြင်ဘက်မှ အဘိုးကြီးလျို၏ မီတာတစ်ရာမြင့်သော ကိုယ်ပွားပုံရိပ်ကြီး ပျောက်ကွယ်သွားပြီး သူက လေထဲမှတစ်ဆင့် ရောက်ရှိလာသည်။
“ငါ့ရဲ့ ဆရာဦးလေးငယ်ကို ကူညီပေးခွင့် မရှိဘူးလား”
သူ့ရှေ့ရှိ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ စောစောက စကားပြောခဲ့သော ဝန်ထမ်းခမျာ ခြေထောက်များပင် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ သို့သော် အင်မော်တယ်အရသာနန်းဆောင် သူဌေးထံမှ သူရထားသော ငွေကြေးမည်မျှများပြားကြောင်းကို ပြန်သတိရသွားပြီးနောက် သူက အံတင်းတင်းကြိတ်ကာ အဘိုးကြီးလျိုကို ခွင့်မပြုနိုင်ကြောင်း ပြောလိုက်သည်။
“ဘာလို့လဲ... သူတို့အားလုံးဆီမှာ လူတွေ အများကြီး ရှိနေတာကို ငါ့ရဲ့ ဆရာဦးလေးငယ်က ဘာလို့ တစ်ယောက်တည်း ပြိုင်ပွဲဝင်ရမှာလဲ... ငါ့ရဲ့ ဆရာဦးလေးငယ်က အနိုင်ကျင့်ရ လွယ်တယ်လို့ မင်း ထင်နေတာလား”
“အဲဒါက...”
ဝန်ထမ်းခမျာ ဘယ်လိုဖြေရမည်မသိဖြစ်ကာ ဤအခက်အခဲမှ တစ်စုံတစ်ယောက် လာရောက်ကယ်တင်ပေးမည့်သူ ရှိမလားဟု မျှော်လင့်ချက်ဖြင့် ဟိုဟိုဒီဒီ ကြည့်လိုက်သည်။
သို့သော် ဤအခြေအနေမျိုးတွင် ဘယ်သူက သူ့ကို လာကူညီရဲမည်နည်း။ ဟိုလူက ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်ကြီးလေ။ ထို့အပြင် စည်းမျဉ်းအရ ပြိုင်ပွဲဝင်တစ်ဦးလျှင် အကူလေးဦး ခေါ်ဆောင်ခွင့် ရှိသည်။ မင်းက အင်မော်တယ်အရသာနန်းဆောင် သူဌေးဆီက ပိုက်ဆံယူထားတာကို ငါတို့ မသိဘူးများ ထင်နေသလား။ မင်းကသာ ထွက်ရှင်းရဲရင် ရှင်းလေ၊ ငါတို့ကတော့ အဲဒီလောက် မမိုက်မဲဘူး။
ချွေးစေးများ ပြန်လာပြီး ဝန်ထမ်း၏ နှလုံးသားမှာ ပြိုလဲလုမတတ် ဖြစ်နေသည်။ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တစ်ဦး၏ အရှိန်အဝါက အလွန်ကြမ်းတမ်းလှသည်။ အကြည့်ခံလိုက်ရုံဖြင့်ပင် သူ့ကို ဒူးထောက်ချသွားချင်စိတ် ပေါက်လာစေသည်။
သို့သော် တစ်ဖက်တွင်လည်း အင်မော်တယ်အရသာနန်းဆောင် သူဌေးက သူ့ကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်တိတိ ပေးထားသည်။ တစ်သက်လုံး စားမကုန်အောင်ပင်။ ထိုစိတ်ဝိညာဉ်ကျောက်တုံးများဖြင့် သူ အိမ်ကြီးအိမ်ကောင်းနှင့် နေနိုင်မည်၊ ကိုယ်လုပ်တော် ခုနစ်ယောက် ရှစ်ယောက်လောက် ထားနိုင်မည်၊ ပြီးလျှင် ဘယ်တော့မှ အလုပ်လုပ်စရာ မလိုတော့ပေ။
“မရပါဘူး”
သူက လည်ပင်းကို မတ်ထားကာ သတ္တိမွေးပြီး ပြောလိုက်သည်။
“ငါက မင်းကို ဘာလို့လဲလို့ မေးနေတယ်လေ”
“ဟို... အဲဒါက... မရဘူးဆို မရတာပါပဲ”
“ကောင်းပြီလေ... ငါ သဘောပေါက်ပြီ... မင်းတို့က ငါတို့ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာမလား... တခြားသူတွေဆီမှာ လူတွေ အများကြီး ရှိနေပေမယ့် ငါ့ရဲ့ ဆရာဦးလေးငယ်ကျတော့ တစ်ယောက်တည်း ဖြစ်နေတယ်... ဒီလောက်တောင် မတရားမှတော့ ဒီအစားအသောက်ပြိုင်ပွဲကို ဆက်လုပ်နေစရာ မလိုတော့ဘူး... အခုကစပြီး ငါပဲ ဦးစီးတော့မယ်”
အဘိုးကြီးလျိုက ဒေါသထွက်လုဆဲဆဲ အမူအရာဖြင့် ပြောလိုက်သည်။
အဘိုးကြီးလျို၏ ဒေါသထွက်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ဝန်ထမ်းထံမှ ခပ်စူးစူးအနံ့တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ သူ ကြောက်လွန်း၍ သေးပါထွက်ကျသွားခြင်းပင်။
ဤအစားအသောက်ပြိုင်ပွဲအတွက် တာဝန်ရှိသူ အထက်လူကြီးများက အလျင်အမြန် ထွက်လာကာ ကြားဝင်ဖြန်ဖြေပေးကြသည်။ အဘိုးကြီးလျိုကို ဒေါသမထွက်ရန် တောင်းပန်ရင်း ဤကိစ္စကို ခွင့်ပြုနိုင်ကြောင်း ပြောကာ သူ့ကို ပွဲခင်းအတွင်းသို့ ဖိတ်ခေါ်လိုက်ကြသည်။
“ဒါမှပေါ့”
အဘိုးကြီးလျိုက သူ ခုနလေးတင် စုစည်းထားသော ချီစွမ်းအင်များကို လူစုခွဲလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းကာ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်များဖြစ်ကြသော သူငယ်ချင်းသုံးဦးကို လှမ်းခေါ်လိုက်သည်။ ထို့နောက် သူတို့အားလုံး ပွဲခင်းအတွင်းသို့ ဝင်ရောက်လာကြသည်။
သူတို့ ဝင်ရောက်လာသည်နှင့် လုချန်ဆီသို့ လွင့်ပျံလာသော ဟင်းချက်မီးခိုးငွေ့များက ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့အစား စားသောက်ဆိုင်အသီးသီးမှ ထွက်လာသော မီးခိုးငွေ့များက သူတို့၏ ကိုယ်ပိုင်အမိုးများအထက်တွင် စုပုံသွားလေသည်။ စဉ်းစားနေစရာပင် မလိုဘဲ ဤသည်မှာ အဘိုးကြီးလျိုနှင့် သူ၏ သူငယ်ချင်းများ၏ လက်ချက်မှန်း သိသာလှသည်။
ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်များအနေဖြင့် လေတိုက်ရာလမ်းကြောင်းကို ထိန်းချုပ်ရန်ဆိုသည်မှာ အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။
တက်ကြွစွာ ယောက်မကိုင်ပြီး ဟင်းကြော်နေကြသော အခြားစားဖိုမှူးများမှာ ရုတ်တရက် သူတို့၏ ခေါင်းပေါ်တွင် ဟင်းချက်မီးခိုးငွေ့များ ရစ်ဝဲနေသည်ကို ခံစားလိုက်ကြရသည်။ အနံ့အသက်ဆိုးများကို အနည်းငယ်မျှ ရှူရှိုက်မိလိုက်ရုံဖြင့် သူတို့ကို အဆက်မပြတ် ချောင်းဆိုးသွားစေပြီး ယောက်မကိုပင် ဆက်မကိုင်နိုင်တော့ချေ။
စားဖိုမှူးများအနေဖြင့် သူတို့က ဤအပိုင်းနှင့် ပတ်သက်၍ လေ့ကျင့်မှုများ ရရှိထားပြီး ဖြစ်သည်။ ဥပမာအားဖြင့် လေဝင်လေထွက် မကောင်းလျှင်တောင် ဆက်လက်ချက်ပြုတ်နိုင်ခြင်းမျိုးပင်။
သို့သော် ယခုအခြေအနေက ကွာခြားနေသည်။ လေဝင်လေထွက် မကောင်းလျှင်တောင် ကျယ်ဝန်းသော မီးဖိုချောင်က ဟင်းချက်မီးခိုးငွေ့များကို ပျံ့နှံ့သွားအောင် ကူညီပေးနိုင်သည်။ ယခုတော့ ဟင်းချက်မီးခိုးငွေ့များက သူတို့၏ ခေါင်းပေါ်တွင် တိုက်ရိုက် စုပုံနေသည်။ တခြားသူများက ကြည့်လိုက်လျှင် မီးခိုးငွေ့များက အစစ်အမှန်အရာဝတ္ထုတစ်ခုကဲ့သို့ သူတို့၏ ခေါင်းတစ်ခုလုံးကို ဝန်းရံထားသော ဦးထုပ်များအလား ဖြစ်နေသည်။
ဤသည်မှာ စောစောက လုချန် ကြုံတွေ့ခဲ့ရသော အခြေအနေပင်။ ယခုတော့ သူတို့ဆီ အပြည့်အဝ ပြန်လည်ရောက်ရှိသွားလေပြီ။
စောစောက လုချန် မီးခိုးမွှန်ပြီး ပြေးထွက်လာသည်ကို မြင်ခဲ့ရစဉ်က တုကူးဖူကွေ့မှာ အလွန် ဒေါသထွက်ခဲ့ရသည်။ ယခု ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ သူက ချက်ချင်း ပျော်ရွှင်သွားပြီး အဆက်မပြတ် အော်ဟစ်အားပေးနေတော့သည်။
အင်မော်တယ်အရသာနန်းဆောင် သူဌေး၏ ကျေနပ်ဂုဏ်ယူနေသော အမူအရာက ချက်ချင်းပင် အကျည်းတန်သွားသည်။ သူ၏ ကိုယ်ပိုင်စားဖိုမှူးကလည်း လွတ်မြောက်နိုင်ခြင်း မရှိဘဲ ဆက်မချက်ပြုတ်နိုင်လောက်အောင် မီးခိုးမွှန်နေသဖြင့် အရင်ဆုံး မီးပိတ်ထားလိုက်ရသည်။
သို့သော် ဟင်းချက်ပြိုင်ပွဲများတွင် တစ်ဆက်တည်း ချက်ပြုတ်ရန် လိုအပ်သည်။ ဟင်းတစ်ပွဲကို တစ်ဝက်တစ်ပျက် ကြော်ထားပြီးမှ မီးပိတ်လိုက်ပြီး နောက်မှ ပြန်ကြော်မည်ဆိုလျှင် လုံးဝ ကွာခြားသွားမည် ဖြစ်သည်။ အရသာက လုံးဝမတူညီသော အဆင့်နှစ်ခုတွင် ရှိနေလိမ့်မည်။
သူက ပြိုင်ပွဲစီစဉ်သူများထံ အလျင်အမြန် တိုင်ကြားလိုက်သည်။ လုချန်က လိမ်လည်လှည့်စားနေပြီး သူ၏ အင်အားကို အသုံးပြုကာ တခြားသူများကို အနိုင်ကျင့်နေသည်ဟု ဆိုလေသည်။
အစားအသောက်ပြိုင်ပွဲ စီစဉ်သူများက လုချန်တို့အဖွဲ့နှင့် စေ့စပ်ညှိနှိုင်းရန် ဝန်ထမ်းများကို စေလွှတ်လိုက်သောအခါ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်လေးဦးက ဘယ်ကရလာမှန်းမသိသော အာလူးတစ်လုံးစီကို ကိုင်ကာ လေးနက်သော အမူအရာများဖြင့် ဂရုတစိုက် အခွံနွှာနေကြသည်ကို မြင်လိုက်ရသည်။ စုပုံနေသော ဟင်းချက်မီးခိုးငွေ့များက သူတို့နှင့် လုံးဝ မသက်ဆိုင်သည့်အလားပင်။
ဤသည်ကို မြင်သောအခါ ရောက်လာသော ဝန်ထမ်းခမျာ လုချန်ထံသို့သာ အကြည့်လွှဲလိုက်ရတော့သည်။ ပွဲခင်းထဲဝင်လာကတည်းက လုချန်က အလျှော့ပေးသည့်ပုံစံ ရှိနေခဲ့သဖြင့် သူ့ကို စကားပြောရ ပိုလွယ်ကူမည်ဟု ထင်နေပုံရသည်။
ကံမကောင်းစွာဖြင့် သူက လုချန်၏ စရိုက်ကို တကယ် နားမလည်ခဲ့ပေ။ သူက ဤပညာရှင်ကြီးများ၏ စွမ်းအားကိုသာ မြင်တွေ့ခဲ့ရသော်လည်း သူတို့က လုချန်ကို ဘာကြောင့် ဤမျှအထိ ကူညီပေးနေကြသလဲဆိုသည်ကို မသိခဲ့ပေ။ ထို့အပြင် လုချန်က ဒေါသထွက်သွားလျှင် မဟာရှအင်ပါယာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်ကိုလည်း သူ မသိခဲ့ပေ။
ဤအချက်များအားလုံးကို ထည့်သွင်းစဉ်းစားကြည့်လျှင် လုချန်က သေချာပေါက် ရန်စ၍ရသောသူတစ်ဦး မဟုတ်ပေ။
***