ကျန်းယွဲ့လုသည် သူမ၏ အိမ်အပြန်ခရီးကို တတ်နိုင်သမျှ အချိန်ဆွဲထားချင်သောကြောင့် ချီရွှမ်းစု အဆိုပြုသည်က သူမ လိုချင်သည်နှင့် အကိုက်ဖြစ်နေသည်။ ထို့ကြောင့် ငြင်းဆန်စရာ အကြောင်းမရှိချေ။
ကျန်းယွဲ့လုက မေးလိုက်သည်။
“ငါတို့… ဒီကိစ္စကို ဘယ်လိုစုံစမ်းမလဲ”
ချီရွှမ်းစုက အရွှန်းဖောက်ကာ ပြောလိုက်သည်။
“လူပြိန်းနည်းလမ်းကတော့ ကွယ်လွန်သူရဲ့ သရုပ်သကန်ကို မသိမချင်း မြင်းခွာခြေရာအတိုင်း လိုက်သွားဖို့ပဲ”
“ဘယ်လောက်တောင် ရိုးရှင်းလိုက်တဲ့ နည်းလမ်းလဲ”
ကျန်းယွဲ့လုက ပြောလိုက်သည်။
ချီရွှမ်းစုက ကျန်းယွဲ့လု၏ မျက်လုံးများကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“အစစ်အမှန် လက်သည်တရားခံကို ရှာဖို့အတွက် ငါတို့ မင်းရဲ့ အင်မော်တယ်နတ်မျက်စိကို သုံးလို့လည်း ရတာပဲ”
ကျန်းယွဲ့လုက ခေါင်းညိတ်လိုက်၏။
“ဒါဆိုလည်း… အဲဒီ ရိုးရှင်းတဲ့နည်းလမ်းကိုပဲ သုံးလိုက်ကြတာပေါ့”
“ခဏလောက်စောင့်ဦး”
ချီရွှမ်းစုက ဓားတစ်လက်ကို သာမန်ကာလျှံကာ ကောက်ယူပြီး ဓားပြခေါင်းဆောင်၏ ခေါင်းကို ဖြတ်ကာ သွေးများကို စစ်ထုတ်လိုက်၏။ ထို့နောက် သေဆုံးသူ၏ ခေါင်းကို သိုးရေခြုံထည်တစ်ထည်ဖြင့် ထုပ်လိုက်လေသည်။
ထိုသို့ပြုလုပ်ပြီးနောက် ချီရွှမ်းစုက ပြောလိုက်၏။
“ရပြီ… ငါတို့ သွားလို့ ရပြီ”
ကျန်းယွဲ့လုက ချီရွှမ်းစု၏ ခြုံထည်ကို ပြန်ပေးလိုသော်လည်း သူက ခေါင်းနှစ်လုံး သယ်လာသည်ကို တွေ့မြင်သောအခါ သူမက ခြုံထည်ကို သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်ပေးပြီး ကြိုးကို စည်းနှောင်ပေးလိုက်သည်။
စောစောက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ မဖြုံခဲ့သော ချီရွှမ်းစုက အလိုလို အသက်အောင့်ပြီး စိတ်ထဲမှာ တင်းကျပ်နေသည်။
ကျန်းယွဲ့လုက လှပသော ဖဲပြားတစ်ခုအဖြစ် စည်းနှောင်ပြီး ပြုံးပြလိုက်၏။
“ကြည့်ကောင်းသွားပြီ”
ချီရွှမ်းစုက ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်၏။
ကျန်းယွဲ့လုက အင်မော်တယ်နတ်မျက်စိကို အသုံးပြုလိုက်ပြီး လေထဲမှာ သူမသာမြင်နိုင်သည့် အရောင်မတူသော စီးကြောင်းများကို တွေ့မြင်လိုက်ရသည်။
သူမက ဤဓားပြအုပ်စုနှင့် ကိုက်ညီမည့် စီးကြောင်းများကို ရှာဖွေပြီးနောက် ရှေ့သို့ တက်လှမ်းသွားသည်။
ကျားမာအဆောင်၏ မှော်စွမ်းအားက အကန့်အသတ်ရှိသောကြောင့် ချီရွှမ်းစုက ကျားမာအဆောင်ကို မသုံးတော့ဘဲ လေလွင့်ကျင့်ကြံသူများ၏ ကိုယ်ဖော့နည်းစနစ်ကိုသာသုံးကာ ကျန်းယွဲ့လုနောက်သို့ လိုက်ပါသွားသည်။
သူတို့နှစ်ယောက်သည် ထုံထျန်မြစ်ဘေးကနေ မြစ်ညှာဘက်သို့ မိုင် ၃၀ ခန့်အထိ လျှောက်လှမ်းသွားကြ၏။ ထို့နောက် မှောင်ရိပ်သန်းလာပြီး ချီရွှမ်းစုကလည်း မောပန်းနေလေပြီ။
နောက်ဆုံးမှာတော့ ရှေ့မလှမ်းမကမ်းမှာ စွန့်ပစ်ထားသည့် ရှေးဟောင်းဘုရားကျောင်းတစ်လုံးကို တွေ့မြင်သည့်အချိန်မှာ ကျန်းယွဲ့လုက ရပ်တန့်လိုက်သည်။ အဝေးကနေ ကြည့်လျှင် အလင်းရောင်က မှေးမှိန်နေပြီး အမျိုးသမီးများ၏ မသဲမကွဲ ရယ်သံများကို ကြားနေရသည်။
ဤအချိန်မှာ အနက်ရောင် တိမ်စိုင်များက လကို ဖုံးအုပ်သွားပြီး အမြင်အာရုံကို ဝေဝါးစေသည့် ခပ်ပါးပါး မြူခိုးများလည်း ရှိနေသည်။
ကျန်းယွဲ့လုက သစ်ပင်သေတစ်ပင်၏ သစ်ကိုင်းပေါ်သို့ တက်ပြီး ရှေးဟောင်းဘုရားကျောင်းကို ငေးကြည့်နေ၏။ သူမ၏ အဝတ်အစားများက လေအဝေ့မှာ တဖျပ်ဖျပ် လွင့်နေ၏။
“အဲဒီမှာ… ထူးဆန်းတာတစ်ခုခု တကယ်ရှိနေတာပဲ”
ချီရွှမ်းစုက မေးလိုက်သည်။
“မင်း… ဒီအရှုပ်ထုပ်ထဲမှာ ဝင်ပါချင်လို့လား”
ကျန်းယွဲ့လုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒါက အစစ်အမှန် အပြင်လောကမှာ ငါ့ရဲ့ ပထမဆုံး ခရီးစဉ်ပဲ… အဲဒါကြောင့် ငါ အတွေ့အကြုံ ယူချင်တယ်”
ထိုသို့ပြောပြီးနောက် ကျန်းယွဲ့လုက ပျောက်ကွယ်သွားပြီး လေထဲမှာ ညင်သာစွာ ယိမ်းနွဲ့နေသည့် သစ်ကိုင်းသာလျှင် ကျန်ရစ်ခဲ့သည်။
ချီရွှမ်းစုက အသက်အောင့်ပြီး ရှေးဟောင်းဘုရားကျောင်းနားသို့ သတိထား ချဉ်းကပ်လိုက်သည်။
ရှေးဟောင်းဘုရားကျောင်းက တောက်ပစွာ လင်းထိန်နေ၏။ ၎င်းသည် အစက ဘုန်းကြီးများ သမာဓိကျင့်ကြံရာ နေရာတစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း ယခုအချိန်မှာတော့ တဏှာရာဂဖြင့် ပြည့်နှက်နေသည့် မြင်ကွင်းတစ်ခု ရှိနေသည်။
ခန်းမထဲမှာ ဗုဒ္ဓရုပ်တုကို တွန်းလှဲထားပြီး မူလအစက ဗုဒ္ဓရုပ်တု တင်ထားသည့် စင်ပေါ်မှာ ကြီးမားသော ကျာသားရေပလ္လင်တစ်လုံးကို တင်ထားလေသည်။ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ဗလတောင့်တောင့် အမျိုးသားတစ်ဦးက ထိုပလ္လင်ပေါ်မှာ ထိုင်နေ၏။
အောက်ဘက်ရှိ စားပွဲစင်ပေါ်မှာ ဆွဲဆောင်မှုရှိသော အမျိုးသမီးနှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့ပူးကပ်နေကြသည်။ သူတို့၏ အဝတ်အစားများကို တစ်ဝက်တစ်ပျက် ချွတ်ချထားပြီး လူတစ်ယောက်ကို စိတ်ရိုင်းများ ဝင်စေနိုင်သည့် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက ထွက်ပေါ်နေသည်။
ဗလတောင့်တောင့်အမျိုးသားက အမျိုးသမီးနှစ်ဦး၏ ဖျော်ဖြေတင်ဆက်မှုကို ခံစားနေသော်လည်း သူတို့နှင့် ဝင်ရောခြင်း မရှိပေ။ ဘေးနားပတ်လည်မှာ ထိုင်နေ ရပ်နေသော တောင့်တောင့်တင်းတင်း အခြားသော အမျိုးသားများလည်း ရှိနေပြီး သူတို့၏ မျက်နှာများပေါ်တွင် တဏှာရာဂထက်သန်သော အမူအရာများ ရှိနေကြသည်။ သူတို့အားလုံးက လူကောင်းများမဟုတ်ကြသည်မှာ သိသာနေသည်။
ဤအချိန်မှာ ဗလတောင့်တောင့် အမျိုးသားက ရုတ်တရက် တံခါးပြင်ဘက်ကို လှမ်းကြည့်ကာ ပြောလိုက်၏။
“မင်း… သူ့ခေါင်းကို ယူလာခဲ့လား”
သူ စကားဆုံးသွားသည်နှင့် သိုးရေဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်က တံခါးပြင်ဘက်ကနေ ဝင်ရောက်လာလေသည်။
လူတစ်ယောက်က ထိုအထုပ်ကို လှမ်းဖမ်းပြီး ဖွင့်ကြည့်ကာ အထဲမှာ ဦးခေါင်းနှစ်လုံးကို တွေ့မြင်လိုက်ရသည်။ ဦးခေါင်းတစ်လုံးက သူတို့ အလိုရှိနေသည့် ဦးခေါင်းဖြစ်ပြီး နောက်တစ်ခုကတော့ သူတို့ လွှတ်လိုက်သည့်လူ၏ ခေါင်းဖြစ်သည်။
ထိုလူက အော်ပြောလိုက်၏။
“ခေါင်းဆောင်… အဲဒါ လျှိုပဲ.. သူ သေပြီ”
ချက်ချင်းပင် ရှေးဟောင်းဘုရားကျောင်းထဲမှာ လူတိုင်းက မတ်တတ် ထရပ်လိုက်ကြ၏။ စားပွဲစင်ပေါ်မှာ အသုံးတော်ခံနေသည့် အမျိုးသမီးနှစ်ဦးပင် ရပ်တန့်သွားလေသည်။
ခေါင်းဆောင်ဟုခေါ်သော ဗလတောင့်တောင့် အမျိုးသားက ကျာသားရေပလ္လင်ကနေ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ခပ်ဩဩအသံဖြင့် အမိန့်ပေးလိုက်သည်။
“အဲဒီ ခေါင်းတွေကို အောက်ချလိုက်စမ်း”
ထိုလူက ခေါင်းနှစ်လုံးကို မြေပြင်ပေါ်သို့ ချပေးလိုက်သည်။
သူက ဓားပြခေါင်းဆောင်၏ ဦးခေါင်းပြတ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“လျှိုရဲ့ခေါင်းက သေပြီးမှ အဖြတ်ခံထားရတာပဲ”
ဗလတောင့်တောင့် အမျိုးသားက တံခါးအပြင်ဘက်ကို ရုတ်တရက် ကြည့်လိုက်၏။ သူ့အသံက ဟိန်းထွက်လာသည်။
“ဘယ်မိတ်ဆွေများ အလည်ရောက်လာတာလဲ… ကျေးဇူးပြုပြီး ကိုယ်ထင်ပြစမ်းပါဦး”
ချီရွှမ်းစုက ရှေးဟောင်းဘုရားကျောင်းထဲသို့ လျှောက်လှမ်းဝင်ရောက်လာ၏။
“ခေါင်းဆောင်… မင်းဒီမှာ ကိုင်တွယ်စရာကိစ္စတွေ ရှိနေလား… ကျေးဇူးပြုပြီး မင်းရဲ့နာမည်ကို ပြောစမ်းပါဦး”
ဗလတောင့်တောင့် အမျိုးသားက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး ချီရွှမ်းစုကို အကဲခတ်ကြည့်လိုက်၏။
“ငါ့နာမည်က ယိုလေးဖူ”
ချီရွှမ်းစုက လက်နှစ်ဖက်ကို ယှက်ပြီး အလေးပြုလိုက်၏။
“ခေါင်းဆောင်ယို… ငါ့နာမည်ကတော့ ချီရွှမ်းစု”
ယိုလေးဖူက မေးခွန်းထုတ်လိုက်သည်။
“ညီကိုချီ… ငါ့လက်အောက်ငယ်သားရဲ့ ခေါင်းကို မင်း ဖြုတ်ခဲ့တာလား”
'ဖြုတ်သည်' ဟူသော စကားသည် လမ်းဘေးဗန်းစကားအရ ခေါင်းဖြတ်ခြင်းကို ဆိုလိုသည်။
ချီရွှမ်းစုက ညင်သာစွာ ပြုံးလိုက်၏။
“ဟုတ်တယ်လေ”
ဓားပြခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ကြောင်း သူဝန်ခံလိုက်သည်နှင့် ရှေးဟောင်းဘုရားကျောင်းထဲက လူတိုင်းက သူတို့၏ လက်နက်များကို ကိုင်မြှောက်လိုက်ကြ၏။ သေနတ်တချို့ပင် ပါဝင်နေသည်။ သို့သော်လည်း တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်ကနေ ထုတ်ပေးထားသည့် ခဲယမ်းလက်နက်များနှင့်ယှဉ်လျှင် ဤသေနတ်များက ခေတ်ဟောင်းကျောက်မီးသေနတ်များ ဖြစ်လေသည်။
ချီရွှမ်းစုက လုံးဝကြောက်လန့်မသွားပေ။ သူက ယိုလေးဖူကိုသာကြည့်ပြီး မေးလိုက်၏။
“ခေါင်းဆောင်ယို… မင်း သတ်ခိုင်းလိုက်တဲ့လူက ဘယ်သူလဲ ငါ သိချင်တယ်”
ယိုလေးဖူက မဖြေပေ။
“မင်းက… တာအို အသက်ရှူကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတဲ့ပုံပဲ… မင်းက ဘယ်သူတော်စင်ရဲ့ နောက်လိုက်လဲ”
ချီရွှမ်းစုက ရယ်မော၍ မဖြေပေ။
ယိုလေးဖူက လှောင်ရယ်လိုက်၏။
“မင်းက တာအိုဂိုဏ်းတော်က အဖွဲ့ဝင်တစ်ဦး ဖြစ်မယ်ဆိုရင်တောင် ငါဒီကိစ္စကို ဒီတိုင်းထားမှာ မဟုတ်ဘူး… မင်းက အဆင့်မြင့် တာအိုအကြီးအကဲတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ငါ တကယ်ပဲ အရှုံးပေးရလိမ့်မယ်… ဒါပေမဲ့ မင်းက ဘာမဟုတ်တဲ့ ရှန်းထျန်သက်ရှိတစ်ဦးပဲ… မင်း ငါ့ရဲ့ ပိုင်နက်နယ်မြေထဲမှာ ဘယ်လိုတောင် လာပြီး သောင်းကျန်းရဲတာလဲ”
သူ့စကားဆုံးသွားသည်နှင့် ယိုလေးဖူက ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။
“မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ”
ယိုလေးဖူ၏ ဘေးပတ်လည်ကနေ မြင်နိုင်သော ချီစက်ဝန်းတစ်ခုက ဖြာထွက်သွားပြီး ဘုရားကျောင်းထဲရှိ အလင်းရောင်တစ်ဝက်ကို ငြိမ်းသေသွားစေ၏။ ကျန်ရှိနေသော မီးတိုင်များကလည်း တဖျပ်ဖျပ် ဖြစ်သွားသည်။
ဤဟိန်းဟောက်သံ၏ အစွမ်းကို သုံးပြီး ယိုလေးဖူက လှပသော အမျိုးသမီးနှစ်ဦး လှဲလျောင်းနေသည့် စားပွဲစင်ကို ခုန်ကျော်ကာ ချီရွှမ်းစုကို လက်ရဖမ်းဆီးလိုသည်။ သို့သော်လည်း သူက ချီရွှမ်းစုနှင့် ဆယ်ပေအကွာအဝေးသို့ ရောက်ရှိသည့်အချိန်မှာ ရုတ်တရက် ရပ်တန့်ပြီး မလှုပ်ရှားရဲတော့ပေ။
ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ကိုင်စွဲထားပြီး သေနတ်ပြောင်းဝသည် ယိုလေးဖူ၏ နဖူးတည့်တည့်ကို ချိန်ရွယ်ထားသောကြောင့် ဖြစ်သည်။
ချီရွှမ်းစုက သေနတ်မောင်းကို လက်မဖြင့် ဖိချပြီး ခလုတ်ပေါ်ကို လက်ညှိုးတင်ထားသည်။ သူက လှောင်ပြောင်ပြုံး၍ ပြောလိုက်၏။
“ခေါင်းဆောင်ယို… မင်းစမ်းချင်ရင် စမ်းကြည့်လို့ရတယ်… မင်းနဲ့ ငါ့ရဲ့ပစ္စတို ဘယ်ကောင်က ပိုမြန်မလဲ ငါသိချင်နေတာ… မင်းရဲ့ခေါင်းက ငါ့ရဲ့ကျည်ဆန်ထက် ပိုမာမလားလဲ ငါသိချင်သေးတယ်”
“ညီကိုချီ မင်းဘာလိုချင်လို့လဲ”
ယိုလေးဖူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
တကယ်တော့ ချီရွှမ်းစုသည်လည်း ဤကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ မသိပေ။ ကျန်းယွဲ့လုက ဤအမှုကို စုံစမ်းလိုသော်လည်း ဤလူဆိုးဓားပြများ အားလုံးကို သတ်စေချင်သလား သူမသိပေ။
ချီရွှမ်းစုက အနည်းငယ် စိတ်အာရုံပျံ့လွင့်သွားပုံရစဉ် ယိုလေးဖူက ရှေ့ကို လွှားခနဲ ခုန်တက်လိုက်သည်။ သို့သော်လည်း ချီရွှမ်းစုက ဤကဲ့သို့သော အမှားမျိုး ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ သူက သေနတ်ခလုတ်ကို ချက်ချင်းပင် ဆွဲလိုက်သည်။ မီးက ဖြန်းခနဲပွင့်ပြီး လေထဲမှာ ယမ်းနံ့က ထောင်းခနဲ ထွက်သွား၏။
ဤမျှနီးကပ်သော အကွာအဝေးမှာ ယိုလေးဖူ၏ သံမဏိခေါင်းဆောင်းသည် ပေါက်ကွဲထွက်ပြီး သူ့နဖူးမှာ ကြေးဒင်္ဂါးပြားအရွယ် ဒဏ်ရာတစ်ခု ပေါ်ထွက်လာ၏။ သို့သော်လည်း ချီရွှမ်းစုသည် သူ့အား ကျန်းယွဲ့လုပေးထားသည့် အရေအတွက်အကန့်အသတ်ရှိသော နဂါးမျက်လုံးကျည်ဆန်ကို အသုံးမပြုသည့်အတွက် ဤသာမန်ကျည်ဖူးသည် ယိုလေးဖူ၏ အသားထဲသာ နစ်ဝင်သွားပြီး သူ၏ ဦးခေါင်းခွံကို ဖောက်နိုင်ခြင်း မရှိချေ။
ယိုလေးဖူသည် သူ့နဖူးကို တစ်ယောက်ယောက်က တူဖြင့် ထုရိုက်လိုက်သည့်အလား ခံစားလိုက်ရ၏။ သူ၏ခေါင်းက နောက်သို့လန်ကျသွားပြီး အမြင်အာရုံက မှောင်မိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဒယီးဒယိုင် ဆုတ်ခွာသွားရ၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယိုလေးဖူက ခေါင်းနောက်လန်ကျ၍ မျက်နှာကျက်ကို မော့ကြည့်မိသည့်အချိန်မှာ ထုပ်တန်းပေါ်တွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။
ထိုလူက ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်မှာ စိတ်ရိုင်းများ ဝင်နေဖို့ အချိန်မရပေ။
“ငါ့ကောင်တို့… အပေါ်မှာ ရန်သူ..”
ယိုလေးဖူက အော်ပြောလိုက်သည်။ အပေါ်မှာ နောက်ထပ် ရန်သူတစ်ဦး ရှိနေကြောင်း သူ့အဖွဲ့သားများကို သူက သတိပေးလိုခြင်း ဖြစ်သည်။
လူတိုင်းက မော့ကြည့်လိုက်ပြီး သူတို့အထက်မှာ မတ်တပ်ရပ်နေသည့် ကျန်းယွဲ့လုကို တွေ့မြင်သွားသည်။
ကျန်းယွဲ့လုက ဖျတ်ခနဲပျောက်ကွယ်ပြီး ယိုလေးဖူ၏ ရှေ့မှာ ပြန်လည်ပေါ်ထွက်လာ၏။
ယိုလေးဖူက အချိန်ဆွဲမနေဘဲ ကျန်းယွဲ့လု၏ လည်ပင်းကို လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည်။
ကျန်းယွဲ့လုက ယိုလေးဖူ၏ လက်ကောက်ဝတ်ကို တည်ငြိမ်စွာ ဖမ်းဆွဲလိုက်၏။ သူမက လက်ချောင်း ၅ ချောင်းစီ ခွန်အားတချို့ကို ပို့လွှတ်ပြီး သူ့ကို မလှုပ်ရှားနိုင်အောင် ထိန်းချုပ်လိုက်သည်။
ယိုလေးဖူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်က ကသောင်းကနင်း ဖြစ်လာသည်။ သူက တန်ပြန်တိုက်ခိုက်ချင်သော်လည်း ကျန်းယွဲ့လုက သူ့ကို လက်ပြန်တစ်ချက်ရိုက်ကာ နောက်ပြန် လန်ကျသွားစေသည်။
အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦးအနေဖြင့် ယိုလေးဖူသည် သေနတ်ကျည်ဆန်ကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်သည်။ သို့သော်လည်း ကျန်းယွဲ့လု၏ လေဟာနယ်ကပ်ဘေးခြောက်ပါးနှင့် ရင်ဆိုင်ရချိန်မှာ သူက စွမ်းအားမဲ့နေ၏။ သူ၏ ပါးစပ်၊ နား၊ နှာခေါင်းနှင့် မျက်လုံးတို့ကနေ သွေးများ စီးကျလာပြီး အရိုးများက အက်ကွဲသွားလေသည်။
ကျန်းယွဲ့လုက သူမ၏ လက်ဖဝါးကို ပြန်ရုပ်လိုက်သည့် အချိန်မှာ ယိုလေးဖူက မြေပြင်ပေါ်ကို လဲကျသွားပြီး သူ၏ ရင်ဘတ်တွင် လက်ဝါးရာက ထင်ထင်ရှားရှား ပေါ်နေသည်။
ရှေးဟောင်းဘုရားကျောင်းက ခဏမျှ ငြိမ်သက်သွားပြီးနောက် တစ်ယောက်က ထအော်လိုက်၏။
“အားလုံးပဲ ဆုတ်ကြမယ်”
ချက်ချင်းပင် လူတိုင်းက ရှေးဟောင်းဘုရားကျောင်းထဲကနေ ခြေဦးတည့်ရာ လှည့်ထွက်ပြေးလိုက်ကြ၏။
ကျန်းယွဲ့လုက သူမ၏ အင်္ကျီလက်စနှစ်ဖက်ကို လွှဲယမ်းလိုက်၏။ လေတိုက်ခတ်သွားရာ နေရာတိုင်းမှာ လူတချို့က မြေပြင်ပေါ်သို့လဲကျပြီး သူတို့၏ ဒွါရပေါက်များကနေ သွေးများက စီးကျကာ သေဆုံးကုန်ကြသည်။
ကျန်းယွဲ့လုကလည်း လူအတော်များကို တိုက်ခိုက်သတ်ဖြတ်လိုက်သည်။
သို့သော်လည်း သူတို့ထဲမှာ တစ်ဝက်လောက်က ထွက်ပြေးသွားနိုင်ခဲ့၏။
ကျန်းယွဲ့လုက သူတို့နောက်သို့ ပြေးမလိုက်ဘဲ စားပွဲစင်ပေါ်မှာ ပူးကပ်တိုးဝှေ့နေသည့် အမျိုးသမီးနှစ်ဦးကို ကြည့်လိုက်၏။
အနီရောင် ဖယောင်းတိုင်များကို ထွန်းထားပြီး ဘုရားကျောင်းက နွေးထွေးနေ၏။ အမျိုးသမီးနှစ်ဦးက ဖိနပ်များ သို့မဟုတ် ခြေအိတ်များကို ဝတ်ဆင်မထားပေ။ သူတို့၏ အနက်ရောင်ဆံပင်က လျော့ရဲနေပြီး သူတို့၏ အဝတ်အစားများကို တချို့တစ်ဝက် ချွတ်ချထားကာ သူတို့၏ ရင်သားများက ထွက်ပေါ်နေ၏။ အေးစက်သော ဤဆောင်းညမှာ ၎င်းက ရှုစားစရာ မြင်ကွင်းတစ်ခု ဖြစ်နေသည်။
ချီရွှမ်းစုကလည်း အမျိုးသမီးနှစ်ယောက်ကို လှည့်ကြည့်လိုက်၏။ သို့သော်လည်း သူအကြည့်က ကြန့်ကြာမသွားခင် ကျန်းယွဲ့လုက ဖနောင့်ဆောင့်ကာ အော်ပြောလိုက်၏။
“ဟိုဘက်ကိုလှည့်နေ… မကြည့်နဲ့”
သူက ကူကယ်ရာမဲ့စွာဖြင့် တစ်ဖက်သို့လှည့်ပြီး ကျည်ဆန်ကိုပြန်ဖြည့်ရင်း စိတ်ထဲကနေ ကျိန်ဆဲနေ၏။ ‘သူက တော်တော် ဆရာကြီးလုပ်တတ်တာပဲ။’
ကျန်းယွဲ့လုက အမျိုးသမီးနှစ်ဦးရှိရာသို့ လျှောက်လှမ်းသွားပြီး မေးလိုက်၏။
“နင်တို့တွေကို… အဲဒီ လူတွေက ဖမ်းဆီးထားတာလား”
အမျိုးသမီးနှစ်ဦးက ပူးကပ်တိုးဝှေ့နေပြီး သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်၍ ထိတ်လန့်ကြောက်ရွံ့နေသည့်ပုံ ပေါ်သည်။ သူတို့က မတ်တတ်ပင် မရပ်နိုင်သည့်အလား အလွန်အားနည်းနေသည့်ပုံ ပေါ်နေသည်။
ကျန်းယွဲ့လုက ရှေ့သို့တက်လှမ်းပြီး အမျိုးသမီးတစ်ဦးကို ထူမပေးလို၏။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူထူမပေးလိုက်သည့် အမျိုးသမီးက ရုတ်တရက် သူမ၏ နံကြားကို တိုက်ခိုက်လိုက်သည်။
ထင်မှတ်မထားသည့်အတွက် ကျန်းယွဲ့လုက မရှောင်တိမ်းနိုင်ဘဲ နောက်သို့ ခြေတစ်လှမ်း ချက်ချင်းဆုတ်လိုက်သည်။ သူမ၏ အမြင်အာရုံက ခဏမျှ မှောင်ကျသွားပြီးနောက် သွေး၏ အရသာကို ရရှိလိုက်လေသည်။
ကျန်းယွဲ့လုက ဒေါသထွက်ပြီး ထိုမိန်းမ၏ ခေါင်းကို ရိုက်ချလိုက်၏။ အမျိုးသမီး၏ ဦးခေါင်းခွံက ကြေမွ၍ သူမ၏ ဒွါရပေါက်များကနေ သွေးများက စီးကျလာ၏။ ထိုအမျိုးသမီးက နေရာမှာတင် သေဆုံးသွားသည်။
တစ်ချိန်တည်းမှာပင် အခြားသော အမျိုးသမီးကလည်း ကျန်းယွဲ့လုကို တိုက်ခိုက်လာ၏။
ကျန်းယွဲ့လုက မတတ်သာပဲ ခုခံကာကွယ်ဖို့အတွက် သူမ၏ ဒြပ်စင်ငါးမျိုး ချီဒိုင်းကာကို အသက်သွင်းလိုက်ရ၏။ သို့သော်လည်း သေနတ်သံ တစ်သံကို ကြားလိုက်ရသည်။
ထိုမိန်းမ၏ မျက်ခုံးနှစ်ဖက်ကြားမှာ နက်ရှိုင်းသော သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။ သူမက မျက်လုံးများ ပြူးလျက်သားနှင့် လဲကျသွားသည်။
ကျန်းယွဲ့လုက လှည့်ကြည့်လိုက်၏။ ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ကိုင်ထားပြီး သေနတ်ပြောင်းမှာ မီးခိုးများက ရစ်သိုင်းနေဆဲ ဖြစ်သည်။
***