ချီရွှမ်းစုက အချိန်ဖြုန်းမနေပေ။ သူက အပေါ်သို့ ခုန်တက်၍ ထုပ်တန်းပေါ်သို့ တွယ်တက်သွားသည်။ ထို့နောက် သူက တိုင်လုံးတစ်လုံး၏ အရိပ်နောက်မှာ ကွယ်ရပ်နေပြီး အသက်အောင့်ကာ အာရုံစူးစိုက်ထားသည်။ ကျန်းယွဲ့လုက ရှေ့ကနေ အာရုံလွှဲထားပါက ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားသော လူတစ်ယောက်ပင် သူ၏ တည်ရှိမှုကို ရှာတွေ့ဖို့ ခက်ခဲပေလိမ့်မည်။
ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့နှစ်ယောက်ထဲ တစ်ယောက်က အမှောင်ထဲမှာ ရှိနေမည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ကျန်းယွဲ့လုက ကျားသားရေပလ္လင်ပေါ်မှာ ထိုင်နေဆဲဖြစ်သည်။ သူမ၏ အောက်ဘက် ယဇ်စင်ပေါ်မှာ ရှေးဟောင်းအင်မော်တယ် ယုံကြည်သူနှစ်ဦး၏ အလောင်းများ ရှိနေ၏။ ဘေးနားပတ်လည်မှာ ထွက်မပြေးနိုင်ခဲ့သော ဓားပြများ၏ အလောင်းများ ရှိနေသည်။
ခဏနေပြီးနောက် ရှေးဟောင်းဘုရားကျောင်းထဲသို့ လူသုံးယောက် လျှောက်လှမ်းဝင်ရောက်လာသည်။ ခေါင်းဆောင်ဖြစ်သူက မျက်နှာမှာ ဆီဆေးခြယ်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ အေးစက်သော ဤဆောင်းရာသီမှာ သူမက ခြေဗလာနှင့်ဖြစ်ပြီး သူမ၏ လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များမှာ ဆုတောင်းပုတီးကုံးများကို ဝတ်ဆင်ထားလေသည်။ သူမ၏ နောက်ဘက်မှာ သာမန်ဝတ်စားဆင်ယင်ပုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ရှိနေသည်။
အမျိုးသမီးက ကျန်းယွဲ့လုကိုကြည့်ပြီး လိုရင်းကို တန်းမေးလိုက်သည်။
“နင်ဘယ်သူလဲ”
ကျန်းယွဲ့လုက ပြန်မေးလိုက်၏။
“နင်ရော ဘယ်သူလဲ”
အမျိုးသမီးနှစ်ဦး၏ မျက်လုံးများက အကြည့်ချင်းဆုံမိသွားကြသည်။
မျက်နှာမှာ ဆီဆေးခြယ်ထားသော အမျိုးသမီးက ထူးဆန်းသော စာလုံးပေါင်းဖြင့် ရွတ်ဆိုလိုက်သည်။ တစ်ချိန်ထဲမှာပင် ကျန်းယွဲ့လုကလည်း ညင်သာစွာ နှာတစ်ချက်မှုတ်လိုက်သည်။ မမြင်ရသော အသံလှိုင်းနှစ်ခုက လေထဲမှာ ထိတွေ့ရိုက်ခတ်ပြီး ဝဲဂယက်များက အဘက်ဘက်ကို ဖြာထွက်သွားသည်။
ကျန်းယွဲ့လုက သူမ၏ မျက်လုံးကို မှေးကျဥ်းပြီး နောက်ဆုံးမှာ ကျာသားရေပလ္လင်ပေါ်ကနေ မတ်တပ်ထရပ်လိုက်၏။
“နင်က ရှားရှားပါးပါး နတ်ဆရာတစ်ဦး ဖြစ်နေတာပဲ”
မျက်နှာမှာ ဆီဆေးခြယ်ထားသော အမျိုးသမီးက တည်တံ့သော အမူအရာဖြင့် ရေရွတ်လိုက်၏။
“နတ်သက်ကြွေအင်မော်တယ်ပဲ”
သူမ၏ နောက်ဘက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့သည် နတ်သက်ကြွေအင်မော်တယ်ဆိုတာ ဘာလဲ နားလည်သဘောပေါက်သည့်ပုံပင်။
ကျန်းယွဲ့လုက သူမ၏ အဆောင်အယောင်ကို ထုတ်မပြဘဲ ကြေညာလိုက်သည်။
“နင် အခုနေ အညံ့ခံမယ်ဆိုရင် ငါနင့်ကို သနားညှာတာပေးနိုင်တယ် ဒါပေမဲ့ နင့်ရဲ့ အပြစ်ဒဏ်အတွက် ပေချန်ခန်းမကိုတော့ လွှဲပေးရလိမ့်မယ်… နင် ပြန်ပြီးတိုက်ခိုက်လို့လည်းရတယ်… ဒါပေမဲ့ အဲ့ဒါဆိုရင်တော့ နေရာမှာတင် သတ်ဖြတ်ခံရမယ်”
“တာအိုခွေးတွေ”
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အော်ပြောလိုက်သည်။
ထုပ်တန်းပေါ်မှာ မတ်တပ်ရပ်နေသော ချီရွှမ်းစုက အနည်းငယ် မှင်တက်သွား၏။ ရှေးဟောင်းအင်မော်တယ် ယုံကြည်သူများမှာ တာအိုဂိုဏ်းတော်မှ တာအိုဆရာများကို ဤကဲ့သို့ ပေးထားသည့် နာမည်တစ်ခု ရှိနေလိမ့်မည်ဟု သူထင်မှတ်မထားပေ။
ကျန်းယွဲ့လုက ဒေါသထွက်မသွားဘဲ လှောင်ရယ်လိုက်၏။
“တော်တော်ခေါင်းမာကြတာပဲကိုး”
ဂျိုးကူသံလို အသံတစ်သံနှင့်အတူ နတ်ဆရာမ၏ လက်ကောက်ဝတ်နှစ်ဖက်မှ ဆုတောင်းပုတီးနှစ်ကုံးက တောက်ပလာ၏။
ကျန်းယွဲ့လုက သတိကို လျှော့ချရဲခြင်းမရှိဘဲ သူမ၏ ဒြပ်စင်ငါးမျိုး ချီဒိုင်းကာကို အသက်သွင်းလိုက်သည်။
နတ်ဆရာများသည် အင်မော်တယ် လမ်းစဉ်ငါးခုထဲမှာ ပါဝင်သည်။ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်အပြင် သူတို့၏ ခွန်အားသည် ပူဇော်ပသစွမ်းအားအပေါ် မူတည်နေသည်။ ပူဇော်ပသစွမ်းအားက လုံလောက်မှုမရှိလျှင် နတ်ဆရာများသည် လမ်းစဉ်ငါးခုထဲတွင် အောက်ဆုံးမှာရပ်တည်ပေလိမ့်မည်။ သို့သော်လည်း ပူဇော်ပသစွမ်းအားက လုံလောက်မှုရှိမည်ဆိုလျှင် သူတို့သည် ကျင့်ကြံမှုအဆင့်တူမှာ နတ်သက်ကြွေအင်မော်တယ်များထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
နောက်ခဏ၌ ကျန်းယွဲ့လုက ကျားသားရေပလ္လင်ကနေဆင်းပြီး နတ်ဆရာထံသို့ လျှောက်လှမ်းလာ၏။ အင်္ကျီလက်စထဲကနေ သူမ၏ လက်ကို ဆန့်ထုတ်ပြီး လက်ညှိုးတစ်ချောင်းကို ထုတ်လိုက်သည်။
ကျန်းယွဲ့လုမှာ ထူးဆန်းသော လှုပ်ရှားကွက်များ ရှိသည်ကို ချီရွှမ်းစု သတိထားမိခဲ့ပြီးသား ဖြစ်သည်။ ကြီးကြီးမားမား လှုပ်ရှားကွက်များကို တွေ့မြင်ရခဲသည်။ သူမ၏ ခြေထောက်နှစ်ဖက်က ကွေးညွှတ်မသွားသလို သူမ၏ ခန္ဓာကိုယ်ကလည်း ယိမ်းနွဲ့မသွားပေ။ သူမ၏ အဝတ်အစားများကပင် လှုပ်ခတ်မသွားဘဲ တည်ငြိမ်ကာ ဣန္ဒြေရနေ၏။ သို့သော်လည်း သူမ၏ လှုပ်ရှားပုံက သက်တောင့်သက်သာရှိလွန်းသောကြောင့် သူမ၏ ခြေဖဝါးအောက်ရှိမြေပြင်က ကျုံ့ဝင်သွားသည်ဟု ထင်ရသည်။
နတ်ဆရာမက ကြိုတင်ပြင်ဆင်ထားပြီး သူမကလည်း လက်ညှိုးဖြင့် ပြန်ထိုးလိုက်သည်။
သူတို့၏ လက်ညှိုးထိပ်များ ထိတွေ့သွားသည်နှင့် နတ်ဆရာမက ခပ်သဲ့သဲ့ ညည်းတွားပြီး နောက်သို့ ဆယ်ပေကျော် တရွတ်တိုက် ဆုတ်သွားရသည်။ ကျန်းယွဲ့လုက ခေါင်းခါပြီး ချီးကျူးလိုက်၏။
“နင့်မှာ ငါ့ရဲ့ အစစ်အမှန်အမြုတေနဲ့တူညီတဲ့ သန်မာတဲ့ ဂမ္ဘီရစွမ်းအားရှိနေတာပဲ… အဲ့ဒါကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးမပြုတာ နှမြောစရာပဲ”
အင်မော်တယ် လမ်းစဉ်ငါးမျိုးသည် မတူညီသော စွမ်းအင်အမျိုးအစားများကို ကျင့်ကြံကြသည်။
ချီသန့်စင်သူများက သူတို့၏ ပင်ကိုယ်ချီကို ကျင့်ကြံပြီး၊ ဂမ္ဘီရဝိဇ္ဇာများက သူတို့၏ ဉာဏ်ကွန့်မြူးမှုများကို ကျင့်ကြံကြသည်။ ကိုယ်ခံပညာသိုင်းသမားများက သူတို့၏ သွေးချီကို ကျင့်ကြံကြစဉ် နတ်ဆရာများကတော့ ပူဇော်ပသစွမ်းအားကနေ သူတို့၏ ဂမ္ဘီရစွမ်းအားကို စုဖွဲ့ကြသည်။
အစောပိုင်းအဆင့်များမှာ ချီသန့်စင်သူများနှင့် လေလွင့်ကျင့်ကြံသူများလိုပင် နတ်သက်ကြွေအင်မော်တယ်များသည် သူတို့၏ အသက်ရှူလေ့ကျင့်ခန်းနှင့် ပင်ကိုယ်ချီကို ကျင့်ကြံကြသည်။ သို့သော်လည်း ကွေ့ကျန်းအဆင့်မှာ နတ်သက်ကြွေအင်မော်တယ်များသည် သူတို့၏ ပင်ကိုယ်ချီကို အခြားသူများ မထိန်းချုပ်နိုင်သည့် သန့်စင်ကြည်လင်သော အစစ်အမှန်အမြုတေအဖြစ် စုဖွဲ့နိုင်ကြပြီ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံသက်ရှိအဆင့်မှာ နတ်သက်ကြွေအင်မော်တယ်များသည် ချီသန့်စင်သူများထက် များစွာပိုမိုသာလွန်သွားသည်။
ဤတစ်ခေါက်မှာ ကျန်းယွဲ့လုသည် သူမ၏ ချီတစ်စိတ်တစ်ပိုင်းကို အစစ်အမှန် အမြုတေအဖြစ် စုဖွဲ့ထားနိုင်ပြီ ဖြစ်သည်။ သူမ ထိုးညွှန်ထားသော လက်ညှိုးသည် အခြားသူများ၏ အမြင်ကနေကြည့်လျှင် ဘာမှမဟုတ်ဟု ထင်ရသော်လည်း ထိုလက်ချောင်းမှာ သူမခန္ဓာကိုယ်ထဲရှိ အမြုတေတစ်ဝက်ကို စုစည်းထားလေသည်။ သို့သော်လည်း နတ်ဆရာများမှာ ဤကဲ့သို့ သန်မာသောဂမ္ဘီရစွမ်းအား ရှိလိမ့်မည်ဟု သူမ ထင်မှတ်မထားပေ။ လုံလောက်သည့် ပူဇော်ပသစွမ်းအားနှင့်ဆိုပါက နတ်ဆရာများသည် နတ်သက်ကြွေအင်မော်တယ်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဟု ဆိုသည်မှာ မထူးဆန်းတော့ပေ။
ထိုသို့ ဆိုလျှင်တောင် နတ်ဆရာမက အနည်းငယ် ထိခိုက်ခံစားသွားရသည်။ ကျန်းယွဲ့လု၏ ခန္ဓာကိုယ်က ထိတွေ့မှုမှာ ယိမ်းနွဲ့သွားရုံမျှသာ ဖြစ်သော်လည်း နတ်ဆရာမက နောက်သို့ ဆယ်ပေကျော် ဆုတ်ခွာသွားရသည်။ အမျိုးသမီးနှစ်ဦးစလုံးက ကွေ့ကျန်းအဆင့်မှာ ရှိသော်လည်း နတ်ဆရာမသည် ကျန်းယွဲ့လုထက် ပိုမိုနိမ့်ကျနေ၏။ နောက်ဆုံးအချိန်ထိ သူမက အမှန်တကယ် တိုက်ခိုက်လိုမည်ဆိုလျှင် နတ်ဆရာမက သေခြင်းတရားနှင့် အဆုံးသတ်သွားရနိုင်သည်။
ထို့ကြောင့် နတ်ဆရာမက ကျန်းယွဲ့လုကို သူမ၏ ကျင့်ကြံမှုအဆင့်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိတ်ကူးမရှိပေ။ သူမက ဒူးလေးတစ်လက်ကို ရုတ်တရက် ဆင့်ခေါ်လိုက်၏။ သို့သော်လည်း ဤဒူးလေးက အတော်လေးထူးဆန်းပြီး မြားကိုးစင်းကို တစ်ပြိုင်နက်တည်း ပစ်လွှတ်နိုင်သည်။ ချက်ချင်းပင် ဒူးလေးမြားကိုးစင်းက ယပ်တောင်တစ်လက်ပုံစံဖြင့် ကျန်းယွဲ့လုရှိရာသို့ ဝင်ရောက်လာသည်။
ကျန်းယွဲ့လုက မြားရှစ်စင်းကိုရှောင်တိမ်းပြီး သူမ မရှောင်နိုင်သည့် နောက်ဆုံးမြားကို ဖမ်းဆွဲလိုက်၏။ တစ်ချိန်တည်းမှာပင် သူမ၏ လေဟာနယ်ကပ်ဘေးခြောက်ပါးက မြားထဲကို စိမ့်ဝင်ပြီး အထဲမှာ ပါဝင်သော ဂမ္ဘီရစွမ်းအားကို ချေဖျက်လိုက်၏။ ထိုမြားက ပေါက်ကွဲထွက်မသွားဘဲ သာမန်မြားများနှင့် မကွာခြားတော့ပေ။
သို့သော်လည်း အခြားသော မြားရှစ်စင်းက ပေါက်ကွဲထွက်ပြီး ထူးဆန်းသော အနံ့တစ်မျိုးနှင့် အနက်ရောင်အရည်များအဖြစ် ပြောင်းလဲကာ လေထဲမှာ ပျံ့နှံ့သွားသည်။ ထိုအနံ့သည် ဆွေးရိနေသော အလောင်းများနှင့် သေနေသော ငါးများ၏ အနံ့နှင့်တူသည်။ ရေစက်တချို့က နံရံနှင့် ကြမ်းပြင်များပေါ် ဖိတ်စင်ပြန့်ကျဲသွားပြီး စက္ကန့်ပိုင်းအတွင်း ထိတွေ့သောနေရာများက တိုက်စားခံလိုက်ရသည်။ ဤအနက်ရောင်အရည်များက လူတစ်ယောက်ပေါ် ကျရောက်လာမည်ဆိုလျှင် သေးငယ်သော ရေစက်တစ်စက်ကပင် အရိုးထိအောင်နက်သော တိုက်စားမှုကို ဖြစ်စေပေလိမ့်မည်။
တာအိုဂိုဏ်းတော်သည် ခဲယမ်းလက်နက်များကို ပြိုင်ဘက်ကင်းသည်အထိ တိုးတက်အောင် ပြုလုပ်လာခဲ့သော်လည်း ဤရှေးဟောင်း နည်းလမ်းများကိုလည်း လျှော့တွက်၍ မရနိုင်ပေ။ ကျန်းယွဲ့လု၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတစွန်းတစ ပေါ်ထွက်လာသည်။ သူမသည် ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။ သို့သော်လည်း ဤကဲ့သို့သော တိုက်စားတတ်သည့် အရည်များက သူမ၏ မျက်နှာပေါ် ကျဆင်းလာမည်ဆိုလျှင် အကျိုးဆက်က သည်းမခံနိုင်အောင် ဖြစ်ပေလိမ့်မည်။ ဤသည်ကို စဉ်းစားရင်း ကျန်းယွဲ့လုက ဆက်လက်၍ ထိန်ချန်မထားတော့ဘဲ သူမ၏ အင်္ကျီလက်စနှစ်ဖက်ကို လွှဲယမ်းလိုက်၏။ အဖြူရောင် စက္ကူကြိုးကြာများစွာက နှင်းပွင့်များကဲ့သို့ ပျံသန်းထွက်ပေါ်လာသည်။
ပုံသဏ္ဍာန်မဲ့စက္ကူသည် မည်သည့်အရာကိုမဆို အသွင်ယူနိုင်သည်။ ၎င်းသည် လက်နက်တစ်ခုမျှသာ မဟုတ်ဘဲ ထိန်းချုပ်သူ စိတ်ကူးပုံဖော်သည့်အတိုင်း မည်သည့်အရာမဆို ဖြစ်သွားနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကျန်းယွဲ့လုသည် သေနတ်တစ်လက်၏ ပုံသဏ္ဍာန်ကို စိတ်ကူးပုံဖော်ပြီး အာရုံစူးစိုက်နိုင်မည်ဆိုလျှင် သူမသည် ပုံသဏ္ဍာန်မဲ့စက္ကူကို သေနတ်တစ်လက်အဖြစ် စုဖွဲ့နိုင်သည်။
ဤစက္ကူကြိုးကြာများက ကျန်းယွဲ့လုနှင့် နတ်ဆရာမကြားမှာ ပျံ့နှံ့သွားလေသည်။ နတ်ဆရာမက ဒူးလေးကို ထပ်ပစ်မည်ဆိုလျှင်ပင် ၎င်းက စက္ကူကြိုးကြာများကိုသာ ထိမိပေလိမ့်မည်။
တစ်ခဏချင်းမှာပင် တစ်လိပ်လိပ် ထိုးတက်လာသော စက္ကူကြိုးကြာများက နတ်ဆရာမကို လွှမ်းခြုံသွားပြီး တစ်ချိန်တည်းမှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကိုလည်း တိုက်ခိုက်လာသည်။
အဖော်လိုက်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးက နိုးနိုးကြားကြား ရှိနေသည်။ သူတို့က အော်ဟစ်၍ သူတို့၏ လက်များကို ဖြန့်လိုက်ကြသည်။ သန်မာသော လေတစ်ချက်တိုက်ခတ်သွားပြီး စက္ကူကြိုးကြာများက လွင့်စင်သွားသော်လည်း သူတို့က မြေပြင်ပေါ်သို့ ကျဆင်းမသွားပေ။ လေနှင့်အတူ လွင့်ပါသွားပြီးနောက် သူတို့က အသိဉာဏ်ရှိသည့်အလား နောက်တစ်ဖန် ပြန်လည်ဝင်ရောက်လာသည်။
အမျိုးသားနှစ်ဦးက တုန်လှုပ်သွားပြီး စက္ကူကြိုးကြာများ အနားသို့ ချဉ်းကပ်မလာရန် ထပ်တလဲလဲ ပိတ်ဆို့တားဆီးနေသည်။ သို့သော်လည်း သူတို့သည် သိပ်ကြာကြာ တောင့်ခံမထားနိုင်ပေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် စက္ကူကြိုးကြာနှင့် ထိမိသော နေရာတိုင်းမှာ ပြတ်ရှရာတစ်ခု ကျန်ရစ်ခဲ့သည်။ သွေးများကပန်းထွက်၍ သူတို့က နာကျင်စွာဖြင့် အော်ဟစ်လိုက်ရသည်။
ဤအချိန်မှာ စက္ကူကြိုးကြာများဖြင့် တိုက်ခိုက်ခံနေရသော နတ်ဆရာမက အော်ဟစ်လိုက်၏။ သူမ၏ ဘေးပတ်လည်မှာရှိသော စက္ကူကြိုးကြာများက တုန်ခါ၍ စက္ကူအပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ သူတို့က မြေပြင်ပေါ် ကျဆင်းပြီး အဖြူရောင်စက္ကူပိုင်းတစ်ပိုင်းအဖြစ် ပေါင်းစည်းသွားလေသည်။
နတ်ဆရာ၏ အဝတ်အစားများက စုတ်ပြတ်သတ်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းက ပေါ်ထွက်လာသည်။ သူမ၏ အသားအရေက ပျက်စီးထိခိုက်ခြင်း လုံးဝမရှိပေ။ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခုပင် ဖြာထွက်နေ၏။ ကျန်းယွဲ့လုက မူလပုံစံသို့ ပြန်ရောက်သွားသော ပုံသဏ္ဍာန်မဲ့စက္ကူကို ဖမ်းယူပြီး သူမကို ချီးကျူးလိုက်၏။
“နတ်ဆရာရဲ့ ရွှေခန္ဓာအဆင့်မှာ ခန္ဓာကိုယ်က ဖျက်ဆီးလို့မရနိုင်ဘူး… အဆုံးမဲ့ ဂမ္ဘီရစွမ်းအားကို ပိုင်ဆိုင်နိုင်တယ်... နင်က အစွမ်းအစရှိသားပဲ”
သူမစကားမဆုံးသေးခင် သူမလက်ထဲရှိ ပုံသဏ္ဍာန်မဲ့စက္ကူက လေးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ကျန်းယွဲ့လုက လေးကိုကိုင်မြှောက်ပြီး မြားကိုးစင်းကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်သည်။ ထို့နောက် သူမက နီးကပ်သောအကွာအဝေးမှာ နောက်ထပ် မြားကိုးစင်းကို ထပ်မံ၍ ပစ်လွှတ်လိုက်သည်။ တိုက်ခိုက်မှုက တရစပ်ဖြစ်ပြီး နတ်ဆရာမက မြားများအားလုံးကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ကျန်းယွဲ့လုသည် စက္ကူမြားများထဲမှာ ခွဲခြားဖို့ ခက်ခဲသည့် ဖီးနစ်မျက်လုံးကျည်ဆန်များကိုလည်း ထည့်ဝှက်ထားလေသည်။
နတ်ဆရာမက ဤမြားများကို ရှောင်တိမ်းဖို့ စိတ်ကူးမရှိပေ။ သူမ၏ လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များမှ ပုတီးကုံးများက လင်းလက်လာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပလာ၏။ သူမ၏ လက်နှစ်ဖက်ကို ရှေ့သို့ ပြေပြစ်စွာလှုပ်ရှားပြီး မမြင်ရသော အကာအရံအလွှာတစ်ခုကို ဖန်တီးယူလိုက်သည်။
မြားမိုးက မမြင်ရသော နံရံပေါ်သို့ ကျဆင်း၍ ပေါက်ကွဲမှုများ ထွက်ပေါ်လာ၏။ မီးတောက်များက ဘုရားကျောင်းထဲမှာ ပျံ့နှံ့သွားသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် ကျန်ရှိနေသော ကြိုးကြာစက္ကူများကို ခုခံနေရသလို ကျန်းယွဲ့လု၏ စက္ကူမြားများနှင့် မီးတောက်များကိုလည်း ရှောင်တိမ်းရင်း ဗျာများနေရသည်။
နောက်ခဏ၌ ချီရွှမ်းစုက အသက်အောင့်၍ တိုင်လုံးပေါ်ကနေ တိတ်တဆိတ် လျှောဆင်းလာ၏။ ထို့နောက် သူက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ နောက်ဖက်သို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ပြီး ထိုသူ၏ နောက်စေ့ကို နတ်နဂါးပစ္စတိုဖြင့် ချိန်လိုက်သည်။
ချီရွှမ်းစုအတွက်တော့ လောကက ကောင်းမွန်သောနေရာတစ်ခု မဟုတ်ပေ။ သူသည် ညစ်ညမ်းမှုများဖြင့် အဆက်မပြတ် ဖုံးလွှမ်းခံနေရပြီး ရုန်းကန်နေရသည့် နယ်ရုပ်တစ်ရုပ်မျှသာ ဖြစ်သည်။ ထို့ကြောင့် သူက မှန်ကန်ဖြောင့်မတ်ဖို့ကို စိတ်မဝင်စားပေ။
အစ်မချီပြောခဲ့သလိုပင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖို့ထက် ချောင်းမြောင်းတိုက်ခိုက်ဖို့ကို ရွေးချယ်သင့်လေသည်။ ဤသည်က စစ်ပွဲ၏ အနုပညာဖြစ်သည်။
ချီရွှမ်းစုက မောင်းတံကို လက်မဖြင့်ဖိချပြီး ခလုတ်ကို လက်ညှိုးဖြင့် ညင်သာစွာဆွဲလိုက်သည်။
သေနတ်ကနေ မီးခိုးလုံးတစ်လုံး ပေါက်ကွဲထွက်သွား၏။
ကျည်ဆန်ကို ရှောင်တိမ်းဖို့အတွက် ကျည်လာရာလမ်းကြောင်းကို ကြိုတင်ခန့်မှန်းရပေမည်။ မဟုတ်ပါက နောက်ကျသွားပေလိမ့်မည်။
ချီရွှမ်းစုထက် ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားသော ဤသက်လတ်ပိုင်းအရွယ်အမျိုးသား၏ ဦးခေါင်းနောက်ဖက်တွင် နက်ရှိုင်းသော သွေးသံရဲရဲ အပေါက်တစ်ခု ပေါ်ထွက်လာသည်။ သူက မြေပြင်ပေါ်သို့လဲကျပြီး နေရာမှာတင် သေဆုံးသွား၏။
တကယ်တော့ ရှန်းထျန်သက်ရှိများသည် ခဲယမ်းလက်နက်များကြောင့် အလွယ်တကူ သေဆုံးသွားလိမ့်မည် မဟုတ်ပေ။ ကံဆိုးစွာဖြင့် ချီရွှမ်းစုသည် အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲများနှင့် အထက်သာ ပိုင်ဆိုင်နိုင်သည့် နတ်နဂါးပစ္စတိုကို အသုံးပြုထားသည်။ သူသည် ချပ်ဝတ်ချိုးဖျက် အစီအရင်ဖြင့် ရေးထွင်းထားသည့် သီးသန့်ကျည်ဆန်များကိုလည်း အသုံးပြုခဲ့သည်။ အဓိကအချက်သည် နောက်ကွယ်ကနေ ချောင်းမြောင်းတိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကဲ့သို့ပင် သက်လတ်ပိုင်းအရွယ် အမျိုးသားက သေဆုံးသွား၏။
အခြားသော သက်လတ်ပိုင်းအရွယ် အမျိုးသားက ကြောက်ရွံ့တုန်လှုပ်၍ ဒေါချောင်းချောင်းထွက်သွား၏။ သူက စက္ကူကြိုးကြာများကနေ ရရှိထားသော ဒဏ်ရာများကို လျစ်လျူရှုပြီး ချီရွှမ်းစုရှိရာသို့ ပြေးဝင်လာသည်။
ချီရွှမ်းစုသည် ကျည်ဆန်ကို ပြန်ဖြည့်ဖို့ အချိန်မရတော့ဘဲ နတ်နဂါးပစ္စတိုကို သိမ်းကာ ဘုရားကျောင်းအပြင်ဘက်သို့ ပြေးထွက်သွား၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားက မျက်ထောင့်နီဖြင့် ချီရွှမ်းစုနောက်သို့ ပြေးလိုက်သွားသည်။
ဘုရားကျောင်းထဲကနေ ထွက်လာပြီးနောက် ချီရွှမ်းစုက ဆတ်ခနဲ ပြန်လှည့်လိုက်၏။ သူ၏ အင်္ကျီလက်စကြားကနေ အေးစက်စက် အလင်းတစ်ချက် ဖျတ်ခနဲလက်သွား၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်ပြီး သူ၏ ဘယ်ဘက်လက်ကိုမြှောက်ကာ လက်ချောင်းငါးချောင်းဖြင့် ဖမ်းယူလိုက်သည်။ အနီးကပ်ကြည့်လိုက်သည့်အချိန်မှာ အဲဒါက သံမဏိဆူးချွန်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ချီရွှမ်းစုသည် ဓားပျံတစ်လက်ကို မတတ်နိုင်သောကြောင့် ဆူးချွန်တချို့ကို ဝယ်ယူပြီး သူတို့ကို ပစ်လွှတ်ရန် ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို အသုံးပြုထားခြင်းဖြစ်သည်။ သူသည် အဆင့်မြင့် ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို လေ့ကျင့်မထားသောကြောင့် ဆူးချွန်များ၏ ဦးတည်ချက်ကို ပြောင်းလဲမပေးနိုင်သော်လည်း ဆူးချွန်များထဲမှာ ဓားချီကို ထည့်သွင်းထားနိုင်ဆဲဖြစ်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားက အော်ပြောလိုက်၏။
“မင်းက ခွန်လွင်အဆင့်မှာပဲ ရှိတာကိုး… အဲဒါကြောင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့တာပဲ… မင်းမှာ တကယ်အစွမ်းရှိတယ်ဆိုရင် ငါနဲ့ မျက်နှာချင်းဆိုင်ပြီး လာတိုက်ခိုက်လိုက်လေ”
“မင်းမှာ လက်တစ်ချက် ဝေ့ယမ်းရုံနဲ့ ငါ့ရဲ့ဓားချီကို ချေဖျက်နိုင်တယ်… အဲဒါကြောင့် မင်းက ယွီရှုအဆင့်မှာ ရှိမယ်.. ဒါပေမဲ့ မင်းက ဆူးချွန်လေးချောင်းကို တစ်ခါတည်း ဖမ်းနိုင်မှာလား”
ချီရွှမ်းစုက သူ၏ သားရေအိတ်ထဲကနေ နောက်ထပ် ဆူးချွန်များကို ထုတ်ယူလိုက်သည်။
သူ့လက်ကို ရွှတ်ခနဲ ဝှေ့ယမ်းလိုက်ပြီး စုချွန်လေးချောင်းက သက်လတ်ပိုင်းအရွယ် အမျိုးသားရှိရာသို့ လွင့်ပျံသွားသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားက နှာတစ်ချက်မှုတ်ပြီး ဆူးချွန်များကို ဖမ်းဆီးရန် သူ့လက်ကိုဆန့်ထုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက ဂမ္ဘီရစွမ်းအားကိုသုံးပြီး ဆူးချွန်များထဲမှာပါဝင်သော ဓားချီကိုချေဖျက်လိုက်သည်။ ထို့နောက် သူက ဂမ္ဘီရစွမ်းအားကိုပင် သုံး၍ လက်ထဲမှာရှိသော ဆူးချွန်များကို ဖိချေကာ သူတို့ကို သတ္တုလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားစေသည်။
***