"သိပ်အားကောင်းတာပဲ..."
"ဒီအရှိန်အဝါက အနည်းဆုံး ဖန်ဆင်းခြင်းအဆင့် စတုတ္ထအဆင့် ပညာရှင် တစ်ယောက်ဆီကပဲ... သူ ဘယ်လိုလုပ် ဒီလောက် အားကောင်းနိုင်ရတာလဲ..."
"ဒီလို သခင်ကြီးမျိုးက ငါတို့ကို လိမ်ညာမှာ မဟုတ်သလို ငါတို့ရဲ့ နည်းနည်းလေးပဲ ရှိတဲ့ လင်ရှီးစမ်းရေကိုလည်း တပ်မက်မှာ မဟုတ်လောက်ပါဘူး..."
အားကောင်းသော ဖိအားကို ခံစားလိုက်ရသောအခါ ရှေးဟောင်းမြို့သခင်နှင့် အခြားသူများ၏ မျက်နှာများ ပျက်ယွင်းသွားကြပြီး သူတို့၏ နဖူးပြင်တွင် ချွေးစေးများ ထွက်ပေါ်လာသည်။
အကယ်၍ ထိုအရာကို ထိုလူငယ်လေး ချန်ထားခဲ့ခြင်း မဟုတ်ပါက... သူ ထိုအသက်အရွယ်တွင် ထိုကဲ့သို့သော အင်အားမျိုး ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မည်သူမှ ယုံကြည်ကြမည် မဟုတ်ချေ။
မည်သို့ပင် ဖြစ်စေ ဖန်ဆင်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် အဆင့် တစ်ဆင့် တက်ရန်မှာ နောက်တစ်ဆင့်ထက် ပိုမို ခက်ခဲလှပြီး ဖန်ဆင်းခြင်းအဆင့် စတုတ္ထအဆင့် ပညာရှင် တစ်ယောက်ကို မျောလွင့်ကုန်းမြေတိုက်ကြီးတွင်ပင် အရှင်သခင် တစ်ပါးအဖြစ် သေချာပေါက် သတ်မှတ်နိုင်ပေသည်။
ထိုကဲ့သို့သော အင်အားမျိုး ရှိသည့် ပညာရှင် တစ်ယောက်က အသက် နှစ်ဆယ်အောက်သာ အမှန်တကယ် ရှိနေပါက မျောလွင့်ကုန်းမြေတိုက်ကြီး၏ ကြီးမြတ်သော ဂိုဏ်းကြီး ရှစ်ခုလည်း သူ့ကို တပည့်အဖြစ် လက်ခံရန် အလုအယက် ကြိုးစားကြမည် ဖြစ်၏။
"တူလေး မူယွမ်... ဒါ ကျုပ်တို့ရဲ့ အမှားပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..." ရှေးဟောင်းမြို့သခင်သည် ထိုတစ်ကြိမ်တွင် လူမှားကို စော်ကားမိပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် အလျင်အမြန် တောင်းပန်လိုက်သည်။
"ဟမ့်..." နိုင်းယွမ် လက်ကို ဝှေ့ယမ်းလိုက်၏။ အကယ်၍ သူသာ ယခင်က ထိုကဲ့သို့သော အမူအရာမျိုး ပြုလုပ်ခဲ့ပါက စံအိမ်သခင် အများအပြား ပြေးဝင်လာပြီး သူ့ကို ဝိုင်းဝန်း ထိုးကြိတ် သတ်ပစ်ကြမည် ဖြစ်သော်လည်း... ယခုအခါ မည်သူမှ စကားတစ်ခွန်းမှ မပြောရဲဘဲ သူ၏ လုပ်ရပ်များအား အဆင့်အတန်းနှင့် ထိုက်တန်သည်ဟု အားလုံးက ခံစားနေကြပေသည်။
ထိပ်တန်းပညာရှင် တစ်ယောက်၏ တပည့်... ထိုအချက် တစ်ခုတည်းကပင် လေးစားမှုနှင့် ထိုက်တန်နေပြီ ဖြစ်၏။
"ဒါ ကျုပ်အမှားပါ... စိတ်ထဲ မထားပါနဲ့..."
လိပ်ပြာတောင်ပံစံအိမ်သခင် သည်လည်း ခုနက မိမိ မဆင်မခြင် ပြုမူမိကြောင်း သိလိုက်ရသဖြင့် အလျင်အမြန် တောင်းပန်လိုက်၏။
"အင်း... တကယ်တော့ ခင်ဗျားတို့ ကျုပ်ကို စွပ်စွဲတာနဲ့ ပတ်သက်ပြီး ဘာမှ ပြောချင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ စံအိမ်သခင်က ဒီလောက် ယဉ်ကျေးနေမှတော့ ကျုပ်လည်း ပြောပြရတာပေါ့... အရင်က တိုက်ပွဲက ကမ္ဘာမြေကြီးကို တုန်ဟည်းသွားစေခဲ့တာပဲ... ကျုပ်က နားမကြား မျက်မမြင်လည်း မဟုတ်တော့ ကြားပြီး မြင်ခဲ့ရတာပေါ့... ခင်ဗျားတို့ စံအိမ်သခင်ရဲ့ ရတနာတိုက် လုယက်ခံရပြီးနောက် ကျုပ်ကို သံသယဝင်တာက နားလည်ပေးလို့ ရပါတယ်... ဘယ်သူက ကျုပ်ကို ဒီလို အချိန်မှ ရောက်လာခိုင်းလို့လဲ..."
နိုင်းယွမ် အလွန်အကျွံ မလုပ်ဆောင်နိုင်ကြောင်း သိထားသဖြင့် အခြေအနေကောင်းနေချိန်တွင် ရပ်တန့်ရန် ဆုံးဖြတ်လိုက်၏။ "ဒါပေမဲ့ ခင်ဗျားတို့ စဉ်းစားဖူးလား... လိပ်ပြာတောင်ပံစံအိမ် ရဲ့ ရတနာတိုက်က မြေကြီးအောက်မှာ ဒီလောက် လျှို့ဝှက်စွာ ဖုံးကွယ်ထားတာ... ကျုပ်က နတ်ဘုရားလည်း မဟုတ်ဘဲနဲ့ ရောက်ရောက်ချင်း အဲဒါ ဘယ်မှာ ရှိလဲဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ..."
"ဒါက..."
လူငယ်လေး ပြောသည်ကို ကြားသောအခါ လူတိုင်း တစ်ခဏမျှ စကားမဲ့သွားကြ၏။
ဟုတ်ပေသည်။ သူက အခုမှ ရောက်လာခြင်း ဖြစ်ရာ စံအိမ် အသီးသီး၏ ရတနာတိုက်များ တည်နေရာကို သူ မည်သို့များ သိနိုင်မည်နည်း။ ထိုကဲ့သို့သော လျှို့ဝှက်နေရာများကို မျိုးနွယ်စုဝင် အနည်းငယ်မျှသာ သိရှိကြပြီး အပြင်လူ တစ်ယောက် ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
"ခင်ဗျားတို့ ရတနာတိုက်ကို ဘယ်သူ ခိုးသွားလဲ ဆိုတာတော့ ကျုပ် မသိဘူး... ဒါပေမဲ့ အစောတုန်းကတော့ မူရန် ကပျာကယာ ထွက်သွားတာကို ကျုပ် မြင်လိုက်တယ်..."
လူတိုင်း သူ့ကို စတင် ယုံကြည်လာသည်ကို မြင်သောအခါ နိုင်းယွမ် အပြစ်ကို လွှဲချရန် စတင်လိုက်သည်။
"မူရန်..."
မူအန်းစံအိမ်သခင်၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွား၏။
မူရန်က လိပ်ပြာတောင်ပံစံအိမ်မှ လူတစ်ယောက် ဖြစ်ပေသည်။ အကယ်၍ စံအိမ်ထဲတွင် ထိုရတနာတိုက်၏ တည်နေရာကို သိသူ တစ်ယောက်ယောက် ရှိပါက သူက သေချာပေါက် တစ်ယောက် အပါအဝင် ဖြစ်ပေလိမ့်မည်။
"ဟုတ်တယ်... အစောက ဆူညံသံတွေ ဖြစ်နေတုန်းက ကျုပ်လည်း သွားကြည့်သေးတယ်... ဒါပေမဲ့ ကျုပ် ရောက်တာနဲ့ ခင်ဗျားတို့ အားလုံး ပျံထွက်သွားကြပြီ... အဲဒီအချိန်မှာပဲ မူရန်က စံအိမ်သခင်ရဲ့ မြေအောက် ရတနာတိုက်ဆီကို ရူးကြောင်ကြောင်နဲ့ ပျံသွားပြီးတော့ ထွက်ပြေးသွားတာကို ကျုပ်မြင်လိုက်တာ... သူ ဘယ်ကို သွားလဲ ဆိုတာကိုတော့ သေချာ မမြင်လိုက်ဘူး..."
နိုင်းယွမ် သူ၏ လုပ်ရပ်များ အားလုံးကို မူရန်အပေါ်သို့ ပေါ့ပေါ့ပါးပါး လွှဲချလိုက်၏။
မည်သို့ပင်ဖြစ်စေ သူ ထိုအချိန်က မူရန်၏ ပုံစံအဖြစ် ပြောင်းလဲထားခဲ့သဖြင့် တစ်စုံတစ်ယောက်က သူ့ကို မြင်ခဲ့လျှင်ပင် သူတို့လည်း သူ၏ ပြောစကားကိုသာ သဘောတူကြမည် ဖြစ်၏။
"မူတင်း... ဒီမူရန်က ငါတို့ ရတနာတိုက် အခိုးခံရတယ်လို့ ခုနက ပြောတဲ့လူပဲ မဟုတ်လား..." မူချီ ရုတ်တရက် မေးလိုက်သည်။
"ဟုတ်တယ်..." မူတင်း ခေါင်းညိတ်လိုက်၏။
"တကယ်ပဲ သူကိုး... ငါ့ရတနာတိုက်က ငါ့အခန်းထဲက လျှို့ဝှက်အခန်း တစ်ခုထဲမှာ ဖွက်ထားတာ... အထဲမှာ ချိတ်ပိတ်စွမ်းအင်လည်း မရှိဘူး... အခိုးခံရပြီးနောက် ငါ့အမျိုးအနွယ်တွေတောင် မသိသေးဘူး... ဒါပေမဲ့ သူက သိပြီး ငါတို့ကို လာပြောတယ်... တစ်ခုခုတော့ မှားနေတယ် မဟုတ်ဘူးလား'..."
မူချီ ရုတ်တရက် သဘောပေါက်သွားပြီး နောက်ဆုံးတွင် တစ်ခုခု မှားယွင်းနေကြောင်း သတိရသွားကာ ဒေါသတကြီး ပြောလိုက်သည်။
သူ၏ ရတနာတိုက်ကို အလွန် လျှို့ဝှက်စွာ ဖွက်ထားခဲ့ခြင်း ဖြစ်၏။ အခိုးခံရပြီးနောက် သူ၏ မျိုးနွယ်စုဝင်များပင် မသိသေးသော်လည်း ထိုမူရန်က သူတို့ကို လာပြောခြင်းမှာ သူ၏ အပြစ်ကို ရှင်းလင်းစွာ ဖော်ပြနေခြင်းပင်။
"ဟုတ်တယ်... သွားကြည့်ကြစို့... မူရန်က ငါတို့ကို ထွက်သွားအောင် ဒီလောက် ဒုက္ခခံပြီး လုပ်သွားတာ... တခြား အကြံအစည် တစ်ခုခုများ ရှိနေသေးလား..." ရှေးဟောင်းမြို့သခင်နှင့် အခြားသူများသည်လည်း သုံးသပ်ပြီးနောက် ယုံကြည်လာကြပြီး အလျင်အမြန် ပြောလိုက်ကြ၏။
"အင်း... တူလေး မူယွမ်... ကျေးဇူးပြုပြီး သက်သေအဖြစ် လိုက်ခဲ့ပေးပါ... ဒါမှ ကျုပ်တို့ မင်းရဲ့ အပြစ်ကင်းစင်မှုကို ပြန်လည် ဖော်ထုတ်ပေးနိုင်မှာ..." မူတင်း လှည့်၍ ပြောလိုက်သည်။
"ဝမ်းမြောက်စွာနဲ့ပါပဲ..."
‘အပြစ်ကင်းစင်မှုကို ပြန်လည် ဖော်ထုတ်ပေးမယ်... ဟဲဟဲ... ခင်ဗျားတို့ ပြောတာနော်... ကျုပ် တောင်းဆိုတာ မဟုတ်ဘူး... ပစ္စည်းတွေ ခိုးပြီးတာကို... အခိုးခံရတဲ့သူက သူခိုး အပြစ်ကင်းစင်ကြောင်းကို သက်သေပြပေးရဦးမှာပဲ... ဟားဟား...’
နိုင်းယွမ် ဝမ်းသာသွားပြီး အလျင်အမြန် ခေါင်းညိတ်ကာ လူအုပ်နောက်မှ လိုက်ပါပြီး စံအိမ်သခင် နေထိုင်ရာ ခြံဝင်းဆီသို့ ပျံသန်းသွားလိုက်၏။
လူတိုင်း စံအိမ်သခင်၏ ခြံဝင်းထဲသို့ ဝင်ရောက်သွားပြီး နိုင်းယွမ် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို လျင်မြန်စွာ တွေ့ရှိသွားကြ၏။ မူတင်းက မြေအောက် လိုဏ်ခေါင်းမှ ထွက်ပေါ်လာပြီး သူ၏ မျက်နှာမှာ မိဘတစ်ယောက် ဆုံးပါးသွားသကဲ့သို့ ပြာနှမ်းနေကာ သူ၏ ရင်ထဲမှ အမုန်းတရားများလည်း လှိုင်းလုံးကြီးများကဲ့သို့ တက်ကြွလာသည်။ "သူက ကျောက်အခန်းကိုတောင် ယူသွားသေးတယ်... မူရန်... မင်းက တကယ်ကို ရက်စက်တာပဲ... မင်းကို ငါ မသတ်နိုင်ရင်... ငါ လူမဟုတ်တော့ဘူးကွ..."
ထိုအချိန်တွင် ကျောက်အခန်းကို ယူသွားသည်ကို မြင်သောအခါ အမိုက်မဲဆုံး လူတစ်ယောက်ပင်လျှင် မူရန်က လူတိုင်းကို ထိုကျောက်အခန်းအတွက် လှည့်စား ထွက်သွားခိုင်းခဲ့ကြောင်း ကောက်ချက်ချနိုင်ပေသည်။
ထိုကျောက်အခန်းက အဖိုးမတန်သော်လည်း ယင်းက လင်ရှီးစမ်းရေကို သိမ်းဆည်းရန်နှင့် အငွေ့ပျံခြင်းမှ ကာကွယ်ရန် အကောင်းဆုံး ပစ္စည်း ဖြစ်၏။ ထိုအရာကို လာခိုးခြင်းဖြစ်ရာ ရတနာတိုက်ကို မည်သူ ခိုးသွားသလဲ ဆိုသည်ကို စဉ်းစားစရာပင် မလိုဘဲ ခန့်မှန်းနိုင်ပေသည်။
"မူရန်ရဲ့ နေအိမ်ကို သွားကြည့်ကြစို့... တကယ်လို့ တကယ်သာ သူဆိုရင်... သူ သဲလွန်စ တချို့တော့ သေချာပေါက် ချန်ထားခဲ့မှာပဲ..."
ရှေးဟောင်းမြို့သခင်သည်လည်း ထိုအချိန်တွင် မူရန်မှာ ပြဿနာ ရှိနေကြောင်း ခံစားမိပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သွားကြစို့..."
မူတင်း ခေါင်းညိတ်ကာ မူရန်၏ နေအိမ်ဆီသို့ ဦးစွာ ပျံသန်းသွား၏။
မူရန်၏ နေအိမ်မှာ သူ နေထိုင်ရာနှင့် အလွန် နီးကပ်ပေသည်။ လူတိုင်း အသက် တစ်ချက်၊ နှစ်ချက်ရှိက်စာ အကြာတွင် ခြံဝင်းသို့ ရောက်ရှိသွားကြ၏။
နိုင်းယွမ် မူလက မူရန်၏ နေအိမ် ဘယ်မှာ ရှိမှန်း မသိသော်လည်း လူအုပ်နောက်မှ ထိုခြံဝင်းသို့ လိုက်ပါလာပြီးနောက် သူ တုန်လှုပ်ကာ မူးလဲလုနီးပါး ဖြစ်သွားရသည်။
သူ တွင်းတူးရန် မူရန်၏ အိမ်ကို မတော်တဆ ရောက်ရှိသွားလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးချေ။ ယခုအခါ မူရန် အသက်ရှင်နေသေးလျှင်ပင် မည်သို့မှ ရှင်းပြ၍ ရနိုင်မည် မဟုတ်တော့ချေ။ ယင်းမှာ 'ပန်းစိုက်ရန် ရည်ရွယ်သော်လည်း ပန်းမပွင့်ဘဲ... မတော်တဆ စိုက်မိသော မိုးမခပင်က အရိပ်အာဝါသ ကောင်းစွာ ပေးသည်' ဟူသော စကားပုံအတိုင်းပင်။
ထိုအချိန်က သူ ချီယန်နှင့် သတ္တမမင်းသားကို ထောင်ချောက်ဆင်ရန် အချိန်အကြာကြီး ကြိုးစားခဲ့ရသော်လည်း ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး မရှိခဲ့ချေ။ သို့သော် ယခုအခါ ပေါ့ပေါ့ပါးပါး ကြိုးစားမှု တစ်ခုနှင့်တင် စံအိမ်သခင် ငါးယောက်နှင့် ရှေးဟောင်းမြို့သခင် တစ်ယောက်တို့ သူ့အား လုံးဝ ယုံကြည်သွားကြ၏။ ယင်းမှာ တကယ်ကို အတော်လေး တိုက်ဆိုင်လွန်းလှပေသည်။
လူတိုင်း အခန်းထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့၏ သံသယများကို ချက်ချင်း အတည်ပြုလိုက်ကြသည်။
အခန်းထဲတွင် မြေကြီးမှာ ရှုပ်ပွနေပြီး ဖုန်များဖြင့် ဖုံးလွှမ်းနေ၏။ တွင်းတစ်တွင်းကို ယခုလေးတင် တူးထားကြောင်း ရှင်းလင်းစွာ မြင်နိုင်ပြီး တွင်း၏ သဲလွန်စများအတိုင်း လိုက်သွားပါက လိပ်ပြာတောင်ပံစံအိမ်၏ ရတနာတိုက်သို့ တိုက်ရိုက် ရောက်ရှိသွားပေသည်။
ထပ်မံ စဉ်းစားစရာ မလိုတော့ဘဲ လူရော သက်သေပါ ရှိနေသဖြင့် ထိုအရာကို ထိုမူရန် လုပ်ဆောင်ခဲ့သည်မှာ သေချာနေပြီ ဖြစ်၏။
"စံအိမ်သခင် မူတင်း... ခင်ဗျားရဲ့ လေးစားရတဲ့ လိပ်ပြာတောင်ပံစံအိမ် ရဲ့ ဆက်ခံသူက အပြင်လူတွေနဲ့ ပူးပေါင်းပြီး ပေါ်ပေါ်တင်တင် သူခိုးလုပ်ပြီး ကျုပ် ပစ္စည်းတွေကို ခိုးသွားတယ်... ခင်ဗျား ဒီနေ့ ကျုပ်ကို ရှင်းပြချက် တစ်ခု မပေးဘူးဆိုရင်... ကျုပ် ခင်ဗျားနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်..."
မြေကြီးပေါ်ရှိ ရှုပ်ပွနေသော မြင်ကွင်းကို မြင်သောအခါ မူချီ သူ၏ ရတနာတိုက်ကို သတိရသွားပြီး ဒေါသဖြင့် တုန်ယင်ကာ မျက်လုံးများတွင် ပြင်းထန်သော အမုန်းတရားများဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကျုပ်..."
မူတင်းသည်လည်း သေလုမတတ် ဒေါသထွက်နေသည့်အတိုင် အမြဲတမ်း သစ္စာရှိသော မူရန်က ထိုကဲ့သို့သော အရာမျိုးကို မည်သို့များ လုပ်နိုင်မှန်း သူ နားမလည်နိုင်ချေ။
သို့သော် ယခုအခါ လက်ပူးလက်ကြပ် မိထားသဖြင့် သူ ငြင်းဆိုချင်လျှင်ပင် နည်းလမ်း မရှိတော့ပေ။
"ကျုပ် ချက်ချင်း အမိန့်ထုတ်ပြန်မယ်... လိပ်ပြာတောင်ပံစံအိမ် တစ်ခုလုံးက မူရန်ကို အပြည့်အဝ လိုက်လံ ဖမ်းဆီးမယ်... ဒီသစ္စာဖောက်ကို ကျုပ်တို့ ရအောင်ရှာမယ်..."
လက်သီးများကို ဆုပ်ထားရင်း မူတင်း ကျုံးဝါးလိုက်သည်။
"တရားခံကို တွေ့ပြီ ဆိုတော့ ဒါက ကျုပ်နဲ့ ဘာမှ မဆိုင်တော့ဘူး... ပြန်ခွင့်ပြုပါဦး..." အပြစ်ကို သေဆုံးသွားသော မူရန်အပေါ်သို့ အောင်မြင်စွာ လွှဲချပြီးနောက် နိုင်းယွမ် လက်သီးကို ဆုပ်ကာ လေးလေးနက်နက် ပြောလိုက်သည်။
"တူလေး မူယွမ်... ခုနက မင်းကို သံသယဝင်မိတဲ့အတွက် ကျုပ် တကယ် တောင်းပန်ပါတယ်... မင်း စိတ်မရှိဘူးဆိုရင်... ကျေးဇူးပြုပြီး ကျုပ်တို့နဲ့အတူ ညစာစားဖို့ နေခဲ့ပါဦး... အဲဒါကို မင်းကို ကျုပ် တောင်းပန်တဲ့ အနေနဲ့ သတ်မှတ်လိုက်ပါ..."
မူတင်း စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း နက်နဲသော အကြံအစည်များ ရှိသည့် စံအိမ်သခင် တစ်ယောက် ဖြစ်ပေသည်။ ယနေ့ ဖြစ်ရပ်က လိပ်ပြာတောင်ပံစံအိမ်၏ ဂုဏ်သိက္ခာကို များစွာ ဆုံးရှုံးစေခဲ့ပြီး လူများကို စော်ကားကာ မိမိကိုယ်ကိုယ် လူရွှင်တော် တစ်ယောက်ကဲ့သို့ ဖြစ်သွားစေခဲ့မှန်း သူ သိထား၏။ သူ ချက်ချင်းပင် ကျန်ရှိနေသော စံအိမ်သခင် လေးယောက်နှင့် ရှေးဟောင်းမြို့သခင်ကို ဖျော်ဖြေရန် စားသောက်ပွဲ တစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်ပေသည်။
သောက်စားခြင်းက သာမန်ဖြစ်ပြီး လူတိုင်း လုပ်ဆောင်ကြသော်လည်း ယင်းက အခြေအနေကို ပြေလျော့စေပြီး သူ၏ အရှက်ရမှုကို လျော့ပါးစေရန် အကောင်းဆုံး နည်းလမ်းပင်။
"ကောင်းပြီလေ..." နိုင်းယွမ် ခေါင်းညိတ်လိုက်၏။
သူ လင်ရှီးစမ်းရေနှင့် မည်သို့ ဆက်သွယ်ရမည်ကို မေးမြန်းရန် အခွင့်အရေး ရှာဖွေနေခြင်း ဖြစ်၏။ စားသောက်ခြင်းက အကောင်းဆုံး အခွင့်အရေး တစ်ခုပင်။
"လူတိုင်းပဲ... ဒီနေ့ကိစ္စက ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲမှု ပေါ့လျော့လို့ ဖြစ်ရတာပါ... စိတ်ချပါ... ကျုပ် ဒီ မူရန်ကို သေချာပေါက် ရှာပြီး လူတိုင်းကို ရှင်းပြချက် တစ်ခု ပေးပါ့မယ်... ကျေးဇူးပြုပြီး စားသောက်ပွဲ ခန်းမကို ကြွပါ... ဒါမှ ကျုပ် ဒီနေ့ ဖြစ်ရပ်တွေအတွက် တောင်းပန်နိုင်မှာ..."
နိုင်းယွမ် သဘောတူသည်ကို မြင်သောအခါ မူတင်း ခေါင်းညိတ်ကာ လူတိုင်းကို နှုတ်ဆက်လိုက်သည်။
"ကောင်းသားပဲ..." မူတင်း ပြောသည်ကို ကြားသောအခါ လူတိုင်း တစ်ညလုံး အလုပ်ရှုပ်နေသောကြောင့် အနည်းငယ် ဆာလောင်နေကြသဖြင့် အားလုံး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ရှေးဟောင်းမြို့တော်၏ အထွတ်အထိပ်တွင် ရှိနေသော လူတစ်စုတို့ နိုင်းယွမ်နှင့်အတူ လိပ်ပြာတောင်ပံစံအိမ်၏ စားသောက်ပွဲ ခန်းမသို့ ရောက်ရှိလာကြ၏။
အရသာရှိသော အစားအစာများကို လျင်မြန်စွာ တည်ခင်းလာပြီး ခမ်းနားထည်ဝါသော စားသောက်ပွဲ ခန်းမကို ကြည့်ရင်း နိုင်းယွမ် ခေါင်းခါလိုက်၏။
သူက လိပ်ပြာတောင်ပံစံအိမ်၏ ရတနာတိုက်ကို လုယက်ခဲ့ပြီး မူအန်းစံအိမ်၏ ရတနာများကိုလည်း ရှင်းလင်းခဲ့သည့်တိုင် ထိုနှစ်ဖက်လုံးက သူ့ကို ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက်အဖြစ် ဆက်ဆံကာ စားသောက်ရန် ဖိတ်ခေါ်ခဲ့ကြပေသည်။ တွေးကြည့်ရုံဖြင့် မယုံနိုင်စရာ ကောင်းလှပေသည်။
ထိုသည်မှာ အတိအကျပင် မဟာဗျူဟာ၏ စွမ်းအား ဖြစ်၏။ အကယ်၍ သူသာ အရာအားလုံးကို ကောင်းစွာ မခင်းကျင်းခဲ့ပါက သူ ယခုအချိန်တွင် ဖော်ထုတ်ခံရပြီး ထိုသခင်ကြီးများ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရလောက်ပြီ ဖြစ်ပေသည်။
"တကယ်တော့ လူတိုင်းကို ဒီကို ဖိတ်တာက စားဖို့ချည်းပဲ မဟုတ်ပါဘူး... ကျုပ် ပြောချင်တဲ့ အကြောင်းအရာ သုံးခု ရှိပါတယ်... မူရန်နဲ့ ပတ်သက်ပြီး ကျုပ်ရဲ့ ရပ်တည်ချက်ကို ပြောပြီးပါပြီ... သူ့ကို ဖမ်းဆီးပြီး ကျုပ်ရဲ့ အမုန်းတရားကို ဖြေဖျောက်ရမယ်... အဲဒီအကြောင်း ထပ်မပြောတော့ပါဘူး... ဒုတိယ အကြောင်းအရာကတော့... မူရန်က ဖန်ဆင်းခြင်း ပထမအဆင့် ခွန်အားပဲ ရှိတယ်... သူ ဒါကို လုပ်ချင်ရင်တောင် အရမ်း ခက်ခဲလိမ့်မယ်... ဒါက သူ သေချာပေါက် ပူးပေါင်းကြံစည်သူ တစ်ယောက် ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ... ပြီးတော့ ဒီပူးပေါင်းကြံစည်သူက အစောတုန်းက မူချီ စံအိမ်သခင်ကို လှည့်စား ထွက်သွားခိုင်းတဲ့ သူပဲ... မူချီ စံအိမ်သခင်သာ မမှားဘူးဆိုရင် ဒီပူးပေါင်းကြံစည်သူက ယွန်ရှန်းအဆင့် အင်အား ရှိရမယ်… ဒီလူက သူတို့ရဲ့ တကယ့် ဝှက်ဖဲပဲ..."
သူတို့၏ ဝိုင်ခွက်များကို မြှောက်ကာ လူတိုင်း ခဏမျှ သောက်စားပြီးနောက် မူတင်း သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။
"ဟုတ်တယ်... ဒီမူရန်က သေချာပေါက် ပူးပေါင်းကြံစည်သူ တစ်ယောက် ရှိရမယ်... သူသာ မရှိခဲ့ရင် သူ ကျုပ်တို့ အများကြီးကို မျောက်တစ်ကောင်လို လှည့်စားနိုင်မှာ မဟုတ်ဘူး..." မူချီ စံအိမ်သခင် နှာခေါင်းရှုံ့လိုက်သည်။ "ကျုပ် အစောက လိုက်ဖမ်းခဲ့တဲ့ လူက သေချာပေါက် ယွန်ရှန်းအဆင့် အင်အား ရှိတယ်... သူ့ရဲ့ ခန္ဓာကိုယ်က စံအိမ်သခင် မူတင်းနဲ့ အရမ်း တူတယ်... ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ် အရှိန်အဝါက လုံးဝ ကွဲပြားတယ်... သူ့ရဲ့ ခန္ဓာကိုယ်က တူနေလို့ပဲ ကျုပ်က သူလို့ ထင်ပြီး တိုက်ရိုက် တိုက်ခိုက်လိုက်တာ..."
"ခန္ဓာကိုယ် တူပြီး ဝိညာဉ် ကွဲပြားတယ်... ကြည့်ရတာ မူရန်ရဲ့ အဖွဲ့က ကြိုတင် ပြင်ဆင်မှုတွေ အပြည့်အဝ လုပ်ထားခဲ့ပုံပဲ..." စံအိမ်သခင်သည်လည်း ခေါင်းညိတ်ကာ ဝိုင်တစ်ငုံ သောက်ပြီး မေးလိုက်သည်။ "ဒါက ဒုတိယ အကြောင်းအရာပဲ... စံအိမ်သခင် မူတင်း... တတိယ အကြောင်းအရာက ဘာလဲ..."
"တတိယ အကြောင်းအရာကတော့ အရင်က အကြောင်းအရာ အဟောင်းပဲ... မြင့်မြတ်ဝိညာဉ်တပည့်ပြိုင်ပွဲပေါ့... ကျုပ်တို့ ဒီပြိုင်ပွဲကို သေခြင်းရှင်ခြင်း စမ်းသပ်မှု အဖြစ် သတ်မှတ်ထားပြီး အဲဒါကို ပြောင်းလဲဖို့ မလိုပါဘူး... ဒါပေမဲ့ အတွင်းမှာ အန္တရာယ်တွေ အများကြီး ရှိတယ်... မူယွမ်က အခု ကျုပ်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည် ဖြစ်နေမှတော့ သူ ဒီလို အန္တရာယ်များတဲ့ ပြိုင်ပွဲမှာ မပါဝင်စေချင်ဘူး..."
မူတင်း ရုတ်တရက် နိုင်းယွမ်ကို ကြည့်လိုက်သည်။
"ကျုပ်ကို မပါဝင်စေချင်ဘူး ဟုတ်လား..." နိုင်းယွမ် ကြောင်အသွားပြီးနောက် နားလည်သွားကာ သူ၏ ရင်ထဲတွင် အေးစက်သွား၏။
ကြည့်ရသည်မှာ တစ်ဖက်လူက 'သခင်ကြီး' ဖြစ်သူ သူ့ခန္ဓာကိုယ်ထဲတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ကြောင်း သိပြီး နိုင်းယွမ်ထံတွင် ဝှက်ဖဲအချို့ ရှိနေသေးမည်ကို ကြောက်သဖြင့် သူ့ကို ဝင်ခွင့် မပြုရဲခြင်း ဖြစ်လောက်ပေသည်။
မည်သို့ပင်ဆိုစေ နိုင်းယွမ်၏ အင်အားက အလွန် ကြီးမားလှ၏။ အကယ်၍ သူသာ တပည့်အားလုံးကို တကယ် သတ်ပစ်လိုက်ပါက သူတို့ နောက်ကျသွားလျှင်ပင် ငိုကြွေးကြရုံမှတပါး အခြား တတ်နိုင်တော့မည် မဟုတ်ချေ။
အခန်း ၃၈၁ ပြီး
***