“ဝှစ်... ဝှစ်...”
မုမုန့်ဂျီက ထူးခြားသော လှုပ်ရှားမှုများဖြင့် ဟန်လီ၏ တိုက်ခိုက်မှုများမှ အကြိမ်ကြိမ် ရှောင်တိမ်းနေခဲ့၏။ ဓားအလင်းတန်း အနည်းငယ်ကို ရှောင်တိမ်းပြီးနောက် သူမသည် ရုတ်တရက် ဘယ်ဘက်လက်ဖြင့် ရင်ဘတ်တွင် တံဆိပ်တစ်ခု ခတ်လိုက်ကာ ‘နိဗ္ဗာန်ကျမ်းစာ’ ကို ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းပင် အားကောင်းလှသော အရှိန်အဝါတစ်ခုသည် ကြီးမားလှသော ချန်လုံစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဟန်လီအား ဝါးမြိုသွားတော့၏။
“သေစမ်း”
မုမုန့်ဂျီ၏ အေးစက်သော ဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက် သူမက ဟန်လီ၏ ရှေ့ ၁၀ ပေ ခန့်အကွာတွင် လျှပ်ခနဲ ပေါ်လာကာ ညာဘက်လက်မှ ဓားကို လေထဲ၌ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် မုမုန့်ဂျီ၏ ရှေ့မှောက်တွင် ပန်ကာပုံသဏ္ဌာန် ဖြန့်ကျက်လျက် အရှည် ၁၀၀ ပေ ရှိသော အနက်ရောင် ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကြီးတွင် ပင့်ကူအိမ်အလား အက်ကြောင်းများပင် ဖြစ်ပေါ်သွားတော့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော ဓားချက်ကြောင့် ဟန်လီမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ရ၏။
“ဟင့်အင်း... မဟုတ်ဘူး”
“မင်းက ငါ့ထက် ဘယ်လိုလုပ် သန်မာနေရတာလဲ... မဟုတ်ဘူး... ငါ မကျေနပ်ဘူး...”
ဟန်လီ၏ အသံမှာ ရုတ်ခြည်း ပြတ်တောက်သွားပြီး အနက်ရောင် ဓားအလင်းတန်းက သူ့ကို ဝါးမြိုသွားတော့သည်။
“ဘုန်း”
ဓားအလင်းတန်း ပျောက်ကွယ်သွားသည် နှင့်အမျှ သွေးမြူတိမ်တိုက်တစ်ခု ပေါ်ထွက်လာပြီး အရိုးစများနှင့် အသားစများ နေရာအနှံ့ လွင့်စင်သွားတော့၏။
“ဝုန်း”
ဟင်းလင်းပြင်ကြီးသည် ရေလှိုင်းများအလား တုန်ခါသွားပြီးနောက် ဝတ်စုံနီကို ဝတ်ဆင်ထားသော မုမုန့်ဂျီမှာ ချန်လုံစင်မြင့်၏ အလယ်ဗဟိုတွင် ပြန်လည် ပေါ်လာသည်။
သူမ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။
ချန်လုံစင်မြင့်ပေါ်တွင် အလောင်းအဖြစ် ပြောင်းလဲသွားသော ဟန်လီကို ကြည့်ကာ သားရဲဝိညာဉ်အဖွဲ့မှ တပည့်များမှာ ထိတ်လန့်တကြား ဝေဖန်နေကြတော့သည်။
“အားလုံးပဲ... ဒါ ဘယ်လိုဖြစ်ရတာလဲ... ဒါ ဘယ်လိုဖြစ်သွားတာလဲဆိုတာ တစ်ယောက်ယောက် ပြောပြစမ်းပါဦး”
“ကျုပ်တို့ရဲ့ စီနီယာအစ်ကို ဟန်လီက လွန်ခဲ့တဲ့ ၃ နှစ်၊ ဝိညာဉ်သန္ဓေအဆင့် ၉ မှာ ရှိနေတုန်းကတည်းက ချန်လုံစာရင်းရဲ့ အဆင့် ၃၉ မှာ ရှိတဲ့ အစွမ်းထက်သူလေ... သူက ဘယ်လိုလုပ် အသတ်ခံလိုက်ရတာလဲ”
“မုမုန့်ဂျီက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်... သူမက ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ”
“ဟုတ်တယ်... ဟုတ်တယ်... တကယ်ကို ကြောက်စရာကြီးပဲ”
“...”
သားရဲဝိညာဉ်အဖွဲ့မှ တပည့်များ ဆူညံနေချိန်တွင် ဆေးဝါးအုပ်စုမှ တပည့်များမှာမူ အားရဝမ်းသာ ဖြစ်နေကြတော့သည်။
“စီနီယာမမမု... မမက တကယ်ကို အစွမ်းထက်တာပဲ... ကျွန်တော်တို့ မမကို အရမ်းအားကျတယ်”
“စီနီယာမမမုက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ... ဟန်လီကို ခဏလေးအတွင်းမှာပဲ သတ်ပစ်လိုက်တယ်”
“ဟိဟိ... ကျွန်မ အရမ်းပျော်တာပဲ... အခုဆိုရင် ကျွန်မတို့ ဆေးဝါးအုပ်စုမှာ စီနီယာအစ်ကိုထန်နဲ့ စီနီယာမမမုဆိုပြီး အစွမ်းထက်တဲ့သူ ၂ ယောက် တောင် ရှိသွားပြီ”
“ဟေး... အားလုံးပဲ... စီနီယာမမမုလို့ မခေါ်ကြနဲ့ဦး... လာကြ... ငါ တာနျူရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ‘မရီး’ လို့ ခေါ်လိုက်ကြရအောင်လား”
“ကောင်းပြီလေ”
“ဟဲဟဲ”
တာနျူက ချန်လုံစင်မြင့်ပေါ်ရှိ မုမုန့်ဂျီကို ကြည့်ကာ လက်အုပ်ချီ၍ အလေးအနက် ဦးညွှတ်လိုက်ပြီးနောက် အော်ပြောလိုက်သည်။
“မရီး... ကျန်းမာပါစေ ခင်ဗျာ”
ချက်ချင်းပင် ဆေးဝါးအုပ်စုမှ တပည့်ပေါင်း ၆၀,၀၀၀ ကျော်မှာ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြပြီး တစ်ညီတစ်ညွတ်တည်း ဟစ်ကြွေးလိုက်ကြတော့သည်။
“မရီး... ကျန်းမာပါစေ”
“ငါ့နှယ်...”
တရားထိုင်နေသော ထန်ယွင်က ဘေးနားရှိ တာနျူကို လှမ်းကန်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ခပ်အေးအေးပဲ နေစမ်းပါ”
“အာ...”
တာနျူက ပြန်ထလာပြီးနောက် ပြုံးဖြီးဖြီးဖြင့် နားလည်ကြောင်း ပြောလိုက်သော်လည်း သူ၏ နောက်ထပ်လုပ်ရပ်ကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်နေသော မုမုန့်ဂျီမှာ ရယ်မောမိသွားရသည်။
ထန်ယွင်မှာတော့ ဘာပြောရမှန်းမသိဘဲ ဆွံ့အသွားရ၏။
တာနျူက လူအုပ်ကြီးကို လက်ဝှေ့ယမ်းပြကာ အော်ဟစ်လိုက်ပြန်သည်။
“စီနီယာအစ်ကိုထန်က ပြောတယ်... ခပ်အေးအေးပဲ နေကြတဲ့”
ထိုစကားကို ကြားရသည့်အခါ ဆေးဝါးအုပ်စုမှ တပည့်များမှာ ဝါးလုံးကွဲမတတ် ရယ်မောလိုက်ကြပြီး အမျိုးသမီး တပည့်များမှာလည်း ရယ်လွန်းသဖြင့် ဗိုက်ပင် နာလာကြတော့သည်။
ဤအခိုက်အတန့်တွင် အပျော်ဆုံးသူမှာ ရှန်စုပင်းပင် ဖြစ်၏။ ယနေ့ သူမ၏ ဆေးဝါးအုပ်စုထဲသို့ ရောက်ရှိလာသော မုမုန့်ဂျီက ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားခဲ့ပေ။
ဒေါသအထွက်ဆုံးသူမှာကား ဝူဟုန်ပင်။ အလွန်အမင်း ဒေါသထွက်ရသဖြင့် လည်ချောင်းထဲသို့ သွေးတစ်လုပ် တက်လာသော်လည်း အလှောင်ခံရမည် စိုးသဖြင့် ထိုသွေးများကို ပြန်လည် မြိုချလိုက်ရ၏။
“ငါ့တပည့်... ငါ့တပည့်လေး”
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ မူရုန်ဟုန်၏ အိုမင်းသော ခန္ဓာကိုယ်ကြီးမှာ တုန်ယင်နေတော့သည်။ ဟန်လီက မုမုန့်ဂျီကို သတ်ဖြတ်လိုက်ပြီးနောက် မုမုန့်ဂျီ၏ အလောင်းမှာ မည်သို့ရှိနေမည်ကို သူ အကြိမ်ပေါင်းများစွာ တွေးတောခဲ့သော်လည်း အမှန်တကယ် သေဆုံးသွားသူမှာ သူ့တပည့် ဖြစ်နေခဲ့သည်။
အချို့က ဝမ်းနည်းနေကြပြီး အချို့က ပျော်ရွှင်နေကြသလို အချို့ကလည်း စိုးရိမ်နေကြ၏။
ဝမ်းနည်းနေသူများမှာ သားရဲဝိညာဉ်အဖွဲ့မှ သူများဖြစ်ပြီး ပျော်ရွှင်နေသူများမှာ ဆေးဝါးအုပ်စုမှ သူများဖြစ်ကြသည်။ စိုးရိမ်နေသူများမှာမူ ချန်လုံစာရင်း၏ ထိပ်တန်း ၈ နေရာအတွက် ယှဉ်ပြိုင်ကြမည့် အဖွဲ့အသီးသီးမှ အစွမ်းထက်သူများပင်။
သူတို့က မုမုန့်ဂျီထံမှ ခြိမ်းခြောက်မှုတစ်ခုကို မြင်လိုက်ရသည်။ ထိုခြိမ်းခြောက်မှုမှာ ထန်ယွင်ထက်ပင် ပို၍ ကြီးမားနေသကဲ့သို့ပင်။
သို့သော်လည်း မုမုန့်ဂျီက လူတိုင်းကို ပေးလိုက်သော တုန်လှုပ်မှုမှာ ထိုမျှ မကသေးပေ။
ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“အားလုံးပဲ... မရီးရဲ့ လက်ထဲက ဓားကို ကြည့်ကြဦး”
ထိုအသံမှာ ဆေးဝါးအုပ်စုမှ တပည့်တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုစကားကြောင့် လူတိုင်း၏ အကြည့်မှာ မုမုန့်ဂျီ၏ ညာဘက်လက်ထဲမှ ဓားပျံဆီသို့ ရောက်ရှိသွားကြသည်။ ၎င်းနောက် တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့၏။
မုမုန့်ဂျီ၏ လက်ထဲရှိ ဓားပျံတွင် သတိမထားမိလောက်သော အက်ကြောင်းလေးများ စတင် ပေါ်ပေါက်လာပြီး အချိန်တိုအတွင်းမှာပင် ဓားတစ်လက်လုံးမှာ အက်ကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
“ဖျန်း”
ဓားတစ်ကိုယ်လုံးမှာ ကြွေထည်များအလား အပိုင်းပိုင်း ကွဲထွက်သွားပြီး ချန်လုံစင်မြင့်ပေါ်သို့ ကျဆင်းသွားသဖြင့် ကျွတ်ဆတ်သော အသံလေးတစ်ခု ထွက်ပေါ်လာ၏။
ထိုအသံမှာ နားကွဲလောက်အောင် မကျယ်သော်လည်း တပည့်ပေါင်း သိန်းချီ၏ နှလုံးသားထဲတွင်မူ မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်း ထိတ်လန့်သွားရသည့် အကြောင်းရင်းမှာ မုမုန့်ဂျီက ထိုကြောက်မက်ဖွယ် ဓားချက်ကို ထုတ်ဖော်လိုက်ပြီးနောက်တွင် သူမ၏ ဓားမှာ သူမ၏ စွမ်းအားကို တောင့်မခံနိုင်သဖြင့် အလိုအလျောက် ကွဲအက်သွားသောကြောင့်ပင်။
“မင်း... မင်း ပြောကြည့်စမ်း... သူမက ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်ထားတာလဲ... ဓားချက်တစ်ချက်တည်းနဲ့ ဟန်လီရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရုံတင်မကဘဲ သူမလက်ထဲက အဆင့်နိမ့် ဝိညာဉ်လက်နက် ဓားပျံကိုပါ ဖျက်ဆီးပစ်လိုက်တာလား”
“ငါ့ကို... ငါ့ကို... မမေးနဲ့... ငါလည်း မသိဘူး... ဒါပေမဲ့ မုမုန့်ဂျီရဲ့ ကျင့်စဉ်က တကယ်ကို အစွမ်းထက်မှာ သေချာတယ်... ဓားအလင်းတန်း ထုတ်လိုက်ရုံနဲ့ ဓားကိုပါ ပျက်စီးသွားစေနိုင်တဲ့အထိ သန်မာတာပဲ”
လူအုပ်ထဲတွင် အံ့ဩလွန်းသဖြင့် စကားများပင် ထစ်နေကြတော့သည်။
ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးအတွက် အဆင့်နိမ့် ဝိညာဉ်လက်နက် ဓားပျံတစ်လက်ကို ဖျက်ဆီးရန်မှာ မခဲယဉ်းလှသော်လည်း ကျင့်စဉ်တစ်ခုကို ထုတ်ဖော်လိုက်ရုံဖြင့် မိမိကိုင်ဆောင်ထားသော ဓားပျံပါ ပျက်စီးသွားစေရန်မှာမူ များစွာ ပို၍ ခက်ခဲလှပေသည်။
မုမုန့်ဂျီ၏ ဓားပျံ ပျက်စီးသွားပုံကို ကြည့်ခြင်းဖြင့် သူမသည် အစွမ်းထက်လှသော ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားသဖြင့် သူမ၏ ဓားမှာ ထိုစွမ်းအားကို တောင့်မခံနိုင်ဘဲ ပျက်စီးသွားခြင်းဖြစ်ကြောင်း လူအ ပင် သိနိုင်ပေသည်။
“ခေါင်းဆောင်ဝူ... အော် မဟုတ်သေးဘူး... တတိယအကြီးအကဲလို့ ခေါ်ရမှာပေါ့”
ထိုစဉ် ချန်ခွန်း တာအိုဆရာက ဝူဟုန်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ ပြောလိုက်၏။
“တောက်... ခင်ဗျားရဲ့ တပည့်ဟောင်းက အခုတော့ တကယ်ကို အစွမ်းထက်နေတာပဲနော်”
“ခင်ဗျား...”
ဝူဟုန် စကားပြောရန် ပြင်လိုက်သော်လည်း ရှီချန်ချင်း၏ အေးစက်သော စကားကြောင့် ပြတ်တောက်သွားရသည်။
“တတိယအကြီးအကဲ... သူပြောတာက သူ့လွတ်လပ်ခွင့်ပဲ... ခင်ဗျား စကားနည်းနည်း လျှော့သင့်တယ်”
ထိုစကားကြောင့် ဝူဟုန်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။ အရင်ကဆိုလျှင် ရှီချန်ချင်းကို သူကသာ နှိမ်ပြောခဲ့သော်လည်း အခုတော့ သူက ပြန်၍ အနှိမ်ခံနေရပြီ မဟုတ်ပါလော။
‘ရှီချန်ချင်း... ငါ သည်းခံရမယ်... ငါ ဝူဟုန် ကျိန်ဆိုရဲတယ်... တစ်နေ့နေ့ကျရင် ခေါင်းဆောင်နေရာကို ငါ ပြန်ယူပြမယ်’
ဝူဟုန်၏ ရင်ထဲ ဒေါသတကြီး ဟိန်းဟောက်နေမိတော့သည်။
ထိုအချိန်တွင် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်၌ လေပြေတစ်ခု တိုက်ခတ်သွားသဖြင့် မုမုန့်ဂျီ၏ ဆံနွယ်များ ဖရိုဖရဲ ဖြစ်သွားသော်လည်း သူမ၏ လှပသော မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်များကိုမူ လွင့်စင်သွားအောင် မလုပ်နိုင်ခဲ့ပေ။
သူမက စင်အောက်ရှိ သူမကို သတ်ချင်နေသော တပည့်များကို ငုံ့ကြည့်လိုက်ပြီးနောက် သားရဲဝိညာဉ်အဖွဲ့မှ တပည့် သောင်းနှင့်ချီကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ထန်ယွင်က ငါ မုမုန့်ဂျီရဲ့ စေ့စပ်ထားသူပဲ... ငါက သူ့ရဲ့ ဇနီးလောင်းပဲ... အခုကစပြီး ငါ့ရဲ့ စေ့စပ်ထားသူရဲ့ ရန်သူဟာ ငါ့ရဲ့ ရန်သူပဲ”
“ပြီးတော့...”
မုမုန့်ဂျီက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် လူအုပ်ထဲရှိ ပြိုင်ပွဲဝင် ၂၁ ယောက်ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်တော့သည်။
“ငါ့ရဲ့ စေ့စပ်ထားသူရဲ့ ဆန္ဒက ငါ့ရဲ့ ဆန္ဒပဲ... ချန်လုံစာရင်းရဲ့ အဆင့် ၈ နေရာအတွက် တိုက်ပွဲမှာ ဝိညာဉ်ငါးပါးအုပ်စု၊ သားရဲဝိညာဉ်အုပ်စုနဲ့ သန့်စင်သောဝိညာဉ်အုပ်စုက ဘယ်သူ့ကိုမဆို ငါ တွေ့ရင် အသက်ရှင်လျက် ပြန်မလွှတ်ဘူး”
အခန်း ၃၈၃ ပြီး
***