ချီရွှမ်းစုက သက်လတ်ပိုင်းအရွယ်အမျိုးသား၏ ခွန်အားမှာ ကြောက်လန့်သွားပုံရပြီး နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ခပ်လှမ်းလှမ်းမှာရှိသော နက်ရှိုင်းသော တောအုပ်ထဲသို့ ပြေးဝင်သွားသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသား၏ နာမည်က ချုးလျန်ဝမ့် ဖြစ်ပြီး သူသည် လင်းရှန်စုန်းကဝေဝါဒဂိုဏ်း၏ လက်ထောက် ယဇ်ပလ္လင်ခေါင်းဆောင် ဖြစ်သည်။
လင်းရှန်စုန်းကဝေဝါဒဂိုဏ်းအပါအဝင် လျှို့ဝှက်အဖွဲ့အစည်းကြီးများအားလုံးသည် တာအိုဂိုဏ်းတော်၏ ဖွဲ့စည်းပုံနှင့် စနစ်ကို တုပထားကြသည်။ သူတို့၏ ပူဇော်ပသခေါင်းဆောင်များသည် ခန်းမသခင်များနှင့် တူညီပြီး သူတို့၏ ယဇ်ပလ္လင်ခေါင်းဆောင်များကတော့ တာအိုစံအိမ်သခင်များနှင့် တူညီသည်။
သို့သော်လည်း ခွန်အားအရာမှာ ရှေးဟောင်းအင်မော်တယ်များသည် ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲများနှင့် တူညီလေသည်။
လင်းရှန်စုန်းကဝေဝါဒဂိုဏ်း၏ အယူဝါဒခေါင်းဆောင်သည် ဒုတိယအဆင့် ထိုက်ယီတာအိုဆရာနှင့်သာ ခွန်အားချင်း တူညီသည်။ ထို့ကြောင့် လင်းရှန်စုန်းကဝေဂိုဏ်း၏ ပူဇော်ပသခေါင်းဆောင်သည် ခန်းမသခင်တစ်ဦးကို အနိုင်မယူနိုင်ပေ။ ယဇ်ပလ္လင်ခေါင်းဆောင်ကလည်း တာအိုစံအိမ်သခင်တစ်ဦးကို သေချာပေါက် မယှဉ်နိုင်ပေ။
ထို့ကြောင့် ချုးလျန်ဝမ့်သည် လက်ထောက် ယဇ်ပလ္လင်ခေါင်းဆောင် ဖြစ်သော်လည်း သူက ယွီရှုအဆင့်မှာသာရှိပြီး ကျောက်ကျောင်းဝူလို လက်ထောက်တာအိုစံအိမ်သခင်လောက် သို့မဟုတ် ကျန်းယွဲ့လုလို လက်ထောက်ခန်းမသခင်လောက် စွမ်းအားမကြီးမားပေ။
ချုးလျန်ဝမ့်သည် သူ့အဖော်အတွက် လက်စားချေလိုပြီး တာအိုဆရာကို သတ်ဖြတ်ရန် ချီရွှမ်းစုနောက်သို့ လိုက်သွားသည်။
ဤသည်ကိုကြည့်ပြီး ချီရွှမ်းစုက နောက်ထပ် ဆူးချွန်လေးချောင်းကို ပစ်ထုတ်လိုက်၏။ ဆူးချွန်များက သူ့ကို မထိခင် ချုးလျန်ဝမ့်က အားလုံးကို ဖမ်းယူလိုက်၏။ သို့သော်လည်း ဤဆူးချွန်များမှာ ဓားချီများ ပါမလာဘဲ ချုးလျန်ဝမ့်သည် တလိပ်လိပ်ထိုးတက်လာသော အပူလှိုင်းတစ်ခုနှင့် ယမ်းနံ့ကိုသာ ရလိုက်သည်။
နောက်ခဏ၌ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ ဆူးချွန်များက ပေါက်ကွဲသွားပြီး ကြီးမားသော မီးခိုးလုံးက ချုးလျန်ဝမ့်ကို လွှမ်းခြုံသွားသည်။
ချီရွှမ်းစုက ရပ်တန့်၍ လှည့်ကြည့်လိုက်၏။
“စိတ်မရှိနဲ့နော်.. ဒီတစ်ခေါက်ကတော့… ဆူးချွန်တွေပဲ မဟုတ်ဘူး… နဂါးဖီးနစ်ကျည်ဆန်လေးတွေလည်း ပါမယ်”
ဆူးချွန်များက သူ့ပြိုင်ဘက်ကို မသတ်ဖြတ်နိုင်သည်ကို သိရှိထားပြီး ချီရွှမ်းစုက စိတ်အာရုံလွှဲပြောင်းသည့်နည်းလမ်းဖြင့် သာမန်ဆူးချွန်များကို အရင်ဆုံး အသုံးပြုခဲ့သည်။ ချီရွှမ်းစုက သာမန်ဆူးချွန်များကိုသာ အသုံးပြုနေသည်ဟု သူ့ပြိုင်ဘက်က လက်ခံယုံကြည်သွားသည်နှင့် ချီရွှမ်းစုက ထိုအထဲမှာ နဂါးဖီးနစ်ကျည်ဆန်များကို ညှပ်ပြီး မထင်မှတ်ထားသော တစ်စုံတစ်ရာကို ပြုလုပ်လိုက်သည်။
စုချွန်များသည် ရန်သူကို မျှားခေါ်ဖို့အတွက် အကွက်တစ်ကွက်မျှသာဖြစ်ပြီး နဂါးဖီးနစ်ကျည်ဆန်ကသာ အစစ်အမှန် သတ်ဖြတ်ကွက် ဖြစ်သည်။
မီးခိုးများ စဲသွားသည့်အခါ ချုးလျန်ဝမ့်က ချီရွှမ်းစု၏ ရှေ့မှာ ပြန်လည် ပေါ်ထွက်လာ၏။ သူ၏ အဝတ်အစားများက စုတ်ပြဲ၍ သူ့ခန္ဓာကိုယ်က လောင်ကျွမ်းခံထားရပြီး ဆံပင်များ မရှိတော့ပေ။ သူ့ထံမှာ အသားများ လောင်ကျွမ်းနံ့ ခပ်ဖျော့ဖျော့ ထွက်နေသော်လည်း သူက မသေဆုံးသေးပေ။
ထို့ကြောင့်ပင် ချီရွှမ်းစုက ချောင်းမြောင်းတိုက်ခိုက်ရခြင်း ဖြစ်သည်။
သူ့ပြိုင်ဘက်က သတိရှိနေမည်ဆိုလျှင် ခဲယမ်းလက်နက်များနှင့် ရှန်းထျန်သက်ရှိတစ်ဦးကို သတ်ဖြတ်ဖို့က မလွယ်ကူပေ။
တကယ်တော့ ချီရွှမ်းစုမှာ နဂါးမျက်လုံးကျည်ဆန် သို့မဟုတ် ဖီးနစ်မျက်လုံးဗုံး ရှိမည်ဆိုလျှင် သူက တနင့်တပိုး လက်နက်စွမ်းအားဖြင့် သူတို့အားလုံးကို သတ်ဖြတ်နိုင်သည်။ ဤလက်နက်များကို ထျန်ကန်းခန်းမက ကန့်သတ်ထားသည်မှာ စိတ်မကောင်းစရာပင်။
ချုးလျန်ဝမ့်က လောင်ကျွမ်းတူးချစ်နေသော သူ၏ အရေပြားကို ရုတ်တရက် ခါချပြီး အောက်ဖက်မှာ သွေးသံရဲရဲ အသားများကို ပေါ်ထွက်လာစေ၏။ သူက ပူဇော်ပသစွမ်းအားကို ဆုပ်ကိုင်ထားသည့်အလား လက်နှစ်ဖက်ကို ယှက်ဖြာပြီး ရေရွတ်လိုက်သည်။
“ကျွန်ုပ်အား.. ရယူပိုင်ဆိုင်ရန် နတ်ဘုရားဝူလောကို ဖိတ်ခေါ်အပ်ပါတယ်”
ထိုသို့ပြောပြီးမှာ ကောင်းကင်ထက်တွင် အနီရောင် အလင်းရောင်ခြည်တစ်ခု တောက်ပလာပြီး ချုးလျန်ဝမ့်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။ ဝေဝေဝါးဝါး လူသားမျက်နှာနှင့် ငှက်ခန္ဓာကိုယ်ရှိသော ဆယ်ပေခန့်မြင့်မားသည့် မပီမသ ရုပ်တုတစ်ခုက ချုးလျန်ဝမ့်၏ ရှေ့မှာ ပေါ်ထွက်လာ၏။ မျက်နှာက ဝေဝါးနေသော်လည်း ၎င်းသည် ဆုတောင်းပုတီးလုံးများမှာ ရေးဆွဲထားသော ဝူလော၏ ပုံသဏ္ဍာန်များစွာထဲမှ တစ်ခုဖြစ်သည်မှာ သိသာနေသည်။
ဤသည်မှာ ယွီရှုအဆင့် နတ်ဆရာများ၏ စိတ်ဝိညာဉ်ရုပ်တုနယ်ပယ်ဖြစ်သည်။ ဤနယ်ပယ်မှာရှိသော နတ်ဆရာများသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ရန် သူတို့ကို ကူညီတိုက်ခိုက်ပေးဖို့အတွက် စိတ်ဝိညာဉ်ရုပ်တုတစ်ခုကို ဆင့်ခေါ်နိုင်ကြသည်။ သို့သော်လည်း ဤစွမ်းရည်ကို ထိန်းထားနိုင်သည့်အချိန်က သူတို့၏ ပူဇော်ပသစွမ်းအားနှင့် တိုက်ရိုက်အချိုးကျနေသည်။ ထို့ကြောင့် နတ်ဆရာများ၏ တိုက်ခိုက်ရေးခွန်အားက ကွဲပြားနေကြခြင်းဖြစ်သည်။ သူတို့သည် နတ်သက်ကြွေအင်မော်တယ်များကို ဆန့်ကျင်တိုက်ခိုက်နိုင်သလို လမ်းစဉ်ငါးခု၏ အောက်ဆုံးမှာလည်း ရှိနေနိုင်သည်။
ချုးလျန်ဝမ့်က စိတ်ဝိညာဉ်ရုပ်တုနှင့် ပေါင်းစည်းပြီးနောက် သူက တောင်ပံများကိုခတ်၍ သန်မာသော လေအဟုန်ကို စုစည်းလိုက်၏။ ထို့နောက် သူက ချီရွှမ်းစုထံသို့ ပြေးဝင်သွားသည်။
ချီရွှမ်းစုက ဤနေရာမှာရပ်နေပြီး သေရဖို့ကို စောင့်ဆိုင်းနေမည် မဟုတ်ပေ။ ထို့အစား ချုးလျန်ဝမ့်၏ အသွင်ပြောင်းလဲမှု မပြီးမြောက်ခင် သူက တောအုပ်အနက်ပိုင်းထဲသို့ ပြေးဝင်သွားပြီ ဖြစ်သည်။
တိုက်ခိုက်ရေး အတွေ့အကြုံကြောင့် ချီရွှမ်းစုသည် မြင့်မားသော ကျင့်ကြံမှုအဆင့် မရှိသော်လည်း အခြေအနေကို လိမ္မာပါးနပ်စွာ အကဲဖြတ်နိုင်ပြီး သူ့ပြိုင်ဘက်ကို ဒုက္ခပေးနိုင်သည်။
ယခုက ဆောင်းရာသီဖြစ်ပြီး သစ်ရွက်များအားလုံးက ကြွေကျကာ သစ်ပင်များ၏ ပင်စည်များနှင့် သစ်ကိုင်းများက ပြောင်ရှင်းနေ၏။ တောထဲမှာ လမ်းမရှိပေ။ သစ်ပင်များက တစ်ပင်နှင့်တစ်ပင် နီးကပ်ပြီး ချီရွှမ်းစု ပုန်းကွယ်ဖို့အတွက် နေရာကောင်းကောင်း ရလေသည်။ သူက တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွား၏။
ချုးလျန်ဝမ့်တို့အုပ်စု ရှေးဟောင်း ဘုရားကျောင်းထဲသို့ ဝင်ရောက်လာခင်မှာပင် ချီရွှမ်းစုက ပတ်ဝန်းကျင် အနေအထားကို လေ့လာထားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တောအုပ်ထဲမှာ သူ ပုန်းအောင်းနိုင်သည့်နေရာကို အကြမ်းဖျင်း ခန့်မှန်းထားခဲ့သည်။ ချုးလျန်ဝမ့်က မတတ်သာဘဲ ပျံသန်းနေခြင်းကို ရပ်တန့်လိုက်ရသည်။
ချုးလျန်ဝမ့်၏ အသွင်ပြောင်းလဲထားသော သွင်ပြင်က လင်းချွမ်ကျီ၏ ခေါင်းပေါင်းဝါစစ်သည်တော်နှင့် အတော်လေး ဆင်တူသည်။ သူ့မှာ ပေါ့ပါးဖျတ်လတ်မှု မရှိသော်လည်း တိုက်စစ်နှင့် ခံစစ် နှစ်မျိုးစလုံး အသုံးချနိုင်သည်။ ချုးလျန်ဝမ့်က ဖြတ်သွားသည့် နေရာတိုင်းမှာ သစ်ပင်များကို ခုတ်လှဲကာ ဖယ်ရှားပြီး မြေပြင်ပေါ်မှာ လဲပြိုကျဆင်းသွားစေသည်။
ခဏနေပြီးနောက် သစ်ပင်များ၏ နောက်ဘက်မှာ ရှေ့တိုးနောက်ဆုတ် ရှောင်တိမ်းနေသော ချီရွှမ်းစုကို ချုးလျန်ဝမ့်က တွေ့မြင်သွားပြီး လှမ်းအော်ပြောလိုက်၏။
“တာအိုခွေး.. မင်းဘယ်ကိုသွားပြီး ပုန်းနိုင်ဦးမှာလဲ”
ချီရွှမ်းစုက သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်၍ ဆတ်ခနဲလှည့်ကာ သူ့ထံသို့ ပြေးလာနေသော ချုးလျန်ဝမ့်ကို လက်ပြလိုက်သည်။
ချုးလျန်ဝမ့်က တစ်ခါခံဖူးထားပြီဖြစ်ပြီး စိုးရိမ်ပူပန်နေကာ အောက်သို့နှိမ့်ဆင်းလိုက်သည်။
သို့သော် ဤတစ်ခေါက်မှာတော့ ချီရွှမ်းစုက ဟိတ်ဟန်ထုတ်နေခြင်းမျှသာဖြစ်ပြီး သူ့ကို လှောင်ပြောင်လိုက်သည်။
“မင်းကိုယ်မင်း နိုင်ပြီထင်လို့လား”
ချုးလျန်ဝမ့်က မကျေမနပ် ပြောလိုက်သည်။
“မင်း… တခြားဘာများ လုပ်နိုင်ဦးမှာလဲ”
ချီရွှမ်းစုက ဖီးနစ်မျက်လုံးကျည်ဆန်တစ်တောင့်ကို ထုတ်ယူလိုက်သည်။
“သစ်သားက မီးအတွက် လောင်စာပဲ တောအုပ်ထဲကို ဝင်ရောက်လာတာက မီးပင်လယ်ထဲကို ဝင်ရောက်လာသလိုပဲ… မင်းက အပူဒဏ်ကို ခံနိုင်ရည် ရှိပါ့မလား ငါစိုးရိမ်မိတယ်”
သူစကားဆုံးသွားသည်နှင့် ချီရွှမ်းစုက သူ၏ ချီထည့်သွင်းထားသည့် ဖီးနစ်မျက်လုံးကျည်ဆန်ကို ပစ်ထုတ်လိုက်ပြီး နောက်သို့ အလျင်အမြန် ခုန်ဆုတ်လိုက်သည်။
ချုးလျန်ဝမ့်က သူ၏ တောင်ပံများကို ဝေ့ယမ်းပြီး ဖီးနစ်မျက်လုံးကျည်ဆန်ကို ကာကာ လေထဲမှာ ပေါက်ကွဲထွက်သွားစေ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က တုန်ခါလှိုင်းဖြင့် ထိခတ်ခံလိုက်ရသည်။
သို့သော်လည်း ချီရွှမ်းစု၏ သတ်ဖြတ်ကွက်က ထိုမျှသာ မကပေ။ သူသည် စောစောက ကျန်းယွဲ့လုကို ဘုရားကျောင်းထဲမှာထားခဲ့ပြီး တောအုပ်ထဲမှာ တစ်နာရီကြာအောင် နေခဲ့လေသည်။
ဤတစ်နာရီအတွင်း ချီရွှမ်းစုက အငြိမ်မနေခဲ့ပေ။ သူသည် နက်ရှိုင်းသော တောအုပ်ထဲမှာ ဖီးနစ်မျက်လုံးကျည်ဆန်များကို ကြိုတင်၍ ဝှက်ထားခဲ့သည်။ ထို့သို့ဖြင့် သူသည် စွမ်းအားကြီးမားသော ရန်သူတစ်ဦးနှင့် ကြုံတွေ့ရမည်ဆိုလျှင် သူ့ပြိုင်ဘက်ကို နက်ရှိုင်းသော တောအုပ်ထဲသို့ မျှားခေါ်လာပေလိမ့်မည်။ မဟုတ်လျှင်လည်း သူက အသုံးမပြုရသေးသော ကျည်ဆန်များကို နောက်ပိုင်းမှာ ပြန်ကောက်ယူရုံသာ ဖြစ်သည်။
ဤဖီးနစ်မျက်လုံးကျည်ဆန်က ပေါက်ကွဲသွားမည်ဆိုလျှင် ဘေးပတ်ဝန်းကျင်မှာရှိသော ကျည်ဆန်များကလည်း ဆက်တိုက် ပေါက်ကွဲသွားပေလိမ့်မည်။ မီးတောက်များက တောအုပ်တစ်ခုလုံးကို လွှမ်းခြုံပြီး မီးညွှန့်များက ကောင်းကင်ထက်ကို ထိုးတက်သွားသည်။ ချုးလျန်ဝမ့်သည် ဤအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိဘဲ နောက်တစ်ဖန် ပျံသန်းဖို့ ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ အားကောင်းသော အပူလှိုင်းများက အဘက်ဘက်ကနေ သူ့ထံသို့ ဝင်ရောက်လာသည်ကိုသာ ခံစားလိုက်ရသည်။ တစ်ခဏချင်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်ရုပ်တုက မှေးမှိန်၍ တဖျပ်ဖျပ် ဖြစ်လာသည်။ သူ၏တောင်ပံများက အရင်ဆုံး လောင်ကျွမ်းခံလိုက်ရသည်။ သူတို့က အလင်းရောင်ခြည်များအဖြစ် ပြောင်းလဲပြီး ပျက်ပြယ်သွား၏။
ယခုက ဆောင်းရာသီဖြစ်ပြီး လေထုက ခြောက်သွေ့၍ နက်ရှိုင်းသော တောအုပ်ထဲမှာ သစ်ရွက်စိမ်း တစ်ရွက်ပင် မကျန်ရှိပေ။ မီးပွားအနည်းငယ်မျှနှင့် တောအုပ်သည် ချက်ချင်းပင် မီးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။ အရှေ့မြောက်ဘက်ကနေ လေက တိုက်ခတ်လာပြီး မီးတောက်များကို ပိုမိုအားကောင်းလာစေကာ ကောင်းကင်တစ်ဝက်ကို လင်းထိန်သွားစေသည်။
ချုးလျန်ဝမ့်က မီးပင်လယ်ထဲမှာ ပိတ်မိနေပြီး တုန်တုန်ယင်ယင် ဖြစ်နေသော ဝူလော၏ စိတ်ဝိညာဉ်ရုပ်တုကလည်း လုံးလုံးလျားလျား လဲပြိုကျသွားပြီဖြစ်သည်။ ချက်ချင်းပင် ချုးလျန်ဝမ့်သည် ငရဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရ၏။ သူ၏ အသားနှင့် သွေးက မီးတောက်များကြားမှာ ညှိုးခြောက်သွား၏။
သူသည် ကျန်းယွဲ့လု၏ စက္ကူကြိုးကြာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နောက်ပိုင်းမှာ ချီရွှမ်းစု၏ ဖီးနစ်မျက်လုံးကျည်ဆန်ကြောင့်လည်း ခံစားခဲ့ရသည်။ ဤတစ်ခေါက်မှာတော့ သူက ဒေါသူပုန်ထနေသော မီးတောက်များကြားမှာ ပိတ်မိနေ၏။
ချီရွှမ်းစုသည် အဆင်ပြေမည့်နေရာတစ်ခုကို ကြိုတင်ရှာဖွေထားပြီးသားဖြစ်ပြီး လောင်ကျွမ်းခံရမည်ကို စိုးရိမ်မနေပေ။ ဖီးနစ်မျက်လုံးကျည်ဆန်ကို ပစ်ထုတ်ပြီးနောက် သူက တောအုပ်ထဲကနေ ပြေးထွက်သွား၏။
ချီရွှမ်းစုသည် ကျင့်ကြံမှုအဆင့်မှာ အရေးမပါသော်လည်း နေရာဒေသကို သူ့အကြိုက်ဖန်တီး၍ ပြင်ပပစ္စည်းများ၏ အကူအညီနှင့် သူ့ပြိုင်ဘက်များကို အနိုင်ယူနိုင်သည်။
တစ်ဖက်မှာတော့ ကျန်းယွဲ့လုနှင့် နတ်ဆရာမကြား တိုက်ပွဲက အဆုံးသတ်လာနေပြီဖြစ်သည်။
ဤတစ်ခေါက်မှာ ရှေးဟောင်းဘုရားကျောင်းကလည်း မီးစွဲနေလေပြီ။ ကျန်းယွဲ့လု၏ ဘေးပတ်လည်မှာ ဒြပ်စင်ငါးမျိုး ချီဒိုင်းကာက သူမအနားသို့ မီးတောက်များ ချဉ်းကပ်မလာစေရန် တားဆီးထား၏။ သူမလက်ထဲရှိ ပုံသဏ္ဍာန်မဲ့စက္ကူက ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲပြီး သူမက အလွန်တရာလျင်မြန်စွာ လှုပ်ရှားနေသည်။ နတ်ဆရာမ၏ ရင်ဘတ်က ကျန်းယွဲ့လု၏ စက္ကူဓားချက် မိသွား၏။ သူမ၏ အဝတ်အစားများက စုတ်ပြဲသွားပြီး ရင်သားများ ပေါ်ထွက်လာ၏။ စက္ကူဓားမှ ဓားချီကလည်း သူမ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။
ကျန်းယွဲ့လုက သူမ၏ ဓားနှင့်အတူ အသာစီးရရှိလာပြီး ဆက်တိုက် ထိုးနှက်လိုက်၏။ စက္ကူဓားက မြွေတစ်ကောင်လို ပေါ့ပါးဖျတ်လတ်နေပြီး အဆက်မပြတ် ကန်ထွက်ကာ နတ်ဆရာမကို တိုက်ခိုက်နေသည်။
နတ်ဆရာမ၏ ရွှေရောင်အလင်းကလည်း မှေးမှိန်လာ၏။ သူမသည် အစကတည်းက ကျင့်ကြံမှုအဆင့်မှာ ကျန်းယွဲ့လုထက် အနည်းငယ် နိမ့်ကျလေသည်။ ကျန်းယွဲ့လု၏ အင်မော်တယ်တစ်ပိုင်းပစ္စည်းနှင့်အတူ နတ်ဆရာမှာ နတ်သက်ကြွေအင်မော်တယ်တစ်ဦးကို ဆန့်ကျင်တိုက်ခိုက်ဖို့ အခွင့်အရေးမရှိတော့ပေ။
သူမအား အယူဝါဒခေါင်းဆောင် ပေးထားသည့် ဝူလော၏ ဂမ္ဘီရစွမ်းအားပါဝင်သော ပုတီးလေးကုံးကြောင့် မဟုတ်လျှင် သူမက ကျန်းယွဲ့လု၏ လက်ထဲမှာ သေရသည်မှာ ကြာနေလောက်လေပြီ။
အလျှံညီးညီး မီးတောက်များကြောင့် ရှေးဟောင်းဘုရားကျောင်းက လဲပြိုကျတော့မည့် လက္ခဏာများ ပြသလာသည်ကို ကြည့်ပြီး နတ်ဆရာမက အံကိုတင်းတင်းကြိတ်ကာ သူမ၏ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တို့မှ ဆုတောင်းပုတီးလေးကုံးကို ဖြတ်တောက်လိုက်သည်။
သူမ၏ စိတ်ဝိညာဉ်ရုပ်တုက ပေါ်ထွက်လာ၏။ ဝူလော၏ ပုံသဏ္ဍာန်များစွာထဲမှာ တစ်ခုဖြစ်သော ဆယ်ပေခန့် မြင့်မားသည့် ရုပ်တုတစ်ခုက ပေါ်ထွက်လာ၏။ ဤတစ်ခေါက်မှာ ၎င်းသည် ငှက်ခန္ဓာကိုယ်မဟုတ်ဘဲ လက်လေးဖက်နှင့် လူသားခန္ဓာကိုယ်ဖြစ်သည်။ လက်တစ်ဖက်ချင်းစီက ရောင်လျှံစက်ဝန်းတစ်ခုစီကို ကိုင်ဆွဲထား၏။
နတ်ဆရာမက လက်လေးဖက်ကို ရှေ့သို့ပစ်တွန်းပြီး ကျန်းယွဲ့လုထံသို့ အလင်းစက်ဝန်းလေးခုကို ပစ်ထုတ်လိုက်၏။ သူမသည် ကျန်းယွဲ့လု၏ ခြေလက်များကို တုပ်နှောင်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
ကျန်းယွဲ့လုကလည်း ဒီအတိုင်း မနေပေ။ သူမလက်ထဲရှိ စက္ကူဓားက ဓားသုံးလက်အဖြစ် ပွားသွားပြီး ရောင်လျှံစက်ဝန်းများကို ပိတ်ဆို့တားဆီးလိုက်၏။ သို့သော်လည်း ရောင်လျှံစက်ဝန်းတစ်ခုက ကျန်းယွဲ့လု၏ ခါးကို ထိခတ်သွားပြီး သူမကို နေရာမှာတင် ပိတ်မိသွားစေ၏။ ကျန်းယွဲ့လုက ထိုအင်အားကို ခုခံချေဖျက်ဖို့အတွက် ဒြပ်စင်ငါးမျိုး ချီဒိုင်းကာကို အသုံးပြုနေသော်လည်း ရောင်လျှံစက်ဝန်းက ပိုမိုတင်းကျပ်လာသည်။
ဤသည်ကိုကြည့်ပြီး နတ်ဆရာမက အခွင့်အလမ်းကို ချိန်ဆကာ ထွက်ပြေးလိုက်၏။ သူမက အရူးမဟုတ်ပေ။ ကျန်းယွဲ့လုနှင့် ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် သူမက သေချာပေါက် ရှုံးနိမ့်ရမည်ကို သိရှိထားသည်။ ဆုတောင်းပုတီးလေးကုံးကို ဖျက်ဆီးလိုက်ရခြင်းက သူမအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သော်လည်း အဲဒါသည် သူမအသက်ကို ဆုံးရှုံးရခြင်း သို့မဟုတ် တာအိုဂိုဏ်း၏ လက်ထဲသို့ ကျရောက်ရခြင်းထက် များစွာ ပိုကောင်းသည်။
ချီရွှမ်းစုက ရှေးဟောင်းဘုရားကျောင်းထဲသို့ ပြန်ရောက်လာစဉ်မှာပင် သူက နတ်ဆရာမနှင့် ဆုံမိသွား၏။ ချီရွှမ်းစုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ နတ်နဂါးပစ္စတိုကို ကိုင်မြှောက်ပြီး နတ်ဆရာမကို ပစ်လိုက်သည်။ သူက ပစ်ချက်၏ ရလဒ်ကို ဂရုမစိုက်ဘဲ ဘေးတစ်ဖက်သို့သာ ပြေးထွက်သွား၏။ တစ်ခဏချင်းမှာပင် သူက ရှေးဟောင်းဘုရားကျောင်း၏ အရှေ့ဘက်နံရံကို ကွယ်ကာ ပုန်းလိုက်သည်။
ဤနတ်ဆရာမမှာ သူမကို ကာကွယ်ပေးထားသည့် စိတ်ဝိညာဉ်ရုပ်တုနှင့် ရွှေခန္ဓာရှိပြီး ချီရွှမ်းစု၏ ကျည်ဆန်က သူမကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူမ၏ ခြေလှမ်းများကို ခဏမျှသာ ရပ်တန့်သွားစေသည်။
နတ်ဆရာမက ချီရွှမ်းစုကို ဒေါသတကြီး လှည့်ကြည့်လိုက်သော်လည်း ကျန်းယွဲ့လုက အချုပ်အနှောင်ကနေ ရုန်းထွက်လာတော့မည်ဖြစ်သောကြောင့် သူ့နောက်သို့ ပြေးလိုက်ရဲခြင်း မရှိပေ။ သူမက ရှေ့သို့ ခြေတစ်လှမ်းယူပြီး လေထဲသို့ ပျံတက်လိုက်သည်။
ကောင်းကင်ဘုံသက်ရှိများသာ ပျံသန်းနိုင်သော်လည်း ခြင်းချက်တချို့ ရှိလေသည်။ ကိုယ်ခံပညာသိုင်းသမားများသည် ကောင်းကင်ဘုံသက်ရှိအဆင့်သို့ ရောက်ရှိပြီးလျှင်တောင် ပျံသန်းနိုင်မည်မဟုတ်ပေ။ သို့သော် နတ်ဆရာများသည် စိတ်ဝိညာဉ်ရုပ်တုကို ထုတ်ဖော်ပြီးနောက် အချိန်တိုအတွင်းမှာ ပျံသန်းနိုင်ကြသည်။
ဤအချိန်မှာ ကျန်းယွဲ့လုက နောက်ဆုံး အချုပ်အနှောင်များကနေ ရုန်းထွက်လာနိုင်ခဲ့သည်။ နတ်ဆရာမက ရှေးဟောင်းဘုရားကျောင်းထဲကနေ ထွက်ခွာပြီး ကောင်းကင်ထက်သို့ ပျံသန်းသွားသည်ကို တွေ့မြင်သောအခါ သူမက ပုံသဏ္ဍာန်မဲ့စက္ကူကို လေးတစ်လက်အဖြစ် ချက်ချင်းပင် ပြောင်းလဲပြီး နတ်ဆရာမ၏ နှလုံးကို မြားတစ်စင်းဖြင့် ချိန်ရွယ်ကာ ပစ်ထည့်လိုက်သည်။
ထိုမြားက ထွက်ပြေးနေသော နတ်ဆရာမ၏ နောက်ကျောကို ထိုးဖောက်သွား၏။ သူမ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ခါသွားသော်လည်း ကောင်းကင်ထက်ကနေ ပြုတ်ကျမလာခဲ့ပေ။ သူမက ဒေါသဖြင့် ခက်ခက်ခဲခဲလှည့်ပြီး အောက်ဘက်ရှိ တာအိုခွေးစုံတွဲကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
ထို့နောက် သူမ၏ စိတ်ဝိညာဉ်ရုပ်တုကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး မီးလောင်ကွင်းပြင်ကို ဖြတ်ကျော်ကာ တောက်ပနေသော အနီရောင်ကောင်းကင်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
***