“ရှောင်ယွီ… ငါတို့ အခု… လွီရှုကို ဆက်ရှာဦးမှာလား။ အချိန်ကလည်း သန်းခေါင်ကျော်နေပြီဆိုတော့လေ…”
ချန်ဇွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ ယခုအခါ သူ ကြာမြင့်စွာ အိပ်မက်မက်ခဲ့ရသော စစ်မှုထမ်းဆုလာဘ်က သူ့အပိုင် ဖြစ်သွားပြီဖြစ်ရာ သူဆန္ဒရှိသမျှကတော့ ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲတွင် ဘာအန္တရာယ်မှ မရှိဘဲ အချိန်ကုန်ဆုံးသွားရန် စောင့်ဆိုင်းဖို့သာ ဖြစ်သည်။ ထို့အပြင် ရှေးဟောင်းအမွေအနှစ်ကို ရှာဖွေရမည့် တာဝန်ကလည်း သူနှင့် သိပ်မဆိုင်လှပေ။
ချန်ဇွမ်က မြို့တော်မှ လာသူဖြစ်သည်။ ထိုနေရာမှ လူငယ်များက အလွန်အမင်း ပြိုင်ဆိုင်မှု ပြင်းထန်ကြပြီး မိန်းကလေးများကပင် စစ်ဘက်ဆိုင်ရာ ရာထူးများနှင့် စွမ်းဆောင်ရည်များကို စတင်ကြည့်ရှုလာကြသည့် အတိုင်းအတာအထိပင် ဖြစ်သည်။ ထို့ကြောင့် ချန်ဇွမ်က ဒီကိုလာရန် အခွင့်အရေးရရှိဖို့ သူ့မိသားစုထံ အတင်းအကျပ် ချဉ်းကပ်ခဲ့ရခြင်း ဖြစ်သည်။ အိမ်မှ အဘိုးအိုက ထိုအချိန်တွင် သူ့ကို ချီးကျူးခဲ့သေးသည်။ ဝမ်းနည်းစရာမှာ သူ့ကို အဖော်ပြုရန် ကျွမ်းကျင်သူတစ်ယောက် ခေါ်ယူမည့် သူ၏ လျှောက်ထားမှုကို ဖခင်ဖြစ်သူက ငြင်းပယ်ခဲ့ခြင်းပင်…
အမှန်အတိုင်းပြောရလျှင် ချန်ဇွမ်၏ မိသားစုက ကျင့်ကြံသူများကို အလွန်အမင်း အထင်ကြီးလေးစားကြသည်။ ဧည့်ဝတ်ကျေပွန်မှုအပိုင်းတွင် အရာအားလုံးက အမြင့်ဆုံးစံနှုန်းတွင် ရှိသည်။ ဘာပဲဖြစ်ဖြစ် နိုင်းတင်းကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူများ ရှိနေသောကြောင့် အသိတရားရှိသူတိုင်းက လူတစ်ယောက်၏ စွမ်းဆောင်ရည်များ ထူးကဲလာသည်နှင့်အမျှ မွေးရာပါ အာဏာရှိ လူတန်းစားများက သူတို့ကို တည့်တည့်စိုက်ကြည့်ရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း နားလည်ထားကြသည်။
ချန်ဇွမ်၏ ဖခင် အဆိုအရဆိုလျှင် အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက်ကို သက်တော်စောင့်သက်သက်အဖြစ်သာ အသုံးပြုခဲ့မည်ဆိုပါက ထိုသူတို့က နိုင်းတင်း၏ ကင်းကွာလွတ်မြောက်လုနီးပါး အဆင့်သို့ မရောက်သေးသောကြောင့် ယခုအချိန်တွင် ဘာမှပြောမည်မဟုတ်သော်လည်း အနာဂတ်တွင်ကော ဘယ်လိုနေမလဲ။
တကယ်တော့ သူ၏ စကားများက အမှန်တကယ်ပင် မှန်ကန်ကြောင်း ချန်ဇွမ်လည်း နားလည်ထားသည်။ ဘာပဲဖြစ်ဖြစ် မိသားစုထဲသို့ အငှားခေါ်ခံရသော မည်သည့်ကျွမ်းကျင်သူကမျှ သူတို့အပေါ် သံယောဇဉ် သိပ်ရှိမည် မဟုတ်ပေ။
ယခုအခါ မိသားစုအသီးသီးက သူတို့၏ ကိုယ်ပိုင်ကလေးများကို ထူးချွန်သော ကျင့်ကြံသူများအဖြစ် စိတ်အားထက်သန်စွာ ပျိုးထောင်နေကြသည်။ ဘာအတွက်လဲ။ အောင်မြင်သော လူတစ်ယောက် ထွက်ပေါ်လာစေရန် သူတို့ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို အသုံးပြုဖို့ပင် ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်မိသားစုဝင်များ စွမ်းအားကြီးမားမှသာ အမှန်တကယ် တည်ငြိမ်ခိုင်မာသည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
ယခုအခါ ချန်ဇွမ်က ဆုလာဘ်ကို ရရှိထားပြီဖြစ်ရာ သူ အိမ်ပြန်ရောက်သောအခါ ဒုဗိုလ်ရာထူးက သေချာပေါက် သူ့ကို ချီးမြှင့်ခံရမည် ဖြစ်သည်။ ထို့အပြင် D အဆင့်ကို ကျော်လွန်သွားနိုင်မည့် စွမ်းအားကိုလည်း သူ သေချာပေါက် ရရှိလာမည် ဖြစ်သည်။ ဤမျှနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် ချန်ဇွမ်က ဘယ်တုန်းကမှ သိပ်မြင့်မြင့် မမှန်းရဲခဲ့ပေ။ လွီရှောင်ယွီက သူ့ကို ရောင်းချလိုက်သော စစ်မှုထမ်းဆုလာဘ်၏ အဆင့်ကိုသာ သူ သိသွားခဲ့ပါက လက်ရှိ သူ့ကိုယ်သူ ပြန်ရယ်မောမိမည်မှာ သေချာလှသည်…
လက်ရှိ သူ၏ V အဆင့် စွမ်းဆောင်ရည်လေးနှင့်ဆိုလျှင် B အဆင့်ကို သူ ဘယ်တော့မှ အိပ်မက်မက်ရဲမည် မဟုတ်ပေ။ ထို့အပြင် B အဆင့် တစ်ယောက်က လွီရှောင်ယွီ၏ လက်သီးတစ်ချက်တည်းနှင့် ဘယ်လိုလုပ် အသတ်ခံလိုက်ရနိုင်မည်နည်း။ တကယ့်ဟာသပဲ။
ထိုမျှမကသေးဘဲ လွီရှောင်ယွီနှင့် သူမ၏ အစ်ကို လွီရှုတို့ နှစ်ယောက်စလုံးက အနည်းငယ် သဘောထားသေးသိမ်သည်ဟု သူ စတင်ခံစားလာရသည်။ အကြွေးစာချုပ် ရေးပေးလိုက်လျှင် ချန်မိသားစုက ပိုက်ဆံမရှင်းပေးမှာကို သူတို့က စိုးရိမ်နေကြတာလား။ ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။
လွီရှောင်ယွီက လွီရှု၏ စကားများကို တိတိကျကျ လိုက်နာနေခြင်း ဖြစ်သည်။ သို့သော် ၎င်းက လွီရှု၏ စရိုက်လက္ခဏာ ကန့်သတ်ချက်တစ်ခုလည်း ဖြစ်သည်။ သူက လက်ရှိ သူ၏ လက်ထဲတွင် ပိုင်ဆိုင်ထားသောအရာကိုသာ ယုံကြည်သည်။ အကြွေးစာချုပ် ရေးပေးရန်က သေချာပေါက် ဖြစ်နိုင်ပြီး ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲမှ ထွက်လာပြီးနောက် တောင်းခံရုံသာ ဖြစ်သည်။
သို့သော် သာမန်အရပ်သား မောင်နှမနှစ်ယောက်အတွက် လူချမ်းသာများထံမှ အကြွေးတောင်းရန်က တကယ်ရော ဖြစ်နိုင်ပါ့မလား။
လွီရှုက 'ယုံကြည်စိတ်ချရမှု' ဆိုသည့် စကားလုံးကို ဘယ်တော့မှ မယုံကြည်ခဲ့ပေ။ ယုံကြည်ဖို့က မဖြစ်နိုင်ဘူးလေ။
သူက သူ့ကိုယ်သူနှင့် လွီရှောင်ယွီကိုသာ ယုံကြည်သည်။
တကယ်တော့ ၎င်းကို သူ၏ စရိုက်ချို့ယွင်းချက်တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း လွီရှု အလွန်ရှင်းလင်းစွာ သိထားသည်။ ထို့ကြောင့် ၎င်းက သူ၏ ကန့်သတ်ချက်တစ်ခုဖြစ်ကြောင်း သူ အမြဲတမ်း ပြောလေ့ရှိသော်လည်း သူကတော့ သိပ်ဂရုမစိုက်ပေ။
အမှားတစ်ခုက အမြဲတမ်း ပြင်ဆင်ဖို့ လိုအပ်ချင်မှ လိုအပ်မည်လေ။
လွီရှောင်ယွီက ဝက်ဆိုးလေး၏ ခေါင်းကြီးပေါ်တွင် နောက်တစ်ကြိမ် ပြန်ထိုင်လိုက်သည်။
“နင် ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့ချင်ရင်တော့ သဘောပဲ”
ချန်ဇွမ်က လှည့်ကာ နက်ရှိုင်းမှောင်မိုက်နေသော တောအုပ်ကြီးကို ကြည့်လိုက်ပြီး ချက်ချင်း ရယ်မောလိုက်သည်။
“ငါက နင်နဲ့အတူ လွီရှုကို လိုက်ရှာမှာပေါ့။ ငါက အဲဒီလောက် အတ္တကြီးတဲ့လူ ဖြစ်နေလို့လား”
“ဟီးဟီး…”
လွီရှောင်ယွီက တခစ်ခစ် ရယ်မောလိုက်ပြီး ခေါင်းမော့လိုက်သည်။
“ဝက်ဆိုးလေး… သွားရအောင်”
ယခုအခါ ထွက်ပြေးသွားသော B အဆင့် ကျွမ်းကျင်သူက သူမ၏ လက်သီးချက်ကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း လွီရှုကို သူမ အလွန်ပြောပြချင်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ ဝိညာဉ်ကိုလည်း ရရှိထားပြီး ဖြစ်သည်။ သူမက နောက်ထပ် B အဆင့် ဝိညာဉ်တစ်ခုကို ဖမ်းမိထားကြောင်း လွီရှု သိသွားပါက သူမကို သေချာပေါက် ချီးကျူးလိမ့်မည်လေ။
“ခဏလေး… ခဏစောင့်ပါဦး”
ချန်ဇွမ်က ဝက်ဆိုးလေး၏ လမ်းကြောင်းထဲသို့ ဝင်တားလိုက်သည်။
“ရှောင်ယွီ… စောစောက တိုက်ခိုက်နေတာ လွီရှု ဟုတ်မဟုတ် နင် သေချာမသိဘူးလေ။ ပြီးတော့ အသံကို နားထောင်ရတာ ဒီကနေ သိပ်ဝေးမယ့်ပုံ မပေါ်ဘူး။ မိုးလင်းဖို့ တစ်နာရီပဲ လိုတော့တာဆိုတော့ ငါတို့ တစ်နာရီလောက် စောင့်ပြီးမှ သွားရင် အဆင်ပြေဦးမှာပါ”
လွီရှောင်ယွီ မျက်မှောင်ကြုတ်သွားသည်။ နေရာတကာ အပေါက်ကျယ်လွန်းသော ဤဝက်ပုတ်လေးကို အချိန်တိုင်း ရိုက်နှက်ချင်စိတ်များ သူမထံတွင် ပေါက်ဖွားနေသည်။
အရှေ့ဘက်မှ တိုက်ခိုက်နေသူများထဲမှ တစ်ယောက်က လွီရှုဖြစ်ကြောင်း သေချာပေါက် သူမ သိထားသည်။ သူမက B အဆင့် ကျွမ်းကျင်သူ၏ မှတ်ဉာဏ်အပိုင်းအစများကို ရှာဖွေခဲ့ပြီး ဖြစ်သည်။
ထိုမှတ်ဉာဏ်အပိုင်းအစများအရ လွီရှု ဘေးကင်းကြောင်း သူမ သေချာပေါက် သိနိုင်သည်။
လွီရှောင်ယွီ အလေးအနက် တွေးတောသွားသည်။ ‘ငါတို့ အခု သွားရှာသင့်သလား…’ ရိုးရိုးသားသားပြောရလျှင် ချန်ဇွမ်ကို ခေါ်သွားရန်က သိပ်အဆင်မပြေလှပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ စိတ်ထဲတွင် ဒီသစ်ပင်များက သူမကို မတိုက်ခိုက်ကြောင်း ချန်ဇွမ်ကို မသိစေချင်သောကြောင့် ဖြစ်သည်။ ဒါက လွီရှုနှင့် သူမကြားရှိ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
ထို့အပြင် သူမက ဒုတိယမြောက် နက်ဗျူလာကို အဆင့်မချိုးဖျက်ရသေးပေ။ သူမသာ အခြားဝိညာဉ်တစ်ခုကို ဖမ်းယူချင်ပါက ယခင် အမည်းရောင်ဝိညာဉ်က အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်သည်။ ယခုအခါ သူမက အားအနည်းဆုံး အခြေအနေတွင် ရှိနေသည်ဟု မှတ်ယူနိုင်သည်။ သူမ ချည်နှောင်ထားသော တောရိုင်းတိရစ္ဆာန်များကလည်း မိစ္ဆာသစ်ပင်များကို အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည် မဟုတ်ပေ။
စောစောက လွီရှုကို အရေးတကြီး လိုက်ရှာချင်ခဲ့ခြင်းမှာ သူ၏ ဘေးကင်းရေးအတွက် စိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။ ယခု သူ ဘေးကင်းကြောင်း သိသွားပြီဖြစ်ရာ သူမက အခြားအရာများကို သဘာဝကျကျ စတင်စဉ်းစားလာခဲ့သည်။
သူမ ထိန်းသိမ်းထားသော လျှို့ဝှက်ချက်များကို ဖွင့်ချ၍မရကြောင်း လွီရှု ပြောခဲ့ဖူးသည်လေ။
“ကောင်းပြီလေ… ဒါဆိုလည်း တစ်နာရီလောက် စောင့်ကြတာပေါ့”
လွီရှောင်ယွီက ဝက်ဆိုးလေး၏ ခေါင်းပေါ်မှ ဆင်းလာသည်။ ချန်ဇွမ်နှင့် တောရိုင်းတိရစ္ဆာန်များအားလုံး သက်ပြင်းချလိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် လွီရှုနှင့် ချန်ပိုင်လီတို့၏ နေရာကို သူမ သိနေသည်လေ။
…
ထိုအချိန်တွင် လွီရှုက မြေကြီးကို ခြစ်ကော်နေခဲ့သည်…
သူ၏ သားကောင်က မြေကြီးထဲသို့ ငုပ်လျှိုးကာ ထွက်ပြေးသွားသောအခါ လွီရှုက အလောင်းကောင်ခွေးနှင့် ဖုံးကွယ်မြှားတို့ကို ပြန်လည်ရုပ်သိမ်းလိုက်ရာ အဖြူရောင်သဲများက ၎င်းတို့ပေါ်တွင် ကပ်နေဆဲဖြစ်ကြောင်း အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရသည်။
ဒီအဖြူရောင် သဲအထူးများကို လူဖြူက ခန္ဓာကိုယ်သံချပ်ကာအဖြစ် အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် သတ်ဖြတ်ရေးလက်နက်အဖြစ်ပင် အသုံးပြုခဲ့ကြောင်း လွီရှု ကောင်းစွာ သိသည်။ သဲများက သေချာပေါက် ထူးခြားနေသည်။
ထို့အပြင် သဲများပေါ်တွင် အမှန်တကယ်ပင် အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ရှိနေသည်။ ဤမျှသေးငယ်သော သဲလက်တစ်ဆုပ်စာက ပေမန် ရှေးဟောင်းအကြွင်းအကျန်နယ်မြေတွင် တွေ့ခဲ့ရသော အမည်းရောင်နဂါး လှံအရှည်နှင့် အမှန်တကယ်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် အကင်းပါးသော လွီရှုက ဤသဲများအားလုံးကို သူ၏ မြေပြင်တံဆိပ်တော်ထဲသို့ သေချာစွာ သိမ်းဆည်းလိုက်သည်။ ထိုမျှမကသေးဘဲ ပြိုင်ဘက်က သူ့ကို တိုက်ခိုက်ရန် အသုံးပြုခဲ့သော နောက်ထပ် သဲလက်တစ်ဆုပ်စာကိုပင် သူ ပြန်သွားကောက်ခဲ့သေးသည်… သဲပွင့်လေးများကို လိုက်ရှာရလွန်းသဖြင့် သူ မျက်စိပင် ကန်းမတတ် ဖြစ်သွားသော်လည်း ရှိနေသမျှ၏ ထက်ဝက်ခန့်ကိုသာ သူ ရှာတွေ့ခဲ့သည်။
သို့တိုင်အောင် သဲတစ်ပွင့်လေးကိုတောင် ရှာတွေ့ခြင်းက အမြတ်ရခြင်းပင် ဖြစ်သည်။ လွီရှု အလွန်ပျော်ရွှင်နေဆဲပင်။ တံဆိပ်တော်ထဲရှိ အဖြူရောင်သဲများကို ကြည့်လိုက်သောအခါ ကြီးမားသော အောင်မြင်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။၎င်းတို့အားလုံးက သူနှင့် လွီရှောင်ယွီ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။
ဒီအရာတွေက ဘာအသုံးဝင်လဲဆိုတာကို သူ မသိပေမဲ့ သိမ်းထားတာက ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ဆဲပင်။ အနာဂတ်မှာ ဒါတွေကို ရောင်းလို့ရမယ်ဆိုတာ ဘယ်သူသိမှာလဲ။
ဒီအဖြူရောင်သဲများက B အဆင့် ကျွမ်းကျင်သူ အသက်စွန့်ခဲ့ရသော မြေဒြပ်စင်လက်နက်များနှင့် တန်ဖိုးတူညီကြောင်းကိုမူ လွီရှု မသိခဲ့ပေ။
သဲများအားလုံးကို စုဆောင်းပြီးနောက် လွီရှုက နောက်တစ်ကြိမ် စတင်စိုးရိမ်လာပြန်သည်။ သူက လေထဲသို့ ခုန်တက်ကာ လှံမိုးများ ရွာချလိုက်သောအခါ မြေကြီးကို တစ်ကြိမ် ထွန်ယက်လိုက်သကဲ့သို့ ဖြစ်သွားပြီး လူဖြူသခင်အပေါ် ပြင်းထန်သော ထိုးနှက်မှုများ ကျရောက်သွားစေခဲ့သည်။
ထိုမြင်ကွင်းကို ပြန်စဉ်းစားကြည့်လျှင် စောစောက လွီရှု တကယ် မိုက်နေခဲ့မှာ သေချာသည်။
ဒါပေမဲ့ အမိုက်ခံပြီးတဲ့နောက်မှာကော ဘယ်လိုလုပ်မလဲ။ လှံတွေ အကုန်လုံးက မြေကြီးထဲကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်ဝင်သွားခဲ့ပြီလေ။
‘သောက်ကျိုးနည်း… လှံတွေကိုသာ ပြန်မထုတ်နိုင်ရင် လွီရှုတစ်ယောက် ရင်ကျိုးပြီး သေရချည်ရဲ့’
အနာဂတ်တွင် သူက ဒီလောက် အသုံးအဖြုန်းကြီး၍ မဖြစ်တော့ပေ။ လှံတွေကို ပစ်ပေါက်တဲ့အခါ ပိုပြီး သတိထားသင့်တယ်လေ။
ကြီးမားသော အားထုတ်မှုဖြင့် နာရီဝက်ကြာအောင် မြေပြင်တံဆိပ်တော်ထဲမှ လက်ကိုင်ပါသော ဓားရှည်ဖြင့် တူးဖော်ပြီးနောက် နောက်ဆုံးတွင် သူက လှံများကို မြေကြီးထဲမှ တူးထုတ်နိုင်ခဲ့သည်။ ထိုအချိန်မှသာ ဤသို့ ကပ်စေးနှဲလွန်းသူက အခြားအရာတစ်ခုကို စဉ်းစားမိသွားသည်… ‘ငါ ထားခဲ့လို့ ကွက်လပ်မှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ တာအိုဘုန်းတော်ကြီး ချန်ပိုင်လီ… သူများ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရမလား…’
-အခန်း (၂၉၀) ပြီး
***