"မူတင်း ပြောတာ မှန်တယ်... မူယွမ်က ကျုပ်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည် ဖြစ်နေမှတော့ ဒီလို အန္တရာယ်များတဲ့ ပြိုင်ပွဲမှာ ပါဝင်တာက တကယ်ကို မသင့်တော်ဘူး..."
"လင်ရှီးနန်းတော်ထဲက သေခြင်းရှင်ခြင်း စမ်းသပ်မှုမှာ ချိတ်ပိတ်စွမ်းအင်တွေ အများကြီး ရှိတယ်... မူယွမ်သာ အထဲမှာ တစ်ခုခု ဖြစ်သွားရင် သူ့ဆရာကို ရှင်းပြရ ခက်လိမ့်မယ်..."
"သခင်ကြီး မူတင်းရဲ့ စဥ်းစားပေးမှုကလည်း မင်းအတွက် ကောင်းအောင် လုပ်ပေးတာပါပဲ မူယွမ်..."
အခြား သခင်ကြီး လေးယောက်မှာ အကင်းပါးသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး မူတင်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကြ၏။ သူတို့အားလုံးက ကောင်းသော ရည်ရွယ်ချက်များဖြင့် ပြောဆိုနေသကဲ့သို့ ပြုံးကာ ပြောလိုက်ကြသော်လည်း သူတို့၏ ရင်ထဲတွင် မည်သို့ တွေးတောနေကြမှန်းတော့ မသိနိုင်ချေ။
"ကျုပ်ကို မပါဝင်စေချင်ဘူး ဟုတ်လား... ဒါပေမဲ့ ကျုပ်ဆရာက ကျုပ်ကို ဒီကို မြင့်မြတ်ဝိညာဉ်တပည့်ပြိုင်ပွဲမှာ ပါဝင်ဖို့ လာခိုင်းတာ... ပြီးတော့ ချန်ပီယံဆုကို ရအောင်ယူပြီး လင်ရှီးစမ်းရေ တချို့ ယူပြန်ခဲ့ဖို့ပါ ပြောတယ်... အဲဒါက အသုံးဝင်တယ်တဲ့... ကျုပ် ဒီအတိုင်းသာ ထွက်သွားရင်... သူ့ကို ဘယ်လို ရှင်းပြရမှာလဲ..."
နိုင်းယွမ်၏ မျက်နှာတွင် အခက်တွေ့နေသော အမူအရာ ပေါ်လာသည်။ "ကျုပ်ဆရာက ပြောတယ်... ကျုပ်သာ လင်ရှီးစမ်းရေကို ယူမပြန်နိုင်ရင် သူ ကိုယ်တိုင် ခင်ဗျားတို့ ရှေးဟောင်းမြို့တော်ကို လာယူမယ်တဲ့... သူ့ကို ဒီလောက် ခရီးဝေးကြီး လာအောင် လုပ်ရမှာကို ကျုပ် တကယ် မခံစားနိုင်ဘူး..."
"သူ ကိုယ်တိုင် လာမယ် ဟုတ်လား..."
လူငယ်လေး၏ စကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာများ တစ်ပြိုင်နက်တည်း တောင့်တင်းသွားကြ၏။
‘မင်းက မခံနိုင်ဘူး ဆိုပေမဲ့ ငါတို့က ပိုတောင် မခံနိုင်ဘူးဟ...”
‘မင်းကိုတော့ ငါတို့ လှည့်စားလို့ ရနိုင်သေးပေမဲ့ တကယ်လို့ အဲအဘိုးကြီးသာ ရောက်လာရင်...’
သူတို့ မူယွမ်၏ ခန္ဓာကိုယ်ထဲရှိ အမှတ်အသားကို ခုနကပင် အာရုံခံမိခဲ့ကြ၏။ အမှတ်အသား ချန်ထားခဲ့သော ပညာရှင်က အနည်းဆုံး ဖန်ဆင်းခြင်းအဆင့်၏ စတုတ္ထအဆင့် ရှိပေသည်။ အကယ်၍ ထိုကဲ့သို့သော ပညာရှင် တစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ ရောက်လာမည် ဆိုပါက နည်းနည်းမှ တောင်းဆိုမည် မဟုတ်မှန်း သူတို့က မည်သို့များ မသိဘဲ နေမည်နည်း။
ထိုအချက်ကို နားလည်သွားသောအခါ စံအိမ်သခင်ကြီး ငါးယောက်နှင့် မြို့သခင်တို့ အားလုံး စိတ်ပျက်အားငယ်သော အမူအရာများ ဖြစ်သွားကြပြီး ငိုချင်စိတ်များပင် ပေါက်လာကြ၏။
တကယ်တမ်းတွင် ထိုသည်မှာ စံအိမ်သခင် ငါးယောက်နှင့် မြို့သခင်တို့ မိုက်မဲခြင်းကြောင့်ဟု အပြစ်တင်၍ မရနိုင်ချေ။ သူတို့၏ ဘိုးဘေးများက ရှေးဟောင်းမြို့တော်တွင် အမြဲတမ်း နေထိုင်ခဲ့ကြ၏။ သူတို့နှင့် ယှဉ်လိုက်လျှင် သူတို့၏ စိတ်ဓာတ်မှာ ဟွမ်လင်းနှင့် အခြားသူများထက် များစွာ ပိုမို ရိုးရှင်းလှပေသည်။ ထို့အပြင် သာမန် ပါရဂွန်အဆင့် တစ်ယောက်က ဖန်ဆင်းခြင်းအဆင့် စတုတ္ထအဆင့်၏ ချီကို ထုတ်လွှတ်နိုင်သည် ဆိုသော အယူအဆမှာ မကြားဖူးသော အရာ ဖြစ်သဖြင့် သူတို့လည်း နိုင်းယွမ်၏ ဆရာမှာ ပြိုင်ဘက်ကင်း ပညာရှင် တစ်ယောက် ဖြစ်သည်ဟု ရင်ထဲ အသည်းထဲမှ ယုံကြည်နေကြပြီ ဖြစ်၏။
"ဟုတ်တယ်... ကျုပ်ဆရာက လင်ရှီးစမ်းရေကို အရမ်း စိတ်ဝင်စားတယ်... သူက တစ်ခုခုကို ဆန်းစစ်ချင်လို့ အနည်းဆုံး အစက် ထောင်ချီ လိုအပ်တယ်လို့ ပြောတယ်... သူက ကျုပ်ကို ဒီတစ်ခေါက် ချန်ပီယံဆုကို သေချာပေါက် ရအောင်ယူပြီး စမ်းရေ အလုံအလောက် ရအောင် လုပ်ခိုင်းတယ်... မဟုတ်ရင် သူ ကိုယ်တိုင် လာမယ်တဲ့..."
နိုင်းယွမ် သက်ပြင်းချလိုက်သည်။ "တကယ်တော့ ကျုပ်လည်း မလိုချင်ပါဘူး... ရှေးဟောင်းမြို့တော်ရဲ့ အပြင်စည်း တပည့်တစ်ယောက် အနေနဲ့ ရှေးဟောင်းမြို့တော်ရဲ့ အဖိုးတန်ဆုံး အရင်းအမြစ်ကို ဒီလောက် အများကြီး ယူရမှာ ကျုပ် နာကျင်ရပါတယ်... ကျုပ် အရမ်း ဝမ်းနည်းပြီး ကျုပ် မျိုးနွယ်စုကို သစ္စာဖောက်နေသလို ခံစားရတယ်... ဒါပေမဲ့... ဘာမှ မတတ်နိုင်ဘူးလေ... ကျုပ်အပေါ်ထားတဲ့ ဆရာ့ရဲ့ ကျေးဇူးတရားက တောင်ကြီးတစ်လုံးလောက် လေးလံတယ်... သူ ကျုပ်ကို ညွှန်ကြားချက်တွေ ပေးလိုက်မှတော့ ကျုပ် လိုက်နာရုံပဲ ရှိတာပေါ့... ခင်ဗျားတို့က ကျုပ်ကို ပြိုင်ပွဲမှာ မပါဝင်စေချင်ဘူးဆိုရင်... ဒါက... တကယ် အခက်တွေ့ရမှာပဲ.... ကျုပ်ဆရာကို ပြန်ပေးဖို့ လင်ရှီးစမ်းရေ ဒီလောက် အများကြီးကို ဘယ်မှာ သွားရှာရမှာလဲ... တကယ်လို့ ကျုပ် ရှာမတွေ့လို့ ဆရာက ဒေါသထွက်ပြီး ခင်ဗျားတို့ကိုပါ အပြစ်ပေးမယ် ဆိုရင်တော့... ကျုပ် တကယ် အပြစ်ရှိသွားမှာ..."
နိုင်းယွမ် စကားပြောနေစဉ် သူ၏ မျက်နှာတွင် နက်နဲသော နောင်တရနေသည့် အမူအရာတစ်ခု ပေါ်လာပြီး အရာအားလုံးက သူ၏ အမှား ဖြစ်နေသကဲ့သို့ ဖြစ်နေပေသည်။
"အစက် ထောင်ချီ... မင်းဆရာက အစက် ထောင်ချီ လိုချင်တယ် ဟုတ်လား..."
စံအိမ်သခင် ငါးယောက်နှင့် မြို့သခင်တို့ ထိုအရာကို ကြားပြီး လူငယ်လေး၏ မျက်နှာအမူအရာကို မြင်သောအခါ တစ်ပြိုင်နက်တည်း မေ့လဲမတတ် ဖြစ်သွားကြ၏။
လင်ရှီးစမ်းရေက တစ်နှစ်လျှင် တစ်စက်သာ ထွက်ရှိပေသည်။ ကြီးမြတ်သော စံအိမ်ကြီး ငါးခုနှင့် မြို့သခင်၏ စံအိမ်တို့က ယင်းကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသဖြင့် သိပ်မကျန်တော့ချေ။
‘မင်းက အစက် ထောင်ချီ လိုချင်တယ် ဟုတ်လား... မင်းက လင်ရှီးစမ်းရေကို ဂျိူးဖြူရေများ ထင်နေလား...’
‘သွားသေလိုက်ပါလား...’
သခင်ကြီး အများအပြား ဒေါသဖြင့် ပေါက်ကွဲနေပြီး မျက်ရည်များ စီးကျနေသော်လည်း သူတို့ ဘာမှ လုပ်၍ မရနိုင်ချေ။
အကယ်၍ ထိုမူယွမ်သာ ချန်ပီယံဆုကို ရရှိပြီး လင်ရှီးစမ်းရေ၏ အသိအမှတ်ပြုမှုကို ရရှိပါက သူ အနာဂတ်တွင် စမ်းရေ ပိုမို ရရှိမည်မှာ သေချာလှ၏။ အကယ်၍ သူ့ကို ဝင်ခွင့်မပြုပါက သူ၏ လေသံအရ သူ့ကို စမ်းရေ အစက် ထောင်ချီ ပေးရမည်မှာ သေချာပြီး မဟုတ်ပါက သူ၏ ဆရာဖြစ်သူ ရောက်လာမည် ဖြစ်၏။
"ကောင်းပြီ... မင်းဆရာကို လာခိုင်းမနေနဲ့တော့... အဘိုးကြီး တစ်ယောက် ဒီလောက် ခရီးဝေးကြီး လာရတာ တော်တော် ဒုက္ခများတယ်... ကျုပ်တို့ ကြီးမြတ်တဲ့ စံအိမ်ကြီး ငါးခုနဲ့ မြို့သခင်ရဲ့ စံအိမ်က မင်းအတွက် စမ်းရေ အစက် သုံးရာ စုပေးမယ်... ဒါက ကျုပ်တို့ ပေးနိုင်တဲ့ အများဆုံးပဲ... ဒါဆိုရင် မင်းလည်း ရှင်းပြစရာ ရှိသွားပြီး သေခြင်းရှင်ခြင်း စမ်းသပ်မှုမှာလည်း ပါဝင်စရာ မလိုတော့ဘူး..."
ခေတ္တမျှ စဉ်းစားပြီးနောက် စံအိမ်သခင် ငါးယောက်နှင့် မြို့သခင်တို့ သဘောတူညီမှု ရရှိသွားပုံ ရပြီး မြို့သခင်က ပြောလိုက်သည်။
"စမ်းရေ အစက် သုံးရာ ဟုတ်လား... ဒါက... ကျုပ်ဆရာက အစက် ထောင်ချီ တောင်းထားတာ... အစက် သုံးရာက နည်းလွန်းနေလောက်တယ်..." နိုင်းယွမ် မျက်နှာအမူအရာကို အခက်တွေ့နေဟန်ဖြင့် ဆက်လက် လုပ်ကြံဖန်တီးလိုက်၏။
မည်သို့ပင်ဖြစ်စေ ကောင်းကင်ကို တောင်းဆိုပြီး မြေကြီးဖြင့် ဖြေရှင်းရမည် ဖြစ်၏။ သူ အခြားအရာများထက် သူတို့၏ အကျိုးကျေးဇူး အားလုံးကို ညှစ်ထုတ်ရပေမည်။
"အစက် ထောင်ချီ... အမှန်အတိုင်း ပြောရရင်... လင်ရှီးစမ်းရေက တစ်နှစ်ကို တစ်စက်ပဲ ထွက်တာ... ပြီးတော့ ကျုပ်တို့ ရှေးဟောင်းမြို့တော်က တပည့်တွေ အများကြီးလည်း အသုံးပြုဖို့ လိုအပ်သေးတယ်... ဒါကြောင့် လက်ကျန် သိပ်မရှိတော့ဘူး... အစက် သုံးရာက အများဆုံးပဲ... မင်းဆရာ လာပြီး ကျုပ်တို့ ရှေးဟောင်းမြို့တော်ကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်ရင်တောင် ကျုပ်တို့ အဲထက်ပိုပြီး ထုတ်မပေးနိုင်တော့ဘူး..."
မြို့သခင်၏ ရင်ထဲတွင် သွေးများ စီးကျနေသကဲ့သို့ ခံစားလိုက်ရ၏။
"ဒီလိုလုပ်ပါ... ဒီပစ္စည်းက ဒီလောက် အဖိုးတန်မှတော့ ကျုပ် အစက် ထောင်ချီ မတောင်းတော့ပါဘူး... ကျုပ်ကို အစက် တစ်ထောင်ပဲ ပေးပါ... ဒါဆိုရင် ကျုပ် ပြန်သွားတဲ့အခါ ဆရာ့ကို ကောင်းကောင်း ရှင်းပြလို့ ရမှာ... မဟုတ်ရင် ကျုပ် တကယ် ရှင်းပြလို့ မရဘူး..." နိုင်းယွမ် သူတို့ကို အလွန်အကျွံ ဖိအားပေးမိမည်ကို စိုးရိမ်သဖြင့် အနည်းငယ် လျှော့ပေးလိုက်၏။
"အစက် တစ်ထောင်... ဒါလည်း အရမ်း များလွန်းသေးတယ်... အစက် ငါးရာပဲ... အဲထက်တော့ တကယ် ပိုပြီး မရနိုင်တော့ဘူး..."
သခင်ကြီးများနှင့် မြို့သခင်တို့ အချိန်အကြာကြီး ထပ်မံ ဆွေးနွေးပြီးနောက် အံကြိတ်ကာ သူတို့၏ အောက်ထစ် ကန့်သတ်ချက်ကို ပြောလိုက်ကြ၏။
တကယ်တမ်းလည်း အစက် ငါးရာမှာ သူတို့၏ အများဆုံး ပေးနိုင်သည့် ပမာဏ ဖြစ်ပေသည်။ တစ်နှစ်လျှင် တစ်စက်သာ ထွက်ရှိနိုင်ပြီး အသုံးပြုရန်လည်း လိုအပ်သေး၏။ ထိုမျှသော အစက်များ စုဆောင်းရန် မရေမတွက်နိုင်သော နှစ်များ ကြာမြင့်ခဲ့ရပေသည်။
"ကောင်းပြီ... သခင်ကြီးတို့နဲ့ မြို့သခင် အားလုံး ဒီလောက် ရက်ရောမှတော့... ကျုပ် မြင့်မြတ်ဝိညာဉ်တပည့်ပြိုင်ပွဲမှာ မပါဝင်တော့ပါဘူး... လင်ရှီးစမ်းရေကို ရတာနဲ့ ကျုပ်ညီမ မူရှာနဲ့ ကျုပ် ရှေးဟောင်းမြို့တော်ကနေ တိုက်ရိုက် ထွက်သွားပြီး ခင်ဗျားတို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးတော့ပါဘူး..."
နိုင်းယွမ် လူတိုင်း၏ မျက်နှာအမူအရာများမှ သူတို့ တကယ်ပင် အများဆုံး ပေးနိုင်သည့် ပမာဏသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ဆက်လက် ဖိအားမပေးတော့ချေ။ သူ ဝန်လေးစွာဖြင့် ခေါင်းညိတ် သဘောတူလိုက်၏။
"ဒါဆိုရင် ကျေးဇူးတင်ပါတယ် တူတော်မောင်..."
လူငယ်လေးက ပြိုင်ပွဲတွင် မပါဝင်ရန် သဘောတူပြီး စမ်းရေ ရသည်နှင့် ထွက်ခွာသွားမည်ကို ကြားသောအခါ လူတိုင်း တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်မိကြ၏။
"ကောင်းပြီ... ဒီအကြောင်း ထပ်မပြောကြတော့ဘူး... စားသောက်ပွဲ ပြီးရင် မင်းကို လင်ရှီးစမ်းရေ ပေးမယ်... အခုတော့ သောက်ကြ... သောက်ကြပါ..." မြို့သခင်လည်း လူငယ်လေး လျှော့ပေးသည်ကို မြင်သောအခါ သူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် သောက်ရန် တိုက်တွန်းလိုက်သည်။
"ဟုတ်တယ်... ကြည့်စမ်း... ဟင်းတွေ အေးကုန်တော့မယ်... မြန်မြန်စား... ဒီနဂါးအသည်းတွေက နဂါးမျိုးနွယ် အစစ်အမှန်ရဲ့ မျိုးဆက်တွေဆီက ရတာ... အရမ်း အားရှိတယ်... တူတော်မောင် မူယွမ်... အားမနာနဲ့..."
"ဒီဝိုင်တွေလည်း ကောင်းတယ်... နှစ်ရာချီ သက်တမ်း ရှိလောက်တယ်... အရသာရှိတယ်..."
လူတိုင်း သဘောတူညီမှု ရရှိသွားသဖြင့် ယခင်က ဖိအားများသော အခြေအနေ ပျောက်ကွယ်သွားပြီး အခန်းတစ်ခုလုံး ချက်ချင်း သက်ဝင် လှုပ်ရှားလာတော့သည်။
"စကားမစပ်... ကျုပ် တစ်ခုလောက် မေးချင်တယ်... လင်ရှီးစမ်းရေက တကယ်တမ်း ဘာအသုံးဝင်တာလဲ... ဘာလို့ ဒီလောက် နည်းနေရတာလဲ... ပြီးတော့ ဘာလို့ အစက်နဲ့ တိုင်းတာရတာလဲ..."
ဝိုင်နှင့် ဟင်းလျာ အများအပြား သုံးဆောင်ပြီးနောက် နိုင်းယွမ် မေးလိုက်သည်။
"မင်း မသိဘူးလား..." လူငယ်လေး၏ မေးခွန်းကို ကြားသောအခါ လူတိုင်း ကြောင်အသွားကြ၏။
"ကျုပ်က အပြင်စည်း တပည့်တစ်ယောက် ဆိုတော့ နည်းနည်းတော့ သိပါတယ်... ဒါပေမဲ့ အဲဒါက ကြွက်သား လှုပ်ရှားမှုကို တိုးပွားစေနိုင်တယ် ဆိုတာလောက်ပဲ သိတာ... တခြား ဘာမှ မသိဘူး..."
နိုင်းယွမ် ခေါင်းခါလိုက်၏။
"ဟဲဟဲ... တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူး... လင်ရှီးစမ်းရေက အဲဒီလို အာနိသင်မျိုးပဲ ရှိတာ..." မြို့သခင် ပြုံးလိုက်သည်။ "မင်း ရှေးဟောင်းမြို့တော်ကို လာတုန်းက ဒီမှာရှိတဲ့ လူငယ် အများအပြားက အသက် နှစ်ဆယ်အောက်မှာတောင် ပါရဂွန်အဆင့် အင်အား ပိုင်ဆိုင်ထားကြတာကို မြင်ခဲ့မှာပဲ... ဒါက တခြားနေရာတွေမှာ တော်တော် ရှားပါးတယ်... အဲဒါက ရှေးဟောင်းမြို့တော်မှာ ပါရမီရှင်တွေ များလို့ မဟုတ်ဘဲ လင်ရှီးစမ်းရေရဲ့ အာနိသင်ကြောင့်ပဲ..."
"သြော်... ပြောပြပါဦး..."
နိုင်းယွမ် ခန့်မှန်းပြီး ဖြစ်သော်လည်း အသေးစိတ်ကို မသိသဖြင့် အတိအကျ ကြားချင်နေပေသည်။
"လင်ရှီးစမ်းရေက တကယ်တော့ လူတစ်ယောက်ရဲ့ အလားအလာကို အလွန်အကျွံ ထုတ်သုံးနိုင်တဲ့ စိတ်ကြွဆေး တစ်မျိုးပဲ... ကျုပ်တို့ကို ကြည့်စမ်း... ကျုပ်တို့ အားလုံး အသက် ဘယ်လောက် ရှိပြီလဲဆိုတာ မင်း သိလား..." မြို့သခင်က မဖြေဘဲ စကားလမ်းကြောင်း လွှဲကာ မေးလိုက်သည်။
"ခင်ဗျားတို့လား... ဒါတော့ ပြောရခက်တယ်..." နိုင်းယွမ် ခေါင်းခါလိုက်၏။
ဖန်ဆင်းခြင်းအဆင့်သို့ ရောက်ရှိသည်နှင့် လူတစ်ယောက်၏ ရုပ်ရည်မှာ ယေဘုယျအားဖြင့် မပြောင်းလဲတော့ချေ။ ထိုလူများမှာ အသက် ခြောက်ဆယ်၊ ခုနစ်ဆယ် သို့မဟုတ် ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိပုံ ပေါက်နေသော်လည်း သူတို့၏ အသက် အစစ်အမှန်မှာ အနည်းဆုံး နှစ်ရာချီ သို့မဟုတ် တစ်ထောင်ပင် ရှိနိုင်ပေသည်။
အခြားသူများကို မဆိုထားနှင့် ဟွမ်ချန်းနှင့် ပန်းတစ်ရာဂိုဏ်းချုပ် နှစ်ယောက်လုံးမှာ အနည်းဆုံး အသက် သုံးရာကျော် ရှိကြပေသည်။
ထိုလူများမှာ သူတို့ထက် ပိုမို အားကောင်းသဖြင့် သူတို့၏ အသက်မှာ မငယ်ရပေ။ နိုင်းယွမ်၏ ထင်မြင်ချက်အရ လင်ရှီးစမ်းရေက ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ပေးနိုင်လျှင်ပင် ထိုအဆင့်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်နှစ်ရာကျော် လိုအပ်မည် ဖြစ်၏။
“ပြောရခက်တယ်ပေါ့... ဟဲဟဲ... မင်း ဘာတွေးနေလဲ ကျုပ် သိတယ်..." မြို့သခင် ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ "တကယ်တော့ ငါတို့ရဲ့ ရုပ်ရည်နဲ့ အသက်က သိပ်မကွာဘူး... ငါ ဒီနှစ် ငါးဆယ့်တစ်နှစ် ရှိပြီ... ဒီထဲမှာ အသက်အကြီးဆုံးက ငါးဆယ့်ငါးနှစ်ပဲ ရှိသေးတယ်... ငါတို့ ရှေးဟောင်းမြို့တော် တစ်ခုလုံးမှာတောင် အသက် တစ်ရာကျော်တဲ့ လူ တစ်ယောက်မှ မရှိဘူး..."
မြို့သခင် သက်ပြင်းချကာ ခေါင်းခါလိုက်၏။
"ဘာ... ငါးဆယ့်တစ်နှစ်... ငါးဆယ့်ငါးနှစ်... မြို့တော် တစ်ခုလုံးမှာ အသက် တစ်ရာကျော်တဲ့ လူ တစ်ယောက်မှ မရှိဘူး... ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ထိုတစ်ကြိမ်တွင် နိုင်းယွမ် တုန်လှုပ်သွားရသည်။
ကျင့်ကြံသူများက တောက်ထျန်း ဖန်ဆင်းခြင်းအဆင့်သို့ ရောက်ရှိသည်နှင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ပြောင်းလဲသွားပြီး သူတို့၏ သက်တမ်းမှာ များစွာ တိုးပွားလာပေသည်။ နှစ်ရာချီ အသက်ရှင်ရန် လွယ်ကူလှ၏။ ရှေးဟောင်းမြို့တော် တစ်ခုလုံးတွင် အနည်းဆုံး ဖန်ဆင်းခြင်းအဆင့် ပညာရှင် ငါးဆယ်၊ ခြောက်ဆယ် သို့မဟုတ် တစ်ရာခန့် ရှိပေသည်။ အသက် တစ်ရာကျော်သော လူ တစ်ယောက်မှ မရှိသည်မှာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
အသက် တစ်ရာကျော်သော ဖန်ဆင်းခြင်းအဆင့် ပညာရှင်များ အားလုံး ဘယ်ရောက်သွားကြသနည်း။
“အသက် တစ်ရာကျော်တဲ့ ဖန်ဆင်းခြင်းအဆင့် ပညာရှင်တွေ ဘယ်ရောက်သွားလဲလို့ မင်း တွေးနေတာလား..." သခင်ကြီးက နိုင်းယွမ်၏ အတွေးများကို ဖောက်ထွင်းမြင်နိုင်ပုံ ရပြီး သက်ပြင်းချလိုက်သည်။ "တကယ်တော့ ဒါက ကျုပ်တို့ ရှေးဟောင်းမြို့တော်ရဲ့ ဝမ်းနည်းစရာ တစ်ခုပဲ... အသက် တစ်ရာကျော်တဲ့ ဖန်ဆင်းခြင်းအဆင့် ပညာရှင်တွေက ဒီကနေ ထွက်မသွားဘူး... သူတို့ အားလုံး သေကုန်ကြပြီ..."
"အားလုံး သေကုန်ပြီ ဟုတ်လား... ဖန်ဆင်းခြင်းအဆင့် ပညာရှင်တွေက အသက် ၈၀၀ ကျော် နေနိုင်တာ မဟုတ်ဘူးလား... သူတို့ ဘယ်လိုလုပ် သေနိုင်မှာလဲ..."
နိုင်းယွမ် မယုံကြည်နိုင်အောင် ဖြစ်သွား၏။
"ရိုးရှင်းပါတယ်... ကျုပ်တို့က လင်ရှီးစမ်းရေကို သုံးပြီး ငါတို့ရဲ့စွမ်းအားကို အလွန်အကျွံ ထုတ်သုံးခဲ့ကြတာ... ကျုပ်တို့ရဲ့ သက်တမ်း အပါအဝင်ပေါ့... ဒါကြောင့် ဖန်ဆင်းခြင်းအဆင့်ကို ရောက်ရင်တောင် ကျုပ်တို့ရဲ့ သက်တမ်းက သိပ်မတိုးတော့ဘူး..." မြို့သခင် ရှင်းပြလိုက်သည်။ "မင်း လင်ရှီးစမ်းရေကို သောက်သုံးလိုက်တဲ့အခါ မင်းရဲ့ ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဥ်နှုန်းက သာမန်ထက် ငါးဆ ပိုမြန်သွားတယ်... ဒီလူတွေကို ကြည့်စမ်း... သူတို့က ဆယ်ကျော်သက် အရွယ်မှာ ပါရဂွန်အဆင့်ကို ရောက်ကြပေမဲ့... ဇီဝကမ္မ အသက်အရ တွက်မယ်ဆိုရင် သူတို့ အားလုံး ခုနစ်ဆယ်၊ ရှစ်ဆယ် ရှိနေပြီ... ခုနစ်ဆယ်၊ ရှစ်ဆယ် ဒါမှမဟုတ် တစ်ရာမှာ ပါရဂွန်အဆင့်ကို ရောက်တာက ပါရမီရှင်လို့ လုံးဝ မသတ်မှတ်နိုင်ဘူး..."
"ဒီလို ဖြစ်နိုင်တာကိုး..."
နိုင်းယွမ် နောက်ဆုံးတွင် နားလည်သွားသည်။
ရှေးဟောင်းမြို့တော်တွင် ပါရမီရှင်များ ထိုမျှ များပြားနေခြင်းမှာ အံ့သြစရာ မရှိချေ။ ယင်းတို့အားလုံးကို သက်တမ်းဖြင့် လဲလှယ်ထားခြင်း ဖြစ်ပေသည်။
‘အင်အားအတွက် သက်တမ်းကို လဲလှယ်တာ... ငါ့ညီလေး...’
သူ့ညီကို သတိရသွားပြီး နိုင်းယွမ်၏ ရင်ထဲတွင် ထပ်မံ နာကျင်သွားရပြန်သည်။
"တကယ်တော့ ဒါက ဘာမှ မဟုတ်ပါဘူး... ကျုပ်တို့သာ လင်ရှီးစမ်းရေကို မသောက်သုံးခဲ့ရင်... ကျုပ်တို့ရဲ့ သက်တမ်းက နည်းနည်း ပိုရှည်လာပေမယ့်... အင်အား မရှိလို့ အဆင့်အတန်း မရှိဘဲ နှင်ထုတ်ခံရမှာပဲ... အပြင်လောကကို နှင်ထုတ်ခံရပြီး ဒီလို ပါရမီမျိုးနဲ့ အဆုံးစွန်အထိ ကျင့်ကြံဖို့က မဖြစ်နိုင်သလောက်ပဲ... ပြီးတော့ ငါတို့ ပိုတောင် စောစော သေသွားနိုင်သေးတယ်..." သခင်ကြီး ဆက်ပြောလိုက်သည်။
ထိုသည်မှာ မွေးကတည်းက စိတ်ကြွဆေးများ ထိုးသွင်းခံရသော လူအချို့နှင့် တူပြီး မရေမတွက်နိုင်သော မျိုးဆက်များ ကြာပြီးနောက် အကယ်၍ သူတို့ စိတ်ကြွဆေး မသုံးပါက သူတို့၏ စွမ်းရည်ကို ဆုံးရှုံးသွားမည် ဖြစ်၏။ ချီသခင်အဆင့် သို့မဟုတ် ပါရဂွန်အဆင့်သို့ ထပ်မံ ရောက်ရှိရန် မည်မျှ ကြာမည်ကို မည်သူ သိနိုင်မည်နည်း။ စမ်းရေကို ဆက်လက် အသုံးပြုခြင်းကသာ ပို၍ ကောင်းပေလိမ့်မည်။
ထိုသည်မှာ စွဲလမ်းမှုပင်။
အရာတစ်ခုကို အချိန်အကြာကြီး အသုံးပြုသောအခါ ယင်းအပေါ် မှီခိုမှု ဖြစ်ပေါ်လာပေသည်။
အခန်း ၃၈၂ ပြီး
***