"လူငယ်လေး... မင်း မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ခဲ့ပြီး အမွေအနှစ် တစ်ခုကို ရရှိတော့မှာပဲ... အဲဒါက မင်းကို မယုံနိုင်စရာ အကျိုးကျေးဇူးတွေ ပေးလိမ့်မယ်... ဒီစမ်းရေ တစ်စက်မှာ အဆုံးမရှိတဲ့ စွမ်းအားနဲ့ ပညာဉာဏ်တွေ ပါဝင်တယ်... ချက်ချင်း သောက်သုံးလိုက်... မင်း သောက်သုံးပြီးရင် ငါ မင်းကို ရှေးခေတ်က ယူဆောင်လာခဲ့တဲ့ ကျင့်စဥ် လျှို့ဝှက်ချက်တွေကို ပေးအပ်မယ်..."
စမ်းချောင်းက စကားပြောနေစဉ် ယင်းအထက်တွင် ချိတ်ဆွဲထားသော စမ်းရေ တစ်စက် "ဘုတ်" ခနဲ ပြုတ်ကျသွားပြီး နိုင်းယွမ်ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာသည်။
စမ်းရေက ကြည်လင်ပြီး သူ ယခင်က မြင်တွေ့ခဲ့ရသည်များနှင့် ကွဲပြားနေ၏။ သူ့ထံသို့ မရောက်ရှိမီမှာပင် ဝိညာဉ်ကို လှုပ်ခတ်စေသော ချောမွေ့သော အရှိန်အဝါ တစ်ခုက ယင်းမှ ဖြာထွက်လာပြီး သူ၏ ချွေးပေါက်များ အားလုံး ပွင့်ထွက်သွားစေသည်။
"ဒီစမ်းရေ တစ်စက်မှာ လင်ရှီးကောင်းကင်နန်းတော်ထဲကို ဝင်ရောက်ခဲ့တဲ့ တပည့်တွေ အားလုံးရဲ့ အလားအလာတွေ စုစည်းနေတယ်... စုပ်ယူလိုက်ရင် သာမန်လူတစ်ယောက်ရဲ့ အင်အားက ပါရဂွန်နောက်ဆုံးအဆင့်ကို ဖောက်ထွက်သွားရုံတင်မကဘူး... ဝိညာဉ်စွမ်းအားကလည်း အဆင့်သစ် တစ်ခုကို တက်လှမ်းသွားနိုင်လောက်တယ်..."
စမ်းရေကို ယူလိုက်ပြီး နိုင်းယွမ် သူ၏ ကြွက်သားများ တဆတ်ဆတ် တုန်သွားသည်ကို ခံစားလိုက်ရပြီး ယင်းကို ချက်ချင်း မျိုချလိုစိတ်များ ပေါ်ပေါက်လာ၏။
"မြန်မြန် စုပ်ယူလိုက်... မင်း စုပ်ယူပြီးရင် ငါ မင်းကို လျှို့ဝှက်ကျင့်စဥ်တွေကို သင်ပေးမယ်... မင်းရဲ့ အင်အားကို အများကြီး တိုးပွားစေလိမ့်မယ်..." စမ်းချောင်းကြီးက လူငယ်လေး မလှုပ်ရှားသေးသည်ကို မြင်သောအခါ ဆက်လက် ပြောဆိုလိုက်သည်။
"ကောင်းပြီ... ကျုပ် အခုပဲ စုပ်ယူလိုက်မယ်..." နိုင်းယွမ် ခေါင်းညိတ်ကာ ခေါင်းကို မော့ပြီး စမ်းရေ တစ်စက်ကို မျိုချလိုက်၏။
"မဆိုးဘူး... အခု မင်းရဲ့ သားရဲထိန်းချီနဲ့ ငါ့ကို ဆက်သွယ်... ပြီးရင် ငါ မင်းကို ရှေးခေတ်က ကျန်ရစ်ခဲ့တဲ့ ကျင့်စဥ်နဲ့ လျှို့ဝှက်ချက်တွေကို ပေးမယ်..."
စမ်းချောင်း၏ အသံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေသည်။
"အင်း..." နိုင်းယွမ်၏ သားရဲယဥ်ပါး ဒန်တျန် လည်ပတ်သွားပြီး သားရဲထိန်းချီက စမ်းချောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။
"ဟားဟား... နှစ်ပေါင်းများစွာ အကျဉ်းကျခံနေရပြီးနောက် ငါ နောက်ဆုံးတော့ ခန္ဓာကိုယ် တစ်ခု ရပြီး ပြန်လည် ရှင်သန်လာတော့မယ်... လော့ထျန်းတာအိုသခင်... မင်းရဲ့ မျိုးဆက်တွေထဲမှာ သားရဲသခင် တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မင်း ဘယ်တော့မှ အိပ်မက်မက်ဖူးမှာ မဟုတ်ဘူး..."
သားရဲထိန်းချီ စမ်းချောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် နိုင်းယွမ် အလွန်အမင်း အားကောင်းသော အရှိန်အဝါ တစ်ခု ချက်ချင်း သူ့အပေါ်သို့ လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရ၏။
ရက်စက်မှု၊ သတ်ဖြတ်မှု၊ အမုန်းတရား၊ ရူးသွပ်မှု... အမျိုးမျိုးသော အဆိုးမြင် စိတ်ခံစားမှုများ ....
ထိုအရှိန်အဝါနှင့်အတူ ချက်ချင်း သူ့ကို တိုက်ခိုက်လာပြီး သူ၏ စိတ်ဝိညာဉ် ပြိုကျလုနီးပါး ဖြစ်သွားရသည်။
"သားရဲထိန်းချီ ဖိနိုပ်စမ်း... ငရဲကိုးဆင့် အေးခဲပုလဲ မကောင်းဆိုးဝါး ဖယ်ရှား... သွေးမျက်ရှင်အလင်း..."
ထိုစွမ်းအားကို ခံစားလိုက်ရသော်လည်း နိုင်းယွမ် ထိတ်လန့်မသွားချေ။ သူ ရုတ်တရက် ပါးစပ်ကို ဟလိုက်ရာ ငရဲကိုးဆင့် အေးခဲပုလဲ ထွက်ပေါ်လာပြီး စမ်းချောင်းဆီသို့ တည့်တည့် ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ သွေးမျက်ရှင်သခင် အစွမ်း လှုပ်ရှားသွားပြီး သွေးမျက်လုံးအလင်းတို့ ကျရောက်လာ၏။
"မင်း သားရဲထိန်းချီကို ဘယ်လို ထိန်းချုပ်နိုင်ရတာလဲ... မင်း အဲဒီ စမ်းရေ တစ်စက်ကို ခုနကမှ စုပ်ယူလိုက်တာ မဟုတ်ဘူးလား..."
စမ်းချောင်းကြီးကလည်း လူငယ်လေး၏ ကွာခြားမှုကို အာရုံခံမိပုံ ရပြီး ယင်း၏ အသံတွင် စိုးရိမ်ပူပန်မှုနှင့် ဒေါသများ ပြည့်နှက်လာသည်။
"ကျုပ် မမှားဘူးဆိုရင်... ကျုပ်သာ အဲဒီ စမ်းရေ တစ်စက်ကို တကယ် စုပ်ယူလိုက်ရင်... ကျုပ်ရဲ့ သားရဲယဥ်ပါး ဒန်တျန်က ချုပ်တည်းခံရပြီး ခင်ဗျားကို ထပ်ပြီး မဖိနိုပ်နိုင်တော့ဘူး... အကြံကောင်း တစ်ခုပဲ... ဒါပေမဲ့ ခင်ဗျား ဒီလှည့်ကွက်လေး တစ်ခုတည်းနဲ့ ကျုပ်ကို ဒုက္ခပေးချင်ရင်တော့ နည်းနည်း လိုသေးတယ်..."
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ နိုင်းယွမ်၏ သားရဲထိန်းချီ ရိုင်းစိုင်းစွာ တက်ကြွလာပြီး သွေးမျက်လုံးအလင်း၏ စွမ်းအားလည်း တဖြည်းဖြည်း တိုးပွားလာတော့သည်။
သားရဲထိန်းချီက မိစ္ဆာသားရဲများနှင့် ဝိညာဥ်စိတ်ဆန္ဒများ အားလုံးအပေါ်တွင် နှိမ်နင်းနိုင်သော အာနိသင် ရှိပြီး မြင့်မားသော သွေးစွမ်းအင်က နိမ့်ကျသော သွေးစွမ်းအင်ကို ကိုင်တွယ်ဖြေရှင်းသကဲ့သို့ပင်။ ထိုသည်မှာ သဘာဝ နိယာမ ဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်ချေ။
ထိုစမ်းရေ တစ်စက်တွင် ရှုပ်ထွေးသော စိတ်ဆန္ဒ အများအပြား ပါဝင်နေ၏။ စုပ်ယူလိုက်သည်နှင့် ယင်းသည် တုန်ခါမှု တစ်ခုကို ဖြစ်ပေါ်စေပြီး သားရဲယဥ်ပါး ဒန်တျန်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ သားရဲထိန်းချီလည်း ဖိနိုပ်နိုင်စွမ်းတို့ ဆုံးရှုံးသွားမည် ဖြစ်၏။
ထိုနည်းဖြင့် စမ်းချောင်း၏ စိတ်ဆန္ဒက အခြေအနေကို အခွင့်ကောင်းယူပြီး နိုင်းယွမ်ကို လုံးဝ ပူးကပ်နိုင်မည် ဖြစ်၏။
ထိုနည်းလမ်းက မိစ္ဆာမျိုးနွယ်တွင် အလွန် ကျော်ကြားပြီး မိစ္ဆာဝိညာဉ် ပူးကပ်ခြင်း ပုံစံ တစ်မျိုးပင်။ မိစ္ဆာ အများအပြားက ထိုနည်းများဖြင့် လူသားမျိုးနွယ်စုများထဲသို့ စိမ့်ဝင်ပြီး အထက်တန်းလွှာများသို့ ဝင်ရောက်ခဲ့ကြပေသည်။
ထိုအချိန်က သူနှင့်အတူ အင်္သေချတောင်တန်းသို့ ဝင်ရောက်ခဲ့သော ညီအစ်ကို ဒါဇင်ပေါင်းများစွာထဲမှ နှစ်ယောက်သည်လည်း ထိုနည်းလမ်းဖြင့် ပူးကပ်ခံခဲ့ရ၏။
ထိုနည်းလမ်းဖြင့် ပူးကပ်ခံရသော ပုဂ္ဂိုလ်များအတွက် ပူးကပ်နေသော ဝိညာဉ်က သားရဲယဥ်ပါး ဒန်တျန်တွင် နေထိုင်၏။ မလှုပ်ရှားသည့်အခါ အားအကောင်းဆုံး ပုဂ္ဂိုလ်များပင် မည်သည့် အားနည်းချက်မျှ မတွေ့ရှိနိုင်ချေ။ လှုပ်ရှားလိုက်သည်နှင့် ယင်းက သားရဲသခင်၏ စိတ်ဆန္ဒကို ချက်ချင်း ဖျက်ဆီးပြီး သူတို့ကို လုံးဝ အစားထိုးနိုင်ပေသည်။
လင်ရှီးကောင်းကင်နန်းတော်သို့ မဝင်ရောက်မီက နိုင်းယွမ်မှာ စမ်းချောင်း၏ ရည်ရွယ်ချက်ကို မသိခဲ့သော်လည်း အသတ်ခံရသော ပုဂ္ဂိုလ်များ၏ အလားအလာကို စုပ်ယူနေသည်ကို သူ မြင်သောအခါ ယင်းမှာ အမှန်တရားနှင့် နီးစပ်နေကြောင်း သူ ခန့်မှန်းမိခဲ့၏။
အဆင့် တစ်ဆင့်စီကို ဖြတ်သန်းလာသည်နှင့် ပြိုင်ဘက်၏ ရည်မှန်းချက် ပိုမို ရှင်းလင်းလာ၏။ အကယ်၍ နိုင်းယွမ်သာ ကြံစည်မှုကို မမြင်နိုင်သေးပါက ရူးနေ၍သာ ဖြစ်ရပေမည်။ ထို့ကြောင့် သူ လိုက်လျောညီထွေ ပြုမူကာ စမ်းရေကို မျိုချ စုပ်ယူဟန်ဆောင်လိုက်ပေသည်။ တကယ်တမ်းတွင် ယင်း သူ့လည်ချောင်းသို့ ရောက်ရှိသည့် အခိုက်အတန့်တွင် စမ်းရေ တစ်စက်ကို သူ၏သိုလှောင်ဒန်တျန်သို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ပေသည်။
"ဒါ မဖြစ်နိုင်ဘူး... ငါ့ရဲ့ ဒီပညာရပ်က မိစ္ဆာမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ် တစ်ခုပဲ... အဲဒီတုန်းက လော့ထျန်းတာအိုသခင်တောင် မသိခဲ့ဘူး... မင်းလို ပါရဂွန်အဆင့် တစ်ယောက်က ဘယ်လိုလုပ် သိနိုင်မှာလဲ... ငါ မယုံဘူး..."
စမ်းချောင်းကြီးက ထိုရလဒ်ကို မယုံကြည်နိုင်ချေ။ ယင်း၏ ဧရာမ စိတ်ဆန္ဒ ရှေ့သို့ တိုးလာပြီး ရူးသွပ်စွာ လှုပ်ခါလာကာ နိုင်းယွမ်ကို အဆုံးမဲ့ခွန်အားနှင့် ဖိနိုပ်လာသည်။
"မယုံဘူး ဟုတ်လား... မင်း ယုံရလိမ့်မယ်... သားရဲထိန်းချီ သူ့ကို ချုပ်နှောင်စေ... ငါ့ကို အညံ့ခံစမ်း.."
ပြိုင်ဘက်၏ ဟိန်းဟောက်သံကို လျစ်လျူရှုကာ နိုင်းယွမ်၏ မျက်လုံးများ ရေခဲကဲ့သို့ အေးစက်နေ၏။ တဆက်တည်း သူ့ထံမှ သားရဲထိန်းချီတို့ ပြင်းထန်စွာ နိူးထလာ၏။
လင်ရှီးစမ်းချောင်းက သူ့ကို နှိမ်နင်းချင်သည်... သို့တိုင် ယနေ့ သူ ယင်းကို နှိမ်နင်းမည် ဖြစ်၏။
"ငါ့ကို မင်းဆီ အညံ့ခံခိုင်းနေတာလား... အိပ်မက်သာ မက်နေလိုက်... ငါ မင်းကိုပါ အတူတူ ခေါ်သွားမယ်..."
ကြမ်းကြုတ်သော ဟိန်းဟောက်သံနှင့်အတူ စမ်းချောင်းကြီး၏ ရူးသွပ်နေသော စိတ်ဆန္ဒ လောင်မြိုက်သွားပုံရ၏။
စမ်းချောင်းက ဝိညာဥ်စိတ်ဆန္ဒ တစ်ခု ဖြစ်ပြီး မိစ္ဆာသားရဲနှင့် ကွဲပြားနေ၏။ မိစ္ဆာသားရဲ၏ ရုပ်ခန္ဓာက သားရဲထိန်းချီ၏ နှိမ်နင်းမှုအောက်တွင် ဆက်လက် တိုက်ခိုက်နိုင်သော်လည်း ဝိညာဥ်စိတ်ဆန္ဒ တွင် ခန္ဓာကိုယ် မရှိဘဲ သူ၏ စိတ်ဝိညာဥ်အပေါ်တွင်သာ မှီခိုနိုင်ပေသည်။ အကယ်၍ သူ၏ စိတ်ဆန္ဒပါ နှိမ်နင်းခံရပါက ရလဒ်မှာ ဆုံးဖြတ်ပြီး ဖြစ်၏။
ထို့ကြောင့် သူ့ အကြံအစည် ဖော်ထုတ်ခံရကြောင်း သိသဖြင့် စမ်းချောင်း၏ စိတ်ဆန္ဒလည်း အသဲအသန် လောင်းကြေးထပ်လိုက်၏။ သူ၏ အားကောင်းသော စိတ်စွမ်းအားက ပူလောင်သော နေတစ်စင်းကဲ့သို့ နိုင်းယွမ်ဆီသို့ ပြင်းထန်စွာ ပြေးဝင်လာ၏။
"ငါ့ကိုပါ အတူတူ ခေါ်သွားမယ် ဟုတ်လား... မင်းမှာ အဲဒီလို စွမ်းရည် ရှိဖို့ လိုသေးတယ်... ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ချီ... ငါ့အတွက် အသုံးဝင်စေ... ပါရဂွန်နောက်ဆုံးအဆင့် ဖောက်ထွက်ခြင်း..."
ပြိုင်ဘက်၏ ဧရာမ စိတ်ဆန္ဒကို ခံစားလိုက်ရပြီး လှိုင်းလုံးကြီးများကဲ့သို့ တက်ကြွနေသဖြင့် နိုင်းယွမ် ခြေလှမ်း နှစ်လှမ်း နောက်ဆုတ်ကာ သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။ ကောင်းကင်ကို ထိုးဖောက်သွားသော အရှိန်အဝါ တစ်ခု သူ့ထံမှ ထွက်ပေါ်လာပြီး ပြင်းထန်သော မီးတောက်ကဲ့သို့ လောင်ကျွမ်းနေ၏။
လွန်ခဲ့သော တစ်လကျော်က နိုင်းယွမ် ပါရဂွန်နောက်ဆုံးအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မည်သည့်အချိန်တွင်မဆို အဆင့်တက်ရန် အဆင်သင့် ဖြစ်နေ၏။ တစ်လကျော် ကျင့်ကြံပြီးနောက် သူ၏ အင်အားနှင့် ဝိညာဉ်စွမ်းအား နှစ်ခုလုံး များစွာ ထက်မြက်လာခဲ့ပေသည်။ ဤတစ်ကြိမ်တွင် စမ်းချောင်း၏ စိတ်ဆန္ဒက သူ့ကိုပါ အတူတူ ခေါ်သွားရန် ရည်ရွယ်နေသဖြင့် သူ ဘာမှ မချန်ထားတော့ဘဲ အတားအဆီးကို ချိုးဖျက်ရန် သူ၏ စွမ်းအားကို ချက်ချင်း လှည့်ပတ်လိုက်၏။
ဘုန်း...
သူ့စိတ်ထဲတွင် ကျယ်လောင်သော အသံကြီး တစ်ခု ပဲ့တင်ထပ်သွား၏။ ပါရဂွန်နောက်ဆုံးအဆင့်၏ အားနည်းနေပြီ ဖြစ်သော အတားအဆီးများ ချက်ချင်း ကျိုးပဲ့သွား၏။ နိုင်းယွမ် တစ်ကိုယ်လုံးရှိ စွမ်းအား ချက်ချင်း နိူးထလာပြီး အားဆေး တစ်ခုကို စားသုံးလိုက်သကဲ့သို့ ခွန်အားတို့ တိုးမြင့်လာတော့သည်။
ဆင်ကောင်ရေ ၁၀၀၀၀...
ဆင်ကောင်ရေ ၁၂၀၀၀...
ဆင်ကောင်ရေ ၁၅၀၀၀...
ဆင်ကောင်ရေ ၂၀၀၀၀...
.ဆင်ကောင်ရေ ၅၀၀၀၀...
သူ အဆင့်တက်သွားပြီးနောက် အစစ်အမှန်ချီ စွမ်းအားက တိုက်ရိုက်ပင် ဆင်ကောင်ရေ ငါးသောင်းသို့ ရောက်ရှိသွား၏။
ဖန်ဆင်းခြင်း အဆင့် ၁ အစောပိုင်းအဆင့်က ဆင်ကောင်ရေ တစ်သောင်း စွမ်းအား ပိုင်ဆိုင်ပြီး အလယ်အဆင့် နှစ်သောင်း၊ နောက်ဆုံးအဆင့် သုံးသောင်း ပိုင်ဆိုင်၏။ နိုင်းယွမ် ပါရဂွန်အဆင့် အထွတ်အထိပ်တွင် ဆင်ကောင်ရေ ငါးသောင်း ပိုင်ဆိုင်ပြီး သာမန် ဖန်းလီအဆင့် အထွတ်အထိပ်နှင့် ယှဉ်နိုင်ပေသည်။
“ဟားဟား... သန့်စင်စမ်း...”
ပါရဂွန်နောက်ဆုံးအဆင့် မှ ပါရဂွန်အဆင့် အထွတ်အထိပ်သို့ ဖောက်ထွက်ရန် အသက် တစ်ချက်၊ နှစ်ချက် ရှိုက်စာမျှသာ ကြာမြင့်၏။ နိုင်းယွမ်၏ စွမ်းအားတိုး ချက်ချင်း တက်ကြွလာပြီး သူ၏ ဝိညာဉ်မှာ ထပ်မံ ခိုင်မာသွား၏။ သူ အားရပါးရ ရယ်မောလိုက်ပြီး သွေးမျက်လုံးအလင်းတို့အား စမ်းချောင်းကို လုံးဝ ဝန်းရံစေလိုက်၏။ တစ်ချိန်တည်းမှာပင် သားရဲထိန်းချီက ရေလွှမ်းမိုးသကဲ့သို့ ထွက်ပေါ်လာပြီး ကျိုးပေါက်သွားသော ဆည်တစ်ခုကဲ့သို့ မတားဆီးနိုင်အောင် ဖြစ်နေပေသည်။
နိုင်းယွမ် ပါရဂွန်အဆင့် အထွတ်အထိပ်သို့ တက်လှမ်းသွားသည်နှင့် သားရဲထိန်းချီ၏ အရည်အသွေးလည်း သိသိသာသာ တိုးပွားလာ၏။ အခြေအနေက ချက်ချင်း တစ်ဖက်စောင်းနင်း ဖြစ်သွားပေသည်။ စမ်းချောင်း၏ စိတ်ဆန္ဒ လုံးဝ နှိမ်နင်းခံရပြီး ပိုမို အားနည်းလာကာ နောက်ဆုံးတွင် ရပ်တန့်သွားသည်။
"ငါ့ကို မဖျက်ဆီးပါနဲ့... ငါ မင်းရဲ့ အစေခံ လုပ်ဖို့ ဆန္ဒရှိပါတယ်... မင်းအတွက် လင်ရှီးစမ်းရေ ထုတ်လုပ်ပေးပါ့မယ်..."
စမ်းချောင်း၏ စိတ်ဆန္ဒမှာ နောက်ဆုံးတွင် မခံနိုင်တော့ဘဲ တိုးညှင်းသော အသံဖြင့် တောင်းပန်လာတော့သည်။
"ငါ့အစေခံ လုပ်မယ် ဟုတ်လား... မင်းရဲ့ ဝိညာဉ်ကို မြန်မြန် မစတေးဘဲ ဘာလုပ်နေတာလဲ..."
နိုင်းယွမ် ဟိန်းဟောက်လိုက်၏။
"ဟုတ်ကဲ့..."
ချက်ချင်းပင် အဖြူရောင် အလင်းတန်း တစ်ခု သူ့ စိတ်ထဲသို့ ပျံသန်းဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။ စမ်းချောင်း၏ စိတ်ဆန္ဒသည် သူ့ဝိညာဉ်ကို စတေးပြီး ဖြစ်ကာ သူ၏အသစ္စာရှိဆုံး အစေခံ ဖြစ်လာပေသည်။
ဝိညာဥ်စိတ်ဆန္ဒလို သက်ရှိများ၏ ဝိညာဉ် စတေးခြင်းမှာ မိစ္ဆာ အိမ်မွေးတိရစ္ဆာန်များနှင့် မိစ္ဆာများ အညံ့ခံခြင်းနှင့် အတူတူပင်။ အတွေးတစ်ချက်တည်းဖြင့် သူ ယင်းကို လုံးဝ ဖျက်ဆီးပစ်နိုင်ပေသည်။
စမ်းချောင်း၏ စိတ်ဆန္ဒကို ဖိနိုပ်ပြီးနောက် နိုင်းယွမ်လည်း နားလည်သွား၏။
စမ်းချောင်းမှ ဖော်ပြခဲ့သော လော့ထျန်းတာအိုသခင်မှာ ရှေးဟောင်းမြို့တော်ရှိ လူများ အားလုံး၏ ရှေးဘိုးဘေး ဖြစ်ကြောင်း သိလိုက်ရ၏။ လင်ရှီးစမ်းရေကို သူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးမှ ဖြစ်တည်လာသော ဝိညာဥ်စိတ်ဆန္ဒ တစ်ခု ဖြစ်၏။ ထိုစမ်းချောင်းသည် လူသားတို့၏ ပါရမီ အလားအလာကို စုပ်ယူပြီး စမ်းရေကို စုစည်းနိုင်ပေသည်။ ထို့ကြောင့် စမ်းရေက လူများကို ထူးခြားသော ပါရမီစွမ်းအား ပေးနိုင်ပြီး သူတို့ကို ငယ်ရွယ်စဉ်တွင် အလွန် အားကောင်းစေ၏။
လော့ထျန်းတာအိုသခင်က သားရဲသခင် တစ်ယောက် ဖြစ်ခဲ့၏။ သူ လင်ရှီးစမ်းရေ၏ စိတ်ဆန္ဒကို သူ၏ အစေခံအဖြစ် သိမ်းသွင်းကာ စမ်းရေ ထုတ်လုပ်ပြီး သူ၏ မျိုးဆက်များကို ကျင့်ကြံစေခဲ့ခြင်း ဖြစ်ချေသည်။ လော့ထျန်းတာအိုသခင် သေဆုံးပြီးနောက် စမ်းရေက ဤနေရာတွင်သာ ဖိနိုပ်ခံရပြီး နေထိုင်ခဲ့ရသည်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကုန်လွန်ခဲ့ပြီးနောက် ယင်းက နောက်ဆုံးတွင် သားရဲသခင် တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ မူလက ခန္ဓာကိုယ် တစ်ခုကို လွှဲပြောင်းယူခြင်းဖြင့် ပြန်လည်မွေးဖွားနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ယခင်ကကဲ့သို့ တူညီသော လမ်းဟောင်းပေါ်သို့ ထပ်မံ ရောက်ရှိသွားခဲ့၏။
ဝိညာဥ်စိတ်ဆန္ဒများ အသိစိတ် ရရှိလျှင်ပင် သူတို့က သဘာဝအတိုင်း ပုံသဏ္ဌာန် မရှိသောကြောင့် နောက်ဆုံးတွင် လူသားများ၏ သန့်စင်ခြင်းကို ခံရမည် ဖြစ်၏။ ထိုသည်မှာ ရှောင်လွှဲ၍ မရနိုင်ချေ။ ထို့အပြင် လူသား တစ်ယောက်ကို ပူးကပ်ရန် အမှန်တကယ်ပင် အလွန် ခက်ခဲလှပေသည်။
"မင်း ငါ့အစေခံ ဖြစ်လာပြီ ဆိုတော့ မင်း ဒီမှာ နေစရာ မလိုတော့ဘူး... ငါနဲ့ လိုက်ခဲ့..."
ထိုအချက်ကို နားလည်သွားသဖြင့် နိုင်းယွမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ၏ လက်ကြီးဖြင့် ဆွဲယူလိုက်ကာ စမ်းချောင်းကို ကျိဟွာဂူစံအိမ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ကျိဟွာဂူစံအိမ်က အလွန်ကျယ်ဝန်းသည်မို့ စမ်းချောင်းငယ် တစ်ခုကို ထည့်သွင်းရန် လွယ်ကူလှပေသည်။
"လင်ရှီးစမ်းရေနဲ့ စမ်းချောင်းကိစ္စက စောင့်လို့ ရတယ်... လင်ရှီးစမ်းရေကို ငါ ယူသွားပြီ ဆိုတော့ ရှေးဟောင်းမြို့တော်က သေချာပေါက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု ကြုံရလိမ့်မယ်... မြန်မြန် ထွက်သွားတာ ပိုကောင်းတယ်..."
စမ်းချောင်းကို သိမ်းဆည်ပြီးနောက် နိုင်းယွမ် မနေတော့ဘဲ အပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွား၏။
....
"လူတိုင်း ဒီတစ်ခေါက် ကြည့်စရာ မလိုတော့ဘူး... ငါ့မြေး မူရှန်က လင်ရှီးစမ်းရေရဲ့ အသိအမှတ်ပြုမှုကို ရပြီး ချန်ပီယံဆုကို ရသွားမှာ သေချာတယ်..."
လင်ရှီးကောင်းကင်နန်းတော် အပြင်ဘက်ရှိ ရင်ပြင်တွင် စံအိမ်သခင် ငါးယောက်၊ ရှေးဟောင်းမြို့သခင်နှင့် စမ်းသပ်မှုမှ တပည့်များ၏ ဆွေမျိုးအားလုံးက ရလဒ်များကို စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေကြ၏။
မူအန်းစံအိမ်သခင် မူချီမှာ လက်ရှိတွင် မြင့်မားသော ထိုင်ခုံ တစ်ခုပေါ်တွင် ထိုင်နေပြီး အဝေးရှိ ကျောက်တံခါးကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။
"မူရှန်... ဟဲဟဲ... မင်း မနေ့က သူ့အင်အားကို တိုးတက်အောင် ကူညီပေးခဲ့တာ ငါ သိတယ်... ဒါပေမဲ့ ချန်ပီယံဆုကို ရဖို့က အဲဒီလောက် လွယ်မှာ မဟုတ်ဘူး..."
အေးစက်စက် ရယ်မောသံ တစ်သံ ထွက်ပေါ်လာသည်။ ယင်းမှာ ထိုက်ရီစံအိမ်သခင် မူရူထံမှ ဖြစ်၏။
"မလွယ်ဘူး ဟုတ်လား... ဒါပေမဲ့ မင်းရဲ့ မူကျယ်လို့ ခေါ်တဲ့ ကောင်လေးထက် နိုင်ဖို့ ပိုများတာတော့ သေချာတယ်..." မူချီ နှာခေါင်းရှုံ့လိုက်၏။
"ဟဲဟဲ... စောင့်ကြည့်ကြတာပေါ့... အဲဒီအခါကျရင် မင်း ငိုမှာကိုပဲ ငါ ကြောက်တယ်..." မူရူ ယုံကြည်မှု ရှိရှိ ပြုံးနေလေသည်။
ထိုနှစ်ယောက် ငြင်းခုံနေစဉ်မှာပင် လင်ရှီးကောင်းကင်နန်းတော်၏ ကျောက်တံခါး ရုတ်တရက် ဖြည်းညှင်းစွာ ပွင့်လာလေသည်။
ကျောက်တံခါး ပွင့်သွားခြင်းမှာ စမ်းသပ်မှု ပြီးဆုံးသွားပြီး တစ်စုံတစ်ယောက် လင်ရှီးစမ်းရေ၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီ ဖြစ်ကြောင်း ညွှန်ပြနေ၏။
"ကြည့်... တစ်ယောက်ယောက် ထွက်လာပြီ... လူငယ်လေး တစ်ယောက်ပဲ..."
ကျောက်တံခါး ပွင့်သွားသည်နှင့် မျက်စိလျှင်သူ တစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အာ... မူကျယ်လား... တကယ်ပဲ မူကျယ်လား..." ပုံရိပ် ထွက်ပေါ်လာသည်ကို မြင်သော် မူချီ၏ မျက်နှာ တောင့်တင်းသွား၏။
"ဟားဟား... ငါ မူကျယ်က ချန်ပီယံဆုကို သေချာပေါက် ရမယ်လို့ ပြောခဲ့တယ်... ဒီတစ်ခေါက် လင်ရှီးစမ်းရေရဲ့ ထိန်းချုပ်ခွင့်က ငါတို့ဆီမှာပဲ..." မူရူလည်း ကျောက်တံခါးမှ ထွက်ပေါ်လာသူမှာ သူ၏ ကိုယ်ပိုင် စံအိမ်မှ ဖြစ်သည်ကို မြင်သော် ချက်ချင်း စိတ်လှုပ်ရှားစွာ ရယ်မောလိုက်၏။ သို့သော် သူ၏ ရယ်မောသံ မဆုံးမီမှာပင် တစ်စုံတစ်ယောက် သူ၏ လည်ချောင်းကို ညှစ်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
ဟုတ်ပေသည်။ အကြောင်းရင်းမှာ "ဘုန်း..." ခနဲ အသံနှင့်အတူ လင်ရှီးကောင်းကင်နန်းတော် တစ်ခုလုံး ရုတ်တရက်... ပြိုကျသွားသောကြောင့်ပင်။
အခန်း ၃၉၀ ပြီး
***