“မင်း အဆင်ပြေရဲ့လား”
ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ကျည်ဖြည့်ရင်း မေးလိုက်သည်။
ကျန်းယွဲ့လုက အသက်တစ်ချက်ရှိုက်လိုက်၏။
“ငါ… အဆင်ပြေပါတယ်”
ချီရွှမ်းစုက နတ်နဂါးပစ္စတို၏ သေနတ်ပြောင်းကို ညင်သာစွာသပ်ပြီး ချီးကျူးလိုက်၏။
“တော်တော်ကောင်းတဲ့ လက်နက်ပဲ… ငါ ချမ်းသာလာရင် ခုခံကာကွယ်ဖို့အတွက် ဒါမျိုးတစ်လက် သေချာပေါက် ဝယ်ဦးမယ်”
“ဒီမိန်းမတွေက မူမမှန်ဘူးဆိုတာ နင်သတိထားမိပြီးသားမလား”
သေရေးရှင်ရေး အခိုက်အတန့်မှာ ဒုတိယမြောက် အမျိုးသမီးကို ချီရွှမ်းစုက ပစ်သတ်လိုက်သည့်အခါမှသာ သူက တိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားသည်ကို ကျန်းယွဲ့လုက တဖြည်းဖြည်း နားလည်သဘောပေါက်သွားသည်။
ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို သူ့ခါးမှာ ချိတ်ဆွဲထားသော သေနတ်အိမ်ထဲ ပြန်ထည့်လိုက်၏။ သူက သူမ၏ မေးခွန်းကို တိုက်ရိုက်မဖြေပေ။
“သူတို့က မူမှန်လား မမှန်ဘူးလား ငါမသိဘူး… သူစိမ်းတွေကို အမြဲတမ်း သတိထားရမယ်ဆိုတာပဲ ငါသိတယ်”
ကျန်းယွဲ့လုက သူ့ကို အပြစ်တင်လိုက်၏။
“ဒါဆို… နင် ငါ့ကို ဘာလို့သတိမပေးခဲ့ရတာလဲ”
တကယ်တော့ ကျန်းယွဲ့လုသည် သူမ၏ အမှားအတွက် အခြားသူများကို အပြစ်တင်တတ်သူ မဟုတ်ပေ။ အခြားတစ်ယောက်သာဆိုလျှင် သူမကိုယ်သူမသာ အပြစ်တင်မည်ဖြစ်သော်လည်း ချီရွှမ်းစုကတော့ ချွင်းချက်ဖြစ်သည်။
“မင်း ကိုယ်တိုင်လုပ်တဲ့ အမှားကနေပဲ သင်ယူရလိမ့်မယ်… တခြားသူပြောတဲ့ စကားကို မှတ်မိနေဖို့က ခက်တယ်… ကိုယ်တိုင် ထိခိုက်ခံစားပြီးမှပဲ အဲဒါကို စွဲစွဲမြဲမြဲ မှတ်မိသွားလိမ့်မယ်”
ချီရွှမ်းစုက ပြောရင်း သူ၏ အင်္ကျီရင်ဘတ် အပေါ်ခေါက်ကို ဆွဲဖယ်လိုက်သည်။
ကျန်းယွဲ့လုက ထိတ်လန့်သွား၏။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်ပြီး ရင်ဘတ်ရှေ့မှာ လက်ပိုက်ကာ သင်္ကာမကင်းဟန်ဖြင့် ပြောလိုက်၏။
“နင် ဘာလုပ်နေတာလဲ”
ချီရွှမ်းစုက သူ၏ ကော်လာနှင့် အောက်ခံအင်္ကျီကို လှပ်ပြီး ကြောက်စရာကောင်းသော အမာရွတ်တစ်ခုကို ပြလိုက်လေသည်။
“ငါ့ဘာသာငါ စပြီးခရီးသွားတုန်းက အမြဲတမ်း သတိကပ်ထားရမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ နားမလည်ခဲ့ဘူး… အဲဒီဒဏ်ရာကြောင့် ငါ သေလုမတတ် ဖြစ်ခဲ့ရတယ်… အဲဒါကြောင့်ပဲ သင်ခန်းစာကို ငါကောင်းကောင်း မှတ်မိသွားတာ”
ကျန်းယွဲ့လုက ချီရွှမ်းစု၏ ဒဏ်ရာကို ကြည့်လိုက်၏။ ထိုဒဏ်ရာသည် သူ၏ လည်ပင်း၊ နှလုံးနှင့် အဆုတ်တို့ကို ထိလုမတတ်ဖြစ်ပြီး သူက သေသွားခဲ့နိုင်သည်။
ချီရွှမ်းစုက သူ၏အဝတ်အစားကို သေသပ်အောင် ပြန်ပြင်လိုက်၏။
“နောက်ပြီး… မင်းခရီးသွားတဲ့အခါ တားမြစ်ချက် လေးခုရှိတယ်.. အဲဒါက သက်ကြီးရွယ်အို၊ အမျိုးသမီး၊ တာအိုဆရာနဲ့ ကလေးသူငယ်တွေပဲ… မင်းကိုယ်မင်း ဥပမာယူကြည့်… မင်းက တာအိုဆရာတစ်ဦးဖြစ်သလို အမျိုးသမီးတစ်ဦးလည်း ဖြစ်တယ်… တခြားသူတွေအတွက်တော့ မင်းက ဒုက္ခမန္တန်ပဲ.. တာအိုဆရာတွေကို ထားလိုက်ဦး.. ပုံမှန်လူတွေက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အားနည်းတယ်လို့ မှတ်ယူကြလိမ့်မယ်… တကယ့်တကယ် အပြင်လောကမှာတော့ သမာရိုးကျမဟုတ်တဲ့ ဘယ်အရာကိုမဆို ထူးခြားတယ်လို့ သတ်မှတ်ရမယ်… အဲဒီ အားနည်းတဲ့လူတွေက သူတို့ဘာသာသူတို့ လှုပ်ရှားသွားလာနိုင်တယ်ဆိုရင် သူတို့မှာ အစွမ်းအစတစ်ခုခု ရှိနေလို့ပဲ”
ကျန်းယွဲ့လုက သူမ၏ နံကြားကို ညင်သာစွာ ဖိပြီး ခေါင်းညိတ်လိုက်၏။
“ငါ အခု သိသွားပြီ”
“မင်း… တကယ်ရော အဆင်ပြေရဲ့လား”
ချီရွှမ်းစုက ကျန်းယွဲ့လု၏ နံကြားကို ကြည့်လိုက်၏။
ကျန်းယွဲ့လုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ထူးတော့ထူးဆန်းတယ်… ဒီမိန်းမနှစ်ယောက်က ကိုယ်ကာယအရ ဂမ္ဘီရဝိဇ္ဇာတွေထက်တောင် ပိုပြီးတော့ အားနည်းတဲ့ ဟောက်ထျန်သက်ရှိတွေပဲ… ဒါပေမဲ့ သူတို့က ငါ့ကို ထိခိုက်အောင် လုပ်နိုင်ခဲ့တယ်… ငါ့ခန္ဓာကိုယ်ထဲမှာ မပျက်ပြယ်သေးတဲ့ ထူးဆန်းတဲ့ ချီတစ်မျိုးလည်း ရှိနေတယ်”
ချီရွှမ်းစုက မေးလိုက်၏။
“အဲဒီ အမျိုးသမီးနှစ်ယောက်မှာ ညစ်ညမ်းတဲ့အရာတစ်ခုခု ရှိနေတယ်လို့ မင်းပြောချင်တာလား”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။
“သူတို့တွေက ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်နွယ်နေမယ်လို့ ငါထင်တယ်… ရှေးဟောင်းအင်မော်တယ်တွေကို ယုံကြည်တဲ့သူတွေမှာ သိသိသာသာသန်မာတဲ့ ကိုယ်ကာယမရှိပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကိုသုံးပြီး ရှေးဟောင်းအင်မော်တယ်တွေရဲ့ ဂမ္ဘီရစွမ်းအားကို ငှားရမ်းအသုံးချနိုင်တယ်… အဲဒီ အမျိုးသမီးနှစ်ဦးက ရှေးဟောင်းအင်မော်တယ် ယုံကြည်သူတွေဆိုရင် အခုလိုဖြစ်ရတာ ယုတ္တိရှိတယ်”
ချီရွှမ်းစုက သူပစ်သတ်လိုက်သော အမျိုးသမီးဆီသို့ လျှောက်လှမ်းသွား၏။ ထိုအမျိုးသမီးက အဝတ်အစားများကို အထပ်ထပ် ဝတ်ဆင်မထားသောကြောင့် တကူးတက လိုက်ရှာနေစရာ မလိုအပ်ပေ။ သူက အမျိုးသမီး၏ လက်ကောက်ဝတ်၊ လည်ပင်းနှင့် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်း သူမ၏ လက်ကောက်ဝတ်မှာ ပုတီးတစ်ကုံးကို တွေ့လိုက်ရသည်။
ဤပုတီးစေ့များက တာအိုဆုတောင်းပုတီးစေ့များ ဖြစ်သည်။
ဗုဒ္ဓဆုတောင်းပုတီးကုံးများသည် ဒုက္ခ ၁၀၈ မျိုးကို ရည်ညွှန်းပြီး များသောအားဖြင့် ပုတီးအလုံးရေ ၁၀၈ လုံး ရှိတတ်သည်။ တာအိုဆုတောင်းပုတီးများသည် ရှေးဦးမူလတာအိုဘိုးဘေး၏ အသွင်ပြောင်းလဲခြင်း ၈၁ မျိုးကို ရည်ညွှန်းပြီး ပုတီးလုံးအရေအတွက်က ၈၁ လုံး ရှိတတ်သည်။ တာအိုဆုတောင်းပုတီးများမှာ အရေအတွက် ၁၂၊ ၂၄၊ ၂၈ နှင့် ၃၆ တို့ကိုလည်း အသုံးပြုတတ်ပေသည်။
ချီရွှမ်းစုက အလောင်း၏ လက်ကောက်ဝတ်ကနေ ဆုတောင်းပုတီးကို ဖြုတ်ယူပြီး သေသေချာချာ ကြည့်လိုက်၏။ စုစုပေါင်း ပုတီး ၁၂ လုံး ရှိပြီး ပုံမှန် တာအိုပုတီးကုံးပုံစံ ဖြစ်သည်။ ပုတီးစေ့ တစ်လုံးချင်းစီမှာ တူညီသော အမျိုးသမီး၏ မတူညီသော ပုံသဏ္ဌာန်များကို ရေးထွင်းထားလေသည်။ ပုံသဏ္ဌာန်အချို့က လူနှင့်တူပြီး ပုံသဏ္ဌာန်တချို့က နဂါးများ သို့မဟုတ် မြွေများနှင့် တူသည်။ ပုံတချို့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် သို့မဟုတ် ခေါင်းနှစ်လုံး လက်လေးဖက်များပင် ရှိနေပြီး ပုံတချို့မှာ မျက်လုံးနှစ်ဖက်ကြား သို့မဟုတ် အတောင်ပံ နှစ်ခုကြားတွင် တတိယမြောက်မျက်လုံးပင် ရှိနေသည်။
သူသည် ဤအမျိုးသမီးကို အရင်က တစ်ခါမှမတွေ့မြင်ဖူးဘဲ ဆုတောင်းပုတီးကို ကျန်းယွဲ့လုထံကမ်းပေးလိုက်၏။
သူမက ဆုတောင်းပုတီးကိုယူပြီး ခဏမျှ အကဲခတ်ကြည့်လိုက်၏။
“ဒါက ဝူလောထံကနေလာတာ ဖြစ်လောက်တယ်”
“ဝူလောလား”
ချီရွှမ်းစုက ဒွိဟဖြစ်ကာ မေးလိုက်၏။
ကျန်းယွဲ့လုနှင့် ချီရွှမ်းစု နှစ်ယောက်စလုံးမှာ မတူညီသော အားသာချက်များ ကိုယ်စီရှိကြသည်။ အပြင်လောကတွင် ခရီးသွားလာခြင်းမှာ သူမသည် သူ့လောက် အတွေ့အကြုံမရှိသော်လည်း ရှေးဟောင်းအင်မော်တယ်များနှင့် ပတ်သက်သည့် အရေးကိစ္စများ ပေါ်ထွက်လာသည့်အခါ သူမက သူ့ထက် များစွာပိုမို ဗဟုသုတကြွယ်သည်။
သူမက ရှင်းပြလိုက်၏။
“ဝူလောက ရှေးဟောင်းအင်မော်တယ်တွေထဲက တစ်ဦးပဲ.. သူက လင်းရှန် စုန်းကဝေဝါဒဂိုဏ်းရဲ့ တည်ထောင်သူလည်း ဟုတ်တယ်… တာအိုဂိုဏ်းတော် မကြီးစိုးခင်က ရှေးဟောင်း စုန်းကဝေတွေက သူတို့ရဲ့အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်… ရှေးဟောင်း စုန်းကဝေဝါဒဂိုဏ်းက ဘိုးဘေးတွေကို လင်းရှန်စုန်းဆယ်ပါးလို့ခေါ်ပြီး ဝူလောက သူတို့ထဲက တစ်ဦး ဖြစ်ခဲ့တယ်”
“နောက်ပိုင်းမှာ လင်းရှန် စုန်းဆယ်ပါးက ဖြိုခွဲခံခဲ့ရတယ်… သူတို့ထဲက ငါးယောက်က ဝူယန်နဲ့အတူ လင်းရှန်ကနေ ထွက်ခွာသွားပြီး သူတို့ကိုယ်သူတို့ ဉာဏ်အလင်းပွင့် စုန်းခြောက်ဦးလို့ အမည်ပေးခဲ့ကြတယ်… ကျန်တဲ့ စုန်းတွေကလည်း အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်… ဝူလောနဲ့ သူ့ရဲ့ညီမတွေက အဲဒီတုန်းကခေါင်းဆောင် ဝူရှန်ကို သတ်ဖြတ်လိုက်တယ်… အဲဒီလိုနဲ့ ရှေးဟောင်း စုန်းမျိုးနွယ်မှာ စုန်းလေးဦးပဲ ကျန်ခဲ့တယ်… အဲဒီအထဲမှာ ဝူလောက စွမ်းအားအကြီးမားဆုံး ဖြစ်လာခဲ့တယ်… အဲဒါကြောင့် ဝူလောက ဝူရှန်ရဲ့နေရာကို အစားထိုးဝင်ယူပြီး ဝူဝါဒဂိုဏ်းရဲ့ ခေါင်းဆောင်သစ် ဖြစ်လာခဲ့တယ်”
“ကျန်းမိသားစုက အရင်ကောင်းကင်ဆရာသခင်က ဩဇာအာဏာရလာတဲ့အချိန်မှာ စစ်တပ်တစ်တပ်ကိုဦးဆောင်၊ လင်းရှန်ကို တိုက်ခိုက်ပြီး ဝူလောနဲ့ ဝူကူကို သတ်ဖြတ်ခဲ့တယ်… ဝူဝါဒကိုလည်း ဖျက်ဆီးခဲ့တယ်… ကျန်တဲ့ မဟာစုန်းနှစ်ဦးက မြက်ခင်းလွင်ပြင်ဒေသနဲ့ သမုဒ္ဒရာနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်… သူတို့က အမွေအနှစ်တစ်ခုစီချန်ခဲ့ပြီး အဲဒါက နတ်ဆရာဂိုဏ်းရဲ့ မူလဇစ်မြစ် ဖြစ်လာခဲ့တယ်”
“ဒါပေမဲ့… လွန်ခဲ့တဲ့နှစ်နှစ်ရာကပဲ ဝူလောက ပြန်လည်ရှင်သန်လာပြီး မော်တယ်ဘုံမှာ ပြန်ပေါ်လာခဲ့တယ်… သူက ဝူဝါဒရဲ့ တည်ထောင်သူဖြစ်တယ်လို့ ထုတ်ဖော် ကြွေးကြော်ခဲ့တယ်… အဲလိုနဲ့ တာအိုဂိုဏ်းတော်က သူ့ကို ရှေးဟောင်းအင်မော်တယ်တစ်ဦးအဖြစ် စာရင်းသွင်းခဲ့ကြတယ်”
ချီရွှမ်းစုက ပါးစပ်အဟောင်းသားဖြစ်နေ၏။
“ဒီမိန်းမနှစ်ဦးက ဝူလောရဲ့ နောက်လိုက်တွေလား… ဒီနေရာက ခွန်လွင်တောင်ကြားစခန်းနဲ့ ကီလိုမီတာ ရာဂဏန်းလောက်ပဲ ကွာတာ… ဒါတောင် သူတို့က အဲလောက်ထိ သောင်းကျန်းနေကြပြီလား”
ကျန်းယွဲ့လုက ပြောလိုက်၏။
“ဒါက ဘာဟုတ်သေးလို့လဲ… ရှေးဟောင်းအင်မော်တယ်တွေ အသောင်းကျန်းဆုံးအချိန်တုန်းက သူတို့က ရွှမ်မြို့တော်ထဲကိုတောင် စိမ့်ဝင်ထိုးဖောက်ခဲ့တယ်”
ချီရွှမ်းစုက ခဏမျှ စွံ့အနေ၏။ ထို့နောက် သူက ပြောလိုက်သည်။
“ကိုယ့်ရဲ့ ပိုင်နက်နယ်မြေထဲကို ကျူးကျော်လာရင် ဘယ်အဖွဲ့အစည်းကမှ သည်းမခံနိုင်ကြဘူး… တာအိုဂိုဏ်းတော်က လျှို့ဝှက်အသင်းအဖွဲ့တွေကို ဖြိုခွဲချင်နေတာ မထူးဆန်းတော့ဘူးပဲ”
ကျန်းယွဲ့လုက သူမ၏ အလေ့အကျင့်တိုင်း စတင်၍ ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်၏။ သူမ၏ ထိခိုက်ဒဏ်ရာကြောင့် သူမက လက်နှစ်ဖက်ဖြင့် ခါးကို အလိုလို ထောက်ထားရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး လမ်းလျှောက်သည်နှင့် တူနေသည်။
ဤသည်ကိုကြည့်ပြီး ချီရွှမ်းစုက ရယ်ချင်စိတ်ကို ထိန်းထားချင်သော်လည်း မတတ်နိုင်ဘဲ သူ၏ပခုံးနှစ်ဖက်က တသိမ့်သိမ့် လှုပ်ခါနေ၏။
ကျန်းယွဲ့လုက သူမ၏ ခြေလှမ်းကို ရပ်တန့်၍ ချီရွှမ်းစုကိုကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။
“ထျန်းယွမ်… နင် ဘာလို့ ရယ်နေတာလဲ”
ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်လိုက်၏။
“ငါ ရယ်စရာကောင်းတဲ့တစ်ခုခုကို ရုတ်တရက် တွေ့မိသွားလို့ပါ”
“အဲဒါက ရယ်စရာကောင်းတယ်ဆိုရင်လည်း ငါ့ကို ပြောစမ်းပါဦး… ငါလည်း ရယ်ချင်တာပေါ့”
ကျန်းယွဲ့လု၏ လေသံက အတော်လေး သိမ်မွေ့နေ၏။
တစ်ခုခု လွဲမှားနေသည်ကို ချီရွှမ်းစုက ရုတ်တရက် ခံစားမိလိုက်၏။ သူက စကားလမ်းကြောင်းပြောင်းဖို့ မစဉ်းစားနိုင်ခင် သူ၏ နံဘေးမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ ကျန်းယွဲ့လုက သူ့ကို ဆိတ်လိုက်ခြင်းဖြစ်သည်။
“အား…”
ချီရွှမ်းစုက ပင့်သက်ကိုရှိုက်ပြီး ကျန်းယွဲ့လုလို သူ့ခါးကို လက်ဖြင့် ထောက်လိုက်ရသည်။
ကျန်းယွဲ့လုက ရယ်လိုက်၏။
“အဲဒါက တော်တော်ရယ်စရာကောင်းတာပဲ… နင်က လမ်းလေးဘာလေး လျှောက်လိုက်ရင် ပိုပြီး ရယ်စရာကောင်းသွားမှာ”
ချီရွှမ်းစုက နှာတစ်ချက်မှုတ်လိုက်၏။ သူ၏ ကျင့်ကြံမှုအဆင့်အရ သူက ခွန်းတုံ့ပြန်ရဲခြင်း မရှိပေ။
ချီရွှမ်းစုက ပို၍ အတင့်ရဲလာသည်ဟု ကျန်းယွဲ့လု တွေးမိသည်။ သို့သော်လည်း သူမက သူ့ကို အလိုလိုက်ထားသောကြောင့်သာ ဖြစ်သည်။ ထို့သို့ဖြင့် သူတို့သည် အထက်လူကြီးနှင့် လက်အောက်ငယ်သားဆိုသည်ထက် မိတ်ဆွေသူငယ်ချင်းများနှင့် ပို၍တူနေသည်။
ခဏနေပြီးနောက် ကျန်းယွဲ့လုက သူမ၏ ချီကိုသုံးပြီး နံကြားမှ ထူးဆန်းသောချီကို ချေဖျက်လိုက်၏။ နောက်ဆုံးမှာတော့ သူမက ခါးထောက်စရာ မလိုတော့ပေ။
ချီရွှမ်းစုက သူ၏ နံကြားကို ပွတ်သပ်ပြီး မေးလိုက်၏။
“ရှေးဟောင်းအင်မော်တယ်တွေက ဘာလို့အဲလောက်ထိ စွမ်းအားကြီးမားချင်ကြတာလဲ… အဲဒါက ပူဇော်ပသ စွမ်းအားကြောင့်ပဲလား… ရှေးဟောင်းအင်မော်တယ်တချို့က ပထမအဆင့် တာအိုအကြီးအကဲတွေအဖြစ် တာအိုဂိုဏ်းတော်ကို ဝင်ရောက်ခဲ့တယ်လို့လည်း မင်းပြောခဲ့သေးတယ်”
ကျန်းယွဲ့လုက ခဏမျှ စဉ်းစားကာ ပြောလိုက်၏။
“အဲဒီ အဆင့်မြင့် ရှေးဟောင်းအင်မော်တယ်တွေအတွက်တော့ ငွေကြေးဥစ္စာတွေက သူတို့အတွက် အဓိပ္ပာယ် မရှိတော့ဘူး… သူတို့ရဲ့ ငွေကြေးက ပူဇော်ပသစွမ်းအားပဲ… အဲဒါ အသပြာထက်ပိုပြီး အရေးပါတယ်… အဲဒါက သူတို့ရဲ့ အစာအာဟာရဆိုလည်း ဟုတ်တယ်”
ကျန်းယွဲ့လုက ရပ်တန့်ကာ ထပ်ပြောလိုက်၏။
“ငါက.. ငါသိတာ နင့်ကို ပြောပြရုံပဲ”
ချီရွှမ်းစုက အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
“ဒီလောကက ရှေးဟောင်းအင်မော်တယ်တွေအတွက် ကြီးမားတဲ့ လှောင်အိမ်ကြီးတစ်ခုဖြစ်တယ်လို့ မင်းပြောခဲ့ဖူးတယ်… အရင်မျိုးဆက် မဟာအကြီးအကဲတွေနဲ့ မဟာသူတော်စင်တွေက တက်လှမ်းပြီး ကွယ်လွန်သွားကြပြီ… ဒါပေမဲ့ ရှေးဟောင်းအင်မော်တယ်တွေကတော့ မော်တယ်ဘုံမှာ ဆက်ရှိနေတုန်းပဲ… ငါတို့ရဲ့ မှော်စွမ်းအားတွေအားလုံး ပျောက်ဆုံးသွားမယ်ဆိုရင် ဘာဖြစ်မလဲလို့လည်း မင်းပြောခဲ့ဖူးတယ်… အဲဒီနှစ်ခုကြားမှာ ပတ်သက်ဆက်စပ်မှု ရှိနေမလား”
ကျန်းယွဲ့လုက ချီရွှမ်းစုအပေါ် ချီးကျူးလိုစိတ်ကို ဖုံးကွယ်မထားပေ။
“ဟုတ်တယ်… အဲဒါက ဆက်စပ်မှုရှိတယ်… မော်တယ်ဘုံရဲ့ အချုပ်အနှောင်တွေကနေ ရှေးဟောင်းအင်မော်တယ်တွေ လွတ်မြောက်ဖို့အတွက် ပူဇော်ပသစွမ်းအားက အဓိကကျတယ်လို့ပဲ ငါနင့်ကို ပြောနိုင်တယ်… တာအိုဂိုဏ်းတော်က ရှေးဟောင်းအင်မော်တယ်တွေကို မော်တယ်ဘုံမှာနေဖို့ အတင်းအကျပ် ဖိအားပေးထားပေမဲ့ သူတို့ကို ပူဇော်ပသစွမ်းအားတွေ သိမ်းပိုက်ခွင့်လည်း ပေးမထားဘူး… ရှေးဟောင်းအင်မော်တယ်တွေကို သူတို့ရဲ့ ကိုယ်ကျိုးအတ္တ ရည်ရွယ်ချက်တွေအတွက် အယူဝါဒဂိုဏ်းတွေကိုလည်း တည်ထောင်ခွင့် ပေးမထားဘူး”
“ပြောရမယ်ဆိုရင် တာအိုဂိုဏ်းတော်က လောကရဲ့ လည်ပတ်မှုကိုပဲ ဂရုစိုက်တယ်… ရှေးဟောင်းအင်မော်တယ်တွေရဲ့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘူး… သာမန်လူတွေရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တာအိုဂိုဏ်းတော်ရဲ့ လုပ်ရပ်က မှန်ကန်တယ်”
“အထက်လမ်းယုံကြည်မှုနဲ့ နတ်ဆိုးယုံကြည်မှုကြားမှာ ဘာကွာခြားမှု ရှိလဲ”
ကျန်းယွဲ့လုက ပြန်ဖြေလိုက်၏။
“တကယ်တော့ အဲဒါက စီးပွားရေးလုပ်သလိုမျိုးပဲ… အထက်လမ်းယုံကြည်မှုက ဥစ္စာဓနကို အကျိုးသင့်အကြောင်းသင့် တရားနည်းလမ်းကျစွာနဲ့ ဖြည်းဖြည်းချင်း အချိန်ယူ စုဆောင်းတဲ့ အတည်အတန့် လုပ်ငန်းတစ်ခုလိုပဲ… ဒါပေမဲ့ အယူဝါဒဂိုဏ်းတွေကတော့ ငွေကြေးဥစ္စာကို ဖြတ်လမ်းနည်းနဲ့ အမြန်ရလိုတဲ့ တခြားသူတွေအပေါ် အမြတ်ထုတ်သူတွေပဲ”
“များသောအားဖြင့်ပြောရရင် အထက်လမ်းနတ်တွေက သူတို့ရဲ့ ယုံကြည်သူတွေကို ကောင်းတာတွေလုပ်ဖို့ တိုက်တွန်းလေ့ရှိတယ်… ပူဇော်ပသစွမ်းအားကို ရပြီးတဲ့နောက် သူတို့က လူတွေကို ပြန်ပြီးတော့ ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်… ဒါပေမဲ့ နတ်ဆိုးတွေကတော့ အယူဝါဒဂိုဏ်းတွေကို ဖန်တီးပြီး ပူဇော်ပသစွမ်းအားကို သိမ်းယူကြတယ်… သူတို့က လူတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ဖို့တော့ ပျက်ကွက်ကြတယ်”
ချီရွှမ်းစုက ထပ်မံ၍ မေးမြန်းလိုက်၏။
“အဲဒီ ရှေးဟောင်းအင်မော်တယ်တွေက လူတွေကို မကောင်းတာလုပ်ဖို့ တိုက်တွန်းပြီး သူတို့က ဘာကောင်းကျိုးရမှာလဲ… အဲဒါက မကောင်းတဲ့ လုပ်ရပ်တွေ သက်သက်အတွက်ပဲလား”
ကျန်းမိသားစု၏ သမိုင်းဝင်မှတ်တမ်းများကြောင့် ကျန်းယွဲ့လုသည် စုန်းကဝေဝါဒဂိုဏ်းများကို ချေမှုန်းသုတ်သင်သည့်အကြောင်း ကောင်းကောင်း သိထား၏။ သူမက ပြောလိုက်၏။
“အရင်တုန်းက ဝူလောက မော်တယ်ဘုံမှာ ဂမ္ဘီရတိုင်းပြည်တစ်ခုကို တစ်ခါက ဖန်တီးခဲ့ဖူးတယ်… ဝူလောကို ယုံကြည်တဲ့ ဘယ်သူမဆို သူတို့ရဲ့ အိပ်မက်ထဲကနေ သူမရဲ့ ဂမ္ဘီရတိုင်းပြည်ထဲ ဝင်ရောက်နိုင်ကြတယ်… သူတို့က ဝူလောချမှတ်ထားတဲ့ စမ်းသပ်ချက်အမျိုးမျိုးကို ဖြတ်ကျော်နိုင်တာနဲ့ ကျူးယိုအစီအရင်ကို ပိုင်ဆိုင်ရရှိလိမ့်မယ်… တာအိုဂိုဏ်းတော်က အဲဒါကို ဘဝင်ခိုက်ခြင်းလို့ခေါ်ပြီး မွန်မြတ်သန့်စင်နန်းတော်ကတော့ အဲဒါကို အိပ်မွေ့ချတာလို့ ခေါ်တယ်… အဲဒါနဲ့ လူတစ်ယောက်က တခြားသူတွေကို သူတို့ကိုယ်တိုင် မသိလိုက်ဘဲ သူ့ရဲ့အမိန့်ကို အလိုလို နာခံလာအောင် လုပ်နိုင်တယ်”
“အဲဒီအစီအရင်က ရှန်းထျန်သက်ရှိတွေမှာ အလုပ်မဖြစ်ဘူး… အဲဒါကြောင့် သူတို့က ဟောက်ထျန်သက်ရှိတွေကို ပစ်မှတ်ထားတယ်… အစီအရင်ပိုင်ရှင်ရဲ့ စိတ်ဆန္ဒတွေက အတောမသတ်ဘူး… တချို့က တခြားသူတွေရဲ့ ဥစ္စာဓနကို ခိုးယူကြတယ်.. တချို့ကတော့ အဲဒါကို အသုံးချပြီး သူများတွေရဲ့ ဇနီးမယားတွေနဲ့ သမီးပျိုတွေကို ဖျက်ဆီးကြတယ်… အဲဒီ အစီအရင်ကြောင့်ပဲ ဝူလောကို ယုံကြည်တဲ့သူတွေက ပိုများလာခဲ့တယ်”
“သူ့ရဲ့ အထွတ်အထိပ်အချိန်မှာ ဝူလောမှာ နောက်လိုက်တစ်သန်းနီးပါး ရှိလာခဲ့တယ်… သူက မဟာစုန်းတွေကြားမှာ စွမ်းအားအကြီးမားဆုံးအဖြစ် နယ်မြေဒေသတစ်ခုကို စိုးမိုးလာနိုင်ခဲ့တယ်… အဲလောက် လူတွေအများကြီးကို ဖျားယောင်းထားတာက မကောင်းတဲ့ လုပ်ရပ်တွေ အတွက်ပဲလို့ နင်ထင်လား… အဲဒီကနေ အကျိုးအမြတ်တစ်ခုခု ရမယ်လို့ နင်ထင်လား”
ချီရွှမ်းစုက အပေါ်ယံမှာ တည်ငြိမ်နေသော်လည်း ရင်ထဲမှာတော့ တုန်လှုပ်နေ၏။ အိပ်မက်များကနေတစ်ဆင့် ဂမ္ဘီရတိုင်းပြည်တစ်ခုသို့ ဝင်ရောက်ခြင်းတဲ့လား။
***