“ဂိုဏ်းခွဲခေါင်းဆောင်ဝူက ပြောမှတော့ တပည့်အနေနဲ့ နာခံရမှာပေါ့”
ထန်ယွင်က လှောင်ပြုံး ပြုံးလျက် ပြောလိုက်၏။ သူသည် ထိုတပည့်ကို ဘယ်ဘက်လက်ဖြင့် ညှစ်ထားရာမှ ရုတ်တရက် လက်မောင်းကို မြှောက်လိုက်ပြီး တောင်ထိပ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်တော့သည်။
“ဘုန်း... ဂျောက်”
ထိုတပည့်မှာ မျက်နှာဖြင့် စိုက်ကျသွားပြီး နှာခေါင်းရိုးနှင့် ခြေထောက်အရိုးများ ကျိုးသွားကာ သွေးအချို့ အန်ထုတ်လိုက်ရတော့၏။
“ထန်ယွင်... မင်း သေချင်နေတာပဲ”
သားရဲဝိညာဉ်အုပ်စု ခေါင်းဆောင်မှာ ဒေါသထွက်လွန်းသဖြင့် တုန်ရင်နေတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်”
ခဏချင်းမှာပင် သားရဲဝိညာဉ်အုပ်စုမှ တပည့် ဒါဇင်နှင့်ချီ၍ ထန်ယွင်ကို ဝိုင်းရံလိုက်ကြစဉ်မှာပင် ထန်ယွင်က ဟုန်မန် နတ်ဘုရားခြေလှမ်းကို အသုံးပြုကာ တပည့်တစ်ဦးထံသို့ တိုးဝင်တိုက်ခိုက်လိုက်သည်။
“ဂျောက်”
“ဘုန်း”
ထန်ယွင်၏ သန်မာလှသော ခန္ဓာကိုယ်က ထိုတပည့်၏ ညာဘက်ပခုံးကို တမင်တကာ ဝင်တိုက်လိုက်ခြင်း ဖြစ်၏။ ချက်ချင်းပင် ထိုတပည့်၏ ပခုံးမှာ ပေါက်ထွက်သွားပြီး သွေးများ စင်ထွက်ကာ ကိုယ်လုံးမှာလည်း အမြောက်ဆန်တစ်ခုအလား လေထဲ လွင့်ထွက်သွားပြီး ပေ ၃၀ ခန့်အကွာရှိ ဆေးဝါးအုပ်စု တပည့်များကြားသို့ လွင့်စင်သွားတော့သည်။
“ဝှစ်”
သူ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ထန်ယွင်၏ ကိုယ်လုံးမှာ ဆေးဝါးအုပ်စု တပည့်များရှေ့သို့ ရောက်ရှိလာပြီး ထိုတပည့်၏ ညာဘက်ခြေထောက်ကို ရုတ်တရက် ကန်လိုက်ပြန်သည်။
ခြေထောက်အရိုး ကျိုးသွားသံနှင့်အတူ ထိုတပည့်မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ပေ ၆၀ ခန့်အကွာရှိ သားရဲဝိညာဉ်အုပ်စု တပည့်များရှေ့သို့ လွင့်ထွက်သွားတော့၏။
“ဝှစ်... ဝှစ်”
ထိုအချိန်တွင် ထန်ယွင်က ခွန်အားကုန်ခမ်းသွားသည့်အလား ဟန်ဆောင်လိုက်ပြီး နာကျင်နေသော မျက်နှာပေးဖြင့် တုန်တုန်ယင်ယင် ထိုင်လိုက်ကာ အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိနေသည့် ပုံစံမျိုး လုပ်နေတော့သည်။
သားရဲဝိညာဉ်အုပ်စုမှ တပည့်များမှာ ထန်ယွင်ကို ဒေါသတကြီး စိုက်ကြည့်နေကြ၏။ အကယ်၍ အကြည့်ဖြင့် သတ်၍ရမည်ဆိုပါက ထန်ယွင်မှာ အကြိမ်ပေါင်း များစွာ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
“ဂိုဏ်းချုပ်... ကြည့်ပါဦး...”
သားရဲဝိညာဉ်အုပ်စု ခေါင်းဆောင်က ဒေါသတကြီးဖြင့် လှည့်ကြည့်ကာ ထန်ထိုင်ကျုံးတယ်ကို တရားမျှတအောင် ဆောင်ရွက်ပေးရန် တောင်းဆိုတော့မည့် အချိန်တွင် ထန်ထိုင်ကျုံးတယ်က အဘိုးကြီး ဝူဟုန်၏ မျက်နှာကို ဖြတ်ခနဲ မြည်အောင် ရိုက်ချလိုက်ပြန်သည်။
“ဝူဟုန်... မင်း တကယ်ပဲ အိုမင်းသွားပြီထင်တယ်... အခြေခံအကျဆုံး ဂိုဏ်းစည်းကမ်းတွေကိုတောင် မင်း မမှတ်မိတော့ဘူးလား”
ထန်ထိုင်ကျုံးတယ်က ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ဝူဟုန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သားရဲဝိညာဉ်အုပ်စုမှ အကြီးအကဲ ၃ ဦးကို ကြည့်ကာ ပြောလိုက်၏။
“ရှီချန်ချင်း... မင်းက သားရဲဝိညာဉ်အုပ်စုမှာ အသက်အကြီးဆုံး အကြီးအကဲ တစ်ယောက်ပဲ... အခုကစပြီး မင်းက အတွင်းစည်း သားရဲဝိညာဉ်အုပ်စုရဲ့ ခေါင်းဆောင်ပဲ”
“တောင်စဉ် ၉ခု ပြိုင်ပွဲ ပြီးသွားတဲ့အခါ... ဒီဂိုဏ်းချုပ်က နတ်ဘုရားဂိုဏ်းခွဲရဲ့ သားရဲဝိညာဉ်အုပ်စု ခေါင်းဆောင်ကို အကြောင်းကြားဖို့ လူလွှတ်လိုက်မယ်”
ထိုစကားကို ကြားသောအခါ ဝူဟုန်မှာ အကြီးအကဲ ရာထူးမှ ဖယ်ရှားခံရသဖြင့် အလွန် ထိတ်လန့်သွားရသည်။
အခြားတစ်ဖက်တွင်မူ အသက် ၈၀ အရွယ် အဘိုးအိုဖြစ်သော တတိယအကြီးအကဲ ရှီချန်ချင်းမှာ အလျင်အမြန်ပင် ဒူးထောက်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“ဒီလက်အောက်ခံ တပည့်က ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”
“ကောင်းပြီ... ထတော့”
ထန်ထိုင်ကျုံးတယ်က ရှီချန်ချင်းကို ထခိုင်းလိုက်ပြီး ဆက်ပြော၏။
“ဒီဂိုဏ်းချုပ်က ဝူဟုန်ကို ဘာကြောင့် ထပ်ပြီး ရိုက်ရသလဲဆိုတာ သူ့ကို ရှင်းပြလိုက်စမ်း”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ရှီချန်ချင်းက ရိုသေစွာ ပြောလိုက်၏။
“ဂိုဏ်းစည်းကမ်းမှာ... တခြားတပည့်တွေကို အကြောင်းမဲ့ စော်ကားခြင်း မပြုရဘူးလို့ ပါရှိပါတယ်... အကယ်၍ စော်ကားခြင်း၊ ဆဲဆိုခြင်းနဲ့ ရန်စခြင်းတွေ ပြုလုပ်ခဲ့လို့ ရန်စခံရသူက ပြန်လည် တိုက်ခိုက်လို့ ဒဏ်ရာပြင်းထန်သွားခဲ့ရင်တောင်မှ မသေဆုံးဘူးဆိုရင် ပြစ်မှုမမြောက်ပါဘူး”
“ပြီးတော့ ဝူဟုန်က အရင်ကတည်းက ဂိုဏ်းစည်းကမ်းကို တစ်ကြိမ် ချိုးဖောက်ထားပြီးသားပါ... အဲ့ဒီတုန်းက ဂိုဏ်းချုပ်က နောက်တစ်ကြိမ်ဆိုရင် ရလဒ်ကို တာဝန်ယူရမယ်လို့ မိန့်ကြားထားခဲ့တာ ဖြစ်ပါတယ်”
ထိုစကားကို ကြားရသောအခါ ဝူဟုန်မှာ တုန်တုန်ယင်ယင် ဖြစ်သွားပြီး နောင်တရနေမိတော့သည်။
“ဝူဟုန်... အခုကစပြီး မင်းက သားရဲဝိညာဉ်အုပ်စုရဲ့ တတိယအကြီးအကဲပဲ... အကယ်၍ မင်း ဂိုဏ်းစည်းကမ်းကို နောက်တစ်ကြိမ် ထပ်ပြီး လျစ်လျူရှုမယ်ဆိုရင်တော့ ညှာတာမှာ မဟုတ်ဘူး”
ထန်ထိုင်ကျုံးတယ်က အေးစက်စွာ ပြောလိုက်၏။
“ဂိုဏ်းချုပ်ရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်... လက်အောက်ခံ တပည့် နားလည်ပါပြီ... ကျွန်တော် မှားသွားပါတယ်”
ဝူဟုန်က တုန်တုန်ယင်ယင်ဖြင့် ဦးညွှတ်လိုက်သည်။
“ဒါမှပေါ့”
ထန်ထိုင်ကျုံးတယ်က ဝူဟုန်ကို ထခိုင်းလိုက်ပြီးနောက် ချန်လုံစင်မြင့် အမှတ် ၂ ကို ပြန်လည်ကြည့်ကာ ခန့်ညားသော အသံဖြင့် ပြောလိုက်သည်။
“တောင်စဉ် ၉ခု ပြိုင်ပွဲအတွင်းမှာ... ဘယ်သူမှ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြဿနာ မရှာကြနဲ့”
“စင်မြင့်စောင့်ပွဲကို ဆက်လက် စတင်ပါ”
ဤအခိုက်အတန့်တွင် ရှန်စုပင်းနှင့် ရှီချန်ချင်း တို့မှလွဲ၍ ကျန်ဂိုဏ်းခွဲခေါင်းဆောင် ၇ ဦးမှာ ထိုင်မရထမရ ဖြစ်နေကြတော့သည်။ သူတို့အားလုံးက ဝူဟုန်၏ ခြေရာအတိုင်း မလိုက်မိစေရန်အတွက် ဂိုဏ်းစည်းကမ်းများကို စိတ်ထဲမှ အလျင်အမြန် ပြန်လည် စဉ်းစားနေကြ၏။
“မင်းတို့ တန်းစီနေတာ ဘာလုပ်နေတာလဲ”
အဖွဲ့အနောက်မှ ဝိညာဉ်ငါးပါးအုပ်စု တပည့်တစ်ဦးက အရှေ့ဆုံးမှ သားရဲဝိညာဉ်အုပ်စု တပည့်ကို လှမ်းအော်လိုက်သည်။
“ငါ... ငါ မုမုန့်ဂျီကို စိန်မခေါ်တော့ဘူး”
ထိုတပည့်မှာ သားရဲဝိညာဉ်အုပ်စုမှ တပည့်များ၏ အကြည့်အောက်တွင် တွန့်ဆုတ်သွားတော့သည်။
“ငါလည်း စိန်မခေါ်တော့ဘူး ” “ငါလည်းပဲ”
“ငါလည်း အတူတူပဲ”
ရလဒ်အနေဖြင့် အရှေ့ဆုံးတွင် ရှိနေသော သားရဲဝိညာဉ်အုပ်စုမှ တပည့် ၂၀၀ ကျော်မှာ အဖွဲ့ထဲမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြတော့သည်။
ထိုသူများအားလုံးမှာ မုမုန့်ဂျီကို ကြောက်ရွံ့သွားကြသူများ ဖြစ်၏။ သေခြင်းနှင့် ရှင်ခြင်းကြားတွင် သူတို့သည် ရှင်ခြင်းကို ရွေးချယ်ပြီး နောက်ဆုတ်သွားကြခြင်းပင်။
“ဟင်း... အားလုံးက အသက်ရှင်ဖို့ပဲ ကြည့်တတ်တဲ့ အသုံးမကျတဲ့သူတွေပဲ”
ထိုစဉ် ဒေါသတကြီး နှာခေါင်းရှုံ့သံ နှင့်အတူ သန်မာလှသော အမျိုးသား တပည့်တစ်ဦးမှာ နံပါတ် ၂ ချန်လုံစင်မြင့်ထက်သို့ ခုန်တက်သွားတော့သည်။
ထိုသူမှာ သားရဲဝိညာဉ်အုပ်စု တပည့်များထဲတွင် အဆင့် ၅ ရှိသော အစွမ်းထက်သူ 'ဟန်လီ' ဖြစ်၏။
အားလုံး၏ အကြည့်မှာ အတွင်းစည်း၏ ပါရမီရှင် တပည့်တစ်ဦးဖြစ်သော ဟန်လီထံသို့ ကျရောက်သွားကြသည်။ သူသည် လွန်ခဲ့သော ၃ နှစ်က အုပ်စု ၉ခု၏ ဝိညာဉ်သန္ဓေအဆင့် ပါရမီရှင်များစွာကို အနိုင်ယူပြီး ချန်လုံစာရင်းတွင် အဆင့် ၃၉ အထိ ရရှိခဲ့သူ ဖြစ်သည်။
အတွင်းစည်းရှိ တပည့် ၆၀၀,၀၀၀ ကျော်ထဲတွင် ဟန်လီကို မသိသူ မရှိသလောက်ပင်။ သားရဲဝိညာဉ်အုပ်စုမှ တပည့်များစွာမှာ ဟန်လီ၏ ခွန်အားသည် ဝူဟုန်၏ တပည့်ရင်း ၃ ဦးနှင့်ပင် ယှဉ်နိုင်သည်ဟု တိတ်တဆိတ် တွက်ဆထားကြသည်။
တစ်ချိန်တည်းမှာပင် ဟန်လီ၏ အဆင့်အတန်းမှာလည်း မနိမ့်လှပေ။ သူက သားရဲဝိညာဉ်အုပ်စု၏ ဒုတိယအကြီးအကဲ မူရုန်ဟုန်၏ တပည့်ရင်း ဖြစ်၏။
“တပည့်... သူမကို သတ်လိုက်တာက မင်းရဲ့ ဆရာ့အတွက် ဒေါသဖြေပေးတာပဲ”
ကျောက်စိမ်းအဆောက်အဦပေါ်မှ မူရုန်ဟုန်က အမိန့်ပေးလိုက်သည်။ ထိုသို့ပြောခြင်းမှာ မုမုန့်ဂျီသည် ထန်ယွင်၏ စေ့စပ်ထားသူ ဖြစ်ကြောင်း သူသိနေသောကြောင့်ပင်။
“ဆရာ... စိတ်မပူပါနဲ့... တပည့် သေချာပေါက် သူမကို သတ်ပေးပါ့မယ်”
ဟန်လီက ရိုသေစွာ ပြန်ပြောပြီးနောက် မုမုန့်ဂျီကို စိုက်ကြည့်ကာ ရက်စက်သော အပြုံးဖြင့် ပြောလိုက်၏။
“ငါ ဟန်လီက မိန်းမတွေကို ဘယ်တော့မှ မသတ်ဘူး... ဒါပေမဲ့ ဒီနေ့တော့ ခြွင်းချက် ထားရတော့မယ် ထင်တယ်”
“မုမုန့်ဂျီ... ငါ့ကို အပြစ်မတင်နဲ့... မင်းရဲ့ စေ့စပ်ထားသူကိုပဲ အပြစ်တင်လိုက်တော့”
မုမုန့်ဂျီက မည်သည့်စကားမျှ ပြန်မပြောဘဲ သူမ၏ မျက်လုံးများမှာ ပို၍သာ အေးစက်လာတော့သည်။
ဟန်လီက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ အလယ်ဆင့် ရတနာ ဓားပျံတစ်လက် ဟင်းလင်းပြင်ထဲ၌ ပေါ်လာပြီး မုမုန့်ဂျီကို ညွှန်ကာ ပြောလိုက်၏။
“မိန်းမယုတ်... မင်းကို အရင်တိုက်ခိုက်ခွင့် ပေးမယ်”
မုမုန့်ဂျီကမူ ဟန်လီကို တစ်ခွန်းမျှ မပြောဘဲ အေးစက်စွာ စိုက်ကြည့်နေဆဲပင်။
“ဟန်ဆောင်မနေနဲ့... သေပေတော့”
ဟန်လီက မုမုန့်ဂျီ၏ အရှိန်မှာ အလွန်မြန်ကြောင်း သိထားသဖြင့် လျှော့မတွက်ရဲပေ။ ချက်ချင်းပင် သူသည် ဝိညာဉ်ခြေလှမ်းကို အသုံးပြုကာ မီတာ ၂၀၀ အကွာရှိ မုမုန့်ဂျီထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
အရှိန်မှာ မြန်လွန်းလှသဖြင့် တပည့်အများစုမှာ သူ၏ လှုပ်ရှားမှုကို လုံးဝ မမြင်ရတော့ပေ။
ဟန်လီ တိုက်ခိုက်လိုက်သည် နှင့်တစ်ပြိုင်နက် လူအုပ်ကြီးထဲမှ အံ့အားသင့်သွားသော အသံများ ထွက်ပေါ်လာ၏။ အဘယ်ကြောင့်ဆိုသော် မုမုန့်ဂျီမှာလည်း မူလနေရာမှ ပျောက်ကွယ်သွားသောကြောင့်ပင်။
“ဘုရားရေ... အစ်မကြီးရဲ့ အရှိန်က မြန်လိုက်တာ... အခုဆိုရင် သူတို့ နှစ်ယောက်လုံးကို ငါ မမြင်ရတော့ဘူး... မင်းတို့ကော မြင်ရသေးလား”
တာနျူက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
“တာနျူ... ငါတို့လည်း အစ်မကြီးရဲ့ လှုပ်ရှားမှုကို မမြင်ရတော့ဘူး...”
ဤအခိုက်အတန့်တွင် လင်းရှန်းဆေးဥယျာဉ်မှ တပည့်များ သာမက အခြားသော တပည့်သိန်းနှင့်ချီမှာလည်း အကြီးအကျယ် ထိတ်လန့်သွားကြရသည်။
တပည့်အားလုံး၏ အမြင်တွင် အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော မုမုန့်ဂျီနှင့် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဟန်လီတို့မှာ ကြီးမားလှသော ချန်လုံစင်မြင့်ထက်တွင် အနီရောင်နှင့် အစိမ်းရောင် ရိပ်ခနဲ လှုပ်ရှားမှုများအဖြစ်သာ မြင်တွေ့နေရပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တိုက်ခိုက်နေကြတော့သည်။
လှုပ်ရှားနေစဉ်မှာပင် ဟန်လီက ပြင်းထန်သော ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု ထုတ်လွှတ်ကာ မုမုန့်ဂျီကို ပိုင်းချနေ၏။ သို့သော် သူ မယုံကြည်နိုင်သော အချက်မှာ မုမုန့်ဂျီ၏ အရှိန်သည် သူ့အရှိန်ထက်ပင် တစ်ဆင့် ပိုမြန်နေပြီး သူ့တိုက်ခိုက်မှုတိုင်းကိုလည်း လွယ်လွယ်ကူကူ ရှောင်တိမ်းနေခြင်းပင်။
“မဖြစ်နိုင်တာ... မင်းက ငါ့ထက် ဘယ်လိုလုပ် ပိုမြန်နေရတာလဲ”
ဟန်လီက ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
ဝိညာဉ်ခြေလှမ်းသည် သားရဲဝိညာဉ်အုပ်စု အတွင်းစည်း တပည့်များအတွက် ရတနာအဆင့်ရှိသော ခြေလှမ်းကျင့်စဉ် ဖြစ်ပြီး ၎င်းတွင် အဆင့် ၉ ဆင့် ရှိ၏။
ယခုအခါ ဟန်လီသည် အဆင့် ၉ အထိ ကျင့်ကြံထားပြီး ဖြစ်သဖြင့် မုမုန့်ဂျီ၏ အရှိန်မှာ သူ့ထက် မသာနိုင်ဟု ယူဆထားခဲ့သော်လည်း ယခုအခါတွင်မူ တစ်ဖက်လူက သူ့ထက်ပင် ပို၍ မြန်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
အခန်း ၃၈၂ ပြီး
***