သွေးစွန်းနေသော မီးတောင်ဝကဲ့သို့ တွင်းနက်ကြီး၏ အစွန်းတွင် ရပ်နေရင်း ချန်ဇွမ်က သူ၏ ခံစားချက်များကို မဖော်ပြတတ်အောင် ဖြစ်နေသည်။ လွီရှောင်ယွီက D အဆင့် အလယ်အလတ် ခွန်အားအမျိုးအစား နိုးကြားသူတစ်ယောက်၏ ပေါက်ကွဲထွက်နိုင်သော စွမ်းအားကို ပြသခဲ့ရုံသာမကဘဲ အလွန်ပြတ်သားပြီး တည်ငြိမ်နေသည့် ဟန်ပန်ကိုပါ ပြသခဲ့သော်လည်း ၎င်းကို တည်ငြိမ်မှုဟု ခေါ်ဆိုခြင်းထက် သွေးအေးရက်စက်မှုဟု ခေါ်ဆိုခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။
မည်သူမည်ဝါမှန်း မသိဘဲ မြေအောက်ရှိ လူတစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်းက… တကယ်လို့များ ထိုလူက ကောင်းကင်ကွန်ရက်မှ ရဲဘော်ရဲဘက်တစ်ယောက် ဖြစ်နေခဲ့လျှင်ကော… အဲဒါက ကိုယ့်လူကိုယ် ပြန်သတ်တာမျိုး ဖြစ်မသွားဘူးလား။
ချန်ဇွမ်က လွီရှောင်ယွီကို ကြောက်ရွံ့နေသင့်သည်ဟု သူ ခံစားမိသော်လည်း သူမကို လုံးဝ မကြောက်ရွံ့နိုင်ခဲ့ပေ။ သူမက လူတစ်ယောက်ကို သတ်လိုက်ခါစ ဖြစ်သော်လည်း သူမအပေါ် ရွံရှာကြောက်ရွံ့သွားစေလောက်မည့် မည်သည့် အရှိန်အဝါမျိုးမျှ သူမထံတွင် ရှိမနေပေ။ ၎င်းက သူမလုပ်သင့်လုပ်ထိုက်သောအရာကို လုပ်လိုက်ရုံသက်သက်သာ ဖြစ်နေသကဲ့သို့ပင်။
“ရှောင်ယွီ… လူမှားပြီး သတ်မိမှာကို နင် မကြောက်ဘူးလား…”
ချန်ဇွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“မဖြစ်နိုင်ဘူး”
လွီရှောင်ယွီက ယုံကြည်ချက်ရှိရှိ ဖြေလိုက်သည်။ သို့သော် အဘယ်ကြောင့်လဲဆိုသည်ကိုမူ သူမ ဆက်မရှင်းပြပေ။
လွီရှောင်ယွီက ဝိညာဉ်များကို အာရုံခံနိုင်သည်ဆိုသည့် အချက်က လွီရှုအတွက် လျှို့ဝှက်ချက် မဟုတ်သော်လည်း အခြားမည်သူ့ကိုမျှ သူမ လုံးဝ ပြောပြမည် မဟုတ်ပေ။ လွီရှု၏ စကားများကို သူမ အမြဲတမ်း မှတ်သားထားသည်လေ။
သူမက သေဆုံးသွားသူများ၏ ဝိညာဉ်ကို ဖမ်းယူကာ သူမ၏ ကိုယ်ပိုင် ကောင်းကင်မြေပုံထဲသို့ ထည့်သွင်းပြီး ပြန်လည်ပုံဖော်နိုင်စွမ်း ရှိသော်လည်း ၎င်းက သူမအနေဖြင့် သေဆုံးသွားသူများ၏ ဝိညာဉ်များကိုသာ မြင်တွေ့နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ထိုလူက မြေအောက်မှ ဖြတ်သန်းသွားချိန်တွင် သူ၏ ဝိညာဉ်တုန်ခါမှုများကို လွီရှောင်ယွီ လျင်မြန်စွာ သတိပြုမိလိုက်သည်။ ထို့အပြင် သူ၏ ဝိညာဉ်သုံးပါးနှင့် ရုပ်နာမ်ခုနစ်ပါးက မပြည့်စုံဘဲ သူ၏ နာမ်တစ်ခုက ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် ပိတ်လှောင်ခံထားရသကဲ့သို့ ဖြစ်နေသည်။
လွီရှုတွင် လူတစ်ယောက်၏ ဝိညာဉ်ကို ဒဏ်ရာရစေနိုင်သည့် စွမ်းအားရှိကြောင်း လွီရှောင်ယွီ ရှင်းရှင်းလင်းလင်း သိထားသည်။ အဘယ်ကြောင့်ဆိုသော် သူက စိတ်ဒုက္ခရောက်မှုအမှတ်များ စုဆောင်းနိုင်ခြင်းနှင့် တွင့်ကယ် တွင့်ကယ် လစ်တယ် စတား သီချင်းဆိုခြင်းတို့မှလွဲ၍ လွီရှောင်ယွီကို ဖုံးကွယ်ထားသည့်အရာ သိပ်မရှိသောကြောင့် ဖြစ်သည်။
အစကတည်းက အရှေ့ဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲက လွီရှုနှင့် သက်ဆိုင်နေမည်ဟု လွီရှောင်ယွီ ခန့်မှန်းမိပြီး ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်များ မပြည့်စုံသော ဤလူက လွီရှု၏ ဒဏ်ရာပေးခြင်းကို ခံထားရသူ ဖြစ်ရမည်ဟု လွီရှောင်ယွီ ထင်မြင်လိုက်သည်။
လွီရှု သတ်ချင်သောသူ မည်သူမဆို လွီရှောင်ယွီ၏ သတ်ဖြတ်မည့် စာရင်းထဲတွင်လည်း ပါဝင်နေမည် ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက်၏ စွမ်းဆောင်ရည်များကို မသိသော်လည်း သူမ၏ တိုက်ခိုက်မှုတွင် သူမ ဘာကိုမှ ဖုံးကွယ်ချန်လှပ်ထားခဲ့ခြင်း မရှိပေ။ ရိုးရိုးသားသားပြောရလျှင် လက်သီးတစ်ချက်တည်းဖြင့် ထိုလူကို သတ်ပစ်နိုင်လိမ့်မည်ဟု သူမကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ချေ…
“ကြောင်ကြီး… သူ့ကို ဆွဲထုတ်လိုက်”
လွီရှောင်ယွီက တောင်ကြောင်ကို အမိန့်ပေးလိုက်သည်။ ကြောင်ကြီးက လိမ္မာစွာဖြင့် သွားရောက်ကာ လူဖြူ၏ ခါးပတ်ကို ကိုက်ပြီး မြေကြီးထဲမှ ဆွဲထုတ်လာသည်။
“လူဖြူ တစ်ယောက်လား…”
ချန်ဇွမ် မျက်မှောင်ကြုတ်သွားသည်။ အနည်းဆုံးတော့ သေဆုံးသူ၏ လူမျိုးရေးအရ ကြည့်လျှင် လွီရှောင်ယွီ လူမှားသတ်မိခြင်း မဟုတ်ပုံရသည်။
သို့သော် သူလည်း ဇဝေဇဝါ ဖြစ်နေသည်။ သူက ဘယ်ကနေ ထွက်လာတာလဲ။ ရှေးဟောင်းအကြွင်းအကျန်နယ်မြေရဲ့ အပြင်ဘက်ကနေ ဖောက်ထွင်းဝင်ရောက်လာတာလား။ ထိုစဉ် လွီရှောင်ယွီက သူ့ကို ပုတ်လိုက်သည်။
“သွား… သူ့ဆီမှာ တခြား ဘာရှိသေးလဲဆိုတာ သွားကြည့်စမ်း”
“ဘာလို့ ငါလဲ…”
ချန်ဇွမ်က မယုံနိုင်စွာ မေးလိုက်သည်။
“နင် သွားမှာလား…”
“သွားမယ်… သွားမယ်…”
ချန်ဇွမ် ဆောင့်ကြောင့်ထိုင်လိုက်သည်။ လူဖြူကျွမ်းကျင်သူက အပေါ်ပိုင်း ဗလာကျင်းနေပြီး အောက်ပိုင်းတွင်လည်း လေ့ကျင့်ရေး ကင်မိုဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထားသည်။ သူက ထိုလူ၏ အိတ်ကပ်များထဲသို့ နှိုက်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။
ထို့နောက် သူက မကြောက်မရွံ့ဖြင့် သေဆုံးသူ၏ ခြေထောက်များကို ဘောင်းဘီပေါ်မှ စမ်းသပ်ကြည့်လိုက်ရာ သူ့ကိုယ်ပေါ်တွင် တကယ်ပင် ဘာမှမရှိကြောင်း သိလိုက်ရသည်။ ချန်ဇွမ် တစ်ခဏမျှ ကြက်သေ သေသွားသည်။
“သူ့ဆီမှာ ဘာမှမရှိဘူး”
လွီရှောင်ယွီ မျက်မှောင်ကြုတ်သွားသည်။ နယ်မြေထဲတွင် တိုက်ခိုက်ရန် ပစ္စည်းအသေးအမွှားများ များများစားစား မယူလာခဲ့လျှင်တောင် ဘယ်လိုလုပ်ပြီး ဒီလောက် ပြောင်ရှင်းနေရတာလဲ။ သူမက လှည့်ကာ ချန်ဇွမ်ကို ပြောလိုက်သည်။
“ခဏစောင့်ဦး… ငါ စဉ်းစားလိုက်ဦးမယ်”
ထို့နောက် လွီရှောင်ယွီက အမှန်တကယ်ပင် မျက်လုံးများကို မှိတ်လိုက်ပြီး အလေးအနက် တွေးတောနေသကဲ့သို့ ဖြစ်နေသည်ကို ချန်ဇွမ် မြင်လိုက်ရသည်။
တကယ်တော့ ဝိညာဉ်တစ်ခုကို ဖမ်းယူပြီးနောက် လွီရှောင်ယွီတွင် နောက်ထပ် စွမ်းရည်တစ်ခု ရှိနေသေးသည်။ D အဆင့် ခွန်အားအမျိုးအစား ဝိညာဉ်က ပိုက်ဆံများ ဝှက်ထားသည်ကို သူမ ရှာတွေ့ခဲ့သကဲ့သို့ပင်… ၎င်းမှာ မှတ်ဉာဏ်အပိုင်းအစများကို ရှာဖွေနိုင်ခြင်း ဖြစ်သည်။
ဤစွမ်းရည်က အပြည့်အဝတော့ မပြည့်စုံသေးပေ။ ထိုစဉ်က ထိုလူ ပိုက်ဆံဘယ်မှာ ဝှက်ထားသလဲဆိုတာကို လွီရှောင်ယွီ ရှာမတွေ့နိုင်ခဲ့ပေ။ သို့သော် မှတ်ဉာဏ်အပိုင်းအစတစ်ခုကို သိရခြင်းကလည်း အလွန်အသုံးဝင်လှသည်။
အရင်တစ်ခေါက်က D အဆင့် ဝိညာဉ်ကို ပြန်လည်ပုံဖော်ရန် လွီရှောင်ယွီ တစ်နေကုန် အချိန်ယူခဲ့ရသည်။ ဤတစ်ကြိမ်တွင်မူ ဤဝိညာဉ်ကို အမည်းရောင်ဝိညာဉ်အဖြစ် ပြန်လည်ပုံဖော်ရန် တစ်လတိတိ အချိန်ယူရလိမ့်မည်ဟု လွီရှောင်ယွီ ခန့်မှန်းမိသည်။ ၎င်းက B အဆင့် ကျွမ်းကျင်သူနှင့် D အဆင့်ကြားမှ ကွာခြားချက်ပင် ဖြစ်သည်။
သို့သော် ၎င်းက ထိုလူ၏ မှတ်ဉာဏ်အပိုင်းအစများကို ရယူရန် လွီရှောင်ယွီ၏ ကြိုးစားအားထုတ်မှုကို မဟန့်တားနိုင်ခဲ့ပေ။ မိနစ်အနည်းငယ်ကြာပြီးနောက် လွီရှောင်ယွီက မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ ချန်ဇွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“နင် စဉ်းစားလို့ အဖြေထွက်ပြီလား…”
“မထွက်ဘူး”
လွီရှောင်ယွီက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။ ထို့နောက် သူမက ရုတ်တရက် ခေါင်းလှည့်ကာ မေးလိုက်သည်။
“ဝဖောင်းလေး… နင်…”
“ငါ့ကို ဝဖောင်းလေးလို့ မခေါ်နဲ့…”
ချန်ဇွမ် ဒေါသပေါက်ကွဲသွားသည်။
“ငါ့ပါးပေါ်က အဆီလေး နည်းနည်းဖောင်းနေရုံပါဟ…”
“ဪ… ဝဖောင်းလေး…”
လွီရှောင်ယွီက တည်ငြိမ်စွာပင် ဆက်ခေါ်လိုက်သည်။
“စွမ်းဆောင်ရည်ကောင်းလို့ ဆုချခံချင်လား…”
ချန်ဇွမ် ကြက်သေ သေသွားသည်။ သူမ ဘာကို ဆိုလိုတာလဲ။ သူ၏ မျက်လုံးများက လူဖြူ၏ အလောင်းဆီသို့ ရောက်သွားသည်…
ကိစ္စကို သူ နားမလည်နိုင်ခင်မှာပင် လွီရှောင်ယွီက သူ၏ မျက်လုံးများကို စိုက်ကြည့်နေပြီ ဖြစ်သည်။
“ဒီလူဖြူက အခု နင့်အပိုင်ပဲ။ သူက နိုင်ငံခြားသူလျှိုတစ်ယောက် ဖြစ်ရမယ် မဟုတ်လား… နင့်ဖုန်းက အားရှိနေသေးတယ်မလား… သူနဲ့အတူ ဓာတ်ပုံတွဲရိုက်ပြီး အပေါ်ကို ပို့လိုက်။ ဆုလာဘ်က ဘယ်လောက်ကြီးမလဲဆိုတာကတော့ သူ့ရဲ့ အဆင့်ကို ကောင်းကင်ကွန်ရက်က သိမသိအပေါ်မှာ မူတည်လိမ့်မယ်။ အဆင့်က နိမ့်မယ်တော့ ငါ မထင်ဘူး”
မမျှော်လင့်ဘဲ ရုတ်တရက် ကျရောက်လာသော ဤကံကောင်းမှုကြောင့် ချန်ဇွမ် ကြက်သေ သေသွားသည်။ ဒီလူဖြူက ကျွမ်းကျင်သူတစ်ယောက်ဖြစ်မှန်း အရူးတောင် သိနိုင်သည်လေ။ သူ့ကိုသာ သတ်နိုင်ခဲ့လျှင် ဘယ်လောက်တောင် ကြီးမားတဲ့ ဆုလာဘ်ကြီး ဖြစ်လိုက်မလဲ။
“ရှောင်ယွီ… နင် တကယ့်ကို ချစ်စရာကောင်းတာပဲ…”
ချန်ဇွမ်က အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“နင်နဲ့ လွီရှု မြို့တော်ကို လာတဲ့အခါကျရင် အကောင်းဆုံး အစားအစာတွေစားဖို့၊ အကောင်းဆုံး ဂိမ်းတွေဆော့ဖို့နဲ့ အကောင်းဆုံး ဟိုတယ်မှာတည်းဖို့ နင်တို့နှစ်ယောက်ကို ငါ လိုက်ပို့ပေးမယ်။ အကုန်လုံးကို ငါ တာဝန်ယူတယ်… ဟားဟားဟား…”
လွီရှောင်ယွီက ချန်ဇွမ်ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ သူမ၏ စိုက်ကြည့်မှုကြောင့် ချန်ဇွမ် အနေရခက်သွားသည်။
“ဘာ… ဘာဖြစ်လို့လဲ…”
ရှောင်ယွီက အမူအရာကင်းမဲ့စွာဖြင့် တစ်ခွန်းတည်း ပြောလိုက်သည်။
“လက်ပတ်နာရီ”
ဖူးခနဲ… ချန်ဇွမ် သွေးအန်မတတ် ဖြစ်သွားသည်။ ယခင်က ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲသို့ မဝင်မီ ချန်ဇွမ်က သူ၏ နာရီကို လွီရှုအား မကြာခဏ ကြွားလုံးထုတ်လေ့ရှိသည်။ သို့သော် နယ်မြေထဲတွင် ၎င်းက အသုံးမဝင်သောကြောင့် သိမ်းထားနိုင်မည်ဟု သူ ထင်ထားခဲ့သည်။ ဒုက္ခပါပဲ… လွီရှောင်ယွီက အဲဒီနာရီကို မျက်စိကျသွားခဲ့ပြီလေ။
‘နင်တို့နှစ်ယောက်က တကယ့်ကို မောင်နှမအရင်းတွေပဲ။ နင်တို့ရဲ့ စရိုက်တွေကအစ တစ်ပုံစံတည်း ကွက်တိပဲ’
သို့သော် ချန်ဇွမ်က အနည်းငယ် သံသယဝင်သွားသည်။
“ဒီစစ်မှုထမ်းဆုလာဘ်က သေချာပေါက် ဒေါ်လာ ရှစ်သောင်းထက် ပိုတန်ဖိုးရှိမှာပဲ။ ပြီးတော့ ဒီနာရီကို တစ်ပတ်ရစ်ဆိုင်မှာ ရောင်းရင်တောင် ဈေးပိုနှိမ်ခံရလောက်တယ်။ နင့်ကို အကြွေးစာချုပ်လေး ရေးပေးထားခဲ့ရင်ရော ဘယ်လိုလဲ…”
“အကြွေး လုံးဝ မရဘူး။ အကြွေးအားလုံး နေရာမှာတင် ရှင်းရမယ်။ ရှေးဟောင်းအကြွင်းအကျန်နယ်မြေက ထွက်သွားပြီးရင် နင် ကတိတည်မတည် ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ…”
ချန်ဇွမ်က အကျိုးအကြောင်းမသင့် လုပ်ဆောင်ခြင်း မပြုပေ။ သူက နာရီကို သွက်လက်စွာ ချွတ်လိုက်ပြီး လွီရှောင်ယွီအား ကမ်းပေးလိုက်သည်။
“ငါ့ကတိကတော့ အတူတူပဲ။ မြို့တော်ကို လာရင် ငါ့ဆီ လာလည်ကြဦး”
လွီရှောင်ယွီက သူ့ကို လျစ်လျူရှုလိုက်သည်။ မြို့တော်ကို သွားမသွားဆိုသည်မှာ လွီရှုအပေါ်တွင်သာ မူတည်သည်လေ။
သူမက လက်ပတ်နာရီကို သူမ၏ လက်ကောက်ဝတ်တွင် ချက်ချင်း ပတ်ချင်ခဲ့သော်လည်း နာရီကြိုးက ရှည်လွန်းနေသဖြင့် သူမ၏ ခြေသလုံးတွင် အစားထိုး၍ ပတ်ထားလိုက်သည်။
ထိုသို့လုပ်ပြီးနောက် လွီရှောင်ယွီက လူဖြူ၏ အလောင်းဆီသို့ တစ်ယောက်တည်း သွားကာ သူ၏ လက်သူကြွယ်မှ လက်စွပ်ကို ချွတ်ယူလိုက်သည်။ ချန်ဇွမ်က သူမကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ‘နင်က နင့်အစ်ကိုလိုပဲ လောဘကြီးတာပဲ…’
လွီရှောင်ယွီက လက်စွပ်ကို သူမ၏ လက်မတွင် စွပ်လိုက်ပြီး ဂရုမစိုက်သည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။
“ကောင်းပြီ… အခု သူနဲ့အတူ ဓာတ်ပုံရိုက်လို့ ရပြီ။ သူ့ရဲ့ ကျယ်နေတဲ့ သူငယ်အိမ်တွေ၊ ကိုယ်ပေါ်က ဒဏ်ရာတွေလိုမျိုး သူ သေဆုံးနေတဲ့ ထူးခြားတဲ့ လက္ခဏာတွေကိုပါ သေချာရိုက်ဖို့ ငါ အကြံပေးချင်တယ်…”
တစ်ခုခု မှားယွင်းနေသည်ဟု ချန်ဇွမ် ရုတ်တရက် ခံစားလိုက်ရသည်။ ‘ဒီသတိပေးချက်က… ဘာလို့ ပစ္စည်းရောင်းနေတဲ့ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့ တူနေရတာလဲ…’
လွီရှုကသာ ဒီလိုအရာမျိုးတွေ လုပ်ခဲ့လျှင် သူ နားလည်ပေးနိုင်သေးသည်။ အမှန်အတိုင်းပြောရလျှင် လွီရှု၏ အချက်အလက်များကို ရရှိပြီးနောက် လွီရှုကို နတ်ဆိုးတစ်ကောင်ဟု သူ ထင်ထားခဲ့ပြီး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက ပေမန် ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲတွင် ကြီးမားသော တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည့် အဆင့်နိမ့် ကျောင်းသားတစ်ယောက် မဟုတ်ပါလား။
သို့သော် ယခုမှသာ ချန်ဇွမ် သဘောပေါက်သွားသည်… အသက်အရွယ်နှင့် စွမ်းဆောင်ရည်များကိုသာ ယှဉ်ကြည့်မည်ဆိုလျှင် လွီရှောင်ယွီက လွီရှုထက်ပင် ပို၍ နတ်ဆိုးဆန်နေသည် မဟုတ်ပါလား။
-အခန်း (၂၈၉) ပြီး
***