“သစ်ပင်မိစ္ဆာကြီး… ကျုပ်မှာ ခင်ဗျားကို ကျူးကျော်ဖို့ ရည်ရွယ်ချက် မရှိပါဘူးဗျာ။ ဒီတောအုပ်ကြီးက အရမ်းကျယ်လွန်းလို့ ဘယ်နေရာတွေက ခင်ဗျားပိုင်တဲ့ နေရာတွေမှန်း ကျုပ် မသိလို့ပါ။ ကျုပ်ကို ချမ်းသာပေးပါ သစ်ပင်မိစ္ဆာကြီး…”
အစပိုင်းတွင် သူ လုံးဝ ကံကောင်းနေသေးသည်ဟု လီတျန် ထင်မှတ်ထားခဲ့သည်။ သူတို့ တဲထဲတွင် ပိတ်မိနေစဉ်အတွင်း လျန်ချယ်က အသင့်မဖြစ်သေးသော ကောင်းကင်ကွန်ရက်မှ စေလွှတ်လိုက်သည့် တိုက်ခိုက်ရေးသမား နှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။ ထို့နောက် သူနှင့် လျန်ချယ်တို့ ထွက်ပြေးခဲ့ကြပြီး ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲသို့ မသိလိုက်ဘဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
တောအုပ်ထဲသို့ ဝင်ရောက်လာပြီးနောက် လီတျန်က ရည်ရွယ်ချက်မရှိဘဲ ဟိုဟိုဒီဒီ လျှောက်သွားရင်း ဖြည်းဖြည်းချင်း စူးစမ်းရှာဖွေနေခဲ့သည်။ တိရစ္ဆာန်တစ်ကောင်ကောင်ကို မြင်သည်နှင့် သူက ထွက်ပြေးသည်။ ညဘက်ရောက်သောအခါ ထိုပိတ်စကို ခြုံထားပါက ဤမိစ္ဆာတောအုပ်က သူ့ကို မတိုက်ခိုက်တော့သည်ကို အံ့ဩဖွယ်ကောင်းအောင် သူ သဘောပေါက်သွားခဲ့သည်။
အစပိုင်းတွင် သူက ထိုပိတ်စကို သံချပ်ကာအင်္ကျီတစ်ခုအနေဖြင့်သာ သဘောထားခဲ့သော်လည်း ၎င်းကို ခြုံလိုက်ပြီးနောက် သူက ကိုယ်ပျောက်နေသကဲ့သို့ပင် ဖြစ်သွားခဲ့သည်လေ။
သို့သော် ထိုပျော်ရွှင်မှုက ကြာရှည်မခံလိုက်ပေ။ သူက သစ်ပင်မိစ္ဆာတစ်ကောင်နှင့် တည့်တည့်တိုးသွားခဲ့ပြီ ဖြစ်သည်။
‘တရုတ်သရဲပုံပြင်’ ရုပ်ရှင်ထဲတွင် သစ်ပင်မိစ္ဆာကို သူ မမြင်ဖူးခဲ့သည်တော့ မဟုတ်ပေ။ ရုပ်ရှင်ထဲတွင် ဂျိုအီဝမ်က သူ၏ အိမ်မက်ထဲမှ ချစ်သူဖြစ်ခဲ့သည်။ ရှောင်ချန်သာ ဒီနေရာမှာ ရှိနေရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ရုပ်ရှင်ထဲကလိုဆိုလျှင် ရှောင်ချန်က အရင်ဆုံး ပေါ်လာရမည် မဟုတ်လား။ အခုကျတော့ ဘာလို့ အဘိုးကြီးသစ်ပင်မိစ္ဆာနဲ့ ချက်ချင်း ရင်ဆိုင်လိုက်ရတာလဲ။
‘သူတို့က ဇာတ်ညွှန်းအတိုင်း မသွားကြဘူးပဲ။ အခု ဘယ်လိုလုပ်မလဲ… ဒီလိုကြီး စောင့်နေရတာ တကယ်ပဲ ရင်တမမ ဖြစ်စရာကောင်းလိုက်တာ…’
လွီရှုဘက်တွင်မူ ထိုအဘိုးကြီးသစ်ပင်မိစ္ဆာက ရုပ်ရှင်ထဲကလိုမျိုး မဟုတ်ကြောင်း သူ သိနေခဲ့သည်။ ရှေးဟောင်းအကြွင်းအကျန်နယ်မြေက ဒဏ္ဍာရီပုံပြင်တစ်ခုလို တူညီတဲ့ ဇာတ်လမ်းသွားမျိုး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။ ဒီအဘိုးကြီးမိစ္ဆာက ဟိုအဘိုးကြီးမိစ္ဆာမှ မဟုတ်တာ။
လွီရှုက သစ်ပင်ပေါ်မှနေ၍ လှောင်ပြောင်လိုက်သည်။
“ဘယ်နေရာက ငါပိုင်တာလဲဆိုတာ မင်း မသိဘူးလား။ တစ်တောလုံးက ငါပိုင်တာွက”
လီတျန် နေရာမှာတင် သွေးအန်မတတ် ဖြစ်သွားသည်။
“ချမ်းသာပေးပါ သခင်မ… ချမ်းသာပေးပါ သခင်မ…”
[လီတျန်၏ စိတ်ဒုက္ခရောက်မှုမှ +၉၉၉…]
လွီရှုက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“မင်းဆီမှာ မီးအနံ့ ရနေတယ်။ ဘာတွေဖြစ်နေတာလဲ။ ငါ့တောအုပ်ကို မီးရှို့ပစ်ဖို့ မင်း တွေးနေတာလား”
“မဟုတ်ရပါဘူး… မဟုတ်ရပါဘူးဗျာ။ ကျုပ်ဆီမှာ မီးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားရှိတဲ့ အဖော်တစ်ယောက် ရှိခဲ့ဖူးတယ်။ မီးအနံ့က သူ့ဆီကနေ ကူးစက်လာတာ ဖြစ်ရမယ်”
“သူ ဘယ်မှာလဲ”
လွီရှုက မေးလိုက်သည်။
“ကျုပ် မသိဘူးဗျ။ ဒီကိုရောက်ကတည်းက ကျုပ်တို့ လမ်းခွဲသွားကြတာ”
လွီရှု ခေါင်းညိတ်လိုက်သည်။ လျန်ချယ် တကယ်ပဲ ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲကို ဝင်လာခဲ့ပုံရပြီး လီတျန်ဆီမှ ရနေသည့် မီးအနံ့က အလွန်တရာ အားနည်းနေသည်။ သူက လျန်ချယ်ပါ နယ်မြေထဲကို ဝင်လာသလားဆိုသည်ကို လီတျန်ထံမှ ကြားချင်ရုံသာ ဖြစ်သည်။
ဒီလီတျန်က အနည်းငယ် ရက်စက်တတ်သော်လည်း သူ၏ အပြစ်များက လျန်ချယ်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ လီတျန်က လိမ်လည်သူတစ်ယောက်ဆိုလျှင် လျန်ချယ်ကတော့ အရှက်မရှိသည့် ရာဇဝတ်ကောင်ကြီးတစ်ယောက် ဖြစ်သည်။
လွီရှု ခဏတာ တုံ့ဆိုင်းသွားသည်။
“ဘာလို့ မင်းဆီကနေ စိတ်ဝိညာဉ်စွမ်းအင် ဘာမှ မခံစားရတာလဲ။ ဒီပိတ်စက ဘယ်က ရလာတာလဲ”
“ဒါ… ဒါက ကျုပ်ရဲ့ ဘိုးဘွားတွေဆီကနေ အမွေရထားတာပါ”
လီတျန်က ကြောက်လန့်တကြား ဖြေလိုက်သည်။
“ကောင်းပြီလေ… ငါလည်း အိပ်ချင်နေပြီ။ ရှေ့တိုးလာခဲ့ပြီး ငါ့ကို ပြုစုစမ်း”
လွီရှုက ပျော်ရွှင်စွာ ပြောလိုက်သည်။
“ကျုပ်က ငယ်ငယ်ကတည်းက ကျောက်ကပ်အားနည်းပြီး လိင်ပိုင်းဆိုင်ရာ အားနည်းချက်တွေလည်း ရှိပါတယ်။ ပြီးတော့ ကျုပ်ရဲ့ အရေပြားကလည်း အရမ်း ကြမ်းတမ်းပါတယ်။ သစ်ပင်မိစ္ဆာကြီး… ကျုပ်ကို လွှတ်ပေးလိုက်ပါတော့လားဗျာ…”
ကြောက်လန့်တကြားဖြင့် မြေကြီးပေါ်တွင် ဝပ်စင်းနေရင်း လီတျန် ပြောလိုက်သည်။
“ရပါတယ်… ရှောင်ချန် ထွက်ပြေးသွားကတည်းက အရေအတွက် ပြည့်သွားအောင် ငါက မင်းကို မွန်တီနီဂရိုးက မိစ္ဆာအိုကြီးနဲ့ ပေးစားလိုက်မယ်လေ”
လွီရှုက အေးစက်စွာ ပြောလိုက်သည်။
သစ်ပင်မိစ္ဆာ ဘာတွေကြံစည်နေသလဲဆိုသည်ကို တွေးရင်း မြေကြီးပေါ်ရှိ လီတျန်၏ ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ယင်သွားသည်။
‘သူ့ကိုလား… မွန်တီနီဂရိုးက မိစ္ဆာအိုကြီးနဲ့ ပေးစားမယ်…’
မွန်တီနီဂရိုးက မိစ္ဆာအိုကြီးက မိန်းမတွေကိုပဲ လိုချင်တာလို့ သူ ထင်ထားခဲ့သည်။ သူလို အဘိုးကြီးတစ်ယောက်က မွန်တီနီဂရိုး မိစ္ဆာအိုကြီးနဲ့ ပေးစားခံရမယ်တဲ့လား။ ထိုအကြောင်းကို တွေးမိရုံဖြင့် လီတျန်မှာ ကြောက်လန့်တကြား တုန်ယင်သွားတော့သည်။
အဓိကအချက်ကတော့… ဒါက တကယ့်ကို သစ်ပင်မိစ္ဆာကြီး ဖြစ်နေတာပဲ။
တကယ်တော့ လီတျန်က အလွန်သတိထားတတ်သူ ဖြစ်သည်။ ဤအချိန်၌ တစ်စုံတစ်ယောက်က သူ့ကို နောက်ပြောင်နေသလားဟု သူ စတင်သံသယဝင်လာပြီး အပေါ်ဘက်တွင် ဘယ်သူရှိနေသလဲဆိုသည်ကို မော့ကြည့်ချင်နေခဲ့သည်။ သို့သော် သူ ပိတ်စကို မယူလိုက်သည်နှင့်တစ်ပြိုင်နက် သစ်ပင်များက သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံမိသွားပြီး သူ့ထံသို့ တွားသွားလာကြသည်။ ထိုမြင်ကွင်းက အလွန်တရာ ထိတ်လန့်စရာကောင်းလွန်းလှသဖြင့် လီတျန်က သူ၏ ခေါင်းကို ပိတ်စဖြင့် အမြန်ပြန်ဖုံးထားလိုက်ရသည်။
အပေါ်ဘက်တွင် ရှိနေသူက သစ်ပင်မိစ္ဆာ ဟုတ်မဟုတ် သူ သံသယဝင်နေဆဲပင်။ သစ်ပင်မိစ္ဆာသာ မဟုတ်လျှင် သူ နားမလည်နိုင်သော ပြဿနာတစ်ခု ရှိနေသည်။ အပေါ်ဘက်မှာ ရှိနေတဲ့လူကရော သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ဖုံးကွယ်ထားနိုင်တဲ့ စွမ်းရည် ရှိနေတာလား။
အဲဒါဆိုရင်တော့ တစ်ခြားအဆင့်တစ်ခု ဖြစ်သွားပြီလေ။ လီတျန်ကိုယ်တိုင် မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်နေရတဲ့အချိန် အဲဒီလူက သစ်ပင်ပေါ်ကိုတောင် ခုန်တက်သွားပြီ… ထိုအချိန်တွင် လီတျန်က မသေချာသေးဘဲ သူ၏ ကြောက်ရွံ့မှုများက ကျန်ရှိနေဆဲပင်။
“အခုကစပြီး ငါမေးတာတွေကို အကုန်ဖြေ”
လွီရှုက ပြောလိုက်သည်။
“မင်း နာမည် ဘယ်လိုခေါ်လဲ”
“လျန်ချယ်ပါ…”
လွီရှု အတန်ကြာ ရပ်တန့်သွားသည်။
“အသက် ဘယ်လောက်ရှိပြီလဲ”
“၂၅ နှစ်ပါ…”
လွီရှု တခစ်ခစ် ရယ်မောလိုက်သည်။ ‘တကယ့်ကို အကင်းပါးတဲ့ အဘိုးအိုပဲ။ သူ့အသံကို နားထောင်ရတာ ၂၅ နှစ်နဲ့တော့ မတူပါဘူး…’
သူက သစ်ကိုင်းပေါ်တွင် လက်ချောင်းထိပ်လေးများကို လှိမ့်ကစားရင်း သက်သောင့်သက်သာ ပြောလိုက်သည်။
“မင်း မှတ်ပုံတင် ဘယ်မှာလဲ။ ငါ ကြည့်ရအောင် ပစ်ပေးလိုက်စမ်း”
သစ်ပင်မိစ္ဆာက မှတ်ပုံတင်ဆိုတာကိုတောင် သိနေသလားဟု တွေးကာ လီတျန် ပြာယာခတ်သွားပြီး ထိတ်လန့်သွားသည်။ ‘သူက ပထမမျိုးဆက် မှတ်ပုံတင်ကို လိုချင်တာလား… ဒါမှမဟုတ် ဒုတိယမျိုးဆက်ကို လိုချင်တာလား… ဒါမှမဟုတ် မိတ္တူကူးပေးရမှာလား…’
[လီတျန်၏ စိတ်ဒုက္ခရောက်မှုမှ +၅၁၃…]
လွီရှု ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။ သူ့တွင် သစ်ပင်မိစ္ဆာအဖြစ် ဟန်ဆောင်စရာ အကွက်သိပ်မရှိတော့သဖြင့် လီတျန်က အနှေးနှင့်အမြန် ရိပ်မိသွားလိမ့်မည်ဟု သူ တွေးလိုက်သည်။ ဒါကြောင့် ရပ်တန့်ရမည့်အချိန် ရောက်ပြီလေ။
ထိုအချိန်တွင် သူ့အပေါ်ဘက်တွင် ရှိနေသူက လူသားတစ်ယောက် ဖြစ်ကြောင်း လီတျန် အလွန်သေချာသွားပြီ ဖြစ်သည်။
သူ လန့်လွန်းလို့ ဘောင်းဘီထဲ သေးတောင် ထွက်ကျမတတ်ပင်။ ထိုလူက ဘယ်သူလဲဆိုတာကိုသာ လီတျန် သိခဲ့လျှင် သူ့ကို သေချာပေါက် အသေသတ်ပစ်မည်မှာ အမှန်ပင်။
သို့သော် ထိုသူက လူသားတစ်ယောက်ဖြစ်နေလျှင်တောင် သူ အနိုင်ယူနိုင်မည် မဟုတ်ကြောင်း လီတျန် ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့က အဆင့်ချင်း ကွာခြားလွန်းလှသည်လေ။ ထိုသူက သစ်ပင်ပေါ်တွင် ပျော်ရွှင်စွာ ဆော့ကစားနေချိန် လီတျန်ကမူ ကြောက်လန့်နေပြီး ခေါင်းပင် မော့မကြည့်ရဲပေ။ သူ့ကို ဖုံးကွယ်ပေးထားသော ပိတ်စသာ မရှိလျှင် သူ သေနေတာ ကြာလောက်ပြီ ဖြစ်သည်။
လွီရှုက လီတျန်ကို ပျော်ရွှင်စွာ ကြည့်ရင်း တောင်းဆိုသည့်လေသံဖြင့် မေးလိုက်သည်။
“ဒီပိတ်စကို မင်းဆီကနေ ငါ လုယူလိုက်ရင် ဘာဖြစ်မယ်လို့ မင်းထင်လဲ”
“သူရဲကောင်းကြီး… ခင်ဗျား ဘာကို လိုချင်တာလဲဗျာ…”
လီတျန် ကြောက်လန့်တုန်လှုပ်သွားသည်။ ဒီပိတ်စမရှိဘဲ သူ အသက်ရှင်နိုင်ပါ့မလား။
လီတျန်က မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပိတ်စကို သူ့ခေါင်းပတ်လည်တွင် ရစ်ပတ်ကာ ထွက်ပြေးရန်အတွက် တွားသွားရန် ကြိုးစားလိုက်သည်။ သူ့အပေါ်ဘက်တွင် ရှိနေသူက ဤတောအုပ်ထဲတွင် အမှန်တကယ်ပဲ ဘာမှမဖြစ်ဘဲ နေနိုင်သလားဆိုသည်ကို သူ တကယ် သိချင်နေခဲ့သည်။
အဆုံးတွင်တော့ သူ ဘယ်နေရာကိုပဲ သွားသွား၊ သူ့အပေါ်မှလူက အနီးကပ် လိုက်ပါလာခဲ့သည်။ ထို့နောက် တောအုပ်ထဲတွင် သွက်လက်စွာ ခုန်ပေါက်နေသည့် အသံများဖြင့် ပြည့်နှက်သွားတော့သည်။
သူ့ကို အရူးလုပ်နေသည့် အပေါ်ဘက်မှလူက ဘယ်သူလဲဆိုသည်ကို ကြည့်ရန် လီတျန် အစွမ်းကုန် ကြိုးစားချင်ခဲ့သော်လည်း သူ မကြည့်နိုင်ခင်မှာပင် သစ်ကိုင်းများက သူ့ထံသို့ တဖြည်းဖြည်း တိုးလာသဖြင့် ပိတ်စအောက်တွင် အမြန်ပြန်ပုန်းနေလိုက်ရသည်။
လွီရှုက သစ်ကိုင်းပေါ်တွင် ထိုင်ကာ ခြေထောက်များကို လွှဲယမ်းရင်း လီတျန် ခေါင်းမော့ကြည့်ချင်သော်လည်း မကြည့်ရဲဖြစ်နေပုံကို ကြည့်ကာ ရယ်မောနေလိုက်သည်။
“ဟားဟား… မင်းက ဘာလို့ ခေါင်းမော့ပြီး ငါ့ကို မကြည့်ရဲရတာလဲ။ မင်းရဲ့ စိတ်ဓာတ်တွေ ကျသွားလို့လား… ဒါမှမဟုတ် ငါက ဆွဲဆောင်မှု မရှိလို့လား”
[လီတျန်၏ စိတ်ဒုက္ခရောက်မှုမှ +၆၇၈…]
“မင်းရဲ့ မှတ်ပုံတင်ကို မြန်မြန် ပစ်ပေးလိုက်စမ်း”
လွီရှုက သူနှင့် အချိန်ထပ်မဖြုန်းချင်တော့သဖြင့် ပြောလိုက်သည်။
လီတျန်က မှတ်ပုံတင်ကို လိမ္မာစွာ ထုတ်ယူလိုက်ပြီး တကယ်လို့များ ထိုသူက အောက်ဆင်းလာပြီး ကောက်ယူခဲ့လျှင် ထိုသူက ဘယ်သူလဲဆိုသည်ကို မြင်ရနိုင်ကောင်းသည်ဟု တွေးကာ သူ့ဘေးရှိ မြေကြီးပေါ်တွင် ချထားလိုက်သည်။
သို့သော် သူ မတုံ့ပြန်နိုင်မီမှာပင် လွီရှုက လေထဲတွင် အလောင်းကောင်ခွေးကို အသုံးပြုကာ လီတျန်၏ မှတ်ပုံတင်ကို လျင်မြန်စွာ ဆွဲယူလိုက်သည်။
မှတ်ပုံတင်ပေါ်ရှိ အချက်အလက်များကို လွီရှု ကြည့်လိုက်သည်။
“လီကောဝေ… အသက် ၃၂ နှစ်… လိပ်စာက ရှာကျိုး…”
‘ဝိုး… ဒီအဘိုးကြီးက မှတ်ပုံတင်အတုတောင် သုံးထားတာပဲ…’
-အခန်း (၂၈၂) ပြီး
***