ချန်ပိုင်လီက လွီရှုကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီး သူ ဘာပြောချင်ခဲ့သလဲဆိုသည်ကို ပြန်စဉ်းစားနေရသည်။ သူတို့ စကားပြောနေစဉ်အတွင်း ဒီတာအိုယွမ်အတန်းက ကျောင်းသားတစ်ယောက်က အဆိပ်ပြင်းမြွေတစ်ကောင်ကို သွားဖမ်းပြီး သွားနှစ်ချောင်း နှုတ်ကာ စကားဆက်ပြောရန် ပြန်ရောက်လာသည်ကို သူ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
စောစောက သူ(လွီရှု) ရှေးဟောင်းအမွေအနှစ်ကို မြင်လိုက်ရသည့်အလား မျက်လုံးများက အရောင်လက်နေခဲ့သည်။
သူ့ကို စိုက်ကြည့်နေမှုကြောင့် အနေရခက်သွားသဖြင့် လွီရှု အနည်းငယ် ချောင်းဟန့်လိုက်သည်။
“ဆက်ပြောပါဦး”
ချန်ပိုင်လီက သူပြောမည့်စကားကို နောက်ဆုံးတွင် ပြန်အမှတ်ရသွားသည်။
“ငါ့ကို ကာကွယ်ပေးထား။ ငါ့ပြိုင်ဘက် သက်သာမလာခင် ငါ့သွေးကြောတွေကို ပြန်လည်ကုသပြီး ဒဏ်ရာတွေ သက်သာလာအောင် လုပ်ရမယ်။ အရမ်းကြီး စိတ်မပူပါနဲ့။ သူ့ဒဏ်ရာ အခြေအနေအရဆိုရင် သူ့ရဲ့ ခွန်အားတွေက သိသိသာသာ လျော့ကျသွားမှာမို့ ဒီလောက်မြန်မြန် ပြန်လာရဲမှာ မဟုတ်ဘူး။ ငါ့အနား တိရစ္ဆာန်တွေ မလာအောင်ပဲ စောင့်ကြည့်ပေးထား”
“ပြဿနာမရှိပါဘူး”
‘တိရစ္ဆာန်လေးတွေကို ကိုင်တွယ်တဲ့နေရာမှာ ငါက ဆရာကြီးပဲ’ ဟု လွီရှုက စိတ်ထဲမှ တွေးလိုက်သည်။
ထိုအချိန်မှာပင် သူ့ခြေအောက်တွင် တစ်ခုခု လှုပ်ရှားနေကြောင်း လွီရှု ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်ရာ သူနှင့် ချန်ပိုင်လီတို့ ရပ်နေသော မြေကြီးက သူတို့ခြေအောက်တွင် လှိမ့်တက်နေသည်ကို တွေ့လိုက်ရသည်။
မူလက အစိုင်အခဲဖြစ်နေသော မြေကြီးများက သဲကန္တာရထဲမှ သဲများကဲ့သို့ ကြေမွနေသော မြေမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
လွီရှုက သူ့ခြေအောက်မှ ကြီးမားသော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ပြိုင်ဘက်၏ ဒဏ်ရာပြင်းထန်မှုကို ချန်ပိုင်လီက ချဲ့ကားပြောဆိုနေသည်ဟု သူ ထင်လိုက်သည်။ တကယ်လို့များ ထိုလူက အဲဒီလောက် ဒဏ်ရာပြင်းထန်နေပါက ဤမျှလောက် ကမောက်ကမဖြစ်အောင် ဖန်တီးနိုင်စွမ်း ရှိမည်မဟုတ်ပေ။
တကယ်တော့ ဤနေရာတွင် ချန်ပိုင်လီက ရန်သူ၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ရန်သူမှာ နာမည်ကြီးတစ်ဦးဖြစ်ပြီး B အဆင့် နိုးကြားလာသူတစ်ယောက်က ဘယ်လိုလုပ်ပြီး အသေးအမွှားလေး ဖြစ်နေနိုင်မည်နည်း။
စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထမလာခင်က သူသည် ထိပ်တန်း စီးပွားရေးသမားတစ်ဦး ဖြစ်ခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာမှုနှင့်အတူ ပြင်းထန်သော တိုက်ပွဲများကို ဖြတ်သန်းရင်း သူက နိုးကြားလာခဲ့ပြီး ထို့နောက်တွင်လည်း သူ၏ ကြီးမားသော အလားအလာများဖြင့် ဆက်လက်နိုးကြားလာခဲ့သည်။
ဒီတစ်ကြိမ်တွင်လည်း သူ၏ စိမ့်ဝင်မှု နည်းစနစ်က အလွန်အမင်း အစွန်းရောက်လှသည်။ ဒဏ္ဍာရီလာ မြေလျှိုးနည်းစနစ်ကို အသုံးပြု၍ သူက နယ်နိမိတ်အားလုံးကို ချောမွေ့စွာ ဖြတ်ကျော်လာခဲ့ပြီး စွမ်းဆောင်ရည်မြင့်မားသော ကောင်းကင်ကွန်ရက်ပင်လျှင် ဤမျှလောက် အစွန်းရောက်သည့် စိမ့်ဝင်မှုကို မသိရှိနိုင်ခဲ့ပေ။
ချန်ပိုင်လီက အငိုက်မိသွားသော်လည်း တိုက်ပွဲအတွင်းတွင်တော့ အသာစီးရခဲ့သည်။ သူ၏ စွမ်းရည်များနှင့်ဆိုလျှင် သူက B အဆင့်တွင်ပင် ထူးချွန်ပြောင်မြောက်သူတစ်ဦး ဖြစ်သည်။
သို့သော် အကြီးမားဆုံး ပြဿနာမှာ လီရှန်ရီကဲ့သို့ပင် ချန်ပိုင်လီက စိတ်ဝိညာဉ်စွမ်းအင်များ ခန်းခြောက်နေသော ခေတ်ကာလတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို အတင်းအဓမ္မ ရယူခဲ့သောကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင် အုတ်မြစ်ကို ထိခိုက်သွားစေခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင် အုတ်မြစ် ပျက်စီးသွားမှုက သူ၏ တိုက်ခိုက်ရေးစွမ်းရည် အပြည့်အဝကို အသုံးပြုရန် ခက်ခဲစေခဲ့သည်။
ယခုအချိန်တွင် သူ၏ တုန်လှုပ်သွားသော အုတ်မြစ်ကို တည်ငြိမ်အောင် ပြန်လုပ်ရန် လိုအပ်နေသည်။
သို့သော် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသော ရန်သူက ဒါကို အလွန်ကောင်းစွာ သိနေပုံရပြီး တစ်ခုပြီးတစ်ခု ဆက်တိုက် တိုက်ခိုက်မှုများကို ပြုလုပ်လာခဲ့သည်။
ဘောလုံးကွင်းအရွယ်အစားရှိ ကွက်လပ်ကြီး၏ မြေကြီးအားလုံးက ခြောက်သွေ့ပြီး သေးငယ်သော သဲမှုန့်များအဖြစ် ပြောင်းလဲသွားကာ သူတို့နှစ်ဦးကို မြွေများကဲ့သို့ ဝန်းရံလှည့်ပတ်နေပြီး အချိန်မရွေး ဝါးမျိုရန် အသင့်ဖြစ်နေသည်။
ချန်ပိုင်လီက အေးစက်စွာ ရယ်မောလိုက်ပြီး ငြိမ်သက်စွာ ထိုင်နေစဉ် လွီရှုက တာအိုဘုန်းတော်ကြီးထံမှ လှိုင်းဂယက်တစ်ခု အပြင်ဘက်သို့ ပျံ့နှံ့သွားသည်ကို မြင်လိုက်ရသည်။ ထိုလှိုင်းဂယက်က သူတို့၏ သုံးမီတာပတ်လည်ရှိ လှည့်ပတ်နေသော သဲများအားလုံးကို ရပ်တန့်သွားစေသည်။
ဒါက တာအိုဘုန်းတော်ကြီး လုပ်နိုင်သည်များထဲမှ အားလုံးမဟုတ်သေးပေ။ သူတို့ပတ်လည်ရှိ သဲများက ပင်လယ်ဒီရေ ကျသွားသကဲ့သို့ အပြင်ဘက်သို့ စတင်ပျံ့နှံ့သွားသည်ကို လွီရှု မြင်တွေ့လိုက်ရသည်။
ကမ္ဘာပေါ်ရှိ အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းသည်။ B အဆင့်ဖြစ်လာခြင်း၏ အဓိပ္ပာယ်ကို လွီရှု ရုတ်တရက် သဘောပေါက်သွားသည်။ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ခြင်း၊ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို အသုံးပြုခြင်းပင် ဖြစ်သည်။
A အဆင့်အတွက်ဆိုလျှင်တော့ သူတို့က ကောင်းကင်နှင့် မြေကြီးနှင့်အတူ ဟန်ချက်ညီညီ ပဲ့တင်ထပ်နိုင်မည် ဖြစ်သည်။
‘ခင်ဗျား ဘာလုပ်ဖို့ စီစဉ်နေတာလဲ’
‘အခု ခင်ဗျားက သဲတွေနဲ့အတူ ထွက်သွားတော့မလို့လား’ ဟု လွီရှု အံ့ဩသွားသည်။
ရိုးရိုးသားသားပြောရလျှင် လွီရှု၏ လက်ရှိစွမ်းဆောင်ရည်များနှင့်ဆိုပါက B အဆင့် ကျွမ်းကျင်သူများကြားရှိ တိုက်ပွဲကို အပြည့်အဝ နားလည်ရန် ခက်ခဲလှသည်။ သို့သော် ချန်ပိုင်လီ၏ မျက်နှာက တင်းမာလာသည်ကို သူ သတိထားမိလိုက်သည်။
ညက ငြိမ်းချမ်းပြီး တိတ်ဆိတ်နေသော်လည်း အပြင်ဘက်သို့ ရွေ့လျားသွားသော သဲများ၏ အသံက ကျောချမ်းစရာ ကောင်းနေသည်။
ထိုစဉ် အပြင်ဘက်တွင်မူ သဲနံရံများ တည်ဆောက်နေသည့်အလား သဲအမြင့်က တက်လာပြီး ဧရာမလှောင်အိမ်ကြီးတစ်ခု၏ ပုံသဏ္ဌာန်အဖြစ် ဖြစ်ပေါ်လာသည်။
လှောင်အိမ်ပုံစံ သဲနံရံများက ပတ်ဝန်းကျင်ရှိ ထူးဆန်းသော သစ်ပင်များထံမှ အလင်းရောင်အားလုံးကို ပိတ်ဆို့လိုက်ပြီး လောကကြီးက ရုတ်တရက် အမှောင်ကျသွားကာ လေထုကလည်း ငြိမ်သက်သွားသည်။
တစ်စက္ကန့်အကြာတွင် သဲနံရံများက ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပြန်လည်ဝင်ရောက်လာသည်။ဟုတ်သည်လေ၊ ဒီရေကျခြင်း ရှိလျှင် ဒီရေတက်ခြင်းလည်း ရှိရမည် မဟုတ်ပါလား။
ကောင်းကင်နှင့် မြေကြီးထံမှ ငှားရမ်းထားသော ကြီးမားလှသည့် စွမ်းအားကြောင့် လွီရှု တုန်လှုပ်သွားသည်။ C အဆင့်နှင့် B အဆင့်ကြားရှိ ကြီးမားသော ကွာဟချက်ကို သူ သဘောပေါက်သွားသည်။ လူငါးယောက် သို့မဟုတ် ခြောက်ယောက်ခန့်၏ ပူးပေါင်းတိုက်ခိုက်မှု မပါဘဲ သူတို့ကို ယှဉ်နိုင်ရန် နည်းလမ်းမရှိပေ။
သဲများက အလွန်လျင်မြန်သော အရှိန်ဖြင့် သူတို့ထံသို့ ပျံသန်းလာပြီး ပုန်းအောင်းစရာ နေရာမရှိအောင် သူတို့ကို ပိတ်လှောင်ထားလိုက်သည်။ လွီရှုက လာနေသော သဲဒီရေလှိုင်းတစ်ခုကို ခွဲထုတ်ရန် သူ၏ လှံကို ထုတ်ယူတော့မည့်ဆဲဆဲမှာပင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော အစိမ်းရောင် ဓားငယ်လေးတစ်လက်က ချန်ပိုင်လီ၏ လက်စွပ်ထဲမှ ပျံထွက်လာသည်။
ဓားငယ်လေးက တိုးညင်းသော မြည်သံလေးနှင့်အတူ ဒီရေလှိုင်းဆီသို့ ပျံသန်းသွားပြီး ပင်လယ်ထဲသို့ အပ်တစ်ချောင်း ကျသွားသကဲ့သို့ ဧရာမသဲဒီရေလှိုင်းကြီးထဲတွင် ပျောက်ကွယ်သွားသည်။ သတ္တုပစ္စည်းများနှင့် ကျောက်တုံးများ ရိုက်ခတ်သည့် တိုးညင်းသော အသံများ သဲဒီရေလှိုင်းထဲမှ ထွက်ပေါ်လာသည်။
သူ၏ ဓားက သဲဒီရေလှိုင်းနှင့် ရိုက်ခတ်သွားသည့် အချိန်တွင် ချန်ပိုင်လီ၏ အသက်ရှူနှုန်း သိသိသာသာ နှေးကွေးသွားသည်ကို လွီရှု မျက်မြင်တွေ့လိုက်ရသည်။ မကြာမီတွင် သဲဒီရေလှိုင်း၏ အပြင်ဘက်မှ လူတစ်ယောက်၏ နာကျင်စွာ အော်ဟစ်သံကို သူ ကြားလိုက်ရသည်။
ရုတ်တရက် နံရံကြီး ပြိုကျသွားတော့သည်။
ချန်ပိုင်လီက ဤအရာမဖြစ်ခင်က လုံးဝမလှုပ်ရှားခဲ့ဘဲ ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့နေရချိန်တွင် သူ၏ မျက်လုံးများကိုပင် မှိတ်ထားခဲ့သည်။ ဒီကောင်းကင်ဘုရင်ကိုယ်တိုင်ကတောင် ခုခံကာကွယ်ဖို့ လက်လျှော့လိုက်ပြီဖြစ်၍ ဒါက အဆုံးသတ်ပဲဟု လွီရှု ထင်မှတ်ခဲ့သည်။ သို့သော် ချန်ပိုင်လီက အကြမ်းတမ်းဆုံးသော နည်းလမ်းကို ရွေးချယ်ခဲ့ပြီး သဲဒီရေလှိုင်းကို ထိန်းချုပ်နေသောလူကို ရှာဖွေရန် ပျံသန်းနေသော ဓားကို တိုက်ရိုက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ သူက မရပ်တန့်ခင် သူ၏ ပြိုင်ဘက်ကို ခြေရာခံရန် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ အာရုံစူးစိုက်နေခဲ့ခြင်း ဖြစ်သည်။
ချန်ပိုင်လီ မောပန်းနွမ်းနယ်သွားပြီး အနားယူရန် ခြေချိတ်ထိုင်လိုက်သည်။ ပြိုင်ဘက်ကလည်း စောစောက သူ၏ စွမ်းအင်များစွာကို အသုံးပြုခဲ့ကြောင်း ရှင်းလင်းနေသည်။
သဲဒီရေလှိုင်း၏ အလွန်တွင် မည်သည့်အရာကိုမျှ မတွေ့ရသော်လည်း လွီရှု လှုပ်ရှားလိုက်သည်။
ယခုအချိန်တွင် ပြိုင်ဘက်က သေချာပေါက် ဒဏ်ရာအပြင်းအထန် ရနေပြီ ဖြစ်သည်။ သို့မဟုတ်ပါက ချန်ပိုင်လီက အဘယ်ကြောင့် အနားယူပြီး ပြန်လည်သက်သာရန် ရွေးချယ်မည်နည်း၊ ပြီးတော့ ပြိုင်ဘက်ကရော ဘာကြောင့် တိုက်ခိုက်ခြင်းကို ရပ်တန့်သွားမည်နည်း။ ၎င်းက သူ့အတွက် တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု လွီရှု ခံစားလိုက်ရသည်။ တကယ်တော့ ၎င်းက သူ B အဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်ရမည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ပြိုင်ဘက်က ဒဏ်ရာအပြင်းအထန် ရနေသော်လည်း သေခါနီး ကျားတစ်ကောင်က အိမ်မွေးကြောင်ထက် ပိုသန်မာသကဲ့သို့ သူက သာမန် C အဆင့် ကျင့်ကြံသူတစ်ယောက်ထက် သေချာပေါက် ပိုမိုသန်မာနေဆဲပင်။
လွီရှု တောအုပ်ထဲသို့ ပြေးဝင်သွားသည်။ ပြိုင်ဘက်၏ စွမ်းအင်ကို သူ ခံစားနေရဆဲပင်။ ဘေးကင်းစေရန်အတွက် လွီရှုက သူ့အိတ်ကပ်ထဲမှ သံလိုက်အိမ်မြှောင်ကိုပင် ထုတ်ယူကာ သူ့ကိုယ်သူ လမ်းညွှန်လိုက်သည်။
C အဆင့် ခွန်အားအမျိုးအစား တိုက်ခိုက်ရေးသမားများ၏ အမြန်နှုန်းက လူသား၏ ခွန်အားကန့်သတ်ချက်ကို ကိုယ်စားပြုသောကြောင့် B အဆင့်များထက် သိပ်မနှေးကွေးပေ။ ရိုးရိုးသားသားပြောရလျှင် လွီရှုက B အဆင့် ကျွမ်းကျင်သူကို လွှတ်ပေးလိုက်ပြီး သူ့ကို ပြန်လည်သက်သာလာကာ နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်မည့် အခွင့်အရေးမျိုး မပေးချင်ပေ။ တာအိုဘုန်းတော်ကြီးက အုတ်မြစ်တုန်လှုပ်သွားသည်အထိ ခွန်အားများစွာကို အသုံးပြုခဲ့သည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ တကယ်လို့များ ပြိုင်ဘက်က တာအိုဘုန်းတော်ကြီးထက် အရင်ပြန်လည်သက်သာလာပြီး လူသတ်ပွဲကြီး စတင်ဆင်နွှဲခဲ့လျှင် ဘာလုပ်ရမည်နည်း။
ဘာပဲဖြစ်ဖြစ် လွီရှု၏ ရင်ထဲတွင် တောက်လောင်နေသော ယုံကြည်မှုတစ်ခု ရှိနေသည်။ ထိုအချိန်၌ ဒဏ်ရာအပြင်းအထန်ရထားသော B အဆင့် တိုက်ခိုက်ရေးသမားကို အနိုင်ယူရန် သူ့အတွက် မဖြစ်နိုင်စရာ မရှိဘူးဟု သူ ယုံကြည်နေသည်။
ပြီးတော့... ဒီတိုက်ပွဲမှာ ကူညီပေးဖို့ သူ ကမ်းလှမ်းခဲ့ပြီးမှတော့ သူ တိုက်ခိုက်ရမှာပဲလေ။
-အခန်း (၂၈၆) ပြီး
***