ချီရွှမ်းစုက ထောင့်ကွယ်ကနေ ထွက်လာပြီး လောင်ကျွမ်းနေသော ရှေးဟောင်းဘုရားကျောင်းရှေ့မှာ မတ်တတ်ရပ်ကာ ထွက်ခွာသွားသော နတ်ဆရာမ၏ နောက်ကျောကို ငေးကြည့်နေ၏။
ကျန်းယွဲ့လုက သူမလက်ထဲရှိ လေးကို စက္ကူချပ်အဖြစ် ပြန်လည်ပြောင်းလဲပြီး ရှေးဟောင်းဘုရားကျောင်းထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။ သူမ၏ နောက်ဘက်မှာ တိုင်လုံးအတော်များများက မီးကျွမ်းသွားပြီဖြစ်၏။ တိုင်လုံးများ၏ ထောက်ကန်မှုမရှိတော့သည့်အတွက် ထုပ်တန်းများက ပြုတ်ကျလာကာ ရှေးဟောင်းဘုရားကျောင်းတစ်ခုလုံးက လဲပြိုကျသွားသည်။
“တကယ့် စုန်းမဆိုတဲ့အတိုင်းပဲ”
ချီရွှမ်းစုက ညည်းတွားရေရွတ်လိုက်သည်။
ကျန်းယွဲ့လုက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ဘာဖြစ်လို့လဲ”
“ငါ့ဆရာ ပြောတာ တစ်ခါမှတ်မိသေးတယ်… ဖျားယောင်းနိုင်တဲ့ မိန်းမ လေးမျိုးရှိတယ်တဲ့… သူတို့က အမျိုးသမီးသူရဲကောင်း၊ နတ်မိမယ်၊ စုန်းတွေနဲ့ နတ်ဆိုးမတွေပဲ”
ကျန်းယွဲ့လု၏ လေသံက ရုတ်တရက် ပျော့ပျောင်းသွားသည်။
“ဒါဆို… ငါက ဘယ်အုပ်စုထဲမှာပါလဲ”
ချီရွှမ်းစုက သာမန်ကာလျှံကာ ပြောလိုက်သည်။
“မင်းက.. ဘယ်ထဲမှ...”
ကျန်းယွဲ့လုက သူ၏ တံခေါက်ကွေးကိုကန်ပြီး သူ့ကို ဒူးတစ်ဖက် ထောက်ကျသွားစေသည်။
ချီရွှမ်းစုက ဘာမှမဖြစ်သည့်အလား ပြန်ထပြီး ဒူးမှာ ပေနေသော ဖုန်မှုန့်များကို ပုတ်ချကာ ညင်သာစွာ ချောင်းဟန့်လိုက်၏။
“ငါ့ကို စကားဆုံးအောင် ပြောခွင့်ပေးဦးမှပေါ့… မင်းက ငါ မြင်ဖူး၊ ကြားဖူးတဲ့ထဲ ဘယ်သူနဲ့မှ တကယ်ကို မတူဘူးလို့ ပြောချင်တာ… မင်းမှာ အဲဒီမိန်းမ လေးမျိုးစလုံးရဲ့ အားသာချက်တွေ ရှိနေလို့ပဲ… မင်းက လောကမှာ တကယ့်ကို တမူထူးခြားတဲ့ ပြိုင်စံရှားပဲ”
“နင် အဲလောက်ထိ မြှောက်ပြောနေတော့ ငါ ဘဝင်မြင့်သွားပြီ”
ကျန်းယွဲ့လုက နှာတစ်ချက်မှုတ်ပြီး မျက်လုံးစွေကြည့်လိုက်သည်။
“ငါက အမှန်အတိုင်း ပြောနေတာ… တကယ်ဆို အဲဒီမိန်းမတွေကို ငါ စိတ်မဝင်စားပါဘူး.. ငါက ငါ့ဆရာရဲ့ စကားကို ရုတ်တရက် တွေးမိပြီး အောက်မေ့သတိရသွားရုံပါ”
ကျန်းယွဲ့လုက ပြောလိုက်၏။
“နင် စိတ်ပိုင်းဆိုင်ရာ ပိုပြီးသန်မာလာဖို့ လိုတယ်လို့ ငါ ထင်တယ်… မဟုတ်ရင် နောက်ပိုင်း တာအိုဂိုဏ်းတော်ကို ငါပြန်လည်ဖွဲ့စည်းတဲ့အခါ နင် ငါနဲ့ ဘယ်လိုပူးပေါင်းနိုင်မှာလဲ”
ချီရွှမ်းစုက ကျန်းယွဲ့လုကို ဆတ်ခနဲလှည့်ကြည့်ပြီး မေးလိုက်သည်။
“တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းဖို့လား”
“ဟုတ်တယ်လေ”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။
ချီရွှမ်းစုက မျက်လုံးကို ပုတ်ခတ်ကာ ပြောလိုက်၏။
“ငါ ဘယ်တုန်းက… အဲဒီကတိ ပေးခဲ့ဖူးလို့လဲ”
ကျန်းယွဲ့လုက ချီရွှမ်းစုကို စိုက်ကြည့်လိုက်၏။
“အခုပဲလေ.. ဘာလဲ.. နင့်မှာ ကန့်ကွက်စရာရှိလို့လား”
“မရှိ… မရှိပါဘူး”
ကျန်းယွဲ့လု၏ ထက်ရှသောအကြည့်အောက်မှာ ချီရွှမ်းစုက ငြင်းဆန်ရဲခြင်း မရှိချေ။
ကျန်းယွဲ့လုက ရုတ်တရက် ရယ်လိုက်သည်။
“ငါက နောက်နေတာပါ… အတည်မှတ်မနေနဲ့ဦး”
ချီရွှမ်းစုက ထုတ်ဖော်ပြောဆိုလိုက်၏။
“အဲဒါက နောက်တာဆိုပေမယ့် မင်း အလိုရှိတဲ့အခါ ငါ့ကို အသုံးချလို့ရပါတယ်… ငါ့ပေါ်မှာ ယဉ်ကျေးနေစရာ မလိုဘူး”
ကျန်းယွဲ့လုက ငြိမ်ကျသွား၏။ ခဏနေပြီးနောက် သူမက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ တီးတိုး ပြောလိုက်၏။
“ဟုတ်ပြီလေ”
သူမ၏ အမူအရာက ပျော့ပျောင်းသွား၏။
“အဲဒါကို ထားပါဦး… နင် ဟိုနှစ်ယောက်ကို ကိုင်တွယ်ခဲ့ပြီလား”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“အပြတ်ပဲ”
‘အပြတ်’သည် သတ်ဖြတ်ခြင်းကို ဆိုလိုသော လမ်းဘေးဗန်းစကားတစ်ခု ဖြစ်သည်။ ချီရွှမ်းစုသည် သက်လက်ပိုင်းအရွယ် အမျိုးသားနှစ်ဦးထက် ပိုမို အားနည်းသော်လည်း သူက ပြိုင်ဘက်များကို သတ်ဖြတ်နိုင်ခဲ့သည်။
ကျန်းယွဲ့လုက သူ့ကို အကဲခတ်ကြည့်ပြီး ချီးကျူးလိုက်၏။
“ထျန်းယွမ်… နင့်မှာ အလားအလာရှိတယ်ဆိုတာ ငါ သိတယ်… နင်က ခွန်လွင်အဆင့်မှာပဲ ရှိနေပေမယ့် ယွီရှုအဆင့် အကြီးအကဲနှစ်ဦးကို ဆက်တိုက်သတ်ဖြတ်လိုက်တာပဲ… တကယ့်ကို အထင်ကြီးစရာပါပဲ”
ဤစကားကိုပြောရင်း ကျန်းယွဲ့လုက အနည်းငယ် ရှက်နေမိသည်။
“တစ်ဖက်မှာတော့.. ငါက ယုံကြည်မှုရှိလွန်းနေခဲ့တယ်… ဒါပေမဲ့ ဟိုစုန်းမက ထွက်ပြေးသွားနိုင်ခဲ့တယ်… ငါ တကယ်ပဲ ရှက်မိတယ်”
ချီရွှမ်းစုက သူမကို နှစ်သိမ့်ပေးလိုက်သည်။
“တိုက်ပွဲတစ်ပွဲမှာ အနိုင်နဲ့ အရှုံးဆိုတာ ရှိတာပဲ… မင်းက အားနည်းတဲ့ပြိုင်ဘက်ကို ထွက်ပြေးသွားအောင် လုပ်နိုင်ခဲ့တာ ဘာများမှားလို့လဲ… တပ်အပ်သေချာတာ ဘာမှမရှိဘူး… အနိုင်ရဖို့အတွက် အဓိကအချက်က မှန်ကန်တဲ့ အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်မှုအပေါ် မူတည်နေတယ်.. အစစ်အမှန်လောကမှာ တိုက်ခိုက်တာက စစ်မြေပြင်မှာ တိုက်ခိုက်တာနဲ့ အများကြီးတူတယ်.. စစ်ပွဲမှာ အားလုံးက မျှတမှု ရှိတယ်”
ကျန်းယွဲ့လုက အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
“နင်ပြောတာ မှန်တယ်…ငါက တခြားသူတွေကို အနိုင်ရဖို့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကိုပဲ မှီခိုနေခဲ့တာ… ငါ့မှာ နည်းဗျူဟာ လိုအပ်နေတယ်… လူတိုင်းဆီကနေ တစ်ခုခု သင်ယူရမယ်ဆိုတဲ့ ကွန်ဖြူးရှပ် ဆိုရိုးစကားရှိတယ်… ငါ နင့်ဆီကနေ သင်ယူစရာတွေ အများကြီး ရှိနေတဲ့ပုံပဲ”
“အဲဒါက အတွေ့အကြုံနဲ့ အရင်းအမြစ်ကို မျှဝေကြတာပဲ”
ချီရွှမ်းစုက နှိမ့်ချကာ ပြောလိုက်၏။
“ငါ့ကို မင်းပေးထားတဲ့ ဖီးနစ်မျက်လုံးကျည်ဆန်နဲ့ နတ်နဂါးပစ္စတို မရှိဘူးဆိုရင်.. ငါ သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူး… ပြင်ပပစ္စည်းတွေကို ငါတို့ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်မယ်ဆိုရင် ငါက အဲဒီနှစ်ယောက်ထက် နိမ့်ကျမနေခဲ့ဘူး”
ကျန်းယွဲ့လုက တစ်စုံတစ်ရာကို အမှတ်ရသွားသည်။
“ဒါနဲ့… နင်က ယွီရှုအဆင့် အဲဒီစုန်းနှစ်ကောင်ကို သတ်လိုက်တယ်ဆိုတော့ နင်က ဟွမ်အကျိုးဆောင်မှုနှစ်ခု ရသွားပြီ… ဟွမ်အကျိုးဆောင်မှုသုံးခုက ရွှမ်အကျိုးဆောင်မှုတစ်ခုနဲ့ တူညီတယ်.. ရွှမ်အကျိုးဆောင်မှုတစ်ခုနဲ့ သုံးနှစ်တာ အကဲဖြတ်စစ်ဆေးမှုမှာ အကောင်းဆုံးအဆင့်နဲ့ဆိုရင် ဒါမှမဟုတ် ရွှမ်အကျိုးဆောင်မှုသုံးခုနဲ့ဆိုရင် နင်က အဆင့်-၅ ကို တိုးမြှင့်ပေးခံရလိမ့်မယ်”
ချီရွှမ်းစုသည် ဒက်စ်မန်ကို သတ်ဖြတ်ခြင်းဖြင့် ရွှမ်အကျိုးဆောင်မှုတစ်ခုကို ရယူနိုင်ခဲ့သည်။ ထိုရွှမ်အကျိုးဆောင်မှုကြောင့်ပင် သူသည် အဆင့်-၆ အလုပ်သင်ပညာရှိတစ်ဦးအဖြစ် အောင်အောင်မြင်မြင် တိုးမြှင့်ပေးခံခဲ့ရခြင်း ဖြစ်သည်။
ချီရွှမ်းစုက လောင်ကျွမ်းနေသော ရှေးဟောင်းဘုရားကျောင်းကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် မီးပင်လယ်အဖြစ် ပြောင်းလဲသွားသော အပြင်ဘက်က တောအုပ်ကို ကြည့်ကာ ခဏမျှ ဆွံ့အနေ၏။
ကျန်းယွဲ့လုက အကြံပြုလိုက်၏။
“မြစ်ဘေးကနေ သွားစောင့်ရအောင်… မီးသေသွားတာနဲ့ အဲဒီအယူဝါဒဂိုဏ်းဝင်တွေရဲ့ သရုပ်သကန်ကို သက်သေပြဖို့ လိုအပ်တဲ့ပစ္စည်းတွေ ငါတို့ လာရှာမယ်… အဲဒါဆိုရင် ကျောက်စိမ်းနေပြည်တော်က်ု ပြန်ရောက်တဲ့အခါ နင့်ကိုယ်စား ခန်းမသခင်ဆီကနေ ငါ အကျိုးဆောင်မှု တောင်းဆိုပေးမယ်”
ချီရွှမ်းစုက စိတ်ရင်းဖြင့် ပြောလိုက်၏။
“ချင်းရှောင်… ငါ မင်းလိုမျိုး အထက်လူကြီးတစ်ယောက်ကို ရထားတာ တော်တော်ကံကောင်းတာပဲ”
“ငါ့ကို မြှောက်မနေစရာ မလိုပါဘူး”
ကျန်းယွဲ့လုက သူ့ကို မျက်လုံးစွေကြည့်ပြီး မြစ်ဘက်သို့ အရင်ဆုံး လျှောက်လှမ်းသွားသည်။
“ဒါပေမဲ့ မင်းကို မြှောက်ပင့်ပြောဆိုပေးစေချင်တယ်လို့ မကြာသေးခင်ကပဲ ပြောထားခဲ့တယ်မလား… မင်းကို မြှောက်ပင့်ပြီး ပြောဆိုစေချင်တာလား မပြောဆိုစေချင်တာလား”
ချီရွှမ်းစုက ရယ်မော၍ ကျန်းယွဲ့လုနောက်ကနေ လိုက်ပါလာ၏။ ကျန်းယွဲ့လုက သူ့စကားကို မကြားချင်ယောင်ဆောင်ထားသည်။
သူတို့နှစ်ယောက်က မြစ်ဘေးသို့ ရောက်လာပြီး ပခုံးချင်းယှဥ်ရပ်ကာ ကောင်းကင်ထက် တလိပ်လိပ် ထိုးတက်နေသည့် မီးညွှန့်မီးလျှံများကို စောင့်ကြည့်နေကြသည်။ ကံကောင်းစွာဖြင့် နေရာအများစုမှာ နှင်းများ ကျဆင်းနေပြီး ထိုမီးက ကြီးမားသော တောမီးအဖြစ် ပျံ့နှံ့မသွားပေ။
ကျန်းယွဲ့လုက လက်နှစ်ဖက်နောက်ပစ်ပြီး မီးတောက်များကို ငေးကြည့်ကာ စဉ်းစားတွေးတောနေမိသည်။ ချီရွှမ်းစုကလည်း မျက်လွှာချ၍ ဆင်ခြင်သုံးသပ်နေသည့်ပုံစံမှာ ရှိနေ၏။
အရုဏ်တက်ချိန်ထိ သူတို့စောင့်ဆိုင်းပြီးနောက် မီးက တဖြည်းဖြည်း ငြိမ်းသေသွားလေသည်။
ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ရှေးဟောင်းဘုရားကျောင်းထဲသို့ ပြန်ရောက်လာကြသည်။ ဤတစ်ခေါက်မှာ ရှေးဟောင်းဘုရားကျောင်းထဲတွင် အပျက်စီးပုံများသာ ကျန်တော့သည်။
ကျန်းယွဲ့လုက သူမ၏ အင်္ကျီလက်စနှစ်ဖက်ကို လွှဲယမ်း၍ သူမ၏ ချီဖြင့် ပြာမှုန့်များကို ဖယ်ရှားရှင်းလင်းကာ အပျက်အစီးပုံများအောက်တွင် လောင်ကျွမ်းတူးချစ်နေသော အလောင်းများကို ပေါ်ထွက်လာစေသည်။
ဤနေရာမှာ အလောင်းများစွာ ရှိနေသော်လည်း သူတို့အများစုသည် ဓားပြများဖြစ်ကြသည်။ ချီရွှမ်းစုသည် သူ၏ ကောင်းမွန်သော မှတ်ဉာဏ်ပေါ်မှီခို၍ အရင်တုန်းက သူပစ်သတ်ခဲ့သည့် ယွီရှုအဆင့် အမျိုးသား၏ တည်နေရာကို ရှာဖွေလိုက်သည်။ ထိုအလောင်းပေါ်မှာ ဝူလော၏ ရုပ်ပုံများနှင့် ဆုတောင်းပုတီးတစ်ကုံးကို သူရှာတွေ့လိုက်သည်။
ပြောရမည်ဆိုလျှင် ထိုလူသည် ယွီရှုအဆင့်၏ စိတ်ဝိညာဥ်ရုပ်တုနယ်ပယ် နတ်ဆရာတစ်ဦးဖြစ်သောကြောင့် သူက တရားမမျှတစွာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
သူသည် ကွေ့ကျန်းအဆင့် ရွှေခန္ဓာကိုယ်နယ်ပယ်သို့ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။ ထို့ကြောင့် စိတ်ဝိညာဥ်ရုပ်တု၏ ပူးကပ်ခြင်းမရှိလျှင် သူ့ခန္ဓာကိုယ်က ကြံ့ခိုင်မှု အတော်လေး အားနည်းလေသည်။ ထို့ကြောင့်ပင် သူက သေနတ်တစ်ချက်မျှနှင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဤသည်ကား နတ်ဆရာလမ်းစဉ်၏ အားနည်းချက်ဖြစ်သည်။ ရွှေခန္ဓာနယ်ပယ်ကို မရောက်ခင် သူတို့သည် ကြိုတင်ပြင်ဆင်ထားမှုရှိလျှင် တိုက်ပွဲတစ်ပွဲမှာ စွမ်းအား ကြီးမားနိုင်ကြသည်။ သို့သော်လည်း သူတို့က ချောင်းမြောင်းတိုက်ခိုက်ခံရမည်ဆိုလျှင် လွယ်ကူသော ပစ်မှတ်များ ဖြစ်သွားတတ်သည်။ ဤသည်မှာ ချောင်းမြောင်းတိုက်ခိုက်ခံရမည်ကို မကြောက်ရွံ့သော ကိုယ်ခံပညာသိုင်းသမားများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ကိုယ်ခံပညာသိုင်းသမားများမှာ သန်မာသော ကိုယ်ကာယများ ရှိပြီး သူတို့က တကူးတက ခုခံသည်ဖြစ်စေ၊ မခုခံသည်ဖြစ်စေ သူတို့၏ ကိုယ်ကာယကြံ့ခိုင်မှုက များစွာ မကွာခြားသောကြောင့်ဖြစ်သည်။
ထိုလူသည် စိတ်ဝိညာဥ်ရုပ်တုကို ဆင့်မခေါ်နိုင်ခင် သေဆုံးသွားသည့်အတွက် မီးသင့်မခံရသော သူ၏ ဆုတောင်းပုတီးမှာ ဂမ္ဘီရစွမ်းအား ကျန်ရှိနေဆဲဖြစ်သည်။
စောစောက ကျန်းယွဲ့လုကို တိုက်ခိုက်ခဲ့သော အမျိုးသမီးနှစ်ဦး ဝတ်ဆင်ထားသည့် ဆုတောင်းပုတီးများကို သစ်သားဖြင့် ပြုလုပ်ထားပြီး ခေါင်းဆောင်များ ဝတ်ထားသည့် ပုတီးများကိုတော့ အရိုးများဖြင့် ပြုလုပ်ထားလေသည်။
ချီရွှမ်းစုသည် လောင်ကျွမ်းခံထားရသော တောအုပ်ထဲသို့ ပြန်သွားလိုက်၏။
ကံဆိုးစွာဖြင့် ချုးလျန်ဝမ့်သည် သူမသေခင် သူ၏ ဂမ္ဘီရစွမ်းအားကို အကုန်အစင် အသုံးပြုခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်နှင့် ဆုတောင်းပုတီးက မီးထဲမှာ ပြာကျသွားပြီး အရိုးစုတချို့သာလျှင် ကျန်ခဲ့သည်။
ထို့ကြောင့် ချီရွှမ်းစုရမည့် ဟွမ်အကျိုးဆောင်မှုနှစ်ခုမှ တစ်ခုလျော့ကျသွားသည်ဟု အဓိပ္ပာယ်ရလေသည်။ မည်သို့ပင်ဆိုစေ တာအိုဂိုဏ်းတော်ထံကနေ အကျိုးဆောင်မှုကို တောင်းခံဖို့အတွက် သက်သေအထောက်အထား လိုအပ်လေသည်။
ဤသည်မှာ ရန်သူ၏ အဆင့်အတန်းကို သက်သေပြရန် ဖြတ်လာသော ဦးခေါင်းပေါ် အခြေခံ၍ ဆုံးဖြတ်သည့် စစ်တပ်အကျိုးဆောင်မှုနှင့်ဆင်တူသည်။ မှားယွင်းသတ်ဖြတ်ခြင်း သို့မဟုတ် အကျိုးဆောင်မှုကို ရယူဖို့အတွက် အစားထိုး သတ်ဖြတ်ခြင်းများ မရှိစေရန်အတွက် ရန်သူ၏ ဦးခေါင်းကို စစ်ဆေးရပေလိမ့်မည်။ တာအိုဂိုဏ်းတော်မှာတော့ ခေါင်းဖြတ်စရာမလိုဘဲ သက်ဆိုင်ရာ သရုပ်သကန် အထောက်အထားများကိုသာ လိုအပ်သည်။
ဤအမှုမှာ အထောက်အထားသည် လင်းရှန်စုန်းကဝေဝါဒဂိုဏ်းမှ အဖွဲ့ဝင်များ၏ ဆုတောင်းပုတီးများ ဖြစ်သည်။ အနည်းဆုံး အရိုးဖြင့် ပြုလုပ်ထားသော ဤပုတီးကုံးများမှာ သတ်မှတ်ထားသော အဆင့်တစ်ခု ရှိနေရပေမည်။
ဆုတောင်းပုတီးများက ပျက်စီးသွားသောကြောင့် ချီရွှမ်းစုသည် ထိုသတ်ဖြတ်မှုအတွက် အကျိုးဆောင်မှုကို မတောင်းဆိုနိုင်တော့ပေ။
ဤသည်ကို စဉ်းစားရင်း ချီရွှမ်းစုက အနည်းငယ် စိတ်ပျက်မိသွားသည်။ သူသည် ထိုအယူဝါဒဂိုဏ်းဝင်နှစ်ဦးကို သတ်ဖြတ်ဖို့အတွက် ကြီးမားသော အန္တရာယ်ကို စွန့်စားပြီး ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်ရလေသည်။
ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုက ချီရွှမ်းစုထံ ပုတီးတစ်ကုံးကို ကမ်းပေးလိုက်သည်။
ချီရွှမ်းစုက ငေးငိုင်စွာဖြင့် ပုတီးကို ယူပြီး မေးလိုက်သည်။
“ဒါက ဘယ်ကနေ ရလာတာလဲ”
ကျန်းယွဲ့လုက သူ့ကို ပြုံးပြလိုက်သည်။
“နင် ခေါင်းဆောင်ယိုကို မေ့သွားပြီလား… သူကလည်း လင်းရှန်စုန်းကဝေဝါဒဂိုဏ်းကပဲ… သူ့ခန္ဓာကိုယ်မှာ ဒီပုတီးကို ငါရှာတွေ့ခဲ့တယ်”
ချီရွှမ်းစုက ခေါင်းခါပြီး ပြောလိုက်သည်။
“ဒါပေမဲ့ သူ့ကိုသတ်ခဲ့တာက မင်းပဲ… မင်းရဲ့ အကျိုးဆောင်မှုကို ငါ ဘာလို့ ခိုးယူရမှာလဲ”
ကျန်းယွဲ့လုက ခွန်းတုံ့ပြန်လိုက်သည်။
“နင်က အယူဝါဒဂိုဏ်းဝင်နှစ်ဦးကို သတ်ဖြတ်ခဲ့တာပဲ။ နင့်ရဲ့ အထက်လူကြီးအနေနဲ့ ငါက နင့် အကျိုးအမြတ်တစ်ခုပဲ ရမှာကို ဘယ်ကြည့်ရက်နိုင်ပါ့မလဲ။”
ချီရွှမ်းစုက ပြောချင်သော်လည်း ကျန်းယွဲ့လုက ကြားဖြတ်ပြောလိုက်သည်။
“အဲဒီအကျိုးအမြတ်ကို ငါ့ဘာသာငါ ယူစေချင်လို့လား။ ငါ အဲဒါတော့ မလုပ်နိုင်ဘူး။ အဲဒါကြောင့် နင်ပဲ ယူလိုက်။ သိပ်ပြီးတော့ မူမနေနဲ့။”
ချီရွှမ်းစုက ထိုစကားကို ကြားသောအခါ သူက ဟန်ဆောင်မနေတော့ဘဲ ဆုတောင်းပုတီးကုံးကို လက်ခံယူလိုက်သည်။
တခြားတစ်ခုနှင့် ဆိုပါက သူက ဟွမ်အကျိုးဆောင်မှုနှစ်ခုကို တောင်းဆိုနိုင်ပြီဖြစ်သည်။
ကျန်းယွဲ့လုက သူမလက်ထဲက ပြာမှုန်များကို ခါချပြီး ပြောလိုက်သည်။
“ငါတို့က အယူဝါဒဂိုဏ်းဝင် အတော်များများကို သတ်ဖြတ်ခဲ့ပေမယ့် အဲဒီလူကို ခေါင်းဖြတ်သတ်ရတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရသေးဘူး။ အဲဒါက ငွေကြေးအတွက်လား၊ ရန်ငြိုးရန်စကြောင့်လား၊ ဒါမှမဟုတ် အဲဒီလူမှာ ထူးခြားတဲ့ ကံကြမ္မာတစ်ခု ရှိနေတဲ့အတွက် ယဇ်ပူဇော်ဖို့အတွက် ရွေးချယ်ခံရတာလား။”
ချီရွှမ်းစုက ပြောလိုက်သည်။
“တတိယ ဖြစ်နိုင်ခြေကို ငါ မတွေးမိဘူး။”
ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။
“အဲဒါက တာအိုဂိုဏ်းတော်က ငါ့ရဲ့ အတွေ့အကြုံပေါ် အခြေခံထားတာပဲ။ ကြုံရာကျပန်းလျှောက်တွေးပြီး ပြောတာတော့ မဟုတ်ဘူး။”
ချီရွှမ်းစုက ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
“ဒါဆို အဲဒါက ဖြစ်နိုင်တယ်လို့ မင်းထင်လား။”
“တကယ်ကို ဖြစ်နိုင်တယ်။”
“ငါတို့က နစ်နာသူရဲ့ မိသားစုကို ရှာပြီး သူ့ရဲ့ မွေးနေ့ကို ရနိုင်တာနဲ့ ငါ့ရဲ့ ခန့်မှန်းချက်က မှန်လား မှားလား ငါ အတည်ပြုပေးနိုင်တယ်။”
ချီရွှမ်းစုက မေးလိုက်သည်။
“ငါတို့ သူ့မိသားစုကို ဘယ်လိုရှာမလဲ။”
ကျန်းယွဲ့လုက လောင်ကျွမ်းခံထားရသော နစ်နာသူ၏ ခေါင်းကို ကြည့်ပြီး ပြောလိုက်သည်။
“ငါ နတ်ဘုရားသိမြင်ခြင်းနည်းစနစ်ကို သုံးမယ်။”
သူမ၏ မျက်လုံးထဲမှာ ခရမ်းရောင်စွမ်းအင်တစ်ခု ဖြာလက်လာသည်။
သူမသည် မှော်သိုလှောင်ပစ္စည်းထဲကနေ အဝတ်တစ်စကို ထုတ်ယူပြီး ခေါင်းပြတ်ကို ထုပ်ပိုးရန် ချီရွှမ်းစုကို အချက်ပြလိုက်သည်။
ချီရွှမ်းစုက ဦးခေါင်းကို ထုပ်ပိုးပြီးနောက် ကျန်းယွဲ့လု၏ မျက်လုံးများက ခရမ်းရောင်စွမ်းအင်ဖြင့် နောက်တစ်ဖန် ဖြာလက်သွားသည်။ သူမသာ မြင်နိုင်သည့် အရောင်ပါသော စီးကြောင်းတစ်ခုက အဝေးသို့ ဆန့်တန်းသွားလေသည်။
ကျန်းယွဲ့လုက ထိုစီးကြောင်းအတိုင်း လိုက်ပါသွားသည်။ ချီရွှမ်းစုက ကျားမာအဆောင်ကို ထုတ်ယူ၍ သူ၏ ခြေထောက်တစ်ဖက်ဆီမှာ တွဲချည်ပြီးနောက် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ ထို့နောက် သူက ကျန်းယွဲ့လုနောက်သို့ အမီပြေးလိုက်သွားသည်။
သူတို့နှစ်ယောက်သည် ဤစီးကြောင်းအတိုင်း မိုင် ၁၅၀ ခန့် လိုက်သွားပြီးနောက် နောက်ဆုံး သူတို့၏ မြင်ကွင်းထဲမှာ တောင်ပေါ်မြို့တစ်မြို့ ပေါ်ထွက်လာသည်။
***