မုမုန့်ဂျီ အဆင်သင့် ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ရှန်စုပင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
“ဒီဂိုဏ်းခွဲခေါင်းဆောင် ကြေညာတာကတော့... ဆေးဝါးအုပ်စုရဲ့ စင်မြင့်စောင့်ပွဲကို ဆက်လက် စတင်ပါမယ်”
ထိုသို့ ပြောပြီးနောက် အဖွဲ့ရှေ့ဆုံးမှ တပည့်တစ်ဦးမှာ ပျံလွှားငှက်တစ်ကောင်အလား ပေါ့ပါးစွာဖြင့် ချန်လုံစင်မြင့်ထက်သို့ ခုန်တက်သွားပြီး မုမုန့်ဂျီနှင့် ပေ ၁၀၀ ခန့်အကွာတွင် ရပ်လိုက်သည်။
ထိုသူ၏ အမည်မှာ လုခယ့် ဖြစ်ပြီး ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်တွင် ရှိနေသူ ဖြစ်၏။
သားရဲဝိညာဉ်အုပ်စုမှ သောင်းနှင့်ချီသော တပည့်များမှာ သူ့ကို မစိမ်းကြပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုဂိုဏ်းခွဲ၏ တပည့်များထဲတွင် အစွမ်းအထက်ဆုံး အဆင့် ၃၂၀ အတွင်း ရှိနေသောကြောင့်ပင်။
လုခယ့်၏ ချန်ခွန်းလက်စွပ်မှ အလင်းတစ်ချက် လင်းသွားပြီးနောက် အနက်ရောင် လှံရှည်တစ်လက် လက်ထဲတွင် ပေါ်လာပြီး မုမုန့်ဂျီကို ညွှန်ကာ ပြောလိုက်တော့သည်။
“ဂိုဏ်းကို သစ္စာဖောက်သွားတဲ့ သစ္စာဖောက်မ... ဒီနေ့တော့ ငါ မင်းလို မိန်းမယုတ်ကို ဂိုဏ်းကို သစ္စာဖောက်တဲ့ ရလဒ်က ဘာလဲဆိုတာ သိအောင် လုပ်ပေးမယ်”
“စီနီယာအစ်ကိုလု... သူမကို သတ်ပစ်ပါ”
သားရဲဝိညာဉ်အုပ်စုမှ တပည့်များက အော်ဟစ် အားပေးလိုက်ကြသည်။
“စိတ်မပူကြနဲ့... သူမကို သတ်ဖို့က ငါ လုခယ့်အတွက်တော့ အေးဆေးပါပဲ”
လုခယ့်က ရက်စက်စွာ ပြုံးလျက် ပြောလိုက်၏။
“လာစမ်း”
ချက်ချင်းပင် သူက ခွန်အား ၁၀ ဆအထိ မြှင့်တင်လိုက်ပြီးနောက် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မြွေဟောက်ကြီးများသဖွယ် ဝိညာဉ်စွမ်းအားများ ဝန်းရံလာကာ အပြင်းထန်ဆုံးသော တိုက်ပွဲဝင် အနေအထားသို့ ရောက်ရှိသွားတော့သည်။ မုမုန့်ဂျီကို သတ်ရန် ပြောသလောက် မလွယ်ကူကြောင်း သူ့စိတ်ထဲမှ သိနေသည်မို့ ထိုကဲ့သို့ စတင် ပြင်ဆင်လိုက်ခြင်းပင်။
“တိမ်တိုက်လှံ သတ်ကွက်”
လုခယ့်က အစွမ်းကုန် ခွန်အားကို ထုတ်ဖော်လိုက်သည်။ သူသည် မြေပြင်ကို နင်းကာ မီတာ ၁၀၀ ခန့် မြင့်အောင် ခုန်တက်လိုက်ပြီး အနက်ရောင် လှံရှည်ကို လက်ထဲတွင် ကိုင်ကာ ဆန်းကြယ်သော ပုံစံဖြင့် အလျင်အမြန် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲ၌ ၃ မီတာခန့် ရှည်သော လှံရိပ်များ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ခဏချင်းမှာပင် သူ့ခြေထောက်အောက်၌ လှံပေါင်း ရာနှင့်ချီ၍ စုစည်းသွားတော့၏။
“သေစမ်း”
လုခယ့်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ လေထုကို ဆွဲဖြဲသွားသော အသံများနှင့်အတူ လှံရိပ်ပေါင်း ရာနှင့်ချီမှာ စင်မြင့်ထက်မှ မုမုန့်ဂျီထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ထိုသို့ ပြေးဝင်သွားစဉ်မှာပင် လှံရိပ်များထဲမှ အလယ်ဗဟိုရှိ လှံရိပ်ပေါင်း ရာနှင့်ချီမှာ ၁၀ ပေခန့် ရှည်လျားသော အနက်ရောင် လှံရိပ်ကြီးတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး မုမုန့်ဂျီ၏ ဦးခေါင်းတည့်တည့်သို့ ပစ်မှတ်ထားကာ ကျဆင်းလာတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်”
အခြားသော လှံရိပ်ပေါင်း ရာနှင့်ချီမှာလည်း လေထဲတွင် ဝိုက်ကာ ပျံသန်းပြီးနောက် မုမုန့်ဂျီထံသို့ အရပ်မျက်နှာအနှံ့မှ တိုးဝင်သွားကြ၏။
တစ်ချိန်တည်းမှာပင် လုခယ့်က လှံကို ကိုင်ကာ ကြောက်မက်ဖွယ် မျက်နှာပေးဖြင့် မုမုန့်ဂျီကို သတ်ရန် အပေါ်မှ ငုပ်လျှိုးဆင်းလာတော့သည်။
သူ့အထင်တွင် မုမုန့်ဂျီသည် သူ၏ အပြင်းထန်ဆုံးသော 'တိမ်တိုက်လှံ' သတ်ကွက်အောက်၌ မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရပေလိမ့်မည်။ ထိုအချိန်ကျမှ သူမကို သူကိုယ်တိုင် သတ်ဖြတ်မည်ဟု တွေးထားခြင်းပင်။
လူတိုင်း၏ အမြင်တွင်မူ မုမုန့်ဂျီမှာ ကောင်းကင်သို့တက်ရန် လမ်းမရှိ မြေကြီးထဲ ဝင်ရန် လမ်းမရှိဘဲ ပိတ်မိသကဲ့သို့ ဖြစ်နေ၏။
လူအများစုမှာ မုမုန့်ဂျီသည် ဆိုးမည့်ကံက ပိုများသည်ဟု ယူဆနေကြသည်။
တစ်ချိန်တည်းမှာပင် မုမုန့်ဂျီက မည်သို့ ပြန်လည် ခုခံမည်ကိုလည်း အားလုံး စောင့်ကြည့်ချင်နေကြ၏။
ဤအခိုက်အတန့်တွင် မုမုန့်ဂျီမှာ ချန်လုံစင်မြင့်၏ အလယ်ဗဟိုတွင် ငြိမ်သက်စွာ ရပ်နေဆဲပင်။
အနက်ရောင် လှံပေါင်း ရာနှင့်ချီမှာ သူမကို ထိမှန်တော့မည့် အခိုက်အတန့်တွင်မှ သူမက နောက်ဆုံး လှုပ်ရှားလိုက်တော့သည်။
သို့သော် သူမ၏ လက်များသာ လှုပ်ရှားခြင်းဖြစ်ပြီး ခြေထောက်များမှာမူ မူလနေရာမှာပင် ရပ်မြဲအတိုင်း ရှိနေ၏။
“နိဗ္ဗာန်ကျမ်းစာ - ဟုန်ယွမ် သန့်ရှင်းသော အကာအကွယ်”
မုမုန့်ဂျီက စိတ်ထဲမှ ရေရွတ်လိုက်ပြီး သူမ၏ ဘယ်ဘက်လက်ကို ရင်ဘတ်ရှေ့၌ လျှပ်စီးလက်သကဲ့သို့ ဝှေ့ယမ်းလိုက်ရာ ခန္ဓာကိုယ် တစ်ခုလုံးမှ ကြီးမားလှသော စွမ်းအားများ ထွက်ပေါ်လာပြီး အကာအကွယ်တစ်ခုအဖြစ် စုစည်းသွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း”
အရပ်မျက်နှာအနှံ့မှ သူမထံသို့ တိုးဝင်လာသော လှံပေါင်း ရာနှင့်ချီမှာ ဟုန်ယွမ် သန့်ရှင်းသော အကာအကွယ်နှင့် ထိတွေ့မိသည့်အခါ ကြေးနီတံတိုင်းကို ရိုက်ခတ်လိုက်သော ရေခဲဆူးများအလား ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ပျက်စီးသွားတော့သည်။
“ဝှစ်”
ထိုစဉ်မှာပင် ၁၀ ပေခန့် ရှည်သော လှံရိပ်ကြီးက ဟင်းလင်းပြင်ထဲမှ ဒေါင်လိုက် ကျဆင်းလာပြီး မုမုန့်ဂျီ၏ ဦးခေါင်းအထက်ရှိ ဟုန်ယွမ် အကာအကွယ်ကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ အကာအကွယ် အလင်းလွှာမှာ အနည်းငယ် နိမ့်ဝင်သွားသော်လည်း လက်မဝက်ခန့်သာ ရှိပေ၏။
“ဝုန်း”
ကြီးမားလှသော လှံရိပ်ကြီးမှာလည်း ပျက်စီး ပျောက်ကွယ်သွားရပြန်သည်။
“မုမုန့်ဂျီ... မင်းရဲ့ အကာအကွယ်က ဘယ်လောက်ပဲ သန်မာနေပါစေ... မင်း ဒီနေ့တော့ သေကို သေရမယ်”
လုခယ့်၏ မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေ၏။ သူက လှံကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး မုမုန့်ဂျီ ဦးခေါင်းအထက်မှ အကာအကွယ် အလင်းလွှာကို အားကုန် ထိုးချလိုက်တော့သည်။
လှံသွားက အကာအကွယ်ကို ဖောက်ထွက်တော့မည့် အချိန်တွင် မုမုန့်ဂျီက ရုတ်တရက် သူမ၏ ဘယ်ဘက်လက်ကို အပေါ်သို့ တွန်းတင်လိုက်သည်။
“ဟုန်ယွမ် အကာအကွယ် သတ်ကွက်”
ချက်ချင်းပင် ၁၀ ပေခန့်ရှိသော ဟုန်ယွမ် သန့်ရှင်းသော အကာအကွယ်မှာ လင်းလက်နေသော လပြည့်ဝန်းကြီးတစ်ခုအလား လျင်မြန်စွာ ကျယ်ပြန့်လာပြီး ဟင်းလင်းပြင်ကြီး တုန်ခါသွားကာ ပေါက်ကွဲထွက်သွားတော့သည်။
“ဖြန်း... ဖြန်း... ဖြန်း”
ခဏချင်းမှာပင် ဟုန်ယွမ် အကာအကွယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသော အလင်းလွှာများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ တိုးဝင်သွားပြီး လုခယ့်ကို ဝါးမြိုပစ်လိုက်တော့၏။
“မလုပ်ပါနဲ့...”
မျှော်လင့်ချက်မဲ့စွာ ထိတ်လန့်တကြား အော်ဟစ်သံမှာ တောင်ထိပ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီးနောက် လုခယ့်၏ ခန္ဓာကိုယ်မှာ အသားစများနှင့် အရိုးစုများအဖြစ် ပြောင်းလဲသွားကာ မုမုန့်ဂျီရှိရာသို့ လွင့်စင်ကျလာတော့သည်။
မုမုန့်ဂျီ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး အသားစများနှင့် သွေးများ သူမ၏ ကိုယ်ပေါ်သို့ မကျရောက်မီမှာပင် လွင့်စင်သွားစေသဖြင့် သူမ ကိုယ်ပေါ်တွင် သွေးစတစ်စပင် ကျန်ရစ်ခြင်း မရှိပေ။
“ဒါ ဘယ်လို ကျင့်စဉ်မျိုးလဲ... ဒီဂိုဏ်းခွဲခေါင်းဆောင်တောင် တစ်ခါမှ မမြင်ဖူးပါလား”
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ သားရဲဝိညာဉ်အုပ်စု ခေါင်းဆောင်မှာ ခေတ္တမျှ မှင်သက်သွားရသည်။ သူသည် မုမုန့်ဂျီ ခုနက အသုံးပြုသွားသော ကျင့်စဉ်ကို တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။
အခြားသော ဂိုဏ်းခွဲခေါင်းဆောင် ၈ ဦးနှင့် လူတိုင်းမှာလည်း မုမုန့်ဂျီ၏ ကျင့်စဉ်နှင့် ပတ်သတ်၍ အလွန်ပင် စိမ်းသက်နေကြ၏။
ထိုသို့ စိမ်းသက်နေသည်ဖြစ်ရာ မုမုန့်ဂျီ၏ ကျင့်စဉ်မှာ မည်မျှအထိ သန်မာသည်၊ အားနည်းသည်ကိုလည်း မည်သူမျှ အသေအချာ မပြောနိုင်ဘဲ ဖြစ်နေကြသည်။
ထန်ထိုင်ကျုံးတယ်က မုမုန့်ဂျီကို ကြည့်ကာ မျက်လုံးများ ကျုံ့သွားပြီး အံ့အားသင့်စွာ ပြောလိုက်၏။
“ဒီမိန်းကလေးက ခန္ဓာကိုယ် အကာအကွယ် အလင်းလွှာလေးနဲ့တင် တိုက်ခိုက်မှုကို တားဆီးနိုင်ရုံတင်မကဘဲ အဆင့်တူ ပြိုင်ဘက်ကိုပါ သတ်ပစ်နိုင်တယ်ပေါ့... ကြည့်ရတာ သူမ ကျင့်ကြံထားတဲ့ ကျင့်စဉ်က နောက်ခံ အင်မတန် ကြီးမားပုံရတယ်”
မုမုန့်ဂျီက မည်သည့်ကျင့်စဉ်ကို ကျင့်ကြံထားသလဲဆိုသည်ကို လူတိုင်း တွေးတောနေကြစဉ်မှာပင် ထန်ယွင်ကမူ မုမုန့်ဂျီကို အားရကျေနပ်သော အကြည့်များဖြင့် ကြည့်နေတော့သည်။
'ကြည့်ရတာ မုန့်ဂျီက နိဗ္ဗာန်ကျမ်းစာရဲ့ ပထမတွဲကို အောင်မြင်အောင် ကျင့်ကြံထားပုံပဲ... မဟုတ်ရင် သူမ ထုတ်ဖော်လိုက်တဲ့ ဟုန်ယွမ် အကာအကွယ်က အဆင့်တူ ပြိုင်ဘက်ကို သတ်နိုင်လောက်တဲ့အထိ အစွမ်းထက်မှာ မဟုတ်ဘူး...'
ထန်ယွင်၏ အတွေးများမှာ ကျယ်လောင်သော အသံတစ်ခုကြောင့် ပြတ်တောက်သွားရသည်။
“မုမုန့်ဂျီ... နင့်လို ကျေးဇူးကန်းတဲ့ သစ္စာဖောက်မ... သေပေတော့”
ထန်ယွင် ကြည့်လိုက်သည့်အခါ သားရဲဝိညာဉ်အုပ်စုမှ အမျိုးသမီး တပည့်တစ်ဦးမှာ ချန်လုံစင်မြင့်ထက်သို့ ခုန်တက်လာပြီး ရိပ်ခနဲ လှုပ်ရှားလျက် မုမုန့်ဂျီကို ဓားဖြင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။
အေးစက်လှသော ဓားအလင်းတန်းမှာ အဆိပ်ရှိ မြွေတစ်ကောင်အလား လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး မုမုန့်ဂျီ၏ လည်ချောင်းအား လျှပ်စီးလက်သကဲ့သို့ ပိုင်းချလိုက်တော့သည်။
“နိဗ္ဗာန် ဝိညာဉ် ဟင်းလင်းပြင် ခြေလှမ်း”
ဓားဦးဖျားက မုမုန့်ဂျီ၏ လည်ချောင်းကို ထိတော့မည့် အခိုက်အတန့်မှာပင် သူမ၏ ကိုယ်လုံးမှာ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ ထို့နောက် ထိုအမျိုးသမီး တပည့်ကို ဖြတ်ကျော်သွားချိန် သွေးစက်အချို့ ဟင်းလင်းပြင်ထဲ၌ စင်ထွက်သွားတော့သည်။
နောက်တစ်ခဏတွင် မုမုန့်ဂျီသည် ထိုအမျိုးသမီး တပည့်၏ အနောက်ဘက်တွင် ကျောချင်းကပ်လျက် ပေါ်လာပြီး သူမ၏ ညာဘက်လက်မှ အဆင့်နိမ့် ဝိညာဉ်လက်နက် ဓားပျံပေါ်တွင် သွေးစအချို့ ရှိနေသည်ကို မြင်လိုက်ရ၏။
“အင့်...”
ထိုအမျိုးသမီး တပည့်က မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူမ၏ လည်ပင်းမှ သွေးများ ပန်းထွက်လာနေသဖြင့် လက်ဖြင့် ပြန်ဖုံးရန် ကြိုးစားသော်လည်း ညာဘက်လက် မြှောက်လိုက်ရုံဖြင့်ပင် စင်မြင့်ထက်သို့ လဲကျ သေဆုံးသွားတော့သည်။
သူမမှာ မုမုန့်ဂျီ၏ ဓားချက်ဖြင့် လည်ပင်း အလှီးခံလိုက်ရခြင်းပင်။
မုမုန့်ဂျီက အနောက်သို့ လှည့်မကြည့်ဘဲ အေးစက်သော အမူအရာဖြင့် သူမကို သတ်ရန် အောက်တွင် စောင့်နေကြသော ရန်သူများကို ငုံ့ကြည့်နေသော်လည်း မည်သည့်စကားမျှ မပြောပေ။
မုမုန့်ဂျီက မည်သည့်စကားမျှ မပြောဘဲနှင့်ပင် လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပြီ ဖြစ်၏။ သူမ၏ သာမန်ကာလျှံကာ တိုက်ခိုက်မှု နှစ်ခုတည်းဖြင့်ပင် ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်ရှိ ထိပ်တန်း တပည့် ၃၀၀ အတွင်းမှ နှစ်ဦးကို သေဆုံးသွားစေခဲ့သည် မဟုတ်ပါလော။
“မြန်လိုက်တဲ့ ဓားချက်ပဲ... စီနီယာအစ်မယန်က ကျုပ်တို့ ဂိုဏ်းခွဲမှာ အစွမ်းအထက်ဆုံး အဆင့် ၁၅၀ အတွင်း ရှိတာလေ... သူမတောင် သစ္စာဖောက် မုမုန့်ဂျီရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာလား”
“ဟုတ်တယ်... ဒီမုမုန့်ဂျီက ကျုပ်တို့ ဂိုဏ်းခွဲခေါင်းဆောင်ကို သစ္စာဖောက်ရုံတင်မကဘဲ အခုတော့ သူမရဲ့ ဂိုဏ်းဟောင်းအပေါ်မှာပါ ဒီလောက်အထိ ရက်စက်နေတာ... တကယ့်ကို တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်...”
ထိုတပည့်၏ စကားမှာ ရုတ်တရက် ပြတ်တောက်သွားပြီး အော်ဟစ်လိုက်တော့သည်။
“ထန်ယွင်... မင်း ဘာလုပ်ချင်တာလဲ”
တရားထိုင်နေသော ထန်ယွင်၏ ကိုယ်လုံးမှာ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် ထိုတပည့်၏ ရှေ့တွင် ပေါ်လာကာ ဘယ်ဘက်လက်ဖြင့် ထိုတပည့်၏ လည်ပင်းကို ညှစ်၍ မြှောက်လိုက်တော့သည်။
“မင်း... မင်း ဘာလုပ်မလို့လဲ...”
ထိုတပည့်က ထိတ်လန့်တကြား မေးလိုက်၏။
“ငါ အကုန်လုံးကို ရှင်းရှင်းလင်းလင်း ကြားတယ်”
ထန်ယွင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မုန့်ဂျီက ငါတို့ဆေးဝါးအုပ်စုရဲ့ တပည့်ပဲ... မင်းက သူမကို ဘယ်လိုတောင် ဆဲရဲတာလဲ”
“ထန်ယွင်... မင်း အခု ဘာလုပ်နေတာလဲ”
သားရဲဝိညာဉ်အုပ်စု ခေါင်းဆောင်က မတ်တပ်ထရပ်ကာ ဟိန်းဟောက်လိုက်သည်။
“ငါ့ရဲ့ တပည့်ကို အခုချက်ချင်း လွှတ်လိုက်စမ်း”
အခန်း ၃၈၁ ပြီး
***