ခွန်လွင်တောင်အဆင်းလမ်းက အတော်လေး ရှည်လျားသည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် ချောက်ကမ်းပါး အတော်များများမှာ ဝန်ချီစက်များ၊ သံမဏိချိန်းကြိုးများဖြင့် ထိန်းချုပ်သည့် သွယ်တန်းထားသော ခြင်းတောင်းများကို တည်ဆောက်ထားခြင်းဖြစ်သည်။
ကျန်းယွဲ့လုရော ချီရွှမ်းစုရောက ကောင်းကင်ဘုံသက်ရှိများ မဟုတ်သည့်အတွက် မပျံသန်းနိုင်ကြပေ။ ကျန်းယွဲ့လု၏ အစီအစဉ်အရ သူတို့သည် ယွီရှုတောင်ကနေဆင်း၍ ခွန်လွန်တောင်ကြားလမ်းဆီသို့ ထုံထျန်မြစ်အတိုင်း သွားမည်ဖြစ်သည်။ ထို့နောက် သူတို့သည် အရှေ့ဘက်သို့ ဦးတည်၍ ရှုကျိုးကို ဖြတ်ကျော်ကာ ဟူကျိုးသို့ ဝင်ရောက်ပေမည်။ နောက်ဆုံးမှာတော့ သူတို့သည် ဟူကျိုးကနေတစ်ဆင့် ဝူကျိုးသို့ သွားရောက်မည်ဖြစ်သည်။
မြေပုံက အကွာအဝေးကို ခန့်မှန်းရုံမျှဖြင့် ခရီးက မိုင်နှစ်ထောင်နီးပါးရှိသည်။ အမှန်တကယ် အကွာအဝေးက မိုင် ၂၅၀၀ နှင့်အထက်မှာ ရှိပေလိမ့်မည်။
သမ္ဘာရင့် ခရီးသွားတစ်ဦးအနေဖြင့်ပင် ရှည်လျားသော ခရီးစဉ်ကိုကြည့်ပြီး ချီရွှမ်းစုက ခေါင်းကိုက်သလို ခံစားလာရသည်။ ကျန်းယွဲ့လုကို အိမ်သို့ လိုက်ပို့ခြင်းဖြင့် သူက အမှန်တကယ်ပင် ထိခိုက်နစ်နာရသည်ဟု ခံယူထားသည်။ သို့သော်လည်း သဘောတူထားပြီဆိုမှတော့ သူ့စကားကို သူ ပြန်မရုပ်သိမ်းနိုင်ပေ။
သို့သော်လည်း ကျန်းယွဲ့လုက ဤခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ထားသည်။ ယွီရှုတောင်ကနေ ဆင်းလာပြီးနောက် သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ ကျားမာ(နတ်မြင်း)အဆောင်တစ်စုံကို ထုတ်ယူကာ ချီရွှမ်းစုကို ကမ်းပေးလိုက်သည်။
ကျားမာအဆောင်သည် တိမ်တိုက်များပေါ်မှာ လမ်းလျှောက်ရသလို ပေါ့ပါးစေမည့် အဆောင်အမျိုးအစားဖြစ်သည်။ မြေကမ္ဘာစွမ်းအင်ကျမ်းမှ တိမ်တိုက်ဖိနပ်နည်းလမ်းနှင့်အတူ ကျားမာအဆောင်တစ်ခုစီမှာ 'အဖြူရောင်တိမ်တိုက်များ ပျံတက်ခြင်း' ဟု ရေးထိုး၍ ထိုအဆောင်ကို ခြေထောက်တစ်ဖက်စီမှာ ချိတ်ဆွဲပြီးနောက် တိမ်လွှာစီးနင်းမန္တန်ကို ရွတ်ဆိုရသည်။
ထိုတိမ်စိုင်ဖိနပ် ကျားမာနှင့်ဆိုပါက တစ်ရက်မှာ ခြေလျင် မိုင် ၂၅၀ ခန့် သွားလာနိုင်သည်။ ဤသည်မှာ ခရီးသွားလာခြင်းတွင် လူအများစု အသုံးအများဆုံးဖြစ်သော အဆောင်အမျိုးအစားဖြစ်သည်။
ချီရွှမ်းစုအား ကျန်းယွဲ့လု ပေးလိုက်သည့် ကျားမာအဆောင်က ပို၍ပင် အဆင့်မြင့်သည်။ ၎င်းသည် ကျားခြောက်ပါး ကောင်းကင်ဘုံကျမ်းစာမှ မြေချုံ့နည်းလမ်းကို အသုံးပြုထားသည်။ ထိုကျားမာအဆောင်ကို ခြေထောက်တစ်ဖက်စီမှာ ချိတ်ဆွဲပြီးနောက် မြေချုံ့မန္တန်ကို ရွတ်ဆိုရပေလိမ့်မည်။
ဤကျားမာအဆောင်နှင့်ဆိုပါက တစ်ရက်လျှင် မိုင် ၃၀၀ ကျော် ခရီးသွားနိုင်သည်။
တစ်နေ့ ခရီးသွားချိန်က ၁၂ နာရီဖြစ်ပြီး သူတို့က တစ်ရက်မှာ ကီလိုမီတာ ၃၀၀ သွားလာနိုင်ပြီဆိုလျှင် မိုင် ၂၅၀၀ ခရီးက သိပ်မရှည်လျားဟု ထင်ရသည်။
ကျားမာအဆောင်သည် မှောင်ခိုဈေးကွက်ထဲမှာ အလွန်တရာ ဈေးကြီးသည်ဟု ချီရွှမ်းစု ကြားဖူးထားသည်။ သို့သော်လည်း သူသည် ထိုအဆောင်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
ကျားမာအဆောင်နှစ်ခုကို ခြေတစ်ဖက်စီမှာ တွဲချည်ပြီးနောက် သူ ခြေချရာမြေပြင်က အဆက်မပြတ် ကျုံ့ဝင်သွားသည်ဟု ခံစားရသည်။ သူက မြေပြန့်မှာ လမ်းလျှောက်နေရသလို ကြမ်းတမ်းသော တောင်တန်းလမ်းမှာ သွားလာနိုင်လေသည်။ ထိုအခါ ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးလို သက်တောင့်သက်သာ ရှိလွန်းသည်။
ကျန်းယွဲ့လုက ကျားမာအဆောင်ကို အသုံးမပြုဘဲ သူမ၏ ကျင့်ကြံမှုအပေါ် မှီခို၍ ချီရွှမ်းစုနှင့် ဘေးချင်းယှဉ် လျှောက်နိုင်သည်။ သူမ၏ အဝတ်အစားက လေထဲမှာ တဖျပ်ဖျပ် လွင့်နေပြီး သူမကို နတ်မိမယ်တစ်ပါးနှင့် တူနေစေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျန်းယွဲ့လုသည် ချောမောလှပသော်လည်း မှင်တက်စရာကောင်းလွန်းလောက်အောင် မဟုတ်ပေ။ သူမ၏ ကြော့ရှင်းသော မျက်နှာသွင်ပြင်နှင့် တည်ကြည်ဖြောင့်မတ်သော စိတ်နေစရိုက်အရ သူမသည် ကွန်ဖြူးရှပ်ကျောင်းတော်မှ စံပြစာပေပညာရှင်တစ်ဦးနှင့် တူနေလေသည်။
ထိုနေ့က သူသည် အနောက်မြောက်ဘက်မှာ များစွာ သွားလာခဲ့ဖူးခြင်းမရှိဟု ရှန့်ကွမ်သွမ့်ကို ပြောဆိုခဲ့သည်မှာ ချီရွှမ်းစု လိမ်ညာခဲ့ခြင်းမဟုတ်ပေ။ သူသည် ယွီရှုတောင်ကနေ ခွန်လွင်တောင်ကြားသို့ သူ့ဆရာနှင့်အတူ နှစ်ကြိမ်သာ သွားလာခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သောကြောင့် ခရီးလမ်းကြောင်းနှင့် ပတ်သက်၍ သူ သိပ်မမှတ်မိတော့ပေ။
ကျန်းယွဲ့လုက တစ်ဖန် လမ်းပျောက်မသွားဖို့သာ ချီရွှမ်းစု ဆုတောင်းနေရသည်။ သူသည် ရှုကျိုးသို့ မရောက်ဘဲ သမုဒ္ဒရာနိုင်ငံသို့ ရောက်ရှိသွားမည်ကို စိုးရိမ်နေသည်။ ထိုနေရာသည် မဟာရွှမ်မင်းဆက်၏ ပိုင်နက်နယ်မြေထဲမှာ မရှိတော့ဘဲ တာအိုဝေဟင်ပျံသင်္ဘောများလည်း မရှိပေ။ သမုဒ္ဒရာနိုင်ငံကလည်း မဟာရွှမ် ပိုင်နက်နယ်မြေလောက် ကြီးမားသည်။ ထိုနေရာသို့ ရောက်ရှိသွားမည်ဆိုလျှင် ခရီးစဉ်က အလွန်တရာ ရှည်လျားသွားပေလိမ့်မည်။ သူတို့သည် ၁ လပိုင်း ၁၅ ရက်နေ့ ရှန်းယွမ်ပွဲတော်မတိုင်ခင် ယွီရှုတောင်ထိပ်သို့ ပြန်ရောက်လာနိုင်တော့မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ကျန်းယွဲ့လုက ဤတစ်ခေါက် ကောင်းကောင်း ကြိုတင်ပြင်ဆင်ထားသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ခွန်လွင်တောင်ကြားလမ်းသို့ ချောချောမွေ့မွေ့ ရောက်ရှိလာကြ၏။ ထိုနေရာမှာ တာအိုဘုရားကျောင်းတစ်ကျောင်းရှိပြီး သူတို့က ထိုဘုရားကျောင်းမှာ တစ်ညတာ တည်းခိုနေထိုင်ကာ နောက်မနက်စောစောမှာ ခရီးဆက်ခဲ့ကြ၏။
ခွန်လွန်တောင်ကြားလမ်းကနေ ထုံထျန်မြစ်သို့ အကွာအဝေးက မြေပုံပေါ်မှာ တိုတောင်းသည့်ပုံပေါ်သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့သည် နှင်းဆောင်းတောင်ထွတ်တစ်ခုကို ဖြတ်ကျော်ရလေသည်။ တောင်တက်လမ်းက ကြမ်းတမ်းပြီး သွားလာရခက်ခဲသည်။ သူတို့သည် တောင်တက်တောင်ဆင်း ပြုလုပ်ရပြီး အစစ်အမှန် အကွာအဝေးက မြေပုံပေါ်မှာထက် နှစ်ဆပိုရှည်လျားသွားသည်။
ကျန်းယွဲ့လု ပြင်ဆင်ပေးထားသည့် အဆင့်မြင့် ကျားမာအဆောင်မရှိလျှင် ထိုနှင်းဆောင်းတောင်ကို ဖြတ်ကျော်ဖို့အတွက် ရက်အတော်ကြာ အချိန်ယူရမည်ဟု ချီရွှမ်းစု ခန့်မှန်းမိသည်။ ကျားမာအဆောင်နှင့်အတူ နှင်းဆောင်းတောင်ကို ဖြတ်ကျော်ဖို့အတွက် သူက တစ်ရက်သာ အချိန်ယူခဲ့ရသည်။ ညနေခင်းမှာ သူတို့သည် ထုံထျန်မြစ်၏ မြစ်ကမ်းဘေးအနီးနားသို့ ရောက်ရှိလာကြသည်။
သူတို့နှစ်ယောက်က မြင့်မားသော တောင်စောင်းတစ်ခုပေါ်မှာ မတ်တပ်ရပ်ပြီး ငုံ့ကြည့်လိုက်ကြ၏။ မြစ်ဘေးမှာ မီးပုံတစ်ခု ဖိုထားသည်ကို တွေ့မြင်လိုက်ရ၏။ မီးပုံဘေးမှာ လူခုနစ်ယောက် ရှစ်ယောက်က ထိုင်နေပြီး သားမွေးကို အပြင်ထုတ်ထားသည့် ညစ်ညမ်းသော သိုးရေခြုံထည်များကို ဝတ်ဆင်ထားကြသည်။ သူတို့သည် သေရည်သောက်သုံးကာ အသားများကို စားနေကြ၏။ သူတို့၏ မြင်းများက အနီးနားမှာ ရှိနေပြီး မြင်းတစ်ကောင်၏ မြင်းကုန်းနှီး ဘေးဘက်မှာ လည်ပင်းကနေ ဖြတ်ထားသော ခေါင်းပြတ်တစ်လုံးကို ချိတ်ဆွဲထားလေသည်။
သူတို့က သာမန်ကုန်သည်များ မဟုတ်သည်မှာ သိသာနေလေပြီ။
ကျန်းယွဲ့လုက ပြောလိုက်သည်။
“ဒီနေရာက ခွန်လွင်တာအိုစံအိမ်ရဲ့ အုပ်ချုပ်မှုကနေ လွတ်ထွက်နေတယ်… အဲဒါကြောင့် ဒီနေရာမှာ လူဆိုးဓားပြတွေနဲ့ တွေ့ရမယ်ဆိုရင် မထူးဆန်းဘူး”
ချီရွှမ်းစုက သူ့ခြေထောက်မှာ ချည်ထားသည့် ကျားမာအဆောင်များကို ဖြုတ်ယူ၍ ဂရုတစိုက် သိမ်းဆည်းကာ အသက်တစ်ချက် ရှိုက်လိုက်သည်။ ကျန်းယွဲ့လုက လှုပ်ရှားဖို့ စိတ်ကူးမရှိဘဲ သူမ၏ ခြုံထည်ကိုသာ တင်းသွားအောင် ပြင်နေသည်။
နောက်ခဏ၌ ချီရွှမ်းစုသည် လျှပ်စီးလို အမြန်နှုန်းဖြင့် မြင့်မားသော တောင်စောင်းကနေ ပြေးဆင်းသွားသည်။ ဤအချိန်မှာ ဓားပြများသည် ချီရွှမ်းစုကို သတိထားမိသွားကြသည်။
ဓားပြခေါင်းဆောင်က အော်ပြောလိုက်၏။
“လင်းယုန်လက်သည်းဟေ့... အဆင်သင့်ပြင်ထားကြ”
ဓားပြအုပ်စုက သူတို့၏ ဆေဘာများကို ဆွဲထုတ်ပြီး ချီရွှမ်းစု ရှိရာသို့ ပြေးဝင်သွားသည်။ သို့သော်လည်း ချီရွှမ်းစုက ဓားပြတစ်ဦးထံမှ ဆေဘာတစ်လက်ကို လုယူပြီး ဓားပြ ၃ ဦး၏ လည်ပင်းများပေါ်တွင် ခပ်ပါးပါး အနီရောင်မျဉ်းကြောင်း တစ်ကြောင်းစီကို ချန်ထားရစ်ခဲ့သည်။ ဒဏ်ရာက သူတို့ကို သတ်ဖြတ်နိုင်ရုံမျှသာ နက်ရှိုင်းလေသည်။
အခြားသော ဓားပြများကလည်း ချီရွှမ်းစု၏ ကျွမ်းကျင်မှုမှာ ထိတ်လန့်ကြောက်ရွံ့သွားပြီး ရှေ့ဆက် မတက်ရဲတော့ပေ။ သို့သော်လည်း ချီရွှမ်းစုက သူ့လက်ထဲရှိ ဆေဘာနှင့်အတူ ရှေ့ကို ဆက်တက်လာသည်။
ဓားပြခေါင်းဆောင်က အော်ဟစ်ပြီး ချီရွှမ်းစုရှိရာသို့ ပြေးတက်တော့မည် ပြုစဥ်မှာပင် သူက အလင်းရောင်တစ်ချက် လက်သွားသည်ကို မြင်လိုက်ရပြီး သူ့ဘေးကနေ လေအေးတစ်ချက် တိုက်ခတ်သွားသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် သူ၏ ဓားသွားတစ်ပိုင်းက မြေပြင်ပေါ်သို့ ဒုတ်ခနဲ လျှောကျသွားသည်။ သူက ဓားရိုးနှင့် ဓားသွားတစ်ဝက်ကို ကိုင်ထားဆဲဖြစ်၏။ သူက ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်ပြီး လောကက ချာချာလည်သွားသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။
ဓားပြခေါင်းဆောင်က ခေါင်းငုံ့ကြည့်စဉ်မှာ သူ့ခန္ဓာကိုယ်က ထောင့်ဖြတ် နှစ်ပိုင်းလှီးဖြတ်ခံထားရသည်ကို တွေ့မြင်လိုက်ရသည်။ လည်ပင်းကနေ ခါးစောင်းထိ ထောင့်ဖြတ်ပိုင်းဖြတ်ထားသော သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ဖြည်းဖြည်းချင်း လျှောကျပြီး သွေးများက ပန်းထွက်လာသည်။
ချီရွှမ်းစုက အမူအရာကင်းမဲ့စွာဖြင့် ရှိနေပြီး သူ့လက်ထဲက ဆေဘာကို သွေးများ ခါထုတ်လိုက်သည်။ အခြားသော ဓားပြများက ချီရွှမ်းစုကို နောက်တစ်ဖန် ကြည့်ပြီး သူတို့၏ ခန္ဓာကိုယ်များက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြလေပြီ။
ဓားပြတစ်ဦးက ဆေဘာကို လွှတ်ချပြီး လှည့်ထွက်ပြေးလိုက်၏။ အခြားသော ဓားပြများကလည်း လိုက်ပါပြေးကုန်ကြသည်။ နောက်ထပ် အလင်းရောင်တချို့ လက်သွားပြီး ဓားပြများ၏ နောက်ကျောများနှင့် နှလုံးများဆီမှ သွေးများက ပန်းထွက်လာသည်။ သူတို့၏ အလောင်းများက ဆယ်ပေကျော်ကျော် လွင့်စင်ပြီး လဲပြိုကျဆင်းသွားကြ၏။ သူတို့၏ အောက်ဘက်မှာ သွေးများက အိုင်ထွန်းသွားသည်။
ဓားပြနှစ်ဦးက ထွက်ပြေးဖို့အတွက် မြင်းများပေါ်ကို တက်လိုက်နိုင်သော်လည်း ချီရွှမ်းစုက သူ့လက်ထဲက ဆေဘာကို ပစ်ထုတ်ပြီး သူတို့ကို ချက်ချင်းပင် ထုတ်ချင်းပေါက်သွားစေသည်။
ထိုသို့ဖြင့် ချီရွှမ်းစုသည် တစ်ခဏချင်းမှာပင် ဓားပြအုပ်စုကို သတ်ဖြတ်လိုက်၏။ ဤအချိန်မှာ ချီရွှမ်းစုသည် ပန်းခင်းထဲက တာအိုဆရာတစ်ဦးနှင့် ဆက်လက်၍ မတူတော့ပေ။
ချီရွှမ်းစုမှာ ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာရှိသည်ကို ကျန်းယွဲ့လုက သတိထားမိပြီးသား ဖြစ်သည်။ သို့သော်လည်း သူက သတ်ဖြတ်ရာမှာ ဘယ်လောက်ထိ ပြတ်သားပြီး တိကျမှုရှိသည်ကို ယခုမှသာ သူမက ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ကျန်းယွဲ့လုက မြင့်မားသော တောင်စောင်းပေါ်ကနေ ဆင်းလာသည့်အချိန်မှာ ချီရွှမ်းစုက သူ၏ခြုံထည်ကို မ၍ ဘယ်ညာစစ်ဆေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက မေးလိုက်၏။
“နင် ဘာတွေရှာနေတာလဲ”
ချီရွှမ်းစုက ပုံမှန်အတိုင်းလေသံဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့ ခြုံထည်အသစ်မှာ သွေးတွေဘာတွေ ပေသွားလား စစ်ကြည့်နေတာ”
ကျန်းယွဲ့လုက ရယ်မောကာ ပြောလိုက်၏။
“အဲဒါက ခြုံထည်တစ်ထည်ပဲကို ညစ်ပေသွားတော့ရော ဘာဖြစ်လဲ”
ချီရွှမ်းစုက သာမန်ကာလျှံကာ ပြောလိုက်၏။
“ဖြစ်တာပေါ့… အဲဒါ ညစ်သွားရင် မင်းလျှော်ပေးမှာလား”
“တော်စမ်းပါ.. နင့်ဘာသာနင်လျှော်ပေါ့”
ကျန်းယွဲ့လုက သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။
ခြုံထည်ပေါ်မှာ မည်သည့်သွေးကိုမှ မတွေ့မြင်ရသည့်အခါ ချီရွှမ်းစုက ခေါင်းပြတ်ချိတ်ဆွဲထားသည့် မြင်းနားသို့ လျှောက်သွားပြီး သေဆုံးသူ၏ပါးစပ်ကို ဖြဲကာ စစ်ဆေးကြည့်နေ၏။
ကျန်းယွဲ့လုက လိုက်ပါလာပြီး မေးလိုက်၏။
“နင် ဘာလုပ်နေတာလဲ”
ချီရွှမ်းစုက ပြန်ဖြေလိုက်သည်။
“သေဆုံးသူက လူချမ်းသာလား လူဆင်းရဲလား အကြမ်းဖျင်းသိရအောင် သူ့ရဲ့ သွားတွေက ဘယ်လောက်ထိ တုံးနေ၊ ပဲ့နေလဲ စစ်ဆေးကြည့်နေတာ”
ကျန်းယွဲ့လုက ရှင်းလင်းအောင် ထပ်ပြောလိုက်သည်။
“အဲဒီသွားတွေက ဆိုးဆိုးဝါးဝါး တုံးနေ၊ ပဲ့နေမယ်ဆိုရင် အဲဒီလူက အစားအသောက်ဆင်းရဲလို့ ခက်ခက်ခဲခဲ ဝါးခဲ့ရတာကြောင့်ပဲ.. ဟုတ်တယ်မလား”
ချီရွှမ်းစုက ခေါင်းညိတ်၍ ပြောလိုက်၏။
“များသောအားဖြင့်တော့ မှန်တတ်တယ်… ဆင်းရဲတဲ့ မိသားစုတွေက ဂျုံကောင်း၊ ဆန်ကောင်းတွေကို မစားနိုင်ကြဘူး… သူတို့က ဆန်ကြမ်းတွေကိုပဲ ပဲတွေ၊ ပြောင်းတွေနဲ့ ရောပြီး စားရတယ်… အရသာဆိုးတာကို မပြောနဲ့ ဝါးရတာကကို သစ်ခေါက်တွေလိုပဲ… အဲဒါကြောင့် သူတို့ရဲ့ သွားတွေက ဆိုးဆိုးဝါးဝါး ပဲ့နေတတ်တယ်”
ကျန်းယွဲ့လုက သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီလို တည်ငြိမ်အေးချမ်းတဲ့ ခေတ်ကာလမှာတောင် ဆင်းရဲတဲ့လူတွေက အဲလောက်ထိ ခက်ခက်ခဲခဲ ရှင်သန်နေရပြီ… စစ်ပွဲကာလတွေနဲ့ ကပ်ဘေးတွေ ကျရောက်တဲ့အချိန်မှာဆိုရင် သူတို့ ဘယ်လိုနေရမလဲ စဉ်းစားကြည့်လို့ မရဘူး”
ချီရွှမ်းစုက ထပ်ပြောလိုက်သည်။
“တချို့က.. အစားစရာအတွက် သူတို့ရဲ့ ကလေးတွေကို ရောင်းချရတယ်”
ကျန်းယွဲ့လုက ဤကဲ့သို့ စိတ်မချမ်းသာစရာ အကြောင်းအရာကို ဆက်လက်၍ မပြောဆိုလိုတော့ပေ။ သူမက မေးလိုက်၏။
“ဒါနဲ့ နင် ဘာရှာတွေ့လဲ”
“သေဆုံးသူက လူချမ်းသာပဲ”
ချီရွှမ်းစုက အလောင်း၏ ပါးစပ်နှင့် မျက်လုံးများကို ပိတ်ပေးလိုက်၏။
“ဒါပေမဲ့ ငါသိရသလောက်ဆိုရင် ဓားပြတွေက ပစ္စည်းဥစ္စာ လုယက်ရုံလောက်နဲ့ ခေါင်းမဖြတ်တတ်ကြဘူး”
ကျန်းယွဲ့လုက မေးလိုက်၏။
“အဲဒါက… ရန်ငြိုးရန်စတွေကြောင့်လို့ နင်ထင်လား”
“ဖြစ်နိုင်လောက်တယ်”
ချီရွှမ်းစုက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့… နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိတယ်… ဒီဓားပြတွေက ငှားရမ်းထားတဲ့ ကြေးစားတွေဖြစ်မယ်… သူတို့က သတ်ဖြတ်ပြီးကြောင်း သက်သေပြဖို့လိုတယ်.. အဲဒါကြောင့် ဆုကြေးထုတ်ယူဖို့အတွက် ပစ်မှတ်ရဲ့ ခေါင်းကို ဖြတ်ယူလာတာပဲ”
“ဒီလူတွေက.. သာမန်ဓားပြတွေ မဟုတ်ဘူးလား”
ကျန်းယွဲ့လုက အနည်းငယ် အံ့အားသင့်သွားသည်။ သူမ၏ ကျင့်ကြံမှုအဆင့်နှင့် ရာထူးက ချီရွှမ်းစုထက် ပိုမိုမြင့်မားသော်လည်း သူမသည် ကျောက်စိမ်းနေပြည်တော်မှာ အချိန်ကာလ ကြာမြင့်စွာ နေခဲ့ရပြီး အစစ်အမှန်လောကမှာ သူ့လောက် အတွေ့အကြုံ မရှိပေ။
“ငါတို့ ရှာဖွေဖော်ထုတ်ကြည့်ရင် သိရမှာပေါ့”
ချီရွှမ်းစုက သူ၏ခြုံထည်ကို ချွတ်ယူပြီး ကျန်းယွဲ့လုကို ကမ်းပေးလိုက်သည်။ ထို့နောက် သူက အင်္ကျီလက်ကို လိပ်တင်၍ ဝတ်ရုံအနားစကို ခါးပတ်ကြားမှာ ညှပ်လိုက်သည်။ ထို့နောက် ဓားပြခေါင်းဆောင်၏ နှစ်ပိုင်းပြတ် ရုပ်အလောင်းရှိရာသို့ လျှောက်လှမ်းသွား၏။
ကျန်းယွဲ့လုသည် ယခင်က အလောင်းများကို တွေ့မြင်ခဲ့ဖူး၊ သတ်ဖြတ်ခဲ့ဖူးသော်လည်း သူမက ဤကဲ့သို့ အော်ဂလီဆန်စရာ မြင်ကွင်းကို မကြည့်ချင်ပေ။
ချီရွှမ်းစုက ဆောင့်ကြောင့်ထိုင်ချပြီး ရုပ်အလောင်းကို ဆွဲလှန်ကာ သေဆုံးသူ၏ ရင်ဘတ်တစ်ဝိုက်ကို စမ်းကြည့်နေ၏။
“ငါတွေ့ပြီ”
ကျန်းယွဲ့လုက လှမ်းကြည့်လိုက်စဉ် ချီရွှမ်းစုက သူ၏ သွေးသံရဲရဲ လက်များနှင့် ပိတ်စတစ်စကို ဖြန့်ပြီး လှုပ်ခါပြလိုက်၏။ ထိုပိတ်စပေါ်မှာ ပုံတူပန်းချီတစ်ခု ရှိပြီး ယင်းသည် မြင်းကုန်းနှီးဘေးမှာ ချိတ်ဆွဲထားသော ခေါင်းပြတ်နှင့် ကိုက်ညီမှု ရှိနေသည်။
“အိုး... သူတို့က တကယ့်ကို ကြေးစားတွေပဲ… စာချုပ်တွေ ဒါမှမဟုတ် ပေးစာတွေ ဘာတွေရှိလား ကြည့်စမ်းပါဦး”
ကျန်းယွဲ့လုက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ချီရွှမ်းစုက ခေါင်းခါပြီး ရှင်းပြလိုက်သည်။
“ကြေးစားငှားရမ်းတာကို များသောအားဖြင့် ကိုယ်တိုင်ပြုလုပ်လေ့ရှိတယ်… စာနဲ့ရေးပြီး မပို့တတ်ဘူး… ရေးမယ်ဆိုရင်လည်း အဲဒါကို ဖတ်ပြီးတာနဲ့ ဖျက်ဆီးပစ်လိမ့်မယ်.. ကြေးစားတွေက လူမှားမသတ်မိအောင် သားကောင်ရဲ့ ပုံတူပန်းချီကိုပဲ ဆောင်ထားလေ့ရှိတယ်”
ထိုသို့ပြောပြီးနောက် ချီရွှမ်းစုက ပိတ်စကို မြေပြင်ပေါ် ပစ်ချပြီး မြစ်ဘေးသို့ သွားလိုက်၏။ အပေါ်ယံမှာ ခဲနေသည့် ရေခဲတလွှာကို ထိုးခွဲပြီး သူက လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆေးလိုက်သည်။
သူသည် အရင်က အစစ်အမှန်လောကမှာ ရှင်သန်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်ဟု ချီရွှမ်းစု တစ်ခါပြောဖူးသည်ကို ကျန်းယွဲ့လုက အမှတ်ရသွားသည်။ ထို့ကြောင့် သူမက မေးလိုက်၏။
“ထျန်းယွမ်… နင်က ဒီလို လုပ်ထုံးလုပ်နည်းတွေနဲ့ ရင်းနှီးနေတယ်ဆိုတော့ နင်ရော… အရင်က အဲဒါမျိုးတွေလုပ်ခဲ့ဖူးလား”
ချီရွှမ်းစုက ခေါင်းခါပြပြီး ပြောလိုက်၏။
“ငါ အဲဒါမျိုး မလုပ်ဖူးဘူး… ဒါပေမဲ့ တည်းခိုခန်းမှာ ခဏတစ်ဖြုတ် ကျင်လည်ခဲ့ဖူးတယ်… အဲဒီနေရာမှာ ဒီလိုမျိုးကိစ္စတွေ အများကြီး တွေ့ခဲ့ဖူးတယ်”
ကျန်းယွဲ့လုက တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း မျက်နှာမှာ မပေါ်စေပေ။
ချီရွှမ်းစုက သူ့လက်မှာ ပေနေသော သွေးများကို ဆေးပြီး ရေစက်များကို ခါထုတ်လိုက်၏။
“ငါတို့ အလောတကြီး ရှိမနေဘူးဆိုရင်.. ဒီကိစ္စကို စုံစမ်းကြည့်ကြမလား”
“ရတယ်လေ”
ကျန်းယွဲ့လုမှာလည်း တူညီသော အတွေးရှိနေပြီး ချက်ချင်းပင် သဘောတူလိုက်သည်။
***