သူသည် အိပ်မက်များကနေတစ်ဆင့် ချင်းဖျင်အသင်းတော်၏ အိပ်မက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပုံကို ချီရွှမ်းစုက ပြန်လည်အမှတ်ရသွားသည်။
၎င်းသည် လူတစ်ယောက်၏ အိပ်မက်မျှသာဖြစ်သည်ဟု အစ်မချီက ပြောခဲ့သော်လည်း ဝူလော၏ အစီအရင်နှင့် ဘယ်လောက်တောင် တူနေသလဲ ချီရွှမ်းစုက နားလည်သဘောပေါက်သွားသည်။
ချင်းဖျင်အသင်း၏ အိပ်မက်အစည်းအဝေးသည် အမှန်တကယ်ဆို ဝူလော၏ ဂမ္ဘီရတိုင်းပြည် ဖြစ်နေမလား။
ထိုခဏမှာ ချီရွှမ်းစုသည် အစ်မချီ၏စကားကို ယုံရမလား သို့မဟုတ် သူ့ဘာသာသူ ကောက်ချက်ချရမလား မသိတော့ပေ။
ကျန်းယွဲ့လုက စိတ်အားထက်သန်စွာဖြင့် ရှင်းပြလိုက်၏။
ဝူလောကို ဥပမာများပေးပြီးနောက် သူမသည် အခြားသော လျှို့ဝှက်အသင်းအဖွဲ့ အတော်များများအကြောင်း ပြောပြခဲ့သည်။ ချီရွှမ်းစုက သူ၏ စိတ်ခံစားချက်များကို မျိုသိပ်၍ နှုတ်ဆိတ်ကာ စိတ်ဝင်တစား နားထောင်နေမိသည်။
ကျန်းယွဲ့လု ပြောပုံအရ တာအိုဂိုဏ်းတော်ကနေ နတ်ဆိုးမိစ္ဆာ အယူဝါဒဂိုဏ်းများဟု နာမည်ပေးထားသည့် အဓိကအသင်းအဖွဲ့ သုံးခု ရှိလေသည်။
ပထမ အသင်းအဖွဲ့သည် ကျိကွမ်းအသင်း ဖြစ်သည်။ သူတို့မှာ အဖွဲ့ဝင်များစွာမရှိဘဲ အားလုံးက အဓိကအားဖြင့် အမျိုးသမီးများဖြစ်သည်။ ဤအမျိုးသမီးများကို ကျိကွမ်းအသင်းသည် သေချာစိစစ်ရွေးချယ်ပြီး သူတို့ ကလေးဘဝကတည်းက လေ့ကျင့်ပေးထားသည်။ ရွေးချယ်ခံရသော အမျိုးသမီးများက ထက်မြက်သည့် သွင်ပြင်များရှိပြီး အမျိုးသားများကို သိမြင်နားလည်ခြင်းနှင့် အသုံးတော်ခံခြင်းမှာ ကျွမ်းကျင်ပိုင်နိုင်ကြသည်။ သူတို့သည် ပါရမီအရည်အချင်းရှိ၍ ချောမောလှပကြသည်။ ဒါ့အပြင် သူတို့မှာ ကျိကွမ်းအသင်းကနေ သေချာစီစဉ်ပေးထားသည့် သရုပ်သကန်များလည်း ရှိကြသည်။
တချို့က တာအိုဂိုဏ်းတော်၏ တပည့်ဂိုဏ်းသားများဖြစ်ပြီး တချို့က သာမန်မိသားစုများမှ ရိုးသားအပြစ်ကင်းစင်သော အမျိုးသမီးများ ဖြစ်တတ်ကြသည်။ တချို့ကတော့ ရှေးတော်ဝင်မိသားစုများမှာ အမျိုးသမီးများ ဖြစ်ကြသည်။
မိန်းကလေးတချို့သည် မွေးရာပါ ကျန်းမာရေး ချူချာ၍ အားနည်းကြသည်။ ထိုအခါ ကျိကွမ်းအသင်းမှ အဖွဲ့ဝင်များသည် တာအိုသီလရှင်များအဖြစ် ဟန်ဆောင်၍ ထိုမိန်းကလေးများ၏ အိမ်များသို့ အလည်အပတ် သွားရောက်ကာ ကျန်းမာရေးချူချာသော မိန်းကလေးများကို ဘုရားကျောင်းက ကုသပေးမည်၊ ကျင့်ကြံမှုများ သင်ကြားပေးမည်ဟု ကတိပေးကြသည်။ အသက်အရွယ်တစ်ခုရောက်မှာ ထိုမိန်းကလေးများက အိမ်သို့ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပြန်ရောက်လာကြ၏။ မိသားစုတချို့က သူတို့၏ သမီးများကို ထည့်ပေးဖို့ ဝန်လေးကြသော်လည်း တချို့ကတော့ ထည့်ပေးလိုက်ကြသည်။ ထိုအမျိုးသမီးများ အိမ်ပြန်ရောက်လာသည့်အခါ သူတို့သည် ကျိကွမ်းအသင်းကနေ သေချာလေ့ကျင့်ပေးလိုက်သည့် စစ်တုရင်ရုပ်များ ဖြစ်လာကြသည်။
ကျိကွမ်းအသင်းသည် အဖွဲ့ဝင်ဆက်ခံခြင်းကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းကြသည်။ သူတို့သည် ဗျူဟာမြောက် အကွက်ချကြံစည်ခြင်းနှင့် ဩဇာအာဏာ မရရှိသေးသူများအပေါ် အလောင်းအစား ပြုခြင်းမှာ ကျွမ်းကျင်ကြသည်။ ကျိကွမ်းအသင်း တပည့်ဂိုဏ်းသားတချို့သည် ဂုဏ်သရေရှိ မိသားစုများနှင့် လက်ထပ်ထိမ်းမြားလိုက်သော်လည်း သူတို့၏ တစ်ဘဝလုံးကို မြှုပ်နှံပစ်လိုက်ခြင်း မဟုတ်ပေ။ အပြင်လူများ၏ မျက်လုံးများထဲမှာ သူမသည် သာမန်အမျိုးသမီးတစ်ဦးမျှသာ ဖြစ်သော်လည်း နောက်ကွယ်မှာတော့ ကျိကွမ်းအသင်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်။ ထိုသို့ဖြင့် သူမ၏ သမီးများနှင့် မြေးများကလည်း ကျိကွမ်းအသင်း၏ အဖွဲ့ဝင်အသစ်များ ဖြစ်လာကြသည်။
ထို့ပြင် ကျိကွမ်းအသင်းသည် မိသားစုတစ်ခုကို အဘွားကနေ မိခင်၊ မိခင်ကနေ သမီးအထိ မျိုးဆက် အတော်များများ စိုးမိုးထားနိုင်ကြသည်။ အခြားသူများက စုံစမ်းစစ်ဆေးမည်ဆိုလျှင်လည်း မည်သည့်အရာကိုမှ တွေ့ရလိမ့်မည်မဟုတ်ပေ။
ကျိကွမ်းအသင်း၏ အခြားသော စွမ်းဆောင်မှုများနှင့်အတူ ဤအမျိုးသမီးများသည် အတွင်းပိုင်းမှာ ကျယ်ပြန့်စွာ ဖြန့်ကြက်လာသည့် ပင့်ကူအိမ်များကဲ့သို့ ဖြစ်လာသည်။
ကျိကွမ်းအသင်း၏ အထင်ကြီးစရာအကောင်းဆုံး အောင်မြင်မှုမှာ အစစ်အမှန်အရှင် ကျိကွမ်းသည် တာအိုဆရာ တန်ခိုးရှင်သူတော်စင်တစ်ဦးအဖြစ် အသွင်ယူပြီး တာအိုဂိုဏ်းတော်၏ ခရမ်းရောင်စံအိမ်သို့ စိမ့်ဝင်ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။ သူမ၏ သရုပ်သကန် ပေါက်ကြားသွားပြီးနောက် သူမသည် တုံဟွမ်နှင့်တိုက်ခိုက်ခဲ့ပြီး တာအိုဂိုဏ်းတော် တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။
ဤဖြစ်ရပ်ကြောင့်ပင် ရွှမ်အရှင်မြတ်သည် လျှို့ဝှက်အသင်းအဖွဲ့များကို ဖြိုခွဲရမည်ဟု ပထမဆုံး အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့ပြီးလျှင် ဒုတိယက ကံကြမ္မာ အယူဝါဒဂိုဏ်းဖြစ်သည်။ သူတို့က သေခြင်းတရားကို လက်ခံယုံကြည်ကြသည်။ ကိုယ့်အသက်ကိုပင် အလေးအနက်မထားသော လူတစ်ယောက်က အခြားသူများ၏ အသက်များကိုလည်း ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် အလောင်းများကို အသွင်ပြောင်း၊ ဝိညာဉ်များကို ကစားပြီး မကြာခဏ ပြဿနာရှာတတ်ကြသည်။
ကျိကွမ်းအသင်းနှင့်ယှဉ်လျှင် ကံကြမ္မာ အယူဝါဒဂိုဏ်းသည် ပို၍ပြင်းထန်ကြမ်းတမ်းသော နည်းလမ်းများကို နှစ်သက်သဘောကျသည်။ သူတို့သည် နယ်မြေဒေသတစ်ခု၏အစပ် ခရိုင်ငယ်လေးများမှာ ကျိန်စာများကို ပျံ့နှံ့စေပြီး သက်ရှိလူသားများကို သက်ရှိအလောင်းများအဖြစ် ပြောင်းလဲပစ်ကြသည်။ ဤသက်ရှိအလောင်းများက အခြားသော သက်ရှိလူသားများကို ဆက်လက်၍ ကူးစက်သွားကြသည်။ ထို့သို့ဖြင့် နောက်ဆုံးမှာ လူနေမြို့ရွာများသည် ဖုတ်ကောင်မြို့များအဖြစ် ပြောင်းလဲကုန်ကြသည်။ ဤသက်ရှိအလောင်း စစ်တပ်သည် လောကအနှံ့ ဖြန့်ကြက်ထားသည့် ဖုတ်ကောင်ဒီရေလှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဤဖြစ်စဉ်အတွင်း ထိုလူများ၏ သက်ရှိဝိညာဉ်များကို အစစ်အမှန်အရှင်စစ်မင်ထံ ယဇ်ပူဇော်ကြသည်။ ရှေးဟောင်းအင်မော်တယ်များအတွက်တော့ ဝိညာဉ်၊ အသား၊ အသွေးနှင့် ပူဇော်ပသစွမ်းအားများမှာ တူညီသော တန်ဖိုးရှိကြသည်။ ကွာဟချက်က ကြက်များနှင့် ကြက်ဥများကဲ့သို့ ဖြစ်သည်။ ဥစားဖို့အတွက် ကြက်များကို မွေးမြူနိုင်သလို ထိုကြက်များကို သတ်ဖြတ်ပြီး သူတို့၏ အသားကိုလည်း စားသုံးနိုင်သည်။ ကံကြမ္မာ အယူဝါဒဂိုဏ်းသည် နောက်ပိုင်းနည်းကို ပိုမိုနှစ်သက်သည်မှာ သံသယရှိစရာ မလိုပေ။
သို့သော်လည်း ဤကဲ့သို့သော အပြုအမူများသည် တာအိုဂိုဏ်းတော်၏ ပြင်းပြင်းထန်ထန် ဖိနှိမ်ခြင်းကို မကြာခဏ ရရှိတတ်သည်။ နောက်ဆုံးတစ်ခေါက် ဖုတ်ကောင်အုံကြွမှုမှာ တာအိုဂိုဏ်းတော်သည် မဟာသူတော်စင်တစ်ပါး၊ ပထမအဆင့် စစ်ဝိညာဉ်တပ်သားတစ်ဦးနှင့် တိုက်ပွဲဝင်သူတော်စင် ၁၂ ဦးကို စေလွှတ်ခဲ့သည်။ ထို့အပြင် တတိယအဆင့်နှင့် စတုတ္ထအဆင့် တာအိုအကြီးအကဲများ၊ အဆင့်နိမ့် တာအိုဆရာများနှင့် စစ်ဝိညာဉ်တပ်သား ရာချီကိုလည်း ပို့လွှတ်ခဲ့လေသည်။
ထိုဖုတ်ကောင်အုံကြွမှုမှာ ပါဝင်ပတ်သက်ခဲ့သော ကံကြမ္မာ အယူဝါဒဂိုဏ်း၏ အဖွဲ့ဝင်များအားလုံးသည် အပြီးတိုင် ကွပ်မျက်သုတ်သင်ခံခဲ့ရသည်။ မည်သူကမှ ချမ်းသာရာ မရခဲ့ပေ။ ထိုဖြစ်ရပ်ကနေ ကံကြမ္မာ အယူဝါဒဂိုဏ်းသည် များပြားသော သေကြေပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ယခုအချိန်ထိ နလန်ပြန်မထူနိုင်သေးပေ။
နောက်ဆုံးအဖွဲ့ကတော့ အနောက်တိုင်း မွန်မြတ်သန့်စင်နန်းတော်နှင့် တူသယောင်နှင့် မတူညီသော ကောင်းကင်ဘုံနန်းတော်ဖြစ်သည်။ ကောင်းကင်ဘုံနန်းတော်သည် ပိုင်ယန်ဂိုဏ်းအဖြစ်လည်း လူသိများသည်။ အစောပိုင်းနှစ်များမှာ ၎င်းသည် အနာဂတ် ဗုဒ္ဓလောင်းကို ယုံကြည်သော ကြာဖြူဂိုဏ်း၏ အခွဲတစ်ခု ဖြစ်ခဲ့သည်။
နောက်ပိုင်းမှာတော့ သူတို့သည် သီးခြားရပ်တည်လာပြီး ပိုင်ယန်ဘိုးဘေးကို ယုံကြည်ကိုးကွယ်သူများအဖြစ် ကူးပြောင်းသွားကြသည်။ ထို့နောက် သူတို့သည် ချင်းယန်ဂိုဏ်း၏ ကြွင်းကျန်ရစ်သူများနှင့် ပေါင်းစည်းသွားကြ၏။ နောက်ဆုံးမှာတော့ သူတို့သည် ပို၍ပင် အစွန်းရောက်လာကြပြီး ဘာသာ ၅ ခုကို ပေါင်းစည်းမည်ဟု ကြွေးကြော်ခဲ့ကြသည်။ ထို့သို့ဖြင့် သူတို့ကို ယုံကြည်သည့်သူ များလာခဲ့၏။
ကောင်းကင်ဘုံနန်းတော်ကို လူတစ်ယောက်အဖြစ် သတ်မှတ်မည်ဆိုလျှင် တာအိုဝါဒ၊ ဗုဒ္ဓဝါဒ၊ ကွန်ဖြူးရှပ်ဝါဒ၊ နတ်ဆရာဝါဒနှင့် မွန်မြတ်သန့်စင်နန်းတော်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းမည်ဟု ကြွေးကြော်ထားသောကြောင့် ထိုသူကို လောကမှာ စိတ်ကယောင်ချောက်ချား အဖြစ်ဆုံးသူဟု သတ်မှတ်ရပေမည်။ ကောင်းကင်ဘုံနန်းတော်သည် ဘာသာ ၅ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး အရင်က ကွန်ဖြူးရှပ်ကျောင်းတော်နှင့် တာအိုဂိုဏ်းတော်က ခေါင်းဆောင်များ မလုပ်နိုင်ခဲ့သည့်အရာကို အောင်မြင်အောင်လုပ်မည်ဟု ကြွေးကြော်ကြသည်။
သို့သော်လည်း ရှေးဟောင်းအင်မော်တယ်များနှင့်မတူဘဲ သူတို့က အတော်လေး ငွေမက်ကြသည်။ သူတို့သည် အသွေး၊ အသား သို့မဟုတ် ဝိညာဉ်များကို မလိုချင်ကြပေ။ သူတို့သည် ပူဇော်ပသစွမ်းအားနှင့် အသပြာကိုသာ လိုချင်တပ်မက်ကြသည်။ သူတို့သည် လူပေါင်းသိန်းချီကို လိမ်လည်လှည့်ဖြားခဲ့သည့် ရိုက်စားများ ဖြစ်ခဲ့ကြသည်။
ဤကဲ့သို့သော အခြေအနေများမှာ တိုင်းပြည်နှင့် လူထုအပေါ် ပျက်စီးထိခိုက်မှု ဖြစ်စေသည့် ကောင်းကင်ဘုံနန်းတော်ကို ချေမှုန်းဖျက်ဆီးဖို့သည် အင်ပါယာနန်းတော်၏ အဓိကတာဝန် ဖြစ်လာခဲ့သည်။ ကောင်းကင်ဘုံနန်းတော်က တုံ့ပြန်တိုက်ခိုက်ခဲ့သော်လည်း သူတို့အများစုက ဝတ်ရုံနက်များကို မယှဉ်နိုင်ကြပေ။ သို့သော် ဖီးနစ်စိမ်းတပ်ဖွဲ့သည်လည်း ကောင်းကင်ဘုံနန်းတော်၏ ပင်မအူတိုင်နှင့် ဝါရင့်ခေါင်းဆောင်များကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပေ။ ထို့သိုဖြင့် သူတို့ကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ကြပေ။
ချီရွှမ်းစုသည် အပြင်လောကမှာ သွားလာခဲ့စဉ်က ဤအကြောင်းအရာများထဲမှ တချို့တလေကို ကြားဖူးထားခဲ့၏။ သို့သော်လည်း သူသည် ကျိကွမ်းအသင်း သို့မဟုတ် ကံကြမ္မာ အယူဝါဒဂိုဏ်းတို့ကို မကြားဖူးခဲ့ပေ။ ဤလျှို့ဝှက်အဖွဲ့အစည်းများ၏ နည်းလမ်းများမှာ သူက တိတ်တဆိတ် အံ့ဩဘနန်းဖြစ်ရသည်။
ဤလျှို့ဝှက်အဖွဲ့အစည်းများ၏ တည်ရှိမှုကြောင့်ပင် တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်မှာ ပူးပေါင်းဆက်ဆံရေးတစ်ခု ဆက်ရှိနေခြင်းဖြစ်သည်။ ထိုအင်အားစုကြီးနှစ်ခုမှာ ဘုံရန်သူများ ရှိနေခြင်းကြောင့် ဖြစ်လေသည်။
ချီရွှမ်းစုက မေးလိုက်၏။
“ဒီဓားပြအုပ်စုက ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်စပ်နေတယ်ဆိုရင် ငါတို့ အဲဒီနောက်ကို ထပ်ပြီး လိုက်သင့်လား”
“လိုက်သင့်တာပေါ့… ငါတို့ အဲဒါကို စုံစမ်းရမယ်”
ကျန်းယွဲ့လု၏ မျက်လုံးက ဝင်းလက်သွား၏။
“ငါတို့ ၃ လအတွင်း ဒီကိစ္စကို စုံစမ်းဖော်ထုတ်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲ… အဲဒါဆိုရင် ငါ အိမ်ကို ပြန်စရာလည်း မလိုတော့ဘူး… ဒါက ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်စပ်နေမှတော့ ငါ့အမေကလည်း ကန့်ကွက်စကား ပြောနိုင်မှာ မဟုတ်ဘူး”
ချီရွှမ်းစုက ထပ်ပြောလိုက်၏။
“ဒါဆို… ငါတို့ အခု ဘာလုပ်ကြမလဲ… ထွက်ပြေးသွားတဲ့ ဓားပြတွေနောက်ကို လိုက်ကြမလား”
အရင်က ပေချန်ခန်းမမှာ တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ရှေးဟောင်းအင်မော်တယ်များနှင့် ပတ်သက်သည့် အရေးကိစ္စများကို ကိုင်တွယ်ရာမှာ ကျန်းယွဲ့လုက ပို၍ကျွမ်းကျင်လေသည်။
သူမက တည်တံ့သော လေသံဖြင့် ပြောလိုက်၏။
“သူတို့တွေအားလုံးက နောက်လိုက်ပါမွှားလေးတွေပဲ.. ဒါပေမဲ့ လင်းရှန် စုန်းကဝေဂိုဏ်းက ရန်လိုတတ်တယ်… ငါတို့က သူတို့လူတွေကို သတ်ဖြတ်လိုက်တဲ့အတွက် သူတို့က ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူး… သူတို့ ပြန်လာဖို့ များတယ်… ငါတို့ ဒီကနေ စောင့်နေရုံပဲ”
ချီရွှမ်းစုက ရှေးဟောင်းဘုရားကျောင်း၏ အပြင်ဘက် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ မလှမ်းမကမ်းမှာ သစ်ပင်ခြောက်များနှင့် တောအုပ်တစ်ခု ရှိနေ၏။ သူက မေးလိုက်သည်။
“ချင်းရှောင်… မင်းမှာ ဖီးနစ်မျက်လုံးဗုံး ဒါမှမဟုတ် နဂါးမျက်လုံးကျည်ဆန် ရှိသေးလား”
“အဲဒီပစ္စည်းနှစ်မျိုးလုံးက ဈေးကြီးတယ်… အဲဒါကို အကန့်အသတ်နဲ့ပဲ ခွင့်ပြုပေးထားတာ… နောက်ပြီး ငါတို့ အဲဒါကို အပိုဆောင်ထားလေ့ မရှိဘူး… စစ်ဆင်ရေးတစ်ခုရှိမှပဲ အဲဒီပစ္စည်းတွေကို ခွဲဝေပေးတယ်”
ကျန်းယွဲ့လုက ချီရွှမ်းစု၏ စိတ်ကူးကို ငြင်းပယ်လိုက်သည်။
“ဒါက သိပ်မကြီးမားတဲ့ကိစ္စပဲ… အဲလောက်ထိ စွမ်းအားပြင်းတဲ့ ခဲယမ်းလက်နက်တွေကို သုံးစရာ မလိုပါဘူး”
“ဒါဆို… အစားထိုးစရာ တစ်ခုခုရှိလား”
ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီးနောက် သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ အိတ်ငယ်တစ်လုံးကို ဆွဲထုတ်လိုက်၏။
“ဒါက ဖီးနစ်မျက်လုံးကျည်ဆန်ပဲ… ဒါက စွမ်းအား သိပ်မကြီးမားပေမဲ့ ငါ့မှာ အတော်များများရှိတယ်”
ချီရွှမ်းစုက အိတ်ကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်၏။ အထဲမှာ ဇီးစေ့အရွယ် ကျည်ဆန် ဆယ်တောင့်ကျော် ရှိလေသည်။ သူက ဤကျည်ဆန်များကို ဘယ်လိုသုံးရမလဲ စတင်၍ စဉ်းစားတွေးတောလိုက်၏။
အပြင်လောကမှာ တိုက်ခိုက်ခြင်းသည် တစ်ယောက်ချင်း တိုက်ခိုက်ရသည်နှင့် မတူကြောင်း အစ်မချီက တစ်ကြိမ်မက ပြောခဲ့ဖူးသည်။ ဤနေရာမှာ တရားမျှတမှုအကြောင်း ပြောစရာမရှိဘဲ အနိုင်ရဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုရမည်ဟု ဆိုလိုသည်။
ကျင့်ကြံမှုနယ်ပယ်သည် ဘာသာ ၃ ခု၏ တည်ထောင်သူများထံမှ လာခဲ့သည်။ ၎င်း၏ မူလရည်ရွယ်ချက်သည် အခြားသူများနှင့် ယှဉ်ပြိုင်ဖို့မဟုတ်ဘဲ ထာဝရရှင်သန်မှုနှင့် သို့မဟုတ် ဉာဏ်အလင်းပွင့်မှုကို အောင်မြင်ရရှိဖို့ဖြစ်သည်။
ထို့ကြောင့် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်သည် ထိုသူ၏ တိုက်ခိုက်ရည်စွမ်းအားနှင့် မလွဲမသွေ ဆက်စပ်မှုတချို့ ရှိသော်လည်း တိုက်ရိုက် အချိုးမကျပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားလျှင် တိုက်ခိုက်ရေးစွမ်းအားက ပိုမိုသန်မာလေ ဖြစ်သော်လည်း အမြဲတမ်း တပ်အပ်သေချာ မပြောနိုင်ပေ။ ဤသဘောတရားမှာ ခြွင်းချက်များလည်း ရှိနေသည်။
ဥပမာအားဖြင့် တိုက်ခိုက်ရေးအတွေ့အကြုံ နည်းပါးသော ပန်းခင်းထဲကတာအိုဆရာများမှာ မြင့်မားသော ကျင့်ကြံမှုအဆင့်များ ရှိတတ်ကြသည်။ သို့သော်လည်း သူတို့သည် ကျင့်ကြံမှုအဆင့်ပိုနိမ့်သည့် အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမားများနှင့် တိုက်ခိုက်ရသည့်အခါ ပန်းခင်းထဲက တာအိုဆရာများက အလွယ်တကူ ရှုံးနိမ့်သွားနိုင်၏။
အစစ်အမှန်လောကမှာ တိုက်ခိုက်မှုများ၊ အထူးသဖြင့် သေခြင်းရှင်ခြင်း တိုက်ပွဲများသည် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်၊ အချိန်ကာလ၊ နေရာဒေသ၊ ပရိယာယ်၊ ဂမ္ဘီရစွမ်းရည်များနှင့် ပြင်ပပစ္စည်းများအပေါ် မူတည်နေသည်။ ဤအချက် ၆ ချက်က တိုက်ပွဲတစ်ပွဲမှာ အနိုင်ရဖို့ အလွန်တရာ အရေးပါလေသည်။
ချီရွှမ်းစုက ရှေးဟောင်းဘုရားကျောင်းထဲကနေ ထွက်ခွာပြီး အပြင်ဘက်တောအုပ်မှာ ထောင်ချောက်တစ်ခုကို ခင်းကျင်းလိုက်သည်။
ကျန်းယွဲ့လုကတော့ လွဲချော်နေသည့်အရာ တစ်ခုခုရှိမလား ရှာဖွေရင်း ရှေးဟောင်းဘုရားကျောင်းထဲမှာ ကျန်ရစ်ခဲ့သည်။
၁ နာရီခန့် ကြာပြီးနောက် ချီရွှမ်းစုက ရှေးဟောင်းဘုရားကျောင်းထဲသို့ ပြန်လည်ရောက်ရှိလာပြီး မေးလိုက်၏။
“မင်း… တခြား ဘာရှာတွေ့သေးလဲ… အသပြာဖြစ်ဖြစ် တစ်ခုခုပေါ့”
ကျန်းယွဲ့လုက ယိုလေးဖူ၏ ကြီးမားသော ကျားသားရေပလ္လင်ပေါ်မှာ ထိုင်နေ၏။ သူမက မေးထောက်ထားပြီး ဆုတောင်းပုတီးကို သေသေချာချာ အကဲခတ်ကြည့်နေသည်။
“သူတို့တွေက ရှေးဟောင်းအင်မော်တယ် ယုံကြည်သူတွေဆိုတော့ သူတို့အများစုက သူတို့ရဲ့ အသပြာတွေကို အယူဝါဒခေါင်းဆောင်တွေဆီ ပေးအပ်ထားလိမ့်မယ်… ငါ ဘာမှ ရှာမတွေ့ဘူး”
ချီရွှမ်းစုက သက်ပြင်းချလိုက်၏။
“အရင်းအမြစ်ကိုရိတ်သိမ်းဖို့အတွက်ဆို ငါဘယ်တော့မှ ကံမကောင်းတတ်ဘူး… ငါဘယ်တော့မှ ချမ်းသာလာမှာလဲ”
“ငါ့မှာလည်း အသပြာမရှိတာ စိတ်မကောင်းစရာပဲ”
ကျန်းယွဲ့လုက ပြုံး၍ပြောလိုက်၏။
“ငါသာ ကျန်းမိသားစုရဲ့ ပင်မမိသားစုက ဖြစ်မယ်ဆိုရင် ဒါမှမဟုတ် ကောင်းကင်ဆရာသခင်က ငါ့အဘိုးသာ ဖြစ်မယ်ဆိုရင် နင့်ပါးစပ်ပေါက် ပိတ်သွားအောင် ငါ ထိုက်ဖျင်ဒင်္ဂါးထောင်ချီ ပုံချပေးလိုက်မှာ”
ချီရွှမ်းစုက မှတ်ချက်ပေးလိုက်၏။
“အဲဒါက… ပျော်တော်ဆက်ကောင်လေး ထားတာနဲ့ တူမနေဘူးလား”
ကျန်းယွဲ့လုက အတန်ကြာအောင် နှုတ်ဆိတ်သွား၏။ ခဏနေပြီးနောက် သူမက ပြောလိုက်သည်။
“ထျန်းယွမ်… နင် ငါ့အမေနဲ့ တွေ့တဲ့အခါ ကျေးဇူးပြုပြီး စကားကို ထိန်းထိန်းသိမ်းသိမ်းပြောစမ်းပါ”
ချီရွှမ်းစုက ရှက်ကိုးရှက်ကန်းဖြင့် ညင်သာစွာ ချောင်းဟန့်လိုက်၏။
ချီရွှမ်းစုထံမှ မကြာမကြာထွက်လာတတ်သည့် ထူးဆန်းသော မှတ်ချက်စကားများနှင့် ပတ်သက်၍ ကျန်းယွဲ့လုက အသားကျလာခဲ့သည်မှာ တော်သေးသည်။ ဤတစ်ခေါက်မှာ သူမက စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ စတင်၍ စကားလမ်းကြောင်း ပြောင်းလိုက်၏။
“တခြားအလောင်းတွေမှာလည်း ငါ ဆင်တူတဲ့ ပုတီးတွေကိုတွေ့တယ်… ဒီပုတီးကုံး ၂ ကုံးကနေလာတဲ့ စိတ်ဝိညာဉ်တပ်သားတွေရဲ့ ချပ်ဝတ်တန်ဆာနဲ့ ဆင်တူတဲ့ ရှေးဟောင်းအင်မော်တယ်တွေရဲ့ ဂမ္ဘီရစွမ်းအားကြောင့် သူတို့ ငါ့ကိုထိခိုက်အောင် လုပ်နိုင်ခဲ့တာ ဖြစ်မယ်လို့ ငါယူဆမိတယ်”
ချီရွမ်းစုက အံ့အားသင့်စွာပြောလိုက်၏။
“ဟောက်ထျန်သက်ရှိ တစ်ဦးက ပုတီးကုံးတစ်ကုံးနဲ့ ကွေ့ကျန်းအဆင့် နတ်သက်ကြွေ အင်မော်တယ်တစ်ဦးကို ထိခိုက်အောင် လုပ်နိုင်တယ်ပေါ့… အဲဒါက ဓားပျံတစ်လက်ထက်တောင် ပိုပြီးတော့ စွမ်းအားကြီးမားနေတာပဲ”
ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။
“ဒီဆုတောင်းပုတီးတွေက တစ်ခါသုံးတွေပဲ… အခု သူတို့ရဲ့ ဂမ္ဘီရစွမ်းအားကို အကုန်အစင် သုံးလိုက်ပြီဆိုတော့ အဲဒါတွေက သာမန်ဆုတောင်းပုတီးတွေနဲ့ မကွာခြားတော့ဘူး… သဘောတရားအရတော့ ဒီအရာတွေက ငါတို့ရဲ့ နဂါးမျက်လုံးကျည်ဆန်၊ ဒါမှမဟုတ် ဖီးနစ်မျက်လုံးဗုံးတို့နဲ့ ဆင်တူတယ်… နင်လည်း ဒက်စ်မန်ကိုသတ်ဖို့ ဖီးနစ်မျက်လုံးဗုံးကို အသုံးပြုခဲ့တာပဲ… သူတို့က ပြင်ပပစ္စည်းတစ်ခုနဲ့ ငါ့ကို ထိခိုက်အောင်လုပ်နိုင်တာ အံ့အားသင့်စရာတော့ မရှိဘူး”
ချီရွှမ်းစုက ဤအဆိုပြုချက်ကို လက်ခံပြီး ခေါင်းညိတ်ပြလိုက်သည်။
အဓိကအရာသည် ပြင်ပပစ္စည်းများ မဟုတ်ဘဲ ချိန်သားကိုက် တိုက်ခိုက်မှုဖြစ်သည်။ ဒက်စ်မန်က သူ၏ အားအနည်းဆုံးအချိန်မှာ ရှိမနေခဲ့လျှင် သို့မဟုတ် ကျန်းယွဲ့လုသည် ထိုအမျိုးသမီး ၂ ဦးကို ပို၍ သတိထားနေခဲ့မည်ဆိုလျှင် ဤပြင်ပပစ္စည်းများက သူတို့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ကျန်းယွဲ့လုက စကားပြောဖို့ ဟန်ပြင်လိုက်စဉ် သူမ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူမက ဆုတောင်းပုတီးကို လွှတ်ချပြီး သတိပေးလိုက်၏။
“တစ်ယောက်ယောက် လာနေပြီ။”
***