လွီရှုက လွီရှောင်ယွီ၏ စိတ်ဒုက္ခရောက်မှုအမှတ်များကို ကြည့်မပြီးသေးခင်မှာပင် အခြားမှတ်တမ်းများစွာက မျက်နှာပြင်ပေါ်သို့ အလုံးအရင်း ဝင်ရောက်လာသည်။
[ချန်ဇွမ်၏ စိတ်ဒုက္ခရောက်မှုမှ +၁၀၁]
[ချန်ဇွမ်၏ စိတ်ဒုက္ခရောက်မှုမှ +၁၉၉]
[ချန်ဇွမ်၏ စိတ်ဒုက္ခရောက်မှုမှ +၂၁၀]
လွီရှု အ သွားပြီး ချန်ဇွမ်အတွက် ဝမ်းနည်းပူဆွေးပေးလိုက်မိသည်…
…
“ဟေး… ရှောင်ယွီ… ဒီတောအုပ်ကြီးထဲမှာ အိမ်သာမှ မရှိတာ၊ ငါက သစ်ပင်ပေါ် သေးပေါက်တာကလွဲလို့ တခြားဘယ်မှာ သွားပေါက်ရမှာလဲ”
မြေကြီးပေါ်တွင် ထိုင်ရင်း ချန်ဇွမ်က ငိုချင်စိတ်ပေါက်လာကာ ပြောလိုက်သည်။
လွီရှောင်ယွီက ဒေါသတကြီး အော်လိုက်သည်။
“နင့်ကြောင့်သာ မဟုတ်ရင် ငါ လွီရှုကို တွေ့နေတာ ကြာပြီ။ အကုန် နင့်အပြစ်တွေချည်းပဲ”
လွီရှောင်ယွီက တစ်နေကုန် လွီရှုကို လိုက်ရှာနေခဲ့ခြင်း ဖြစ်သည်။ ချန်ဇွမ်ကို တွေ့လိုက်ချိန်တွင် သူမ အလွန်ဒေါသထွက်သွားခဲ့သော်လည်း အဲဒီအချိန်က သူ့ကို အပြစ်တင်နေရမည့်အချိန် မဟုတ်ပေ။ လွီရှု၏ အနံ့ကို ပြန်ရှာတွေ့လိုသည့် မျှော်လင့်ချက်ဖြင့် သူမက တိရစ္ဆာန်အုပ်ကြီးကို ဦးဆောင်ကာ မူလလမ်းကြောင်းအတိုင်း အမြန်ပြန်လာခဲ့သည်။
သူ့ဘေးတွင် တံတွေးမျိုချကာ လိမ္မာရေးခြားရှိနေသော သားရဲအုပ်ကြီးကို တစ်ချက်ကြည့်ပြီးနောက် ချန်ဇွမ်က တိုးတိုးလေး မေးလိုက်သည်။
“ရှောင်ယွီ… နင်နဲ့ လွီရှုက သွေးသားတော်စပ်တဲ့ မောင်နှမအရင်းတွေလား။ ဘာလို့ နင်တို့နှစ်ယောက်လုံးက အဲဒီလောက် ကြမ်းတမ်းနေရတာလဲ”
“မဟုတ်ဘူး”
မြေကြီးပေါ်တွင် လှဲလျောင်းရင်း အိပ်ပျော်နေပြီဖြစ်သော ဝက်ဆိုးလေးပေါ်တွင် ထိုင်ကာ လွီရှောင်ယွီက ပြောလိုက်သည်။
ချန်ဇွမ်က ဆက်ပြောသည်။
“ဪ… နင်တို့နှစ်ယောက်က အဲဒီလောက် ဆက်ဆံရေးကောင်းတာကို ဘာလို့ လွီရှုက နင့်လို ကလေးလေးကို ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲ ဝင်လာခွင့်ပြုရက်ရတာလဲဆိုတာ ငါ တကယ် သိချင်တယ်”
လွီရှောင်ယွီက ချန်ဇွမ်ကို မျက်စောင်းထိုးကြည့်ပြီး အေးစက်စက် ရယ်မောလိုက်သည်။
“နင်တောင် ဝင်လာလို့ရတာ ငါက ဘာလို့ ဝင်လို့မရမှာလဲ”
[ချန်ဇွမ်၏ စိတ်ဒုက္ခရောက်မှုမှ…]
“ငါက ဘာဖြစ်လို့လဲ”
မူလက တည်ငြိမ်နေသော ချန်ဇွမ်၏ မျက်နှာက နီရဲသွားသည်။
“ငါကလည်း အရမ်းစွမ်းတယ်ဟ”
“အိပ်မက်မက်နေလိုက်”
လွီရှောင်ယွီက လှောင်ပြောင်လိုက်သည်။
“အိပ်မက်မက်နေတယ်ဆိုတာ ဘာသဘောလဲ”
ချန်ဇွမ် တကယ်ကို ဒေါသထွက်သွားရာ ဝက်ဆိုးလေးက မျက်လုံးပွင့်လာပြီး သူ့ကို စိုက်ကြည့်ကာ နှာမှုတ်သံ ပြင်းပြင်းထွက်လာသည်။ ထိုဝက်ကို သူ နိုင်မည်မဟုတ်ကြောင်း သိလိုက်သောကြောင့် ချန်ဇွမ်၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ချန်ဇွမ်က စကားရာမြန်မြန်ပြောင်းလိုက်သည်။
“ရှောင်ယွီ… လွီရှု အန္တရာယ်ကြုံရမှာကို နင် မစိုးရိမ်ဘူးလား။ သူက V အဆင့်ပဲ ရှိသေးတာကို ဒီတောအုပ်ထဲမှာ တစ်ယောက်တည်း လှည့်လည်သွားလာနေတာလေ။ ဒီတောအုပ်က သိပ်ရိုးရှင်းတာ မဟုတ်ဘူး။ ပေမန်နယ်မြေနဲ့ ပတ်သက်ပြီး ငါရထားတဲ့ အချက်အလက်တွေနဲ့ ယှဉ်ကြည့်ရင် ဒီဆားရေကန်နယ်မြေရဲ့ ယေဘုယျစွမ်းအားက ပိုမြင့်တဲ့အဆင့်မှာ ရှိတယ်”
“လွီရှု အန္တရာယ်ကြုံရမှာ မဟုတ်ဘူး”
လွီရှောင်ယွီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ တစ်ဖက်တွင်လည်း လွီရှု၏ စွမ်းရည်က V အဆင့်လောက်သာ မဟုတ်ကြောင်း လွီရှောင်ယွီ သိထားပြီး အခြားတစ်ဖက်တွင်မူ သူမ၏ ရှင်းပြ၍မရနိုင်သော ယုံကြည်မှုကြောင့်ပင် ဖြစ်သည်။
လွီရှုက အာရုံစူးစိုက်မှုကောင်းပြီး အသေးစိတ်ကျသည်ဟု လွီရှောင်ယွီ ခံစားထားရကာ သူ မလုပ်နိုင်သည့် ကိစ္စတစ်ခုကိုမျှ သူမ မှတ်မိခြင်း မရှိပေ။
လွီရှောင်ယွီ၏ စကားကို ကြားပြီးနောက် ချန်ဇွမ် ငြိမ်ကျသွားသည်။ သူ စကားဆက်မပြောနိုင်တော့ပေ။ လွီရှု အန္တရာယ်ကြုံရမည် မဟုတ်ကြောင်း သူမက ယုံကြည်နေသောကြောင့် လွီရှု၏ ဘေးကင်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် လွီရှောင်ယွီတွင် ရည်ရွယ်ချက် မရှိချေ။ သို့သော် ရှောင်ယွီတစ်ယောက် ဒီလောက်ယုံကြည်မှုကို ဘယ်ကရလာသလဲဆိုတာကိုတော့ ချန်ဇွမ် မသိပေ…
“ဒါပေမဲ့ ရှေးဟောင်းအကြွင်းအကျန်နယ်မြေရဲ့ အန္တရာယ်က နယ်မြေကိုယ်တိုင်မှာပဲ ရှိတာမဟုတ်ဘူး။ တခြားလူတွေကို သတိထားဖို့ကလည်း အရမ်းအရေးကြီးတယ်။ အမွေအနှစ်ကို ခိုးယူသွားရုံတင်မကဘဲ လူအများကြီးကိုပါ သတ်သွားတဲ့ C အဆင့် သူလျှိုတစ်ယောက်အကြောင်း ငါ သိတယ်”
ချန်ဇွမ်က ပြောလိုက်သည်။
“လွီရှုကို သတ်တဲ့သူ ဘယ်သူ့ကိုမဆို ငါ ပြန်သတ်ပစ်မယ်”
အသက်ဆယ်နှစ်အရွယ် ကောင်မလေးထံမှ ကြမ်းတမ်းသော သွေးဆာမှုအရှိန်အဝါများ ထွက်ပေါ်လာရင်း လွီရှောင်ယွီက ပြောလိုက်သည်။
လွီရှောင်ယွီ၏ ဤအခြမ်းက အတော်လေး ချစ်စရာကောင်းသည်ဟု ချန်ဇွမ် ခံစားလိုက်ရသည်။ဆန့်ကျင်ဘက်ဖြစ်နေသော ချစ်စရာကောင်းခြင်းမျိုးပင်…
လွီရှောင်ယွီက လှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
“ငါ့ကို မယုံဘူးလား”
ဝက်ဆိုးလေးက သူ့ကို နောက်တစ်ကြိမ် စတင်စိုက်ကြည့်နေသည်ကို သတိပြုမိသွားသောကြောင့် ချန်ဇွမ်က အမြန်ရှင်းပြလိုက်သည်။
“ယုံပါတယ်… ယုံပါတယ်ဟ…”
တကယ့်ကို ထူးဆန်းလွန်းလှသည်။ ကောင်မလေး တစ်ယောက်ကိုတောင် မနိုင်ဘူးတဲ့လား။
လွီရှောင်ယွီက သူမဝက်၏ ကျယ်ဝန်းပြီး ထူထဲသော ကျောပြင်ပေါ်တွင် လှဲလျောင်းရင်း အိပ်ရန်ပြင်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“မြန်မြန် အိပ်တော့။ မိုးလင်းတာနဲ့ လွီရှုကို ဆက်ရှာရမယ်။ မနက်ဖြန်မှ သူ့ကို ရှာမတွေ့ရင် နင့်ကို ယဇ်ကောင်အဖြစ် ငါ သတ်ပစ်မယ်”
ချန်ဇွမ်က ရေသောက်နေရင်း ထိုစကားကို ကြားလိုက်ရသဖြင့် သောက်လက်စ ရေများကို ပန်းထုတ်လိုက်မိသည်။ ယဇ်ကောင်ဆိုတာ ဘာသဘောလဲ။
တကယ်တော့ လွီရှုနှင့် ခွဲခွာပြီးနောက် လွီရှောင်ယွီက ပိုလွတ်လပ်လာပြီး ပို၍ သွေးဆာသော အရှိန်အဝါများ ရှိလာကြောင်း ချန်ဇွမ် ရုတ်တရက် သတိပြုမိလိုက်သည်။
ဤခံစားချက်က နတ်ဆိုးလေးတစ်ကောင်သည် လူအချို့နှင့် အဖြစ်အပျက်များကြောင့် ၎င်း၏ သဘာဝအမှန်ကို ထိန်းချုပ်ထားခဲ့ပြီး ထိုအရာများ ပျောက်ကွယ်သွားချိန်တွင်တော့ ၎င်း၏ သဘာဝအမူအကျင့်များ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေသည်။
သို့သော် လွီရှောင်ယွီအတွက် လွီရှုက တစ်လောကလုံး ဖြစ်နေသည်ကိုတော့ သူ မသိခဲ့ပေ။ လွီရှုသာ မရှိလျှင် လောကကြီးရှိ တခြားအရာအားလုံးက အဓိပ္ပာယ်မဲ့သွားလိမ့်မည် ဖြစ်သည်။
သူမက ဝက်ဆိုးလေးနှင့် ကြောင်ကြီးကို ဖမ်းခဲ့ရသည့် အကြောင်းရင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သက်သက်မဟုတ်ဘဲ တိုက်ပွဲအတွင်း သူ့ဘေးမှနေ၍ အတူယှဉ်တွဲ တိုက်ခိုက်နိုင်ကြောင်း သက်သေပြပြီး လွီရှု၏ အသိအမှတ်ပြုမှုကို ရလိုသောကြောင့် ဖြစ်သည်။
ချန်ဇွမ်က စကားများလွန်းသူ တစ်ယောက်ဖြစ်ကြောင်း လွီရှောင်ယွီလည်း သတိထားမိလိုက်သည်။ သူ့ပါးစပ်ကို တစ်ခဏလောက် ပိတ်ထားလိုက်ရုံဖြင့် အသက်ရှူကြပ်သေသွားမည့်အလားပင်။
ချန်ဇွမ်က သူ့လက်မောင်းများကို ခေါင်းအုံးသဖွယ် အသုံးပြုကာ မြေကွက်လပ်ပေါ်တွင် လှဲလျောင်းလိုက်သည်။
“ရှောင်ယွီ… ဒီနယ်မြေထဲမှာ အသိအမှတ်ပြုခံရဖို့ အခွင့်အရေးကို ငါ ရှာတွေ့နိုင်မယ်လို့ နင် မထင်ဘူးလား။ တကယ်လို့ ငါ မရခဲ့ရင်တောင်… အဲဒီအချိန်ကျရင် သေချာပေါက် ဒုဗိုလ်ဖြစ်လာမယ့် လွီရှု ရှိနေသေးတာပဲ…”
လွီရှောင်ယွီ၏ လွှမ်းမိုးမှုကြောင့် လွီရှုအပေါ် ချန်ဇွမ်၏ ယုံကြည်မှုက အဆတစ်ရာခန့် စတင်တိုးပွားလာခဲ့သည်။
“အဲဒီအချိန်ရောက်ရင် မြို့တော်က ကစားသမားတွေရဲ့ ရာထူးက ငါ့လောက် မြင့်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ငါ့ကို သဘောကျမယ့် မိန်းမပျိုလေးတွေ သေချာပေါက် ရှိလာလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေက အရေးမကြီးပါဘူး။ အရေးအကြီးဆုံးက ရွှီဝန်ရှင်းနဲ့ တုရွှယ်မေတို့ ငါ့ကို အမြင်ပြောင်းသွားမလား ဆိုတာပဲ။ သူတို့နှစ်ယောက်လုံးက ငါ့ကို သဘောကျလာရင် ဘယ်တစ်ယောက်ကို ချိန်းတွေ့ရမလဲ… ရွေးရခက်လိုက်တာ…”
ဝက်ဆိုးလေး၏ ကြီးမားထွားကြိုင်းသော ခန္ဓာကိုယ်ပေါ်မှ လွီရှောင်ယွီ၏ အေးစက်စက် ရယ်သံ ထွက်ပေါ်လာသည်။
“ဆက်ပြီး ပြုံးဖြီးဖြီး လုပ်နေလိုက်… V အဆင့် ကစားသမား”
“ငါက V အဆင့်ဖြစ်တော့ ဘာဖြစ်လဲ။ V အဆင့်ဖြစ်ရုံနဲ့ပဲ ငါက လူမဟုတ်တော့ဘူးလား”
ချန်ဇွမ် ဒေါသတကြီး ပြောလိုက်သည်။
[ချန်ဇွမ်၏ စိတ်ဒုက္ခရောက်မှုမှ +၅၅၅]
“တိတ်တိတ်နေပြီး အိပ်လိုက်တော့”
လွီရှုက တောင်တန်းများနှင့် တောအုပ်ကြားတွင် လမ်းလျှောက်နေခဲ့သည်။ ထူးဆန်းသော သစ်ပင်များက ခြိမ်းခြောက်မှု မရှိတော့သဖြင့် တောင်များကို ကျော်ဖြတ်ရသည်မှာ မခက်ခဲတော့ပေ။ ခရီးစဉ်တစ်လျှောက်လုံး သူ၏ ကိုယ်လက်ကြံ့ခိုင်မှု အခြေအနေအရ လွယ်ကူသော လမ်းကြောင်းများကို ရှာဖွေရန် မလိုအပ်ဘဲ သံလိုက်အိမ်မြှောင်အတိုင်း တိုက်ရိုက် လိုက်သွားရုံသာ ဖြစ်သည်။
သို့သော် ဝေ့အယ်တောင်ကို တက်ပြီး တောင်ကြားကို ငုံ့ကြည့်လိုက်ချိန်တွင် အဝေးတစ်နေရာမှ သစ်ပင်များ သေဆုံးကာ ပြိုလဲနေသည်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။ နေ့ချင်းညချင်း မီးပျက်သွားသော လင်းထိန်နေသည့် မြို့ကြီးတစ်မြို့ကဲ့သို့ တောအုပ်၏ အလှတရားက အဝေးတစ်နေရာမှ ရုတ်တရက် ပေါ်ထွက်လာသော အမှောင်ထုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဝေးလံလွန်းလှသဖြင့် တိုးညင်းနေသော်လည်း အဝေးရှိ တောအုပ်ထဲမှ ဝုန်းဝုန်းမြည်သံများကိုပင် လွီရှု ခပ်သဲ့သဲ့ ကြားနေရသည်။
လွီရှု အံ့ဩသွားပြီး ဘာတွေဖြစ်နေသလဲဟု တွေးကာ ဇဝေဇဝါ ဖြစ်သွားသည်။ သတ္တမမြောက်ကြယ်ကို လင်းလက်စေပြီး C အဆင့် စွမ်းအားရှင်တစ်ယောက်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် သူက လုံလောက်အောင် စွမ်းအားကြီးနေပြီ ဖြစ်သည်။ ကြယ်စနစ်က လှည့်ပတ်မနေသော်လည်း သူ၏ ခွန်အားတိုးတက်မှုက နှောင့်နှေးမသွားခဲ့ပေ။
သို့တိုင်အောင် ဤမျှ ကျယ်ပြန့်သော တောအုပ်ဧရိယာကြီးကို ဖျက်ဆီးပစ်ရန်မှာ နောက်တစ်ဆင့်သို့ မရောက်မချင်း အလွန်ခက်ခဲမည်ဖြစ်ကာ မဖြစ်နိုင်ဘူးဟုပင် ပြော၍ရသည်။
အဲဒီနေရာမှာ ချန်ပိုင်လီများ ရှိနေတာလား။ ဒါပေမဲ့ သူ့ကို ဘယ်သူက တိုက်ခိုက်နေတာလဲ။
-အခန်း (၂၈၄) ပြီး
***