“ထွက်သွား...”
ဝန်ထမ်း၏ တောင်းဆိုမှုကို လုချန်က ဤစကားတစ်ခွန်းဖြင့်သာ တုံ့ပြန်လိုက်သည်။ သူ ဆီခိုးငွေ့တွေ မွှန်ပြီး မျက်ရည်တွေကျနေတုန်းကတော့ ဒီဝန်ထမ်းတွေ ဘာလို့ ဝင်မပြောခဲ့ကြတာလဲ။
ဒီကိစ္စကြောင့် ပြိုင်ပွဲက ရှေ့ဆက်မရ ဖြစ်သွားသည်။
အင်မော်တယ်အရသာနန်းဆောင် သူဌေးက ပြိုင်ပွဲစီစဉ်သူများကို ဤကိစ္စအား မည်သို့ဖြေရှင်းသင့်ကြောင်း မေးမြန်းလိုက်သည်။
ပြိုင်ပွဲစီစဉ်သူများက ဆီခိုးငွေ့များသည် သူတို့ဘာသာ ဟင်းချက်ရာမှ ထွက်လာခြင်းဖြစ်သဖြင့် သူတို့ဘာသာသာ ဖြေရှင်းသင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မတတ်နိုင်သည့်အဆုံး ထိုစားဖိုမှူးများခမျာ အမျိုးသမီးသုံး ရေမွှေးနံ့ရနေသော လက်ကိုင်ပဝါများဖြင့် မျက်နှာကိုအုပ်ကာ ဆီခိုးငွေ့တန်းများကြားတွင် ဆက်လက် ချက်ပြုတ်နေကြရတော့သည်။
အနီးအနားမှ ချောင်းဆိုးသံများကို ကြားရသောအခါ အင်မော်တယ်အရသာနန်းဆောင် သူဌေး၏ မျက်နှာက သိသိသာသာ မှောင်မိုက်သွားသည်။ သူက မူလက လုချန်ကို အခက်တွေ့စေရန် ရည်ရွယ်ခဲ့သော်လည်း ယခုတော့ ကိုယ့်တွင်းကိုယ်တူးသလို ဖြစ်သွားခဲ့ချေပြီ။ ဤမျှလောက် ကြီးမားသော သက်ရောက်မှုမျိုးဖြင့် စားဖိုမှူးများက ရှားပါးဟင်းလျာများကို ချက်ပြုတ်နိုင်ခဲ့လျှင်တောင်မှ အရသာက အများကြီး ဆိုးရွားသွားလိမ့်မည်။
ဒီအချိန်မှာပင် လုချန်က သူ၏ ဒယ်အိုးကို ထုတ်ယူလိုက်သည်။
“နှစ်တစ်သောင်း နက်နဲသံ...”
လုချန်နှင့် အလွန်နီးကပ်စွာ ရှိနေသော ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက လုချန်၏ ဒယ်အိုးပြုလုပ်ထားသော ပစ္စည်းကို မှတ်မိသွားပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။
ပုံမှန်အားဖြင့် လက်နက်သွန်းလုပ်ရာတွင် ကုန်ကြမ်းပစ္စည်းများထဲသို့ နှစ်တစ်သောင်း နက်နဲသံ အနည်းငယ်မျှ ထည့်သွင်းလိုက်ရုံဖြင့် စိတ်ဝိညာဉ်လက်နက်၏ အရည်အသွေးကို များစွာ တိုးတက်သွားစေနိုင်သည်။ ဤသည်က နှစ်တစ်သောင်း နက်နဲသံ မည်မျှ အဖိုးတန်ကြောင်းကို ပြသနေသည်။
သို့သော် ယနေ့တွင်တော့ တစ်စုံတစ်ယောက်က နှစ်တစ်သောင်း နက်နဲသံကို ဒယ်အိုးအဖြစ် အသုံးပြုနေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။
‘သူဌေးလုက တကယ် အံ့မခန်းပဲ...’
ထို့နောက် ချက်ချင်းပင် မီးဖိုတွင် မီးတောက်လောင်လာပြီး ပြင်းထန်သော အပူရှိန်တစ်ခုက ပြိုင်ပွဲကွင်းတစ်ခုလုံး၏ အပူချိန်ကို ချက်ချင်း မြင့်တက်သွားစေသည်။
ပွဲခင်းအပြင်ဘက်ရှိ သက်လတ်ပိုင်းအမျိုးသား၏ အဆက်မပြတ် တံတွေးမျိုချနေမှုက ဤအခိုက်အတန့်တွင် ရပ်တန့်သွားသည်။ ဆေးပညာရှင်တစ်ဦးအနေဖြင့် မီးတောက်များအပေါ် သူ၏ အာရုံခံနိုင်စွမ်းက သာမန်လူများထက် သာလွန်နေသည်။ မီးတောက် စတင်လောင်ကျွမ်းလိုက်သည့် အခိုက်အတန့်တွင်ပင် အရင်က တစ်ခါမှ မကြုံဖူးသော အပူချိန်တစ်ခုကို သူ ခံစားလိုက်ရသည်။
‘ဆေးမီးတောက်ထက်တောင် ပိုပြင်းထန်နေပါလား... ဒါမှမဟုတ်များ...’
ဖြစ်နိုင်ခြေတစ်ခုကို သူ တွေးမိသွားသည်။ အစစ်အမှန် သမာဓိမီး...
ဒဏ္ဍာရီလာ အစစ်အမှန် သမာဓိမီးပဲ... ဆေးဖော်စပ်ခြင်းအတွက် ထိပ်တန်းရတနာ...
ဆေးတောင်ကြား၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဤတစ်ကြိမ် သူ ထွက်ပေါ်လာခြင်းမှာ ဆေးဖော်စပ်ရန်အတွက် ဆေးမီးတောက်တစ်မျိုးမျိုးကို ရှာဖွေရန် ဖြစ်သည်။
ဆေးမီးတောက်က ကျင့်ကြံသူများ၏ စစ်မှန်သောမီးနှင့် မတူညီပေ။ အတိုင်းအတာတစ်ခုအထိ ဆေးမီးတောက်၏ အပူချိန်က ကျင့်ကြံသူများ၏ စစ်မှန်သောမီးထက် အနည်းငယ် ပိုမြင့်မားပြီး ပိုမို စုစည်းမှုရှိသဖြင့် ဆေးဖော်စပ်ရန်အတွက် ပထမဆုံး ရွေးချယ်စရာ ဖြစ်လာသည်။
မကြာသေးမီရက်များအတွင်း ဆေးတောင်ကြားတွင် ပြင်းထန်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ဆေးမီးတောက်က ငြိမ်းလုနီးပါး ဖြစ်နေသဖြင့် သူ့ကို စိုးရိမ်ပူပန်စေခဲ့သည်။ ဆေးမီးတောက်မှာ ဆေးတောင်ကြား တည်ရှိနေခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဆေးမီးတောက်သာ ငြိမ်းသွားပါက ဆေးပညာရှင်အားလုံးက ပုံမှန်အတိုင်း ဆေးမဖော်စပ်နိုင်တော့ဘဲ ဆေးလုံးများ မရှိပါက ဆေးတောင်ကြားဆိုသည်မှာ အမည်ခံသာ ဖြစ်သွားလိမ့်မည်။
သို့သော် ကုန်းမြေတိုက်ငါးခုလုံးတွင် ဆေးတောင်ကြား တစ်ခုတည်းကသာ ဆေးမီးတောက်ကို ပိုင်ဆိုင်ထားသည်။ ဆေးမီးတောက်ကို ထပ်မံရှာဖွေရန်ဆိုသည်မှာ မည်မျှ ခက်ခဲလိုက်မည်နည်း။
ဆေးမီးတောက်ကို ရှာဖွေရန် အနည်းဆုံး နှစ်အနည်းငယ် အချိန်ယူရမည်ဖြစ်ပြီး ကံကောင်းလျှင်ပင် ထိုမျှကြာမည်ဟု သက်လတ်ပိုင်းအမျိုးသားက ယုံကြည်ထားခဲ့သည်။ ယခုမူ ဆေးမီးတောက်ထက် များစွာ သာလွန်သော ဖြစ်တည်မှုတစ်ခု၊ ဒဏ္ဍာရီလာ ဆေးဖော်စပ်ခြင်းဆိုင်ရာ အထွတ်အမြတ်မီးတောက်ဖြစ်သော အစစ်အမှန် သမာဓိမီးကို သူ တကယ်တမ်း မြင်တွေ့လိုက်ရလေပြီ။
အပူချိန်နှင့် စွမ်းအားအရ မှတ်တမ်းတင်ထားသော အကြောက်မက်ဖွယ်အကောင်းဆုံး မီးတောက်များလောက် မကြောက်စရာကောင်းသော်လည်း ၎င်းက ဆေးပညာရှင်တိုင်း အိပ်မက်မက်ရသော မီးတောက် ဖြစ်သည်။ အကယ်၍ သူ့အနေဖြင့် အစစ်အမှန် သမာဓိမီးကိုသာ ပိုင်ဆိုင်နိုင်မည်ဆိုပါက ဆေးလုံးများအားလုံး၏ အောင်မြင်မှုနှုန်းကို အနည်းဆုံး ရာခိုင်နှုန်းငါးဆယ်အထိ တိုးမြှင့်နိုင်မည်ဟု သက်လတ်ပိုင်းအမျိုးသားက သေချာပေါက် ယုံကြည်ထားသည်။ ဤသည်မှာ မည်မျှ ကြောက်စရာကောင်းသော ကိန်းဂဏန်းနည်း။
သူ၏ နှလုံးသားက ပွက်ပွက်ဆူလာပြီး သူ၏ အကြည့်များက လုချန်၏ ရှေ့ရှိ မီးဖိုမှ ထတောက်လာသော မီးတောက်အပေါ်တွင် စူးစိုက်နေသည်။ သူ၏ မျက်လုံးများက လိုချင်တပ်မက်မှုများဖြင့် ပြည့်နှက်နေပြီး ပြိုင်ဘက်ကင်း အလှမယ်တစ်ဦးကို ကြည့်နေသည့်အလားပင်။
ဟင်းချက်ခြင်းက ဆက်လက်လုပ်ဆောင်နေပြီး အချိန်ကြာလာသည်နှင့်အမျှ ဒယ်အိုးများထဲမှ ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ထွက်ပေါ်လာကာ စားဖိုမှူးများ၏ ခေါင်းကို ဝန်းရံထားသော ဆီခိုးငွေ့များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အလားတူပင် ဟင်းပွဲတစ်ခုစီအတွက် ပန်းပုထုဆစ်ထားသော အလှဆင်မှုများကို သီးသန့်တာဝန်ခံများက ပြင်ဆင်ပေးထားကြပြီး ဟင်းပွဲများ ချလိုက်ချိန်တွင် အလှဆင်မှုများကလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
သို့သော် လုချန်မှာတော့ ထိုမျှလောက် အကူအညီများ မရှိချေ။ အရာအားလုံးကို သူ့ဘာသာသူ ပြင်ဆင်ရမည် ဖြစ်သည်။
ကျောက်စိမ်းကြွေပန်းကန်ပြားတစ်ခုပေါ်တွင် ကြာပန်းတစ်ပွင့်ကို ပန်းပုထုဆစ်ထားပြီး ထိုကြာပန်း၏ အပေါ်တွင် ခြင်္သေ့ဦးခေါင်းအသားလုံးပေါင်းကို တင်ထားသည်။
လုချန်က ၎င်းကို နှစ်ခါလောက် ပြန်ကြည့်လိုက်ပြီး တစ်ခုခု လိုနေသလို အမြဲခံစားနေရသည်။ ထို့နောက် သူ ထပ်မံ အလုပ်ရှုပ်သွားပြီး တစ်မိနစ်ခန့်အကြာတွင် စိမ်းလန်းစိုပြည်နေသော မျှစ်ခြောက်ခုက ဒယ်အိုးထဲမှ ထွက်ပေါ်လာသည်။ ၎င်းတို့က အရသာရှိသော ပါဝင်ပစ္စည်းများ ဖြစ်နေပြီဖြစ်သော်လည်း ယခုအခါ ၎င်းတို့ကို ကြာပန်း၏ ပတ်ပတ်လည်တွင် အလှဆင်သည့်အနေဖြင့် တင်ထားလိုက်သောအခါ အလှအပဆိုင်ရာ ဆွဲဆောင်မှုကို များစွာ တိုးတက်သွားစေသည်။
ကြာပန်းပတ်လည်ရှိ စိမ်းလန်းလတ်ဆတ်မှုက နွေဦးရာသီ၏ အသက်ဝင်လှုပ်ရှားမှုနှင့် တူနေလေသည်။
နောက်တစ်ဆင့်ကတော့ အကဲဖြတ်ဒိုင်များ မြည်းစမ်းရန် အချိန်ပင်။
စားသောက်ဆိုင်အသီးသီး၏ ဟင်းပွဲများကို မိတ်ဆက်ပေးရန် သီးသန့်ဝန်ထမ်းများ ထွက်လာကြပြီးနောက် မြည်းစမ်းရန်အတွက် အကဲဖြတ်ဒိုင်များထံ တင်ဆက်ပေးကြသည်။
အသက်ကြီးသူနှင့် ငယ်ရွယ်သူ အမျိုးသမီးနှစ်ဦးက ဟင်းပွဲတစ်ပွဲစီကို အနည်းငယ်စီ မြည်းစမ်းပြီးနောက် သူတို့၏ အကဲဖြတ်ချက်များကို ပေးကြသည်။ ဤသည်မှာ ပုံမှန်ဟု ထင်ရသည်။ သို့သော် အမျိုးသားသုံးဦးကတော့ ကွာခြားနေပြီး ထူးဆန်းနေသည်။ သူတို့က ထိုနေရာတွင် ထိုင်နေကြသည်မှာ ထင်ရှားသော်လည်း အစားအသောက်များကို တစ်လုပ်မျှ မစားကြသဖြင့် သူတို့ ဘယ်လို အကဲဖြတ်ကြမည်ကို လူတိုင်း သိချင်စိတ် ပြင်းပြနေကြသည်။
အလယ်ပိုင်းကုန်းမြေတိုက်မှ နာမည်ကြီးစားသောက်ဆိုင်များ၏ ဟင်းပွဲများကို မြည်းစမ်းပြီး အကဲဖြတ်ချက်များ ပေးပြီးသွားပြီ ဖြစ်သည်။ အမျိုးသမီးအကဲဖြတ်ဒိုင်နှစ်ဦးက ကျေနပ်စွာ ခေါင်းညိတ်ခဲ့ကြသော်လည်း သူတို့၏ အကဲဖြတ်ချက်များက အထူးတလည် မြင့်မားမနေခဲ့ပေ။ စားသောက်ဆိုင် တစ်ဆိုင်၊ နှစ်ဆိုင်လောက်ကသာ သူတို့ထံမှ ချီးကျူးသံ အနည်းငယ် ပိုရခဲ့သည်။
အမျိုးသမီးနှစ်ဦး၏ အကဲဖြတ်ချက်များက အလွန် တရားမျှတပြီး သူတို့က အစားအသောက်၏ အားသာချက်နှင့် အားနည်းချက်များကို နက်နက်နဲနဲ နားလည်ထားကြောင်း လုချန် ကြားလိုက်ရသည်။
မကြာမီ အခြားကုန်းမြေတိုက်များမှ မိသားစုကြီးလေးခု၏ ဟင်းပွဲများကို တင်ဆက်ရမည့် အချိန်သို့ ရောက်လာသည်။
တောင်ဘက်ကုန်းမြေတိုက်မှ ကျောက်လောင်စစ်က သိုးသားတစ်ပွဲကို တင်ဆက်လိုက်သည်။ သက်လတ်ပိုင်းအမျိုးသား စောစောက မှတ်ချက်ပေးခဲ့သလိုပင်။ အသားက နူးညံ့ပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။ အထူးပြုလုပ်ထားသော အချဉ်ရည်နှင့် တွဲဖက်လိုက်သောအခါ အမျိုးသမီးနှစ်ဦးထံမှ အဆုံးအစမရှိသော ချီးကျူးမှုများကို ရရှိခဲ့သည်။
“ကောင်းမွန်လှပါတယ်... မနှစ်ကထက် သိသိသာသာကို တိုးတက်လာတယ်... ပေါင်းအိုးတည်တဲ့အချိန်မှာ လျှို့ဝှက်ပါဝင်ပစ္စည်းတချို့ကို ထည့်ထားတာ ဖြစ်ရမယ်... ဒါပေမဲ့ အသားရဲ့ မျက်နှာပြင်က အရသာအပြည့်ရှိနေပြီး အထဲအထိတောင် စိမ့်ဝင်နေတာပဲ... အရသာ ပြင်းအားကလည်း တစ်ပြေးညီဖြစ်နေတယ်... ဒါက အရမ်းကို ရှားပါးတယ်...”
နောက်တစ်ပွဲက မြောက်ဘက်ကုန်းမြေတိုက် ချင်းယွင်ခန်းမမှ ရွက်ကြမ်းအချိုရွက်ကြော် ဖြစ်သည်။
ဤဟင်းပွဲကို ချလိုက်သောအခါ ရှားရှားပါးပါးသာ လှုပ်ရှားလေ့ရှိသော အဝလွန်နေသည့် သက်လတ်ပိုင်း အကဲဖြတ်ဒိုင်နှစ်ဦးက သူတို့၏ တူများကို ကောက်ကိုင်လိုက်ကြသည်။ ယခင်က သူတို့က အခြား မည်သည့်အစားအစာကိုမျှ စိတ်ဝင်စားမှုမပြဘဲ မြည်းစမ်းခြင်းလည်း မရှိခဲ့ပေ။ သို့သော် ဤရွက်ကြမ်းအချိုရွက်ကြော် တစ်ခုတည်းကသာ သူတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ...”
“သူတို့စိတ်ထဲမှာ ချင်းယွင်ခန်းမက ဒီသက်သတ်လွတ်ဟင်းလျာက အကောင်းဆုံးလို့ ထင်နေလို့များလား...”
“သူတို့က ချင်းယွင်ခန်းမကို ဒီနှစ်ရဲ့ ချန်ပီယံလို့ ထင်ထားပြီးသားမို့ သူတို့ဟင်းပွဲကလွဲရင် တခြားဘာကိုမှ မမြည်းစမ်းတော့တာ ဖြစ်ရမယ်...”
“ဟက်... ဒါက တမင်သက်သက် လုပ်လွန်းရာကျနေပြီ... တစ်ဆိုင်တည်းဆီကပဲ စားတယ်ပေါ့လေ... ဒီမဲက ဘယ်လိုလုပ် အတည်ဖြစ်နိုင်မှာလဲ...”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... အားလုံး အထင်လွဲနေကြပြီ...”
ပွဲစီစဉ်သူ ဝန်ထမ်းက ရှင်းပြလိုက်သည်။
“ဒီနှစ်ယောက်က အစားအသောက် ကျွမ်းကျင်သူတွေ မဟုတ်ပါဘူး... သာမန်လူတွေပါ...”
“သာမန်လူတွေ ဟုတ်လား... ခင်ဗျားတို့က အရမ်း ပေါ့ဆလွန်းတာပဲ... ကြီးကျယ်ခမ်းနားတဲ့ ကုန်းမြေတိုက်ငါးခု အစားအသောက်ပြိုင်ပွဲကြီးမှာ သာမန်လူနှစ်ယောက်ကို အကဲဖြတ်ဒိုင်လုပ်ဖို့ ရှာလာတယ်ပေါ့လေ...”
“ဟုတ်ပါ့... ဒါဆို ဘယ်လို အာဏာစက်မျိုး ပြောစရာကျန်တော့မှာလဲ...”
“မှန်တယ်... ဒါဆို ငါ တက်သွားရင်ရော မဲပေးလို့ရတယ်ဆိုတဲ့ သဘောလား...”
ဝန်ထမ်း၏ စကားကို ကြားသောအခါ လူထု၏ ခံစားချက်က ရုတ်တရက် လှုပ်ရှားဆူပူလာသည်။
“မဟုတ်ပါဘူး...”
ဝန်ထမ်းက လက်ကို အနည်းငယ် ယမ်းပြလိုက်သည်။
“ဒီနှစ်ယောက်က သာမန်လူတွေဆိုပေမယ့် တခြားလူတွေနဲ့ အနည်းငယ် ကွာခြားမှုရှိပါတယ်... အားလုံး သတိထားမိကြတဲ့အတိုင်း ဒီနှစ်ယောက်က အလွန်အမင်း အဝလွန်နေကြတာပါ... ဘာလို့လဲဆိုတော့ သူတို့ ခန္ဓာကိုယ်ထဲမှာ အဆီပမာဏ အများကြီး ပါဝင်နေပြီး အစာအိမ်ထဲက အဆီအနှစ်တွေကို ချေဖျက်လို့ မရနိုင်လို့ပါပဲ... ဒါက အတွေ့ရခဲတဲ့ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်မျိုးပါ... သူတို့ရဲ့ အမြင်မှာဆိုရင် ပုံမှန်အစားအစာတွေက စားမရတော့ပါဘူး... သူတို့က အီဆိမ့်ပြီး ရွံရှာစရာကောင်းတယ်လို့ပဲ ထင်ကြတာပါ... တကယ်ကို ထူးခြားတဲ့ အစားအစာကမှ သူတို့ကို ဆွဲဆောင်နိုင်မှာပါ... တကယ်လို့ ဟင်းပွဲတစ်ပွဲက သူတို့ကို တူကောက်ကိုင်လာအောင် လုပ်နိုင်တယ်ဆိုရင် အဲဒီဟင်းပွဲရဲ့ ထူးကဲတဲ့ အရည်အသွေးကို သက်သေပြဖို့ လုံလောက်နေပါပြီ... ဒါကလည်း အမှတ်ပေးစံနှုန်းတစ်ခုပါပဲ...”
“ကျွတ်... ဒါဆို သက်သတ်လွတ်ဟင်းလျာတွေက ကြီးမားတဲ့ အားသာချက် ရသွားတာပေါ့... ဒီရွက်ကြမ်းအချိုရွက်ကြော်က ဆီ တစ်စက်မှ မပါဘူးလေ...”
“တိတိကျကျ ပြောရရင်တော့ ဟုတ်ပါတယ်...”
***