လုချန်က ဒေါသမထွက်တတ်သူ မဟုတ်ပေ။ မလိုအပ်သော ကိစ္စများတွင် အချိန်ကုန်ခံပြီး ခေါင်းမစားချင်ရုံသာ ဖြစ်သည်။
သို့သော် တည်းခိုခန်းကတော့ ကွာခြားသည်။ ၎င်းက ရန်စ၍မရသောအရာတစ်ခု ဖြစ်ကြောင်း လုချန် သိထားသည်မှာ ကြာပြီဖြစ်သည်။ ရန်စမှုတိုင်းက တည်းခိုခန်း၏ လက်တုံ့ပြန်မှုကို ခံရမည်သာ ဖြစ်သည်။
ဥပမာအားဖြင့် ဤတစ်ကြိမ်တွင် ဤစားသောက်ဆိုင်သူဌေးများက လုချန်သည် ယုတ်မာသော နည်းလမ်းများကို သုံးကာ အောက်တန်းကျသော ပညာရပ်များဖြင့် လိမ်လည်လှည့်စားနေသည်ဟု တိုက်ခိုက်ပြောဆိုခဲ့ကြပြီး သူတို့သာ ဟင်းချက်မီးခိုးငွေ့များ၏ အနှောင့်အယှက်ကို မခံခဲ့ရလျှင် လုချန်ထက် ပိုကောင်းအောင် လုပ်နိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ အခြားတစ်ဖက်မှ တွေးကြည့်လျှင် ဤသည်က တည်းခိုခန်းကို ရန်စလိုက်ခြင်းပင် ဖြစ်သည်။
တည်းခိုခန်းက ဤကဲ့သို့သောအရာများကို သည်းခံနိုင်စွမ်း မရှိချေ။
ကျပန်းမစ်ရှင် ထွက်ပေါ်လာခြင်းက လုချန်၏ မျက်လုံးများကို ချက်ချင်း စူးရှသွားစေသည်။
“အားလုံး ပါးစပ်ပိတ်ထားကြစမ်း”
သူက ရုတ်တရက် အော်ဟစ်လိုက်သည်။ ဤသည်မှာ ဤပြိုင်ပွဲကွင်းသို့ ရောက်လာပြီးကတည်းက သူ ပထမဆုံးအကြိမ် အကျယ်ကြီး အော်ပြောလိုက်ခြင်းပင်။
အရှိန်အဝါများ ပြည့်နှက်နေသော ရုတ်တရက် အသံကြောင့် လူများစွာ လန့်ဖြန့်သွားကြသည်။
သူတို့က မသိစိတ်အလျောက် ပါးစပ်ပိတ်သွားကြပြီး သူ့ကို ကြည့်လိုက်ကြသော်လည်း တစ်စက္ကန့်မျှသာ ကြာလိုက်သည်။ ဒုတိယစက္ကန့်တွင်တော့ တစ်စုံတစ်ယောက်က ထပ်မံ အသံထွက်လာပြန်သည်။
“မင်းက ဘာတွေ အော်နေတာလဲ”
“အမှန်ပဲ... ဘာတွေ လာအော်နေတာလဲ”
“မင်းက လူငယ်လေးတစ်ယောက်ပဲလေ... ဒါက ပြိုင်ပွဲကွင်းနော်... မင်း အော်ကြီးဟစ်ကျယ် လုပ်ရမယ့် နေရာလား”
သူတို့၏ အထင်အမြင်သေးနေသော အမူအရာများကို ကြည့်ရင်း လုချန်က အားရပါးရ ရယ်မောလိုက်ပြီး သူ့ကို ကူညီရန် ဝင်လာခဲ့သော ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်လေးဦးကို ပြောလိုက်သည်။
“ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ဒီအသုံးမကျတဲ့ မီးဖိုတွေ အားလုံးကို ရှင်းထုတ်ပေးပါ”
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အဘိုးကြီးလျိုက စတင်လှုပ်ရှားလိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုနေရာတွင် မူလက ပြင်ဆင်ထားသော မီးဖိုများအားလုံး ပျောက်ကွယ်သွားတော့သည်။
“ကောင်လေး... မင်း ဘာလုပ်တာလဲ”
“မင်းရဲ့ အင်အားကို သုံးပြီး တခြားသူတွေကို အနိုင်ကျင့်ချင်နေတာလား... ဒီမှာ လူတွေ အများကြီး ရှိနေတယ်... ပြီးတော့ ငါတို့က ဟင်းချက်ပညာကို ပြိုင်နေကြတာလေ... မင်း ဒီလောက်တောင် အရှက်မရှိဘူးဆိုရင် လူတိုင်းက မင်းကို သည်းခံနိုင်မှာ မဟုတ်ဘူး”
“ဟုတ်တယ်”
အင်မော်တယ်အရသာနန်းဆောင် သူဌေးက ဦးဆောင်ပြီး လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် သူဌေးက နောက်မှလိုက်ကာ အသံတစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ သူတို့က နည်းလမ်းအမျိုးမျိုးဖြင့် လုချန်ကို နာမည်ဖျက်ချင်နေကြပြီး အနည်းဆုံးတော့ ဤပြိုင်ပွဲကို အတည်မယူနိုင်အောင် လုပ်ချင်နေကြသည်။
“ငါ ဘာလုပ်နေတာလဲ ဟုတ်လား”
လုချန်က ပွဲခင်း၏ အလယ်ဗဟိုသို့ လျှောက်သွားကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ၏အသံက မကျယ်လောင်သော်လည်း ထူးခြားသော အရှိန်အဝါတစ်ခု ပြည့်နှက်နေပြီး အလွန် မျက်စိကျစရာ ကောင်းနေသည်။
“ငါ လုပ်မယ့်အရာက မင်းတို့ကို ဟင်းဘယ်လိုချက်ရမလဲဆိုတာ ပြောပြမလို့ပဲ”
စကားဆုံးသည်နှင့် လုချန်၏ ကိုယ်ပတ်လည်ရှိ လေဟာနယ်ထဲမှ ပါဝင်ပစ္စည်းအချို့ ရုတ်တရက် ထွက်ပေါ်လာသည်။
အမွှေးနုတ်ထားသော လတ်ဆတ်သည့် ဘဲတစ်ကောင်နှင့် ရေစည်ပိုင်းတစ်ခု။ ရေစည်ပိုင်းထဲတွင်တော့ ပုစွန်ကြီး ဆယ်ကောင်ကျော်က ကူးခတ်နေကြသည်။
“မင်းတို့က ငါ မင်းတို့ကို အနှောင့်အယှက်ပေးတယ်... မင်းတို့ ဟင်းပွဲတွေရဲ့ အရသာအပြည့်အဝ ထွက်မလာအောင် ငါက တားဆီးတယ်လို့ အပြစ်တင်နေကြတယ်... ဒါပေမဲ့ မင်းတို့ သိမှာမဟုတ်ဘူး... မင်းတို့ ဟင်းချက်နေတဲ့ အချိန်တစ်လျှောက်လုံး ငါ ရယ်နေခဲ့တာ”
“မင်းက ဘာကို ရယ်တာလဲ”
တစ်စုံတစ်ယောက်က ချက်ချင်း မေးလိုက်သည်။
အကဲဖြတ်ဒိုင် စားပွဲမှ အကဲဖြတ်ဒိုင်များနှင့် ပွဲကြည့်ပရိသတ်များကလည်း လုချန် ဘာကို ရယ်နေသလဲဆိုသည်ကို သိချင်စွာဖြင့် သူ့ကို ကြည့်လာကြသည်။
“သေချာပေါက် ငါ ရယ်နေတာပေါ့...”
လုချန်က ရေစည်ပိုင်းထဲသို့ လက်နှိုက်လိုက်သည်။
“မင်းတို့က ဟင်းမှမချက်တတ်တာမို့ ငါ ရယ်နေတာလေ”
'ချက်တတ်' ဆိုသည့် စကားလုံး အဆုံးတွင် ရေစည်ပိုင်းထဲမှ သူ၏လက်ကို အားပြင်းပြင်းဖြင့် ဆွဲထုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ပုစွန်ကြီး အတော်များများက ရေစည်ပိုင်းထဲမှ ခုန်ထွက်လာပြီး သူ့ရှေ့ရှိ စဉ်းတီတုံးပေါ်သို့ ကျလာတော့သည်။
“ပုစွန်တွေ”
“သူ့ဆီမှာ ဘာလို့ ဒီပါဝင်ပစ္စည်းတွေ ရှိနေရတာလဲ”
လုချန် ရုတ်တရက် ထုတ်ပြလိုက်သော ပါဝင်ပစ္စည်းများကြောင့် လူတိုင်း မှင်သက်သွားကြသည်။ ဤသည်က သူတို့အမှားတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကုန်းမြေတိုက်ငါးခုလုံးတွင် လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် တစ်ခုတည်းကသာ ပင်လယ်စာများကို ချက်ပြုတ်ပြီး လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် တစ်ခုတည်း၌သာ ဤပင်လယ်စာ ပါဝင်ပစ္စည်းများ ရှိသောကြောင့်ပင်။ ယခု လူမသိသူမသိ လူငယ်လေးတစ်ဦးက ၎င်းတို့ကို ရုတ်တရက် ထုတ်ပြလိုက်သောအခါ တကယ်ကို နားဝေတေတေ ဖြစ်သွားစေသည်။
“အခု ငါ မင်းတို့ကို ဟင်းဘယ်လိုချက်ရမလဲဆိုတာ သင်ပေးမယ်”
လုချန်က ပုစွန်အနည်းငယ်ကို သပ်ရပ်စွာ စီရီလိုက်သည်။ တစ်ကောင်ချင်းစီက လူကြီးတစ်ယောက်၏ လက်ဝါးအရွယ်အစားခန့် ရှိပြီး အသက်ဝင်တက်ကြွနေကြသည်။ ၎င်းတို့ကို ကိုင်ကြည့်လျှင် ပုစွန်ကိုယ်ထည်အတွင်းရှိ အသားများ တဆတ်ဆတ် ခုန်နေသည်ကို ခံစားရနိုင်ပြီး မည်မျှ ပြည့်ဖြိုးကြောင်း ပြသနေသည်။
ထို့နောက် သေသပ်လှပသော ဓားငယ်လေးတစ်လက်က လုချန်၏ လက်ထဲသို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ရောက်လာသည်။ ဓားတစ်ချက် အလှည့်တွင် ပုစွန်၏ ကျောဘက်က သပ်ရပ်စွာ ပွင့်ဟသွားသည်။ လုချန်၏ လက်ချောင်းက ပုစွန်၏ ကျောဘက်တွင် ညင်သာစွာ ရွေ့လျားသွားပြီးနောက် အနည်းငယ် ဆွဲထုတ်လိုက်ရာ မည်းနက်ပြီး ညှီစော်နံနေသော ပုစွန်အမည်းကြောင်းတစ်ခု သူ၏ လက်ထဲသို့ ပါလာလေသည်။
“ဒါက ပုစွန်အမည်းကြောင်းပဲ... ရေနွေးဖျောပုစွန် လုပ်တဲ့အခါ ဒါကို မဖြစ်မနေ ဖယ်ရှားရမယ်... ဒါပေမဲ့ မင်းတို့ရဲ့ လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင်က ငါ မင်းတို့ကို အနှောင့်အယှက်ပေးတယ်လို့သာ စွပ်စွဲနေတာ... ပုစွန်အမည်းကြောင်း ဖယ်ရမယ်ဆိုတာကိုတောင် မသိဘူး... ငါက ဘယ်လိုလုပ် မရယ်ဘဲ နေနိုင်မှာလဲ”
လုချန်က အလုပ်လုပ်ရင်း စကားပြောနေသည်။ သူ အလုပ်လုပ်ပြီးသွားသောအခါ လက်ကို အားပြင်းပြင်း တစ်ချက် ခါလိုက်ရာ မည်းနက်နေသော ပုစွန်အမည်းကြောင်းက လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် သူဌေးဆီသို့ တည့်မတ်စွာ ပျံသန်းသွားပြီး သူ၏ နှာခေါင်းအောက် တည့်တည့်သို့ ကွက်တိ ကျလာတော့သည်။
ချက်ချင်းပင် ပြင်းထန်သော ညှီစော်ကြီးက ပျံ့လွင့်လာပြီး လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် သူဌေးက စောစောက သူတို့စားသောက်ဆိုင်မှ ချက်ပြုတ်ခဲ့သော ပုစွန်ပန်းကန်မှ အနံ့ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။
'ဒါကြောင့်ကိုး... ဒါကြောင့်ကိုး... ကောင်းကောင်းမွန်မွန် ပုစွန်တစ်ပန်းကန်လုံးက အဲဒီလို အနံ့ကြီး ထွက်နေခဲ့တာ... ဒီအရာကို ဖယ်ရှားပစ်ရမှာကိုး'
ဤမြင်ကွင်းက လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် သူဌေးကို ပါးစပ်ပိတ်သွားစေသည်။ ဤအခိုက်အတန့်တွင် သူ့ရှေ့ရှိ လူငယ်လေးကသာ စစ်မှန်သော ဟင်းချက်နတ်ဘုရားဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။ သာမန်လူတစ်ယောက်သာဆိုလျှင် ပုစွန်အမည်းကြောင်းအကြောင်းကို ဘယ်လိုလုပ် သိနိုင်မည်နည်း။ ပုစွန်ဖမ်းရသည်မှာ မည်မျှခက်ခဲကြောင်း လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင်က အသိဆုံးပင် ဖြစ်သည်။
လုချန်၏ လှုပ်ရှားမှုများက မြန်ဆန်ပြီး ချောမွေ့ကာ အထစ်အငေါ့ မရှိချေ။ ပုစွန်အမည်းကြောင်းများကို တစ်ခုပြီးတစ်ခု ဖယ်ရှားပစ်လိုက်သည်။ ကျောဘက်ကို လှီးဖြတ်ခံထားရသော်လည်း ပုစွန်များက စဉ်းတီတုံးပေါ်တွင် အနည်းငယ် တဆတ်ဆတ် ခုန်နေဆဲဖြစ်သည်ကို မြင်တွေ့နိုင်သေးသည်။
ဒယ်အိုးထဲတွင် ရေဆူလာသောအခါ ပုစွန်များ ထည့်လိုက်သည်။ အတိကျဆုံး အချိန်ကို တွက်ချက်ပြီးနောက် လုချန်က ပုစွန်ကြီးများကို ဒယ်အိုးထဲမှ ချက်ချင်း ဆယ်ယူလိုက်သည်။
ရေနွေးဖျောပုစွန်အတွက် ပါဝင်ပစ္စည်းများက အရေးအကြီးဆုံးဖြစ်ပြီး အချဉ်ရည်က ဒုတိယလိုက်သည်။ ချက်ပြုတ်ရသည့် လုပ်ငန်းစဉ်ကတော့ အလွယ်ကူဆုံးပင်။
တည်းခိုခန်းမှ ပံ့ပိုးပေးထားသော ပါဝင်ပစ္စည်းများက သဘာဝကျကျပင် အကောင်းဆုံးဖြစ်နေမည်ဖြစ်ပြီး အချဉ်ရည်အတွက်ကတော့...
လုချန်က သူ၏ လက်အနီးရှိ ဝေ့ကျိရှန်း ပဲငံပြာရည်ကို ကြည့်လိုက်သည်။ ပင်လယ်စာအတွက် ဤနတ်ဘုရားလက်နက်က လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင်၏ လျှို့ဝှက်အချဉ်ရည်ဆိုသည်ထက် နှိုင်းယှဉ်၍မရအောင် ပိုကောင်းလေသည်။
ရှာလကာရည် အနည်းငယ်၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို အချိုးကျကျ ရောမွှေလိုက်သောအခါ ပင်လယ်စာအတွက် အကောင်းဆုံးသော အချဉ်ရည်ကို ဖန်တီးပြီးသွားလေပြီ။
လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင်က နာရီဝက်နီးပါး အချိန်ယူ ချက်ပြုတ်ခဲ့ရသော ရှားပါးဟင်းလျာတစ်ခုက လုချန်၏ လက်ထဲတွင် ငါးမိနစ်ပင် မပြည့်မီ ဒယ်အိုးထဲမှ ထွက်လာခဲ့ပြီ ဖြစ်သည်။
အချဉ်ရည်နှင့်အတူ အဆင်သင့်ဖြစ်နေသော ပုစွန်ကြီးတစ်ပန်းကန်ကို အကဲဖြတ်ဒိုင်များရှေ့ရှိ စားပွဲပေါ်သို့ ချပေးလိုက်သည်။
“ရေနွေးဖျောပုစွန် ရပါပြီ... သုံးဆောင်ကြည့်ကြပါ”
လူတိုင်းက မျက်လုံးပြူးကျယ်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြရာ တစ်ယောက်၏ အကြည့်ထဲတွင် ရှုပ်ထွေးနေသော အမူအရာများကို အသီးသီး မြင်တွေ့နေရသည်။
လတ်ဆတ်သောဟင်းလျာသုံးမျိုး စားသောက်ဆိုင် သူဌေးမှာ သူ၏ နှာခေါင်းအောက်ရှိ မည်းနက်နေသော ပုစွန်အမည်းကြောင်းကိုပင် သုတ်ဖယ်ပစ်ရန် မေ့နေခဲ့သည်။ ဤအခိုက်အတန့်တွင် သူက ပထမဆုံး ရှေ့ထွက်လာကာ ပုစွန်ကြီးတစ်ကောင်ကို ကောက်ယူပြီး အခွံခွာကာ အချဉ်ရည်နှင့်တို့၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဝေ့ကျိရှန်း ပဲငံပြာရည်ထဲမှ ပြင်းထန်သော အချိုအရသာက သူ့ကို အနောက်ဘက်ကုန်းမြေတိုက်ရှိ ဟုန်းဟုန်းမြည်နေသော ပင်လယ်လေပြင်းများကို နားထောင်ရင်း ပင်လယ်ကမ်းစပ်သို့ ချက်ချင်း ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။
သူကိုယ်တိုင် သေသေချာချာ ပြင်ဆင်ထားသော လျှို့ဝှက်အချဉ်ရည်နှင့် နှိုင်းယှဉ်လျှင် ဟင်းခတ်အမွှေးအကြိုင် ဆယ်မျိုးကျော် အသုံးပြု၍ ဖော်စပ်ထားသော ထိုအရည်က ယခုလို လျင်လျင်မြန်မြန် ဖန်တီးထားသော အချဉ်ရည်ကို လုံးဝ မယှဉ်နိုင်ချေ။
ပြီးတော့ တကယ်ပဲ ထိုညှီစော်ကို သူ အရသာမခံမိတော့ပေ။ သူ၏ ပါးစပ်တစ်ခုလုံးတွင် လတ်ဆတ်၊ ချိုမြိန်ပြီး ကြွပ်ရွသော အရသာများဖြင့်သာ ပြည့်နှက်နေတော့သည်။
သူက လုချန်ကို တစ်ခုခု ပြောချင်နေသော်လည်း လုချန်က သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ ပုစွန်တစ်ပန်းကန် ချပေးပြီးနောက် မီးဖိုဆီသို့ ပြန်သွားကာ ဘဲကို ကောက်ကိုင်လိုက်ပြီး သူ၏ အကြည့်များကို အင်မော်တယ်အရသာနန်းဆောင် သူဌေးထံသို့ စူးစိုက်ကြည့်လိုက်သည်။
“သူ့ကို ပုစွန်ဘယ်လိုချက်ရမလဲဆိုတာ သင်ပေးပြီးသွားပြီဆိုတော့ နောက်တစ်ဆင့်အနေနဲ့ စစ်မှန်တဲ့ ဘဲကင်ဆိုတာ ဘာလဲ၊ ဘဲကင်ရဲ့ ဆိုလိုရင်းသဘောတရားက ဘာလဲဆိုတာကို မင်းကို ငါ သင်ပေးမယ်... အစားအသောက်ဆိုတာ အရသာသက်သက် မဟုတ်ဘူး... ငါတို့ စားသုံးလိုက်တာက ခံစားချက်တစ်ခု၊ မြင်ကွင်းတစ်ခုပဲ... အစားအသောက်တစ်ခုက မြင်ကွင်းတစ်ခုကို ပုံဖော်ပေးနိုင်တယ်ဆိုရင် အဲဒါကမှ လူတွေရဲ့ နှလုံးသားကို တကယ် ထိရှစေတာပဲ”
ပွဲခင်းပြင်ပတွင်တော့ ကျင်ကျောင်း၏ မျက်နှာက နီရဲနေသည်။ လုချန်၏ ဩဇာတိက္ကမကြီးမားသော ဟန်ပန်ကို သူမ အလွန် သဘောကျနေမိသည်။
“ရှောက်မွှေစိန်မလေး... နင် ဒီလောက်မြန်မြန် ကြွေသွားတာ အံ့သြစရာ မရှိပါဘူး... ဒီကောင်လေးက အတည်ပေါက်ဖြစ်နေတဲ့ အချိန်ဆိုရင် တကယ်ကို ဆွဲဆောင်မှုရှိတာပဲ”
ဖေ့ယီရှန်က ရှောက်ချင်း၏ လက်ကို ကိုင်ထားရင်း ပွဲခင်းထဲရှိ ပုံရိပ်လေးကို စူးစိုက်ကြည့်နေမိသည်။
***