လွီရှု၏ မျက်စိရှေ့တွင် B အဆင့် တိုက်ခိုက်ရေးသမားများကြားမှ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသော်လည်း သူက အလွန်ဝေးကွာနေသောကြောင့် ဘာတွေဖြစ်နေသလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ဤတောအုပ်များက နီယွန်မီးရောင်များကဲ့သို့ လင်းထိန်မနေပါက ပြိုကျပျက်စီးနေသော တောအုပ်တစ်ခုလုံးကို သူ သတိထားမိမည်ပင် မဟုတ်ချေ။
ဒါက ကွာခြားချက်ပဲဟု လွီရှု သက်ပြင်းချလိုက်သည်။ အခြား ကောင်းကင်ကွန်ရက်၏ တိုက်ခိုက်ရေးသမားများနှင့် တာအိုယွမ်အတန်းမှ ကျောင်းသားများက ကွက်လပ်များတွင် ပုန်းအောင်းနေရချိန်၌ B အဆင့် ကျွမ်းကျင်သူများကတော့ ထူးဆန်းသော သစ်ပင်အုပ်စုလိုက်ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်စွမ်း ရှိကြသည်။
B အဆင့် ကျွမ်းကျင်သူများ၏ တိုက်ပွဲကို ပထမဆုံးအကြိမ် ကြည့်ရှုရမည့် ဤအခွင့်အရေးကို လက်မလွတ်ချင်သောကြောင့် လွီရှုက ထိုဦးတည်ရာသို့ စတင်ပြေးသွားတော့သည်။
ဒါက C အဆင့်သို့ ရောက်ရှိပြီးနောက် လွီရှုက သူ၏ ခွန်အားအပြည့်အဝကို အသုံးပြုကာ အမြန်ဆုံးပြေးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ မြေပြင်ပေါ်ရှိ ကြွေကျနေသော သစ်ရွက်များက လွီရှု၏ အနောက်ရှိ လေထဲသို့ လွင့်စင်သွားကြသည်။ လွီရှုက ကောင်းကင်ဝတ်ရုံကို အသုံးပြု၍ သူ့ကိုယ်သူ ဖုံးအုပ်ထားသောကြောင့် လမ်းတွင်ပိတ်နေသော သစ်ကိုင်းများကို ဖယ်ရှားနေရန်ပင် မလိုအပ်ချေ။ သူ ဝင်တိုက်မိသော သစ်ကိုင်းအနည်းငယ်ကလည်း သူ့ကို ဒဏ်ရာရစေနိုင်စွမ်း မရှိပေ။
ထိုစဉ် လွီရှုက တိရစ္ဆာန်တစ်ဒါဇင်ခန့် စုရုံးနေသော ကွက်လပ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ တိရစ္ဆာန်များက သတိဝီရိယရှိသွားကြပြီး တွေးတော၍မရနိုင်သော အရှိန်နှုန်းဖြင့် ပေါ်လာသည့် တစ်ဦးတည်းသော လူသားကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။ သူ ဘယ်လိုပုံစံရှိသလဲဆိုတာကိုပင် သေချာစွာ ကြည့်ဖို့ အချိန်မရလိုက်ကြပေ။
ကျားသစ်တစ်ကောင်က တောအုပ်ထဲသို့ ပြေးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော လွီရှု၏ ကျောပြင်ကို ကြောက်လန့်တကြား ကြည့်လိုက်ပြီးနောက် လှည့်ကာ အခြားတိရစ္ဆာန်များကို ဟိန်းဟောက်လိုက်သည်။
‘ငါ သူ့ကို သေချာ မမြင်လိုက်ရပေမဲ့ အဲဒါ ငါ့သွားကို နှုတ်သွားတဲ့ကောင်ပဲ ဖြစ်ရမယ်’
သူတို့ကို သတိမထားမိသွားသည့်အတွက် အခြားတိရစ္ဆာန်များ စိတ်သက်သာရာရသွားကြသည်။
တကယ်တော့ လွီရှုကိုယ်တိုင်ကလည်း B အဆင့် ကျွမ်းကျင်သူတွေရဲ့ တိုက်ပွဲကို ကြည့်တာက ပိုအရေးကြီးသလား၊ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ သွားတွေကို နှုတ်တာက ပိုအရေးကြီးသလားဆိုတာကို တွေဝေနေခဲ့သည်။ ရွေးချယ်ရခက်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွီရှု ခံစားလိုက်ရသည်မှာ…
တိရစ္ဆာန်များ စိတ်သက်သာရာရသွားချိန်မှာပင် ထိုလူသားက နောက်သို့ ပြန်ပြေးလာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
သေချာတာပေါ့… တိုက်ပွဲကြည့်ရတာက စိတ်ဒုက္ခရောက်မှုအမှတ်တွေလောက် အရေးမကြီးဘူးလေ။
“လာ လာ လာ… အချိန်ကပ်နေပြီ၊ မစ်ရှင်က အရေးကြီးတယ်။ လိမ္မာတယ်… ငြိမ်ငြိမ်နေကြ”
လွီရှုက ပျော်ရွှင်စွာ ပြောလိုက်သည်။
“မင်း… ဒီကိုလာခဲ့။ ဟုတ်တယ်… မင်းပဲ၊ အနောက်မှာ သွားမပုန်းနေနဲ့”
“မင်းအလှည့် ရောက်ပြီ”
ကျားသစ်၏ အလှည့်ရောက်သောအခါ လွီရှုက ၎င်း၏ ပါးစပ်ကို အတင်းဟခိုင်းလိုက်ပြီး အံ့ဩသွားသည်။
“ဟင်… မင်းက ဘာလို့ အံသွားတစ်ချောင်း ပျောက်နေရတာလဲ။ မင်းက ဆိုးသွမ်းပြီး သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ထားလို့ ဖြစ်ရမယ်။ လာ… ကျန်တဲ့တစ်ချောင်းကိုပါ နှုတ်ပေးမယ်။ အဲဒါမှ အချိုးညီပြီး မင်းမျက်နှာလေးလည်း ပိုသွယ်သွားမှာ”
၅ မိနစ်အကြာတွင် တိရစ္ဆာန်တစ်အုပ်လုံးက ထွက်ခွာသွားသော လွီရှု၏ ကျောပြင်ကို သနားစရာကောင်းအောင် ကြည့်နေကြသည်။
ကျားသစ်က ဟိန်းဟောက်လိုက်သည်။
‘မင်းတို့အားလုံးက ဝမ်းနည်းပိုင်ခွင့် မရှိဘူး။ ငါ့သွားက နှစ်ကြိမ်တောင် နှုတ်ခံလိုက်ရတာ’
…
လွီရှုက တိုက်ပွဲဖြစ်ပွားရာဆီသို့ အရှိန်တင်၍ သွားလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ထိုနေရာတွင် ရှိနေသူမှာ ချန်ပိုင်လီ ဟုတ်မဟုတ် သူ သေချာမသိပေ။
သို့သော် ၎င်းက အလွန်ဝေးကွာလွန်းလှသည်။ လမ်းတစ်လျှောက်တွင် တာအိုယွမ်အတန်းမှ ကျောင်းသားများရှိနေသော အခြားကွက်လပ်တစ်ခုကို လွီရှု တွေ့ရှိခဲ့ပြီး သတိထားကာ ကွေ့ရှောင်သွားခဲ့သည်။ သူ တိုက်ပွဲဖြစ်ရာနေရာနှင့် သိပ်မဝေးတော့ချိန်တွင် ကျောင်းသားများနှင့် ဆရာများက တောအုပ်ထဲမှ လှုပ်ရှားမှုအချို့ကို ကြားလိုက်ရသည်။ သို့သော် ဘာတွေဖြစ်နေသလဲဆိုသည်ကို ကြည့်ရန် တောအုပ်ထဲသို့ မဝင်ရဲကြသဖြင့် အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေစေရန် သတိဝီရိယဖြင့်သာ နေနိုင်ခဲ့ကြသည်။
လွီရှု ရောက်ခါနီးအချိန်တွင် အရှိန်လျှော့လိုက်သည်။ ထိုအချိန်၌ တိုက်ပွဲက အသံမထွက်တော့ဘဲ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ လွီရှု ခဏစဉ်းစားလိုက်ပြီး သူသာ တစ်ယောက်ယောက်နှင့် ဆုံတွေ့ပါက ထူးဆန်းသော သစ်ပင်များက သူ့ကို ဘာကြောင့် မတိုက်ခိုက်သလဲဆိုသည်ကို မည်သို့ ရှင်းပြရမည်ကို မသိသောကြောင့် သစ်ကိုင်းအချို့ကို အမြန်ချိုးယူကာ သူ့ကိုယ်ပတ်လည်တွင် ရစ်ပတ်ထားလိုက်သည်။
ဒါက ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ အခြားသူများက သိပ်မတွေးလျှင် ပြဿနာမရှိသော်လည်း ထူးဆန်းသော သစ်ပင်များက လွီရှုကို ဘာကြောင့် မတိုက်ခိုက်သလဲဆိုသည်ကို အခြားသူများ သံသယဝင်လာပါက အခြေအနေ ဆိုးရွားသွားနိုင်သည်။ သူက စွမ်းအားရှင်တစ်ယောက်ဆိုသည့် အထောက်အထားက လူသိရှင်ကြား ဖြစ်နေသော်လည်း ပြဿနာမှာ ကောင်းကင်ကွန်ရက်၏ မှတ်တမ်းများထဲတွင် သူ၏ သုံးပါးပေါင်းစည်းခြင်း ကျင့်စဉ် လေ့ကျင့်မှုက လုံးဝမရှိတာမျိုး မဟုတ်ဘဲ နှေးကွေးရုံသာ ဖြစ်နေသောကြောင့်တည်း။
လွီရှုက သစ်ကိုင်းများကို ပတ်ထားလျက် တိုက်ပွဲဖြစ်ပွားရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ အဆုံးတွင် သူ ထိုနေရာသို့ ရောက်ရှိသွားသောအခါ ဘောလုံးကွင်းအရွယ်အစားခန့်ရှိသော တောအုပ်တစ်ခုလုံး အပျက်အစီးများ ဖြစ်နေသည်ကို မြင်လိုက်ရပြီး အံ့ဩသွားသည်။ ထူးဆန်းသော သစ်ပင်များက တစ်ပင်ပြီးတစ်ပင် ပြိုလဲနေကာ သစ်ရွက်များအားလုံးက ညှိုးနွမ်းနေကြသည်။
မြေမျက်နှာပြင်တစ်ခုလုံးကို အရာအားလုံး တူးဆွခံရသည်အထိ အကြိမ်ပေါင်းများစွာ တူးဖော်ခံထားရသကဲ့သို့ ဖြစ်နေသည်။
ဒီလို မြင်ကွင်းမျိုး ဖြစ်ပေါ်လာအောင် တိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်ခဲ့ရမလဲ…
လွီရှုက သူ့အိတ်ကပ်ထဲမှ သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်ရာ ၎င်း၏ လက်တံက ရှေးဟောင်းအကြွင်းအကျန်နယ်မြေ၏ အလယ်ဗဟိုသို့ မညွှန်ပြတော့သည်ကို သူ သတိထားမိလိုက်သည်။ ယင်းအစား ၎င်းက သူ၏ ဘယ်ဘက်သို့ ညွှန်ပြနေသည်။
သူက အပျက်အစီးများ၏ ဘယ်ဘက်သို့ ဦးတည်သွားလိုက်သည်။ ပြိုလဲနေသော သစ်ပင်များက သူ၏ အမြင်အာရုံကို ဟန့်တားနေသောကြောင့် တစ်ခုခုများ ရှာတွေ့နိုင်မလားဟု တွေးကာ သစ်ပင်များကြားတွင် သတိထား၍သာ ရှာဖွေနိုင်တော့သည်။
ကောင်းကင်မြေပုံထဲရှိ အလောင်းကောင်ခွေးက အဆင်သင့်ဖြစ်နေသည်။ သူသာ ရန်သူနှင့် ဆုံတွေ့ပါက တကယ့်ကျွမ်းကျင်သူ တစ်ယောက်သာလျှင် ချန်ပိုင်လီနှင့် တိုက်ခိုက်နိုင်မည်ဖြစ်ရာ အခြားမည်သည့်အရာကမျှ သူ့ကို နှောင့်ယှက်နိုင်မည် မဟုတ်ပေ။ သူ လုပ်မည့်အရာမှာ ချက်ချင်းတိုက်ခိုက်ရန်ဖြစ်ပြီး မနိုင်ပါက ထွက်ပြေးမည် ဖြစ်သည်။
ထိုစဉ် အရှေ့ဘက်မှ တစ်စုံတစ်ယောက်က တည်ငြိမ်စွာ မေးလိုက်သည်ကို လွီရှု ကြားလိုက်ရသည်။
“မင်းက ပြန်လာရဲသေးတာလား”
လွီရှု ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း အနီးနားတွင် အခြားမည်သူ့ကိုမျှ မတွေ့ရပေ။ ဒါ သူ့ကို ပြောနေတာလား… အဲဒါက… ချန်ပိုင်လီရဲ့ အသံ မဟုတ်လား…
“ကျွန်တော် လွီရှုပါ။ ဆရာ ကျွန်တော့်ကို မှတ်မိလား။ လီယီရှောင်ကို စကားပုံတွေ သင်ပေးခဲ့တဲ့ လွီရှုလေ”
သူသာ ရှေ့တိုးသွားပါက အခြားတစ်ယောက်ဟု အထင်ခံရပြီး အိုမင်းသော တာအိုဘုန်းတော်ကြီး၏ သတ်ဖြတ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့သဖြင့် လွီရှု ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။
[ချန်ပိုင်လီ၏ စိတ်ဒုက္ခရောက်မှုမှ +၃၁၃]
“ဒီကို လာခဲ့”
ချန်ပိုင်လီ၏ အသံက ရုတ်တရက် အားနည်းသွားသည်။ တာအိုဘုန်းတော်ကြီး ဒဏ်ရာရထားကြောင်း သိလိုက်ရသဖြင့် လွီရှု မှင်တက်သွားသည်။ စောစောက သူ အသုံးပြုခဲ့သည့် ခွန်အားပြည့်ဝသော အသံက ဟန်ဆောင်မှုသက်သက်သာ ဖြစ်သည်။
လွီရှုက လမ်းကို ပိတ်ဆို့နေသော သစ်ပင်ကြီးကို ကျော်ဖြတ်ကာ ချန်ပိုင်လီ၏ အရှေ့သို့ ရောက်လာသည်။ တာအိုဘုန်းတော်ကြီးက ခြေချိတ်ထိုင်နေပြီး မျက်နှာ အလွန်ဖြူဖျော့နေသည်ကို သူ မြင်လိုက်ရသည်။ လွီရှုကို မြင်သောအခါ တာအိုဘုန်းတော်ကြီးလည်း ကြက်သေ သေသွားသည်။
သူ့ရှေ့ရှိ လူငယ်လေးက မံမီတစ်ကောင်ကဲ့သို့ သစ်ကိုင်းအထပ်ထပ်ဖြင့် ရစ်ပတ်ခံထားရသည်။ လွီရှုက သစ်ပင်မိစ္ဆာအဖြစ် သရုပ်ဆောင်နေတာလား။ ဒါ ဘယ်လိုပုံစံကြီးလဲ…
လွီရှုက တာအိုဘုန်းတော်ကြီး၏ အကြည့်ကို မြင်ပြီး ရယ်မောလိုက်သည်။
“ကျွန်တော် တောအုပ်ထဲမှာ အသံတချို့ ကြားလိုက်လို့ ကူညီဖို့ လာခဲ့တာပါ။ ဒါပေမဲ့ ဟိုထူးဆန်းတဲ့ သစ်ပင်တွေရဲ့ တိုက်ခိုက်တာ ခံလိုက်ရလို့ပါ”
ချန်ပိုင်လီက ခေါင်းညိတ်လိုက်ပြီး ထိုအကြောင်းပြချက်ကို လက်ခံလိုက်သည်။ ထူးဆန်းသော သစ်ပင်များက လူသားများကို မည်သို့ တိုက်ခိုက်သလဲဆိုသည်ကို သူ မြင်တွေ့ခဲ့ရပြီး ဒုက္ခရောက်နေသော ကျောင်းသားအချို့ကိုပင် သူ ကယ်တင်ခဲ့ရသေးသည်။ ဒါပေမဲ့… အဲဒါက သစ်ကိုင်းတွေ သိပ်များလွန်းနေတယ်လေ…
“အကြီးအကဲ… ဒီလောက် ဗြောင်းဆန်သွားအောင် ဘယ်သူနဲ့ တိုက်ခိုက်ခဲ့တာလဲ”
ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲမှ တိရစ္ဆာန်တစ်ကောင်လား၊ ဒါမှမဟုတ် လူတစ်ယောက်လားဆိုသည်ကို သိချင်နေသဖြင့် လွီရှုက သူ၏ အကြီးမားဆုံးသော မေးခွန်းကို နောက်ဆုံးတွင် မေးလိုက်သည်။
“အပြင်ဘက်ကနေ ရောက်လာတဲ့ မြေဒြပ်စင် B အဆင့် စွမ်းအားရှင် တစ်ယောက်ပဲ။ သူက မြေအောက်ကနေတစ်ဆင့် နယ်မြေထဲကို ခိုးဝင်လာတာ ဖြစ်ရမယ်။ အဲဒါက သူ့အတွက်တော့ မခက်ခဲလှပါဘူး။ ဒါပေမဲ့ ခုနလေးတင် သူ့ကို မြေအောက်ကနေ ဆွဲထုတ်ပြီး ငါ တိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ ငါ သတိလက်လွတ်ဖြစ်သွားတုန်း သူ မြေအောက်ကနေ ထွက်ပြေးသွားတယ်။ မင်း စိတ်ပူစရာမလိုပါဘူး။ သူက ငါ့ထက်တောင် ဒဏ်ရာ ပိုပြင်းသွားသေးတယ်”
ချန်ပိုင်လီက တည်ငြိမ်စွာ ပြောလိုက်သည်။
လွီရှုက ထိုစကားများကို နားလည်သဘောပေါက်သွားပြီး အကြောင်းပြချက်တစ်ခုခုကြောင့် ရန်ဖြစ်ပြီးနောက် ကလေးတစ်ယောက် ပြောသည့်စကားနှင့် တူနေသည်ဟု ခံစားလိုက်ရသည်။ ‘ငါ ဒဏ်ရာရချင် ရမယ်၊ ဒါပေမဲ့ သူက ငါ့ထက် အများကြီး ပိုပြီး ဒဏ်ရာရသွားတယ်’။ ရင်းနှီးနေတဲ့ ခံစားချက်မျိုးပဲ။
သို့သော် သူတွေးနေသည့်အတိုင်း ထုတ်မပြောရဲပေ။ တာအိုဘုန်းတော်ကြီး၏ ဒေါသအရ သူသာ စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်ပါက သူ့ကို နေရာမှာတင် သတ်ပစ်လောက်သည်လေ။
ချန်ပိုင်လီက ပြောလိုက်သည်။
“ငါ့ကို ကာကွယ်ပေးထား… အဲဒါမှ…”
သူ စကားမဆုံးခင်မှာပင် သူ့ရှေ့ရှိလူက ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် သူ့ဘေးရှိ မြေကြီးထဲမှ အနီရောင် အဆိပ်ပြင်းမြွေတစ်ကောင်က ဘာတွေဖြစ်နေသလဲဟု ကြည့်ရန် ခေါင်းပြူထွက်လာသည်ကို လွီရှု မြင်လိုက်ရသည်။ လွီရှု ချက်ချင်း အော်လိုက်သည်။
“ခဏလေး စောင့်ဦး”
ထို့နောက် လွီရှုက အဆိပ်ပြင်းမြွေထံသို့ ပြေးသွားကာ ၎င်း၏ ခေါင်းကို ကိုင်၍ သွားတစ်ချောင်း နှုတ်လိုက်ပြီး လွှင့်ပစ်လိုက်သည်ကို ချန်ပိုင်လီ မြင်လိုက်ရသည်။ ထို့နောက် လွီရှုက ချန်ပိုင်လီထံ ပြန်ရောက်လာသည်။
“ဆရာ ဘာပြောချင်တာလဲ”
ချန်ပိုင်လီက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး သူ ဘာပြောချင်ခဲ့သလဲဆိုသည်ကို ပြန်စဉ်းစားနေရသည်။
[ချန်ပိုင်လီ၏ စိတ်ဒုက္ခရောက်မှုမှ +၁၉၉]
‘မင်း ဘာဖြစ်နေတာလဲကွ…’
-အခန်း (၂၈၅) ပြီး
***