လွီရှု တောအုပ်ထဲတွင် လမ်းလျှောက်နေစဉ် သူ့ထံသို့ စိတ်ဒုက္ခရောက်မှုအမှတ် အမြောက်အမြား ရုတ်တရက် ဝင်ရောက်လာသည်။
ကျန်တဲ့သူတွေ ဘာတွေးနေလဲဆိုတာကို သူ ဂရုမစိုက်ပေ။ နောက်ပိုင်းကျရင်တော့ ကျားသစ်ကို လိုက်ဖမ်းရင်း လမ်းပျောက်သွားတာပါလို့ပဲ သူ အကြောင်းပြလိုက်မည်။ ဒါက သူတို့အဖွဲ့ထဲ ဝင်ကတည်းက သူ ဖန်တီးထားခဲ့သည့် ပုံရိပ်ဖြစ်သော ရူးသွပ်ပြီး အရည်အချင်းရှိကာ အတွေ့အကြုံရင့်ကျက်ပြီး အလွန်တရာ သတ္တိကောင်းသူဆိုသည့် အချက်နှင့်လည်း ကိုက်ညီနေသည်လေ။
ရိုးရိုးသားသားပြောရလျှင် တစ်ယောက်တည်း လှုပ်ရှားရသည်ကို လွီရှု ပို၍ သဘောကျသည်။ အဖွဲ့နှင့်အတူ လိုက်ပါသွားစဉ်က တိရစ္ဆာန်တွေ သူတို့အနား ရောက်လာမည့်အချိန်ကိုသာ ထိုင်စောင့်နေခဲ့ရသော်လည်း အခု သူ ခွဲထွက်လာချိန်တွင်တော့ ကွာခြားသွားပြီ ဖြစ်သည်။ သူက တိရစ္ဆာန်တွေကို အရင်သွားရောက် တိုက်ခိုက်နိုင်ပြီလေ…
တိရစ္ဆာန်တစ်ကောင်ကောင်ကို မြင်သည်နှင့် သူက လှံကို ချက်ချင်းထုတ်ကာ အနိုင်ယူလိုက်ပြီးနောက် သွားတစ်ချောင်းကို နှုတ်ယူလိုက်သည်။ ၎င်းက သူ၏ ပုံသေလုပ်ရိုးလုပ်စဉ် ဖြစ်နေပြီ ဖြစ်၏။
လွီရှုထံတွင် ရှိနေသော စိတ်ဒုက္ခရောက်မှုအမှတ် ပမာဏက ကြယ်ခုနစ်ပွင့်လုံးကို လင်းလက်သွားစေရန် လုံလောက်ရုံတင်မကပေ။ နောက်ထပ် ရက်အနည်းငယ်လောက်သာ ထပ်လှုပ်ရှားလိုက်လျှင် တတိယအလွှာ နက်ဗျူလာ၏ ပထမဆုံးကြယ်ကိုပါ သေချာပေါက် ဖန်တီးနိုင်တော့မည် ဖြစ်သည်။ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲလား…
သူက သစ်ပင်ကြီးတစ်ပင်ကို ရှာတွေ့သွားပြီး အောက်တွင် ထိုင်ချလိုက်ကာ ကောင်းကင်ဘုံသစ်သီးများ စတင်လဲလှယ်တော့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က အဖွဲ့နှင့်အတူ ရှိနေခဲ့သောကြောင့် ဒုတိယအလွှာ နက်ဗျူလာကို အဆင့်ချိုးဖျက်ရန် အခွင့်အရေး မရခဲ့ပေ။ ၎င်းက ဒေါ်လာ ၅ သန်းတန် ထီပေါက်ထားပြီး သွားမထုတ်နိုင်သေးသည့်အလား နေမထိထိုင်မသာ ဖြစ်စရာကောင်းလှသည်။
စိတ်ဒုက္ခရောက်မှုအမှတ် သုံးသိန်းနှစ်သောင်းသည် ကောင်းကင်ဘုံသစ်သီး ၃၂၀ နှင့် ညီမျှသည်။
ပြန်စဉ်းစားကြည့်လျှင် ပထမအလွှာ နက်ဗျူလာတုန်းက ကောင်းကင်ဘုံသစ်သီး ဂဏန်းတစ်လုံးစာ ပမာဏဖြင့်သာ စတင်ခဲ့ရသော်လည်း ဒုတိယအလွှာ နက်ဗျူလာ၏ ပထမဆုံးကြယ်အတွက်တော့ သစ်သီး ၁၀ လုံးတောင် လိုအပ်နေပြီ ဖြစ်သည်။
‘ဒါဆို တတိယအလွှာ နက်ဗျူလာအတွက် အစပြုဖို့ သစ်သီး ၁၀၀ လိုအပ်သွားမလား… အဲဒီလိုဆိုရင်တော့ ငါ ပိုများများရအောင် ဆက်ပြီး ရှာဖွေဖို့ တကယ် လိုအပ်နေပြီ။ တတိယအလွှာအတွက် လုံလောက်တယ်ထားဦး၊ စတုတ္ထအလွှာနဲ့ အဲဒီထက်မြင့်တဲ့ အလွှာတွေအတွက်ကျ ဘယ်လိုလုပ်မလဲ…’
‘တစ်ယောက်တည်းကနေ စိတ်ဒုက္ခရောက်မှုအမှတ် ၁၀၀၀ ထက်ပိုပြီး ပေးနိုင်သလားဆိုတာကိုလည်း ငါ မသိသေးဘူး။ အဲဒီလိုမှ မရနိုင်ရင် လူအရေအတွက် ပိုများလာအောင် လုပ်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရတော့မယ်…’
လွီရှုက သူ၏ ကောင်းကင်ဘုံသစ်သီးများအားလုံးကို တစ်လုံးချင်းစီ ပျော်ရွှင်စွာ စားသောက်လိုက်သည်။
ကောင်းကင်ဘုံသစ်သီး ၃၂၀ လုံး။ လွီရှု ဤမျှ အားရပါးရ စားသောက်ဖူးသည်မှာ ပြီးခဲ့သည့်နှစ်က ဈေးဝယ်စင်တာ မြေအောက်ထပ်ရှိ ခါးပတ်ကြိုးနှင့်လည်ပတ်သော ဘူဖေးဟော့ပေါ့ဆိုင်သို့ လွီရှောင်ယွီကို ခေါ်သွားခဲ့စဉ်က တစ်ကြိမ်သာ ရှိခဲ့သည်။ ဘူဖေးစားခြင်းက လွီရှောင်ယွီနှင့် သူ့အတွက် အကောင်းဆုံးဖြစ်သည်ဟု သူ ခံစားခဲ့ရ၏။ သို့သော် တစ်ယောက်ကို ၄၉ ဒေါ်လာ ကျသင့်သဖြင့် အလွန်ဈေးကြီးသည်ဟု တွေးကာ အဲဒီအချိန်ကစပြီး ထိုဆိုင်သို့ သူတို့ ဘယ်တော့မှ ထပ်မသွားဖြစ်တော့ပေ။
သူတို့ စားသောက်ပြီး ပြန်ထွက်လာချိန်တွင် ငွေရှင်းကောင်တာမှ လူက သူတို့ကို ထူးဆန်းစွာ ကြည့်နေခဲ့သေးသည်။
ထိုအချိန်က တချို့လူတွေအတွက် ၄၉ ဒေါ်လာက သိပ်ပြီး မများပြားလှသော်လည်း လွီရှုနှင့် လွီရှောင်ယွီတို့အတွက်ကတော့ တစ်ပတ်စာ စားစရိတ်တစ်ခုလုံး ဖြစ်နေခဲ့သည်။
သူတို့၏ ခက်ခဲကြမ်းတမ်းခဲ့သော အချိန်များကို ပြန်လည်သတိရမိချိန်တွင် လွီရှု၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး လွီရှောင်ယွီတစ်ယောက် ဘယ်ရောက်နေမလဲဟု တွေးတောနေမိသည်။
ကောင်းကင်ဘုံသစ်သီး ၃၂၀ လုံးကို စားသောက်ပြီးနောက် ၎င်းတို့က ကောင်းကင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ဂလက်ဆီတစ်ခုကဲ့သို့ လွီရှု၏ ခန္ဓာကိုယ်ထဲတွင် စုစည်းလာကာ ကောင်းကင်မြေပုံက လက်ခံရယူသွားသည်။
ဂလက်ဆီထဲတွင် တွင်းနက်ကြီးတစ်ခု ပေါ်လာသည့်အလား ကြယ်များအားလုံးက ထိုတွင်းထဲသို့ လှည့်ပတ်ဝင်ရောက်သွားကြသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်စွမ်းအင်များ နောက်တစ်ကြိမ် နိုးကြားလာသည်နှင့်အမျှ သတ္တမမြောက်ကြယ်လေး ဖြည်းဖြည်းချင်း လင်းလက်လာသည်ကို လွီရှု စောင့်ကြည့်နေလိုက်သည်။ အရင်ရက်တွေတုန်းက အလောင်းကောင်ခွေးကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက်သာ သူ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ အနည်းဆုံး ဆယ့်ခုနစ်ကြိမ်၊ ဆယ့်ရှစ်ကြိမ်လောက် သေချာပေါက် အသုံးပြုနိုင်သွားပြီဖြစ်ကာ အချိန်လည်း ပိုကြာကြာ သုံးနိုင်သွားပြီ ဖြစ်သည်။
ထိုအချိန်မှာပင် လွီရှုက နောက်ဆုံးတော့ C အဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်လာခဲ့ချေပြီ။ အတုအယောင် မဟုတ်တော့ဘဲ အစစ်အမှန် C အဆင့် စွမ်းအားကြီးသူတစ်ယောက် ဖြစ်လာခဲ့ပြီလေ…
သို့သော်… လွီရှု အချိန်အတန်ကြာ စောင့်ဆိုင်းကြည့်သော်လည်း ကောင်းကင်မြေပုံထဲတွင် တစ်ခုခု လိုအပ်နေဆဲဖြစ်ကြောင်း သူ ခံစားနေရဆဲပင်။
‘တစ်ခုခုတော့ မှားနေပြီ။ ဘာလို့ ပထမအလွှာတုန်းကနဲ့ မတူရတာလဲ… အဲဒီတုန်းက ကြယ်တွေအားလုံးက သတ္တမမြောက်ကြယ်ကို ဝန်းရံသွားပြီး သတ္တမမြောက်ကြယ်က ပင်မကြယ်ကြီးဖြစ်သွားသလို၊ ကျန်တာတွေက ဂြိုဟ်တွေဖြစ်သွားတယ်။ အဲဒီနောက် သတ္တမမြောက်ကြယ်ကနေ ဝိညာဉ်ခုနစ်ပါးဓားအဖြစ် စုစည်းသွားခဲ့တာ မဟုတ်ဘူးလား…’
‘ပထမအလွှာနဲ့ ဒုတိယအလွှာက ကွဲပြားသွားတယ်ဆိုတာက လုံးဝ အဓိပ္ပာယ်မရှိဘူး…’
တစ်ခုခု မှားယွင်းနေသည်ဆိုသည်ကို ယုံကြည်ရန် လွီရှု ငြင်းဆန်လိုက်သည်။ ကောင်းကင်စွမ်းအင်များ ရရှိရန်အတွက် နောက်ထပ် ကောင်းကင်ဘုံသစ်သီး ၁၀ လုံးကို သူ ထပ်မံလဲလှယ်လိုက်သော်လည်း ဤသစ်သီးများမှ ကောင်းကင်စွမ်းအင်က တတိယအလွှာကို ဖွင့်လှစ်နိုင်ရန် အကူအညီမဖြစ်ခဲ့ပေ။ ၎င်းတို့က ကောင်းကင်မြေပုံထဲသို့ ဝင်ရောက်သွားရုံသာဖြစ်ပြီး မည်သည့်နက်ဗျူလာထဲကိုမှ မဝင်ရောက်ဘဲ ပတ်ချာလည် ပျံဝဲနေခဲ့သည်။
လွီရှု အံ့ဩတုန်လှုပ်သွားသည်။ သူ၏ ကျင့်ကြံခြင်းခရီးလမ်းတစ်လျှောက်တွင် မည်သည့် အခက်အခဲနှင့်မှ ကြုံတွေ့ရမည်မဟုတ်ဘဲ သူ လုပ်ရမည့်အရာမှာ သစ်သီးအချို့ကို စားဖို့သာဖြစ်သည်ဟု အမြဲတမ်း သူ ထင်မှတ်ထားခဲ့သည်။
အဆုံးတွင်တော့ ဒုတိယအလွှာ နက်ဗျူလာ၌ ကျင့်ကြံခြင်းပိတ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီး သူ လုံးဝ အကြံအိုက်သွားသည်။ ဒီပိတ်ဆို့မှုက ဘယ်ကနေ ရောက်လာတာလဲ… ဒါကို ဘယ်လို ကျော်လွှားရမလဲ… သူ လုံးဝ အရိပ်အမြွက်မျှပင် မသိပေ။
ဘာတွေ လိုအပ်နေသလဲဆိုတာကို ရှာဖွေနိုင်ရန်အတွက် ပထမအလွှာ နက်ဗျူလာကို အဆင့်ချိုးဖျက်ခဲ့စဉ်က အခြေအနေများကို လွီရှု အစွမ်းကုန် ပြန်လည်စဉ်းစားကြည့်လိုက်သည်။ သို့သော် တစ်နာရီကြာအောင် ကြိုးစားပြီးသည့်တိုင်အောင် မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ချေ။
‘ဒုက္ခပါပဲ… ငါ ဒုတိယအလွှာ နက်ဗျူလာမှာပဲ တစ်ဆို့နေတော့မှာလား…’
ထိုစဉ် သလင်းကျောက်နှင့်တူသော အလင်းတန်းများက သူ့ပတ်ဝန်းကျင်တွင် ရုတ်တရက် တောက်ပလာသည်။ ကောင်းကင်စွမ်းအင်များ တစ်ခုခု ပြောင်းလဲသွားလေသလားဟု တွေးကာ လွီရှု လန့်သွားသည်။ နောက်ဆုံးတွင် သူက ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့အနားရှိ ထူးဆန်းသော သစ်ပင်များက လင်းလက်လာသည်ကို တွေ့လိုက်ရ၏။ ဘာတွေ ဖြစ်ကုန်တာလဲ…
သူက မတ်တတ်ရပ်လိုက်ပြီး ဒီထူးဆန်းသည့် သစ်ပင်များကို အသေးစိတ် လိုက်လံငေးမောကြည့်လိုက်သည်။ ထိုသစ်ပင်များက သူ့ကို တိုက်ခိုက်မည်မဟုတ်ကြောင်း သဘောပေါက်သွားသောအခါ ဒီသစ်ပင်တွေက အတော်လေး ချစ်စရာကောင်းပြီး လှပသည်ဟုပင် လွီရှု တွေးလိုက်မိသည်။
ငြင်းဆိုစရာမလိုအောင်ပင် ဤထူးဆန်းသော သစ်ပင်များ တောက်ပလာမှုကြောင့် ညဘက်တောအုပ်က နေ့ခင်းဘက်ထက်ပင် ပို၍ လင်းထိန်နေတော့သည်။ တကယ်လို့များ ဒီထူးဆန်းတဲ့ သစ်ပင်တွေကသာ သူ့ကို စိတ်ဒုက္ခရောက်မှုအမှတ်တွေ ပေးနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ…
ဒုတိယအလွှာတွင် တစ်ဆို့နေပြီး သူ၏ ဒုတိယမြောက် ဝိညာဉ်ခုနစ်ပါးဓားလည်း ပျောက်ဆုံးနေသောကြောင့် A အဆင့်သို့ ရောက်ရှိရန် သူ၏ ယခင်ရည်မှန်းချက်က လက်တွေ့မကျတော့သကဲ့သို့ ဖြစ်နေသည်။
လွီရှု ခါးသီးစွာ ရယ်မောလိုက်သည်။ သူ့တွင် ကိုးကားစရာ ယခင်အတွေ့အကြုံများ မရှိသောကြောင့် ၎င်းက တစ်ယောက်တည်း လှုပ်ရှားခြင်း၏ အားနည်းချက်ပင် ဖြစ်သည်။
သူက တောအုပ်ထဲသို့ ဆက်လက်လမ်းလျှောက်သွားသည်။ ထိုအချိန်တွင် သူ့ကိုယ်သူ ဖြေသိမ့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကွက်လပ်တစ်ခုတွင် စုရုံးနေသည့် တိရစ္ဆာန်လေးတွေ အများကြီးကို တွေ့ရဖို့ပင် ဖြစ်သည်ဟု လွီရှု ခံစားလိုက်ရသည်။
အဆုံးတွင်တော့ နေ့တစ်ဝက်ခန့် လမ်းလျှောက်ပြီးသည့်တိုင်အောင် ကွက်လပ်တစ်ခုမျှ သူ မတွေ့ခဲ့ရချေ။ လွီရှု စိတ်ဓာတ်ကျသွားသည်။
ထိုအချိန်မှာပင် တောအုပ်ထဲတွင် တိရစ္ဆာန်များ ရွေ့လျားသွားသကဲ့သို့ နောက်ဘက်မှ သစ်ရွက်များ တရှပ်ရှပ်ပွတ်တိုက်သံကို လွီရှု ရုတ်တရက် ကြားလိုက်ရသည်။
ဘာတွေဖြစ်နေသလဲဆိုသည်ကို လွီရှု အံ့ဩသွားသည်။ ညဘက်ကြီး တောအုပ်ထဲမှာ တစ်ကောင်တည်း ဖြတ်သွားဖြတ်လာ လုပ်နိုင်တဲ့ တိရစ္ဆာန် တကယ်ပဲ ရှိနေတာလား… စိတ်ဝိညာဉ်စွမ်းအင် မရှိတဲ့ တိရစ္ဆာန်လား…
သူက သစ်ပင်မြင့်ကြီးတစ်ပင်ပေါ်သို့ တိတ်တဆိတ် တွယ်တက်သွားပြီး ထူထပ်သော သစ်ကိုင်းများကြားတွင် ပုန်းကွယ်ကာ အောက်ဘက်ရှိ အခြေအနေကို စောင့်ကြည့်လိုက်သည်။
အစပိုင်းတွင် သူ အနည်းငယ် စိုးရိမ်နေခဲ့သော်လည်း သူ၏ အမြင်အာရုံထဲသို့ လျှောက်လှမ်းဝင်ရောက်လာသောအရာကို မြင်လိုက်ရချိန်တွင်မူ သူ လုံးဝ ကြက်သေ သေသွားသည်။
၎င်းက ရွှေချည်မျှင်များ ချုပ်လုပ်ထားသည့် လမ်းလျှောက်နေသော ပိတ်စကြီးတစ်ခု ဖြစ်နေသည်။ လွီရှု ဇဝေဇဝါ ဖြစ်သွား၏။ ‘အဲဒါ လီတျန်ရဲ့ ရတနာ မဟုတ်ဘူးလား…’
ထိုပိတ်စက သစ်ပင်အောက်ရှိ လူတစ်ယောက်ကို ရစ်ပတ်ထားခြင်း ဖြစ်သည်။ ၎င်းက သိပ်မကြီးမားသည့်အတွက် ထိုလူက ဆောင့်ကြောင့်ထိုင်ကာ ဖြည်းဖြည်းချင်း ချိန်ညှိနေရသည်။ ထို့ကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် လမ်းလျှောက်နေသော ပိတ်စကြီးတစ်ခုနှင့် တူနေခြင်း ဖြစ်သည်။
ဤပိတ်စ၏ ထူးခြားသော ဝိသေသလက္ခဏာများကို လွီရှု ရုတ်တရက် ပြန်အမှတ်ရသွားသည်။ စိတ်ဝိညာဉ်စွမ်းအင်ကို ဖုံးကွယ်ထားနိုင်တဲ့ စွမ်းရည်လား… ထူးဆန်းသော သစ်ပင်များ၏ အာရုံခံနိုင်စွမ်းမှ လူတွေကို ဖုံးကွယ်ပေးနိုင်သောကြောင့် ဤပိတ်စက ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲတွင် ဤမျှ အသုံးဝင်လိမ့်မည်ဟု မည်သူက သိထားခဲ့မည်နည်း။ ထို့ကြောင့် လွီရှု ငိုရမလို၊ ရယ်ရမလိုပင် ဖြစ်သွားတော့သည်။
သူက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လိုက်သည်။
“ငါ့ရဲ့ မှော်တောအုပ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့သူက ဘယ်သူလဲ…”
ထိုပိတ်စကြီး ပြင်းထန်စွာ တုန်ယင်သွားသည်ကို သူ မြင်လိုက်ရသည်။
[လီတျန်၏ စိတ်ဒုက္ခရောက်မှုမှ +၉၉၉…]
-အခန်း (၂၈၁) ပြီး
***