ထိုတောင်ပေါ်မြို့ကို ယီရှန်မြို့ဟုခေါ်ပြီး ချင်ကျိုး၊ ရှုကျိုးနှင့် လျန်ကျိုးပြည်နယ်တို့ ပေါင်းဆုံရာနေရာမှာ တည်ရှိလေသည်။ ရှေးဟောင်းခေတ်များက ထိုမြို့ကို အရှေ့တိုင်းမိန်းမနိုင်ငံဟု ခေါ်ဆိုခဲ့ကြသည်။ နောက်ပိုင်းမှာ မဟာရွှမ်မင်းဆက်သည် ဤနေရာတွင် ခရိုင်တစ်ခုကို တည်ထောင်ပြီး ၎င်းကို ယုံကျိုးဘုရင်ခံအုပ်ချုပ်ရေးရုံး၏ တရားစီရင်မှုအောက်မှာ ထားရှိခဲ့သည်။ ယီရှန်မြို့သည် ခွန်လွင်တာအိုစံအိမ်၏ အုပ်ချုပ်မှုအောက်မှာလည်း ရှိနေသည်။
ဤအချိန်မှာ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက မြို့ထဲကို ဝင်ရောက်ဖို့ အလောတကြီးရှိမနေကြပေ။
ကျန်းယွဲ့လုက ပြောလိုက်သည်။
“ဒါက မြို့ကြီးတစ်မြို့ဆိုပေမယ့် နစ်နာသူကို ရှာဖွေဖို့က ခက်ခဲမှာမဟုတ်ဘူး… ငါတို့ လုပ်စရာရှိတာက မကြာသေးခင်အတွင်း မြို့ထဲမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်းကို စုံစမ်းဖို့ပဲ… ဒါပေမဲ့ အဲဒီလူသတ်မှုအများစုကို ဒေသခံအုပ်ချုပ်ရေးရုံးက ကိုင်တွယ်ထားလိမ့်မယ်”
ချီရွှမ်းစုက မေးလိုက်သည်။
“ဒီနေရာမှာ တာအိုဘုရားကျောင်း မရှိဘူးလား”
ကျန်းယွဲ့လုက ရှင်းပြလိုက်၏။
“ဒီမြို့က ခွန်လွင်တာအိုစံအိမ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပေမဲ့ ဒါက ဗုဒ္ဓဘာသာထွန်းကားရာ လမ်းကြောင်းမှာလည်း တည်ရှိနေတယ်… ဒီမှာ နေထိုင်တဲ့ လူအများစုက ဗုဒ္ဓဘာသာဝင်တွေပဲ… အဲဒါကြောင့် တာအိုဂိုဏ်းတော်က ယီရှန်မြို့ရဲ့ အပြင်ဘက်မှာ ခရီးသွားတာအိုဆရာတွေ နားခိုစရာစခန်းတစ်ခုအဖြစ် တာအိုဘုရားကျောင်းတစ်ခုကိုပဲ တည်ဆောက်ထားတယ်… အဲဒီတာအိုဘုရားကျောင်းက မိစ္ဆာတွေကို ဖမ်းဆီးဖို့အတွက် တာဝန်ယူမထားဘူး.. ငါ မှတ်မိတာ မမှားဘူးဆိုရင် အဲဒီမှာ တာဝန်ကျနေတဲ့ တာအိုဆရာ ငါးယောက်ထက် ပိုမရှိနိုင်ဘူး”
ချီရွှမ်းစုက ထပ်မံ၍ မေးလိုက်၏။
“ထျန်ကန်းခန်းမနဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့ကြား ဆက်ဆံရေးက ဘယ်လိုရှိလဲ”
ကျန်းယွဲ့လုက ခေါင်းခါပြီး သက်ပြင်းချလိုက်၏။
“သိပ်တော့မကောင်းဘူး… တာအိုဂိုဏ်းကြီး သုံးဂိုဏ်းထဲမှာ ထိုက်ဖျင်ဂိုဏ်းက အင်ပါယာနန်းတော်နဲ့ အရင်းနှီးဆုံးပဲ… မဟာအကြီးအကဲနေရာ လစ်လပ်သွားပြီးနောက် အစက မဟာအကြီးအကဲထံ တိုက်ရိုက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ခန်းမကိုးဆောင်က အခု… လက်ထောက်မဟာကြီးအကဲ တစ်ဦးစီထံမှာ သစ္စာခံထားကြပြီ… အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ထျန်ကန်းခန်းမက ကျန်းယီဂိုဏ်းကို ထောက်ပံ့ပေးနေတယ်… အခု အဲဒီဂိုဏ်းကြီးသုံးဂိုဏ်းကြားမှာလည်း ကြိတ်ပုန်းခုတ် လှုပ်ရှားမှုတွေရှိနေပြီ”
ချီရွှမ်းစုက နားလည်သဘောပေါက်သွားသည်။
“ပြောရမယ်ဆိုရင် မဖြစ်မနေ မလိုအပ်သရွေ့ ငါတို့က ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှုမရှိတာ အကောင်းဆုံးပေါ့”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်.. အဲလိုပဲ”
“ဒါဆို… ငါတို့က တစ်အိမ်တက်ဆင်း တံခါးလိုက်ခေါက်ရမှာလား”
ကျန်းယွဲ့လုက စဉ်းစားပြီး အကြံပြုလာ၏။
“ငါတို့… ဂမ္ဘီရတွက်ချက်မှုနဲ့ စမ်းကြည့်မယ်ရင်ကော”
လေလွင့်ကျင့်ကြံသူများက ဂမ္ဘီရအတွက်အချက်နည်းစနစ်ကို သင်ယူဆည်းပူးနိုင်သည်ကို ချီရွှမ်းစု ရုတ်တရက် သတိရသွားသည်။ လေလွင့်ကျင့်ကြံသူများ၏ အဆင့်မြင့်ပုံစံတစ်ခုအနေဖြင့် နတ်သက်ကြွေအင်မော်တယ်များသည် အကောင်းဆုံး ဂမ္ဘီရတွက်ချက်မှုနည်းစနစ်ဖြစ်သော ခရမ်းရောင်ကြယ်တာရာ နက္ခတ်ဗေဒင်ကို သင်ယူဆည်းပူးနိုင်ကြသည်။
“အဲဒါ အကြံကောင်းပဲ”
ချီရွှမ်းစုက သဘောတူထောက်ခံလိုက်သည်။
ကျန်းယွဲ့လုက ချီရွှမ်းစုသယ်လာသည့် ဦးခေါင်းကို မြေပြင်ပေါ် ချခိုင်းလိုက်သည်။ သူမက နစ်နာသူ၏ ဦးခေါင်းကို ကြားခံအဖြစ်သုံးပြီး ပုံသေနည်းတစ်ခုအတိုင်း ဆဋ္ဌဂံပုံများကို ရေးဆွဲလိုက်သည်။ ခရမ်းရောင်ကြယ်တာရာ နက္ခတ်ဗေဒင်ကို အကောင်းဆုံး ဂမ္ဘီရတွက်ချက်မှုနည်းစနစ်ဟု သတ်မှတ်သည်မှာ ၎င်း၏ ဆဋ္ဌဂံပုံများသည် အရိုးရှင်းဆုံးဖြစ်ပြီး နားလည်သဘောပေါက်ဖို့ အလွယ်ကူဆုံးဖြစ်သောကြောင့်ပင်။
ပိုမိုပြည့်စုံသော အဓိပ္ပာယ်ကို ရရှိဖို့အတွက် ထပ်မံ၍ ခန့်မှန်းချက်ထုတ်စရာ မလိုပေ။
ရုတ်တရက် သူတို့ရှေ့မှာ ဝေဝါး၍ သိမ်မွေ့နက်နဲသော တံလှပ်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ အထဲမှာ မရေမရာနိုင်သော ပုံရိပ်များက တဖျတ်ဖျတ်လှုပ်ရှားနေ၏။ တဖြည်းဖြည်းနှင့် ပုံရိပ်များက နှေးကွေးသွားပြီး တံလှပ်က ပို၍ ကြည်လင်လာခဲ့သည်။
ခဏနေပြီးနောက် ရိုးရှင်းသော အတွင်းပိုင်းအပြင်ပိုင်းနှင့် ကြီးမားသော အိမ်တစ်လုံး၏ပုံစံ ပေါ်ထွက်လာ၏။ ဤပုံရိပ်ယောင်ပြသမှုမှာ အသံမပါသော်လည်း သူတို့သည် ငိုယိုနေသော အမျိုးသမီးများနှင့် ကျွတ်လွတ်စေဖို့အတွက် သုတ္တန်များရွတ်ဆိုနေသည့် ဘုန်းကြီးတချို့ကို တွေ့မြင်ရသည်။
ချီရွှမ်းစုက ဤမြင်ကွင်းမှာ အနည်းငယ် အံ့အားသင့်သွား၏။
“လူသတ်မှုက မနေ့က ဖြစ်ခဲ့တာပဲ… ဒါပေမဲ့ သူတို့က ဒီနေ့ ဈာပနပွဲ ကျင်းပနေကြပြီလား”
ဤအချိန်မှာ ပုံရိပ်များက ရေမျက်နှာပြင်ကို လှုပ်ခတ်လိုက်သလို တွန့်လိမ်၍ ဝေဝါးပျောက်ကွယ်သွားသည်။ မျက်နှာပြင်က ပြန်လည်ငြိမ်သက်လာသည့်အချိန်မှာ နောက်ထပ် မပီမသပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
မှောင်မိုက်သော ရင်ခွဲရုံတစ်ခုမှာ အစိမ်းရောင် ဆင်တူဝတ်စုံများကို ဝတ်ဆင်ထားသည့် ဖီးနစ်စိမ်းတပ်သားများက အသံနှိမ့်ကာ စကားပြောနေကြသည်။ အစောင့်တပ်သားသုံးဦးသည် သူတို့၏ ပါးစပ်များနှင့် နှာခေါင်းများကို တိရစ္ဆာန်ပုံစံ မျက်နှာဖုံးများဖြင့် ဖုံးအုပ်ထားပြီး သူတို့၏ မျက်လုံးများကိုသာ ဖော်ထားသည်။ သူတို့သည် သွေးစွန်းနေသော ရှေ့ဖုံးခါးစည်းနှင့် တံတောင်ဆစ်ထိရောက်သော လက်အိတ်များကို ဝတ်ဆင်ထားကြသည်။ အစောင့်များနှင့် မလှမ်းမကမ်း ကျောက်သားစင်ပေါ်မှာ ရင်ခွဲထားသည့် ခေါင်းမဲ့အလောင်းတစ်လောင်း ရှိနေသည်။
ဤသည်မှာ ရင်ခွဲစစ်ဆေးထားသည့် မြင်ကွင်းတစ်ခုဖြစ်ပြီး ခေါင်းမဲ့အလောင်းက နစ်နာသူ ဖြစ်နိုင်သည်။
ချီရွှမ်းစုက ဝေဖန်လိုက်၏။
“ဒါက ထူးဆန်းတယ်… ဟိုဘက်မှာက ဈာပနပွဲ ကျင်းပနေတယ်… ဒါပေမဲ့ ဒီဘက်မှာက ရင်ခွဲစစ်ဆေးမှု ပြုလုပ်နေတယ်… သူတို့က အလောင်းကို မမြှုပ်နှံဘဲ နစ်နာသူရဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုတွေကိုပဲ မြှုပ်နှံမှာလား”
သူ့စကား ဆုံးသွားသည်နှင့် မြင်ကွင်းက နောက်တစ်ဖန် ပြောင်းလဲသွားပြီး အပေါ်မှာ အနောက်တိုင်းပုံစံ မီးဆိုင်းတစ်ခု ချိတ်ဆွဲထားသည့် ကြီးမားသော ကျောက်သားခန်းမတစ်လုံး ပေါ်ထွက်လာသည်။ အဖြူရောင်ဖယောင်းတိုင်များကို အဆင့်ဆင့် ထွန်းထားသည့် လူတစ်ရပ်အမြင့်လောက်မြင့်သော အရှေ့တိုင်းပုံစံ မီးဆိုင်းတစ်ခုကလည်း လက်ခြောက်ဖက်ပါသော အမျိုးသမီးရုပ်တုတစ်ခုကို အလင်းပေးထားသည်။
ရုပ်တု၏ ရှေ့မှာ လူဆယ်ဦးကျော်က စက်ဝိုင်းပုံစံ မတ်တပ်ရပ်နေကြသည်။ သူတို့ထဲမှာ ကွန်ဖြူးရှပ်ပညာရှင်များ၊ ဟဲချန်ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုဆရာများ၊ ခေါင်းတုံးထားသည့် ဘုန်းကြီးများနှင့် နန်းတွင်းဝတ်ရုံကို ဝတ်ဆင်ထားသည့် အရာရှိများ ပါဝင်သည်။ ရှေးဟောင်းဘုရားကျောင်းမှာတုန်းက ကျန်းယွဲ့လု၏ လက်ကနေ ထွက်ပြေးလွတ်မြောက်သွားသော နတ်ဆရာမကလည်း သူတို့ထဲမှာ ပါဝင်နေသည်။ သို့သော်လည်း သူတို့ထဲတွင် မျက်စိစူးစရာအကောင်းဆုံးလူမှာ ခြုံထည်တစ်ထည်ကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် လူတစ်ယောက်ဖြစ်သည်။
ဤလူဆယ်ဦး၏ ဘေးပတ်လည်မှာလည်း နောက်ထပ် လူများစွာက မတ်တပ်ရပ်နေကြသည်။ သူတို့ထဲမှာ ချူးလျန်ဝမ့်၊ ယိုလေးဖူနှင့် မကြာသေးခင်ကမှ ရှေးဟောင်းဘုရားကျောင်းထဲမှာ ချီရွှမ်းစု ပစ်သတ်ခဲ့သော အမျိုးသားလည်း ပါဝင်နေသည်။
ဤလူများ၏ သရုပ်သကန်က သိသာထင်ရှားနေလေသည်။ သူတို့သည် လင်းရှန်စုန်းကဝေဝါဒဂိုဏ်း၏ အသင်းဝင်များ ဖြစ်ကြသည်။ သို့သော်လည်း ကျန်းယွဲ့လုနှင့် ချီရွှမ်းစု တွေ့မြင်ခဲ့ဖူးသည့် လူလေးဦးကလွဲလျှင် အခြားသော အယူဝါဒအသင်းဝင်များ၏ မျက်နှာများက ဝေဝါးနေ၏။ ကျန်းယွဲ့လု၏ ခရမ်းရောင်ကြယ်တာရာ နက္ခတ်ဗေဒင်က လစ်လပ်မှုရှိနေသလား သို့မဟုတ် တခြားသော ညစ်ညမ်းမှုတစ်ခုခု ဖြစ်ပွားနေသလား ချီရွှမ်းစု သိချင်မိသည်။
ကျန်းယွဲ့လုနှင့်ချီရွှမ်းစု နှစ်ဦးစလုံးက ပုံရိပ်များကို အာရုံစိုက်ကြည့်နေကြသည်။
ခရမ်းရောင်ကြယ်တာရာ နက္ခတ်ဗေဒင်သည် ဂမ္ဘီရဝိဇ္ဇာများ၏ မြေကမ္ဘာချီပြန်ခေါ်နည်းစနစ်ထက် အသိအမြင်ပိုမိုနှံ့စပ်သည်။ သို့သော်လည်း အားနည်းချက်များလည်း ရှိလေသည်။ မြေကမ္ဘာစွမ်းအင်က လိမ်ညာမှုမရှိဘဲ အရာရာတိုင်းကို မှန်ကန်စွာ မှတ်တမ်းတင်ထားပေလိမ့်မည်။ ထို့ကြောင့် ဂမ္ဘီရဝိဇ္ဇာများ အတိတ်ကို ပြန်မဖော်နိုင်အောင် တားဆီးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းဖြင့် မြေကမ္ဘာစွမ်းအင်ကို အနှောင့်အယှက်ပေးခြင်း ဖြစ်လေသည်။
တစ်ဖက်မှာတော့ ခရမ်းရောင်ကြယ်တာရာ နက္ခတ်ဗေဒင်မှ တံလှပ်ပုံရိပ်သည် ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားသော လူတစ်ယောက်၏ ဟန့်တားနှောင့်ယှက်ခြင်းကို ခံရနိုင်သည်။ တစ်နည်းအားဖြင့် ခရမ်းရောင်ကြယ်တာရာ နက္ခတ်ဗေဒင်က လှည့်စားတတ်ပြီး လုံးဝဥဿုံမယုံကြည်ရပေ။
သိပ်မကြာခင် တံလှပ်ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်မှာ လောင်ကျွမ်းခံထားရသည့် ဦးခေါင်းသာလျှင် ကျန်ရစ်ခဲ့သည်။
ချီရွှမ်းစုက ကျန်းယွဲ့လုကို ကြည့်ပြီး မေးလိုက်သည်။
“ဒီကိစ္စက… ငါတို့ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေတဲ့ပုံပဲ… ငါတို့ ဘာဆက်လုပ်ကြမလဲ”
ကျန်းယွဲ့လုက စဉ်းစားတွေးတောကာ ပြောလိုက်သည်။
“ဒီအမှုက သီးခြားအမှုတစ်ခု မဟုတ်လောက်ဘူးလို့ ငါ့စိတ်ထဲက အလိုလို သိနေတယ်… အခုလောလောဆယ်တော့ နစ်နာသူရဲ့ မိသားစုကို စုံစမ်းတာကနေ စတင်လို့ရတယ်”
ချီရွှမ်းစုက ထိုအစီစဉ်ကို သဘောမကျပေ။
“ငါ့အတွေ့အကြုံရဆို လူသတ်မှုကျူးလွန်သူတချို့က အာဏာပိုင်တွေ ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ဖို့အတွက် သူတို့သတ်ခဲ့တဲ့နေရာကို ပြန်လာတတ်တယ်… အဲဒါကြောင့် ဖီးနစ်စိမ်းတပ်ဖွဲ့က နစ်နာသူရဲ့မိသားစုကို စောင့်ကြည့်နေလိမ့်မယ်… ငါတို့က နစ်နာသူရဲ့ခေါင်းကိုသယ်ပြီး သူတို့ရဲ့တံခါးဝကို မဆင်မခြင်သွားမယ်ဆိုရင် ငါတို့က လင်းရှန်စုန်းကဝေအယူဝါဒ ဂိုဏ်းသားတွေအဖြစ် သတ်မှတ်ခံရမှာဆိုးရတယ်… အဲ့လိုသာဆိုရင် ငါတို့က ဖီးနစ်စိမ်းတပ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရလိမ့်မယ်… မဟုတ်ရင် ရှင်းပြဖို့အတွက် ငါတို့ရဲ့သရုပ်သကန်ကို ဖော်ထုတ်ပြသရလိမ့်မယ်”
“နင်ပြောတာ အဓိပ္ပါယ်ရှိတယ်… ငါ အဲ့ဒါကို မစဉ်းစားမိလိုက်ဘူး”
ချီရွှမ်းစုက ထပ်ပြောလိုက်သည်။
“နောက်တစ်ချက်ရှိသေးတယ်… မင်းပြောတဲ့အတိုင်းပဲ အဲ့ဒါက သီးခြားအမှုတစ်ခု ဟုတ်မနေတာပဲ… အဲ့လိုသာဆိုရင် ဒေသခံအုပ်ချုပ်သူတွေကနေ အထက်ပိုင်းအထိ ဒီအမှုက အရှိန်အဟုန်မြင့်တက်သွားလိမ့်မယ်… ဒီအမှုက ဒီဒေသမှာဆိုရင် ဒုစစ်ကဲရဲ့ အာရုံစိုက်မှုကိုတောင် ရရှိထားလောက်ပြီ”
ဒုစစ်ကဲတစ်ဦး၏ အဆင့်အတန်းသည် အကြမ်းဖျင်းအားဖြင့် ကျန်းယွဲ့လုလို အဆင့်လေး ကျိကျိုးတာအိုကြီးကဲတစ်ဦးနှင့် တူညီသည်။
ကျန်းယွဲ့လုက ခေါင်းကိုက်လာ၏။ သူမသည် အားလပ်ရက်အတွင်း ဖီးနစ်စိမ်းတပ်ဖွဲ့နှင့် ပတ်သက်လိုခြင်းမရှိပေ။ အထူးသဖြင့် ဒုစစ်ကဲတစ်ဦးနှင့်ဖြစ်သည်။
တစ်ဖက်မှာတော့ ချီရွှမ်းစုသည် ဖီးနစ်စိမ်းတပ်သားများနှင့် လုံးဝပတ်သက်လိုခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ လွန်ခဲ့သည့် လအနည်းငယ်ကမှ သူသည် ဖုန်ထိုက်ခရိုင်မှာ သူတို့၏ တပ်သားများစွာကို သတ်ဖြတ်ခဲ့လေသည်။
ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အကြံအိုက်နေကြသည်။
နောက်ဆုံးမှာတော့ ကျန်းယွဲ့လုက ရိုးရှင်းစွာ လက်လျှော့လိုက်၏။
“အဲ့ဒါကို ထားလိုက်ဦး… ငါတို့ အခုလောလောဆယ် မြို့ထဲကို အရင်ဝင်ပြီး ပထမဆုံးခြေလှမ်းကို စလိုက်ကြတာပေါ့”
“အဲ့လိုပဲ လုပ်ရတော့မယ်ထင်တယ်”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ယီရှန်မြို့တော်ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။ ကျန်းယွဲ့လုပြောသည့် တာအိုဘုရားကျောင်းဖြစ်ပုံရသော ချိတ်ဆက်ထားသည့် အဆောက်အအုံတချို့ကို သူ ခပ်ရေးရေး တွေ့မြင်လိုက်ရသည်။
ချင်းပိုင်ဘုရားကျောင်းက ယီရှန်မြို့အပြင်ဘက်မှာ တည်ရှိသည်။ ၎င်းကို မြို့အပြင်ဘက်မှာ တည်ဆောက်ထားပြီး မြေကွက်များက တန်ဖိုးမကြီးသောကြောင့် ကြီးမားသော ဧရိယာတစ်ခုကို သိမ်းပိုက်ယူထားသည်။ ယင်းသည် အရွယ်အစားအရ ကြီးမားသော ဘုရားကျောင်းတစ်ခုဖြစ်သော်လည်း အမှုထမ်းအရေအတွက်အရ ဘုရားကျောင်းငယ်တစ်ခုသာဖြစ်သည်။ ဤတာအိုဘုရားကျောင်းမှာ တရားဝင်အမှုထမ်း လေးဦးသာရှိပြီး ကျောင်းထိုင်ဆရာ၊ ဆရာကတော်နှင့် တပည့်နှစ်ဦးဖြစ်သည်။ ကျန်သူများသည် နေ့စဉ်လုပ်ငန်းဆောင်တာကို ထိန်းသိမ်းပေးသည့် တာအိုယုံကြည်သူများဖြစ်ကြသည်။
ယီရှန်မြို့တော်မှာ ဗုဒ္ဓဘာသာဝင် လူဦးရေများပြားသောကြောင့် ဤဘုရားကျောင်းသို့ လာရောက်ပူဇော်သည့်သူ မရှိသလောက်နီးပါးပင်။ ဤမြို့သည် ဗုဒ္ဓဝါဒထွန်းကားရာလမ်းကြောင်းမှာ တည်ရှိသောကြောင့် တာအိုယုံကြည်သူများသည် ဤနေရာကို ဖြတ်သွားလေ့မရှိပေ။ ထို့ကြောင့် ဤနေရာက တိတ်ဆိတ်ခြောက်ကပ်နေသည်။
ချင်းပိုင်ဘုရားကျောင်း၏ အကြီးအကဲကို ပိုင်ယုံကွမ်းဟု ခေါ်ဆိုပြီး သူက အဆင့် ၄ ကျိကျိုးတာအိုကြီးအကဲတစ်ဦးဖြစ်သည်။ သူက အစောပိုင်းနှစ်များမှာ ဘိုးဘေးကျောင်းတော်တွင် သူတော်စင်တစ်ပါးကို ဆန့်ကျင်ခဲ့မိသည်။ အပြစ်ဒဏ်အနေဖြင့် ရာထူးမှ လျှော့ချခံရပြီး လွန်ခဲ့သည့်ဆယ်နှစ်ကစ၍ နယ်စွန်နယ်ဖျား ဤဘုရားကျောင်းသို့ ပို့ဆောင်ခံခဲ့ရသည်။
သူက ကျောက်စိမ်းနေပြည်တော်သို့ ပြန်သွားဖို့ မျှော်လင့်ချက်မရှိတော့သည်ကို ပိုင်ယုံကွမ်းက သိရှိလိုက်သည်။ ဤနေရာမှာ သူ့အနေဖြင့် လုပ်စရာတခြားဘာမှလည်း မရှိသောကြောင့် သူက သဘာဝကို ခံစားဖို့သာ စိတ်နှစ်လိုက်သည်။ သူ့မှာ အချိန်အားသည့်အခါ တောင်တက်ခြင်း၊ နယ်မြေအသစ်များကို စူးစမ်းလေ့လာခြင်းများ ပြုလုပ်လေ့ရှိပြီး လနှင့်ချီ၍ ခရီးသွားလာနေလေ့ရှိသည်။
ထို့ကြောင့် ကြီးမားသော ဤတာအိုဘုရားကျောင်းမှာ ဆရာကတော်နှင့် သူ၏ တပည့်နှစ်ဦးသာ ကျန်ရစ်ခဲ့လေ့ရှိသည်။ ညရောက်သည့်အခါ နေရာက ပိန်းပိတ်အောင် နက်မှောင်သွားပြီး အတော်လေး ချောက်ချားစရာကောင်းသည်။ ပိုင်ယုံကွမ်းသည် ချင်းပိုင်ဘုရားကျောင်းသို့ ရွှေ့ပြောင်းခံရစဉ်က သူ၏အရွယ်ကောင်းမှာ ရှိနေခဲ့သည်။ တစ်ခဏအတွင်းမှာပင် ဆယ်နှစ်တာက ကုန်ဆုံးသွားပြီး သူက အသက် ၅၀ ကျော်အရွယ်ကို ရောက်လာခဲ့ပြီဖြစ်သည်။
ပိုင်ယုံကွမ်းနှင့် လက်ထပ်သည့်အချိန်မှာ သူဇနီး လီကျန်းအာက အသက် ၂၀ ကျော်အရွယ်မှာသာ ရှိသည်။ ထို့ကြောင့် ယခုချိန်မှာ သူမက အသက် ၃၀ ကျော်အရွယ်သာဖြစ်သည်။ ဒါ့အပြင် တာအိုဂိုဏ်းတော်မှာ အိုမင်းခြင်းကို ဆန့်ကျင်သည့် နည်းစနစ်များရှိပြီး သူမက ယခင်အတိုင်း ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။
ကျောင်းထိုင်ဆရာနှင့် သူဇနီးသည် အတူနေသည့်အချိန်နည်းပြီး အချိန်အများစုမှာ ခွဲနေကြသည်။ သူတို့မှာ သဟဇာတဖြစ်သော အိမ်ထောင်ရေးတစ်ခု မရှိသည်မှာ သိသာနေ၏။
တပည့်ဂိုဏ်းသားနှစ်ဦးကတော့ စီနီယာအစ်မက ပိုင်ယွဲ့ဖြစ်ပြီး ဂျူနီယာမောင်က လုယွီဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် အသက် ၂၀ ကျော်အရွယ်မှာ ရှိပြီး အဆင့် ၈ တာအိုဆရာများသာဖြစ်ကြသည်။
ပိုင်ယွဲ့နှင့် လုယွီသည် ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်လာစဉ်မှာပင် ပိုင်ယုံကွမ်း၏ တပည့်များအဖြစ် ရွေးချယ်ခံခဲ့ရသည်။ အဆင့် ၄ ကျိကျိုးတာအိုကြီးကဲတစ်ဦး၏ တပည့်အဖြစ် ရွေးချယ်ခံရခြင်းက ကောင်းသည့်အရာဖြစ်သော်လည်း ပိုင်ယုံကွမ်းက ရာထူးကနေ လျှော့ချခံရလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူတပည့်များအနေဖြင့် သူတို့ကလည်း ရောပါသက်ရောက်ခံရပြီး ကျောက်စိမ်းနေပြည်တော်ကနေ ထွက်လာခဲ့ရသည်။
ဘိုးဘေးကျောင်းတော်ကနေ ဒေသဆိုင်ရာ တာအိုစံအိမ်များ သို့မဟုတ် ဘုရားကျောင်းများသို့ ရွှေ့ပြောင်းရဖို့က မခက်ခဲသော်လည်း ဒေသဆိုင်ရာ တာအိုစံအိမ်များကနေ ဘိုးဘေးကျောင်းတော်သို့ ပြန်လည်ရွှေ့ပြောင်းဖို့က ဘယ်တုန်းကမှ မလွယ်ကူခဲ့ပေ။
ရှုခိုသည် သူတော်စင်ချင်းဝေ၏ ထောက်ခံမှုကြောင့်သာ ချီကျိုးတာအိုစံအိမ်ကနေ ထျန်ကန်းခန်းမသို့ ရွှေ့ပြောင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ချီရွှမ်းစုကတော့ ချင်းဖျင်အသင်းတော်၏ အဆက်အသွယ်များကြောင့်ဖြစ်သည်။ သူတို့၏ ကြားဝင်စွက်ဖက်မှုမရှိလျှင် ချီရွှမ်းစုသည် ထျန်ကန်းခန်းမသို့ ဝင်ရောက်ဖို့ အခွင့်အရေးကို ဘယ်တော့မှ ရရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် အစ်မချီက ဤအခွင့်အရေးကို ဆုလာဘ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
မူကျင်းနှင့် အခြားသူများကတော့ သူတို့သည် အစကတည်းက ဘိုးဘေးကျောင်းတော်မှာ တာဝန်ထမ်းဆောင်နေကြပြီး သူတို့သည် ခန်းမကိုးဆောင်ကြားတွင် နေရာအလှည့်အပြောင်း ပြုလုပ်ရုံသာဖြစ်သည်။ ထို့ကြောင့် ကျန်းယွဲ့လုသည် သူတို့ကို ပန်းခင်းထဲက တာအိုဆရာများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
ဘိုးဘေးကျောင်းတော်သို့ ရွှေ့ပြောင်းရသည့် အကျိုးအမြတ်က သိသာထင်ရှားလေသည်။ ထိုနေရာမှာ ပိုမိုများပြားသော အခွင့်အလမ်းများ၊ ကျယ်ပြန့်သော အသိအမြင်များနှင့် လုံးဝကွဲပြားခြားနားသော လူတန်းစားများနှင့် ထိတွေ့ဆက်ဆံခွင့် ရလေသည်။
ချီရွှမ်းစုသည် နှစ်ဝက်မပြည့်ခင် အဆင့် ၇ ကနေ အဆင့် ၆ သို့ တိုးမြှင့်ခံရပြီး သူ၏ဝင်ငွေကလည်း သိသိသာသာ တိုးလာခဲ့သည်။ ပို၍အရေးပါသည်မှာ သူသည် ကျန်းယွဲ့လု၏ မျက်နှာသာပေးခြင်း ခံရပြီး ခန်းမသခင်၏ စိတ်အာရုံကိုပင် ရရှိထားသည်။ ချီရွှမ်းစုက ဒေသဆိုင်ရာ တာအိုရုံးတော်တစ်ခုမှာ ထမ်းဆောင်မည်ဆိုလျှင် သူသည် အချိန်တိုအတွင်း ဤကဲ့သို့သော အောင်မြင်မှုများကို ဘယ်တော့မှ ရရှိလိမ့်မည်မဟုတ်ပေ။
များသောအားဖြင့် လူတစ်ယောက်၏ စမှတ်က သူတို့၏ နောက်ဆုံးပန်းတိုင်ကို ဆုံးဖြတ်ပေးလေ့ရှိသည်။ ဒေသဆိုင်ရာ တာအိုစံအိမ်များမှ အဆင့် ၇ တာအိုဆရာများသည် အဆင့် ၄ နေရာကို ရရှိဖို့အတွက် သူတို့တစ်ဘဝလုံး ရုန်းကန်ကြရသည်။ ခန်းမကိုးဆောင်မှာ အဆင့် ၇ တာအိုဆရာအများစုကတော့ သူတို့ ကြီးပြင်းလာသည်နှင့် အဆင့် ၄ နေရာကို ရရှိဖို့ အာမခံချက် ရရှိထားကြသည်။
ဤကဲ့သို့သော အခြေအနေများအောက်မှာ ချင်းပိုင်ဘုရားကျောင်းမှ အမှုထမ်းများက ဘယ်လောက်ဆိုးဆိုးဝါးဝါး ခံစားနေရမလဲ စဉ်းစားကြည့်နိုင်သည်။ ကျောက်စိမ်းနေပြည်တော်သို့ ပြန်သွားနိုင်မည့် သူတို့၏ မျှော်လင့်ချက်များက မရှိသလောက်ပင်။
***