‘ဒီမြစိမ်းရောင် မျှစ်လေးက တကယ်ပဲ အလှဆင်ဖို့ သက်သက်ပဲလား...’
ဤသံသယက သက်လတ်ပိုင်း အမျိုးသမီးအကဲဖြတ်ဒိုင်၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် အလှဆင်ရန်သက်သက်သာဖြစ်သော ဤမျှစ်စိမ်းလေးက ချင်းယွင်ခန်းမမှ တင်ဆက်လာသော ဟင်းပွဲထက်ပင် ပို၍ အရသာရှိနေသည်ဟု ခံစားလိုက်ရသောကြောင့်ပင်။
‘ဘေးနားက အရန်ပါဝင်ပစ္စည်းလေးကတောင် ဒီလိုဖြစ်နေရင် အဓိက ဟင်းပွဲကရော ဘယ်လိုနေမလဲ...’
အစားအသောက်ပျက် ရောဂါဝေဒနာရှင် လူငယ်လေးက အစားအစာများကို အငမ်းမရ မျိုချနေသည်ကို ကြည့်ရင်း မူလကတည်းက သေးငယ်သော အသားလုံးလေးမှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ သူမ၏ ပြည့်နေပြီဖြစ်သော ဗိုက်က ရုတ်တရက် ပြန်လည်ဆာလောင်လာသလို ခံစားလိုက်ရသည်။
ဤသည်မှာ စိတ်ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုသာဖြစ်ပြီး သူမ၏ လက်ရှိအခြေအနေဖြင့် ရှေ့ရှိ အသားလုံးကို စားလိုက်ပါက အတရားမျှတဆုံး အကဲဖြတ်မှုကို ပေးနိုင်တော့မည်မဟုတ်ကြောင်း သူမ သိထားသော်လည်း သူမ ဘယ်လိုမှ မတောင့်ခံနိုင်တော့ချေ။
ဤအသားလုံးလေးက ဆွဲဆောင်မှုရှိပြီး ဩဇာတိက္ကမကြီးမားသော အမျိုးသားတစ်ဦးက သူမကို နံရံတွင် အတင်းဖိကပ်ကာ ဖြည်းညှင်းစွာ ယုယပွတ်သပ်ပေးနေသည့်အလား သူမ လုံးဝ မခုခံနိုင်တော့ဘဲ သူမကိုယ်သူမပင် လိုလိုလားလား ပုံအပ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
သူမက လက်ထဲရှိ တူဖြင့် အသားလုံး၏ မျက်နှာပြင်ကို ညင်သာစွာ ထိကြည့်လိုက်ရာ တူမှတစ်ဆင့် အားကောင်းသော အိစက်မှုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
“အင်း...”
အမျိုးသမီးငယ်လေးထံမှ တိုးညင်းသော ရေရွတ်သံလေး ထွက်ပေါ်လာသည်။ သူမက အသားလုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီဖြစ်ပြီး စစ်မှန်သော အိစက်မှုကို ခံစားနေရပြီ ဖြစ်သည်။
အဝလွန်သူနှစ်ဦးကတော့ ကျူးပါကျဲက ဂျင်ဆင်းသီးကို စားသကဲ့သို့ အသားလုံးတစ်လုံးလုံးကို တစ်လုပ်တည်းဖြင့် မျိုချလိုက်ကြသည်။ သူတို့၏ ပါးစပ်မှ အဆီများ ယိုကျနေသော မြင်ကွင်းက သူတို့အကြောင်းကို ကြိုတင်မသိထားပါက ဆီများသောအစာများကို ရွံရှာမုန်းတီးသူများဟု လုံးဝ ထင်မှတ်စရာအကြောင်း မရှိပေ။
တည်းခိုခန်း၏ မှတ်စုတွင် ဤသည်မှာ အကောင်းဆုံး ပထမအဆင့် ဟင်းချက်စရာ ပါဝင်ပစ္စည်းဟု ဖော်ပြထားခြင်းက လုံးဝ ပုံကြီးချဲ့ထားခြင်း မဟုတ်ပေ။ သေမျိုးအဆင့် ပါဝင်ပစ္စည်းများထဲတွင် မည်သည့်အရာကမှ ဤခြင်္သေ့ဦးခေါင်းအသားလုံးပေါင်း ဟင်းပွဲကို မကျော်လွန်နိုင်ချေ။ လုချန်က သူ၏ ပါဝင်ပစ္စည်းများကို ရွေးချယ်လိုက်သည့် အခိုက်အတန့်မှာပင် ဤပြိုင်ပွဲတွင် သူ အနိုင်ရရန် ဖန်တီးထားပြီးသား ဖြစ်နေခဲ့ပြီပင်။
အကဲဖြတ်ဒိုင်ငါးဦး၏ လုပ်ရပ်များက အခြားပြိုင်ပွဲဝင်များကို မှင်သက်သွားစေသည်။
ဤသည်မှာ အင်မော်တယ်အရသာနန်းဆောင်ပင် မစွမ်းဆောင်နိုင်ခဲ့သော မြင်ကွင်းမျိုး ဖြစ်သည်။
‘ဒီအသားလုံးက တကယ်ကြီး အဲဒီလောက်တောင် အရသာရှိနေတာလား...’
‘မဖြစ်နိုင်ဘူး... သူက လူငယ်လေးတစ်ယောက်ပဲလေ... တခြားသူတွေအားလုံးထက် သာလွန်တဲ့ အစားအစာကို သူက ဘယ်လိုလုပ် ချက်ပြုတ်နိုင်မှာလဲ...’
‘ငါ သိပြီ... ဒီအကဲဖြတ်ဒိုင်တွေက ဟိုကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ ဖိအားပေးခံထားရတာ ဖြစ်ရမယ်... ဟုတ်တယ်... အဲဒါပဲ ဖြစ်ရမယ်... မဟုတ်ရင် အစားအသောက်ပျက် ရောဂါဝေဒနာရှင်က ဘယ်လိုလုပ် အဲဒီလို စားနေမှာလဲ... သူ့အသက်ကို ခြိမ်းခြောက်ခံထားရတာပဲ ဖြစ်ရမယ်...’
ဤအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် စားသောက်ဆိုင်သူဌေးများကြားတွင် တီးတိုးစကားများအဖြစ် ချက်ချင်း ပျံ့နှံ့သွားတော့သည်။ အရှေ့ဘက်ကုန်းမြေတိုက်မှ နတ်သုဒ္ဓါစံအိမ်မှလွဲ၍ ကျန်လူအားလုံးနီးပါးက ဤအတွေး၏ လွှမ်းမိုးမှုကို ခံလိုက်ကြရသည်။
လူတစ်ယောက်က ခနဲ့တဲ့တဲ့ လေသံဖြင့် ဝင်ပြောလိုက်သည်။
“ငါတို့ လိုအပ်တာက တရားမျှတမှုနဲ့ ဘက်မလိုက်မှုပဲ... ဒါပေမဲ့ တချို့လူတွေက စည်းမျဉ်းတွေကို လိုက်နာပုံမရဘူး”
“အမှန်ပဲ... ဘယ်နေရာမှာ ဘာပြိုင်ပွဲပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က အကောင်းဆုံး ရလဒ်တွေ ရခဲ့ရင်တောင် သူတို့ရဲ့ စရိုက်က အပြစ်အနာအဆာရှိနေရင် လက်ခံနိုင်စရာ မရှိဘူး”
“ဟုတ်တယ်”
ဤလူများက တရားမျှတမှုအတွက် ဒေါသထွက်နေကြသည့်အလား ပြောဆိုနေကြသော်လည်း စောစောက သူတို့က လုချန်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးဘဲ ရလဒ်များကို ချက်ချင်း ကြေညာရန် တောင်းဆိုခဲ့စဉ်က မည်မျှ “တရားမျှတပြီး ဘက်မလိုက်ခဲ့ကြောင်း” ကို လုံးဝ မေ့လျော့နေခဲ့ကြသည်။
အမျိုးသမီးအကဲဖြတ်ဒိုင်ငယ်လေးက လူအုပ်ကြီး၏ စကားများကို နားထောင်ပြီးနောက် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
“ရှင်တို့ ဒီလောက် ခနဲ့တဲ့တဲ့ ပြောနေစရာ မလိုပါဘူး... ကျွန်မတို့အပေါ် သံသယရှိတယ်ဆိုရင် ရှင်တို့ကိုယ်တိုင် တက်လာပြီး မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်... ဒါမှမဟုတ် ဒီမှာရှိတဲ့ ပွဲကြည့်ပရိသတ်တွေကို မြည်းစမ်းခိုင်းလို့လည်း ရပါတယ်”
သူမ ဤသို့ပြောလိုက်သည်နှင့် ကြီးမားသော တုံ့ပြန်မှုကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ပွဲခင်းပြင်ပရှိ သက်လတ်ပိုင်းအမျိုးသားက ဦးဆောင်ကာ ချက်ချင်းပင် အော်ဟစ်လိုက်ကြသည်။ ပျံ့နှံ့နေသော ရနံ့များကြောင့် သူတို့က လှုံ့ဆော်ခံထားရသည်မှာ ကြာပြီဖြစ်ပြီး တံတွေးများပင် မြိုချနေခဲ့ရသည်။
“မြည်းစမ်းရမယ်ဆိုရင်လည်း မြည်းစမ်းကြည့်တာပေါ့... ဒီကောင်လေးက ဘာများ ချက်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
အင်မော်တယ်အရသာနန်းဆောင် သူဌေးက ရှေ့ထွက်လာပြီး အစိမ်းရောင် မျှစ်တစ်ချောင်းကို အရင် ကောက်ယူလိုက်သည်။ ၎င်း၏ လတ်ဆတ်ပြီး တက်ကြွနေသော အသွင်အပြင်ကို ကြည့်ရင်း သူက အထင်သေးစွာဖြင့် ခေါင်းယမ်းလိုက်သည်။
“ဟက်... အပြင်ပန်းအလှကိုပဲ အာရုံစိုက်ထားတာ... ကြည့်ကောင်းပေမယ့် လက်တွေ့မကျဘူး”
သူက အထင်အမြင်သေးသော အမူအရာဖြင့် မျှစ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ဝေဖန်ဖို့ စကားလုံးပေါင်း မရေမတွက်နိုင်အောင် သူ ပြင်ဆင်ထားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ သူ တစ်ခွန်းမှပင် မဟနိုင်တော့ချေ။
ပန်းထွက်လာသော အရည်များ၊ ပါးစပ်ထဲတွင် အရည်ပျော်သွားသော အိစက်မှု၊ ပြိုင်ဘက်ကင်းသော အချိုဓာတ်... အားလုံးက သူ၏ အာရုံများကို လှုံ့ဆော်လိုက်သည်။
‘ဒါ... ဒါက တကယ်ပဲ မျှစ်စိမ်းတစ်ချောင်း သက်သက်ပဲလား...’
အင်မော်တယ်အရသာနန်းဆောင် သူဌေးက လုချန်ကို အမှတ်မထင် လှမ်းကြည့်လိုက်မိပြီး သူ၏ ရင်ထဲတွင် ကောင်းကင်လှုပ်ခါမတတ် တုန်လှုပ်မှု လှိုင်းလုံးကြီးများ ရိုက်ခတ်သွားတော့သည်။
‘သူ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ... မျှစ်စိမ်းတစ်ချောင်းကို ဒီလိုဖြစ်သွားအောင် သူ ဘယ်လို လုပ်လိုက်တာလဲ...’
အခြား စားသောက်ဆိုင်သူဌေးများက အင်မော်တယ်အရသာနန်းဆောင် သူဌေး စကားပြောမည့်အချိန်ကို စောင့်နေကြသော်လည်း သူက နေရာမှာပင် ကျောက်ရုပ်လို ရပ်တန့်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။
“စကားတောင် မပြောနိုင်လောက်အောင် အရမ်းဆိုးဝါးနေလို့များလား... ငါ မြည်းကြည့်မယ်”
နောက်တစ်ယောက်က ရှေ့ထွက်လာပြီး စောစောက အင်မော်တယ်အရသာနန်းဆောင် သူဌေးကဲ့သို့ပင် အထင်သေးသော အမူအရာဖြင့် လုပ်ဆောင်လိုက်သည်။ ရလဒ်အနေဖြင့် မျှစ်စိမ်းတစ်ကိုက်ကို မျိုချလိုက်ပြီးနောက် သူလည်း စကားမပြောနိုင်တော့ချေ။
ဤလူနှစ်ဦး၏ လုပ်ရပ်များကို ကြည့်ရင်း သက်လတ်ပိုင်း အမျိုးသမီးအကဲဖြတ်ဒိုင်က ရယ်မောလိုက်သည်။
“ကောင်းကင်အထက်မှာ ကောင်းကင်တစ်ခု ရှိနေသေးတယ်လေ”
စားသောက်ဆိုင် သူဌေးတစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကာ မြည်းစမ်းကြသည်။ တချို့က အလှဆင်ရန်သုံးထားသော မျှစ်စိမ်းကို စားကြပြီး တချို့ကတော့ ခြင်္သေ့ဦးခေါင်းအသားလုံးပေါင်းကို မြည်းစမ်းကြသည်။ ချွင်းချက်မရှိ အားလုံးက အလွန်ကောင်းမွန်လှသော အရသာကြောင့် မှင်သက်သွားကြလေသည်။
“အခုတော့ အဆင့်သတ်မှတ်ချက်တွေကို တကယ်ကြေညာဖို့ အချိန်တန်ပြီလို့ ထင်တယ်”
အမျိုးသမီးအကဲဖြတ်ဒိုင်ငယ်လေးက ပြောလိုက်သည်။
“ဒီလောက် အရသာရှိနေမှတော့ ဘယ်သူမှ မကျေမနပ် ထပ်ပြောကြတော့မှာ မဟုတ်ပါဘူး”
“ဒီလိုဆိုမှတော့ ကြေညာလိုက်တော့”
အစားအသောက်ပြိုင်ပွဲမှ ဝန်ထမ်းတစ်ဦးက လျှောက်လာပြီး စားသောက်ဆိုင်သူဌေးများစွာကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ဘာတွေဖြစ်သွားမှန်း သူ သေချာမသိပေ။ သို့သော် အကဲဖြတ်ဒိုင်များက ပြောလာပြီဖြစ်သဖြင့် သူက လိုက်နာရမည်သာ ဖြစ်သည်။
“နေပါဦး...”
ဝန်ထမ်းက အဆင့်သတ်မှတ်ချက်များကို ကြေညာတော့မည့်အချိန်မှာပင် အင်မော်တယ်အရသာနန်းဆောင် သူဌေးက ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။
“ငါ ကန့်ကွက်တယ်... ဒီတစ်ကြိမ်မှာ ငါတို့က အစွမ်းကုန် မထုတ်ခဲ့ရဘူး... သူက လူငှားပြီး ပြဿနာရှာတာ၊ ဟင်းချက်မီးခိုးငွေ့တွေနဲ့ ငါတို့ကို လာနှောင့်ယှက်တာတွေသာ မလုပ်ခဲ့ရင် ငါတို့ဟင်းပွဲတွေရဲ့ အရသာက ဒီထက်အများကြီး ပိုကောင်းနေမှာပဲ... ဒီအချီကို အတည်မယူဘူး”
သူ၏ ပေါက်ကွဲထွက်လာမှုက လူတိုင်းကို ရုတ်တရက် သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး အသံအမျိုးမျိုးက ဆက်တိုက် ထွက်ပေါ်လာတော့သည်။
“ဟုတ်တယ်... ငါတို့ နှောင့်ယှက်ခံခဲ့ရတာ”
လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် သူဌေးက အကျယ်ဆုံးအသံဖြင့် ပြောလိုက်သည်။
“ငါ ဘာမှမပြောတော့ဘူးလို့ နေမလို့ပဲ... ဒါပေမဲ့ အခြေအနေတွေက ဒီလိုဖြစ်လာပြီး အရှက်မရှိတဲ့လူတစ်ယောက်က ချန်ပီယံဆုကို ယူတော့မယ်ဆိုမှတော့ ငါ ဝင်ပြောရတော့မယ်... ဒီနေ့ လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင်မှာ အခုလို အမှားအယွင်းကြီး ဖြစ်ခဲ့ရတာက တစ်ယောက်ယောက်က တမင်သက်သက် ပြဿနာရှာပြီး နှောင့်ယှက်ခဲ့လို့ပဲ”
“ဒီပြိုင်ပွဲကို အတည်ယူလို့ မရဘူး”
“အတည်ယူလို့ မရဘူး”
ဤအသံများ ထွက်ပေါ်လာချိန်တွင် အခြေအနေအရ ကြည့်လျှင် ဤစားသောက်ဆိုင်သူဌေးများက အရှက်မဲ့စွာ ပြုမူရန် ပြင်ဆင်နေကြကြောင်း ထင်ရှားနေသည်။
အင်မော်တယ်အရသာနန်းဆောင်သည် ဆယ်နှစ်ကျော် ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပြီး ထိုပလ္လင်ပေါ်တွင် ထိုင်ရသည်ကို အသားကျနေပြီ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုနေရာအား လုယူခွင့်ပြုမည် မဟုတ်ပေ။ အထူးသဖြင့် ဤသူက တည်းခိုခန်းသေးသေးလေးတစ်ခုကိုသာ ဖွင့်လှစ်ထားသူ ဖြစ်နေသောကြောင့်ပင်။ သူ ရောက်လာကတည်းက သူတို့တွင် ပြောပလောက်သော စီးပွားရေးလုပ်ငန်း မရှိခဲ့တော့ချေ။
နောက်တစ်ဆိုင်က လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် ဖြစ်သည်။ အင်မော်တယ်အရသာနန်းဆောင်က ဦးဆောင်နေသဖြင့် သူကလည်း သဘာဝကျကျပင် သူ့ကိုယ်သူအတွက် ဆင်ခြေပေးလာတော့သည်။
အဓိက စားသောက်ဆိုင်ကြီးနှစ်ဆိုင်က စကားစလိုက်ပြီဖြစ်သဖြင့် ကျန်သောသူများကလည်း သဘာဝကျကျပင် နောက်တွန့်နေမည် မဟုတ်ပေ။ လုချန်က ငယ်ရွယ်ပြီး နာမည်မသိသော မျက်နှာသစ်တစ်ဦး ဖြစ်နေသောကြောင့် ထိုကဲ့သို့သောသူက အစားအသောက်ပြိုင်ပွဲ၏ ချန်ပီယံဆုကို ရသွားမည်ဆိုပါက သူတို့အားလုံး အလွန် အရှက်ရသွားမည်ဟု ခံစားကြရမည် ဖြစ်သည်။
နတ်သုဒ္ဓါစံအိမ် တစ်ခုတည်းကသာ ဒီအချိန်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။
ဤစားသောက်ဆိုင်သူဌေးများ၏ ပါးစပ်မှ ထွက်လာသော စကားများကို နားထောင်ပြီးနောက် အခြေအမြစ်မရှိသော အရှက်မဲ့မှုဆိုသည်မှာ မည်သို့အရာမျိုးဖြစ်ကြောင်း လုချန် နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
ပထမ သူတို့က သူ့အတွက် မီးဖို မပြင်ဆင်ပေးခဲ့ကြဘူး။ ပြီးတော့ သူ့ကို လေတိုက်ရာလမ်းကြောင်းမှာ ထားပြီး ဟင်းချက်မီးခိုးငွေ့တွေနဲ့ ဒုက္ခပေးခဲ့ကြတယ်။ နောက်ဆုံး အကဲဖြတ်တဲ့အချိန်မှာလည်း သူ့ဟင်းပွဲကို တင်ဆက်ဖို့ အခွင့်အရေး မပေးခဲ့သလို သူ ပထမနေရာ ရသွားချိန်မှာတောင် သူ့ကို မေးခွန်းထုတ်နေကြသေးတယ်။
ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းပြီးတဲ့နောက်မှာလည်း ဆင်ခြေအမျိုးမျိုး ပေးလာကြပြန်တယ်။ အခုဆို သူတို့ဘာသာ ပုစွန်အမည်းကြောင်း မဖယ်ဘဲ ရေနွေးဖျောပုစွန်က ညှီစော်နံနေတာကိုတောင် သူ့အပြစ်လို့ ပုံချနေကြပြီလား။
[ကျပန်း မစ်ရှင် ထွက်ပေါ်လာပါပြီ - သူတို့ကို သင်ခန်းစာပေးလိုက်ပါ။ မစ်ရှင် ရည်ရွယ်ချက် - ဤနေရာရှိ ပြိုင်ပွဲဝင် စားသောက်ဆိုင်အားလုံးကို သူတို့၏ ကိုယ်ပိုင် နာမည်ကြီးဟင်းလျာများ အသုံးပြု၍ အနိုင်ယူပါ။ မစ်ရှင်လုပ်ဆောင်နေစဉ်အတွင်း ပါဝင်ပစ္စည်းများအားလုံးကို တည်းခိုခန်းမှ ပံ့ပိုးပေးပါမည်။ မစ်ရှင်ဆုလာဘ် - လက်မှုပညာပုံစံကြမ်း တစ်ခု။ ကျရှုံးခြင်း ပြစ်ဒဏ် - နာမည်ပျက်သွားမည်]
***