စကားပြောပြီးနောက် မုမုန့်ဂျီက အောက်ဘက်ရှိ လူတစ်ထောင်ကျော် ပါဝင်သော အဖွဲ့ကို တစ်ချက် ကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ စီးဆင်းနေပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သေခြင်းတရားဓာတ် ပါဝင်သော နောက်ထပ် အဆင့်နိမ့် ဝိညာဉ်လက်နက် ဓားပျံတစ်လက် လက်ထဲတွင် ပေါ်လာပြန်သည်။ သူမက ထိုဓားဖြင့် လူတိုင်းကို ချိန်ရွယ်ကာ ပြောလိုက်၏။
“တိုက်ချင်ရင် တိုက်ကြ... မတိုက်ရဲရင်လည်း အခုပဲ ငါ့ရှေ့က ထွက်သွားကြစမ်း”
မုမုန့်ဂျီသည် ယခင်က ယဉ်ကျေးသိမ်မွေ့သော မင်းသမီးတစ်ပါး ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သူမ၏ ရင်ထဲ၌ ဒေါသများဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။
“ဟဲဟဲ... ယောင်္ကျားကောင်းဆိုတာ မိန်းမနဲ့ မပြိုင်ဘူးကွ... အခွင့်အရေး ရရင်တော့ မင်းကို ငါ လုံးဝ အလွတ်မပေးဘူး”
သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်တစ်ဦးက ထိုစကားကို ပြောပြီးနောက် ဆေးဝါးအုပ်စု တပည့်များ၏ အထင်သေးသော အကြည့်များအောက်တွင် မျက်နှာပူပူဖြင့် အဖွဲ့ထဲမှ ထွက်ခွာသွားတော့သည်။
ချက်ချင်းပင် မုမုန့်ဂျီကို စိုက်ကြည့်နေကြသော လူတစ်ထောင်ကျော်မှာလည်း အချို့က ခေါင်းငုံ့ကာ၊ အချို့ကလည်း တွေဝေစွာဖြင့် အသီးသီး နောက်ဆုတ်သွားကြတော့၏။
အသက်ရှူကြိမ် ၃ ကြိမ်မျှ အကြာတွင် မုမုန့်ဂျီကို သတ်မည်ဟု ကြွေးကြော်ခဲ့ကြသော တပည့်တစ်ထောင်ကျော်မှာ သူတို့၏ အဖွဲ့အသီးသီးထံသို့ အရှက်တကွဲဖြင့် ပြန်သွားကြပြီ ဖြစ်သည်။
သူတို့မှာ လူအ များ မဟုတ်ကြပေ။ အမှန်တကယ်တော့ သူတို့က လိမ္မာပါးနပ်ကြသူများ ဖြစ်၏။
ဟန်လီကဲ့သို့ အစွမ်းထက်သူပင် မုမုန့်ဂျီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။ သူတို့သာ ဆက်၍ တိုက်ခိုက်မည်ဆိုပါက ဦးနှောက်ထဲ ရေဝင်နေသူများသာ ဖြစ်ပေလိမ့်မည်။
သေချာသည်မှာ သူတို့အားလုံး အရှက်ရသွားကြခြင်းပင်။ သို့သော် သူတို့အတွက် အနည်းငယ် နှစ်သိမ့်မှု ဖြစ်စေသည်မှာ အရှက်ရသူမှာ တစ်ဦးတစ်ယောက်တည်း မဟုတ်ခြင်းကြောင့် ဖြစ်၏။
အသက်ဘေးမှ လွတ်မြောက်ရန်အတွက် အရှက်အနည်းငယ် အကွဲခံလိုက်ရခြင်းမှာ မုမုန့်ဂျီ၏ ဓားချက်အောက်တွင် အသတ်ခံရခြင်းထက် များစွာ သာလွန်သည် မဟုတ်ပါလော။
ဤအချိန်တွင် ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ရှန်စုပင်းမှာ ပန်းတစ်ပွင့်အလား ရွှင်လန်းနေတော့သည်။ သူမက ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရခြင်းပင်။
သူမ၏ ဆေးဝါးအုပ်စုမှ တပည့်တစ်ဦးမှာ ချန်လုံစာရင်း၏ ထိပ်တန်း ၈ နေရာအတွက် ယှဉ်ပြိုင်နိုင်မည့် မျှော်လင့်ချက်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီနည်း။ အတွင်းစည်း ဆေးဝါးအုပ်စုကို ခေါင်းဆောင်ပေါင်း မည်မျှ အုပ်ချုပ်ခဲ့သနည်း။ သို့သော် မည်သူမျှ သူတို့၏ တပည့်များကို ထိပ်တန်း ၈ နေရာထဲသို့ ရောက်အောင် မလေ့ကျင့်ပေးနိုင်ခဲ့ကြပေ။
ထိပ်ဆုံးနေရာအတွက်ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ချေ။
သို့သော် ယခုအခါ ရှန်စုပင်းက မျှော်လင့်ချက်ကို မြင်နေရပြီ ဖြစ်သည်။ ထန်ယွင်နှင့် မုမုန့်ဂျီတို့သည် ချန်လုံစာရင်း၏ နံပါတ် ၁ နှင့် နံပါတ် ၂ နေရာများကို ရယူနိုင်လိမ့်မည်ဟု သူမ ခိုင်ခိုင်မာမာ ယုံကြည်ထား၏။ သေချာသည်မှာ ပြိုင်ပွဲ၏ ကနဦး အဆင့်များတွင် သူတို့ ၂ ယောက် အချင်းချင်း မဆုံမိရန်သာ လိုအပ်ပေသည်။
ထိုသို့ တွေးမိသည်နှင့် ရှန်စုပင်းက ထိုင်ခုံမှ ထရပ်လိုက်ပြီး တပည့်များကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“ဘယ်သူမှ ထပ်ပြီး စိန်မခေါ်တော့ဘူးဆိုရင်တော့... မုမုန့်ဂျီ အနိုင်ရတယ်လို့ ဒီခေါင်းဆောင်က ကြေညာပါတယ်”
အချိန်အတော်ကြာသည်အထိ မည်သူမျှ ပြန်မဖြေကြပေ။
ရှန်စုပင်းသည် ယခင်က ဝူဟုန် လုပ်ခဲ့သော လုပ်ရပ်များကို ပြန်လည် တွေးမိသွားပြီး ဝူဟုန်ကို တစ်ချက် ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
“တတိယအကြီးအကဲကို ကျေးဇူးတင်ပါတယ်”
စကားလုံး ၅ လုံးမျှသာ ဖြစ်သော်လည်း ရှန်စုပင်းက ခပ်ပြင်းပြင်း ပြောလိုက်ခြင်း ဖြစ်သဖြင့် အဓိပ္ပာယ်မှာ ထင်ရှားလှပေသည်။
‘ကျေးဇူးတင်ပါတယ်’ ဆိုသည့် အဓိပ္ပာယ်မှာ မုမုန့်ဂျီကဲ့သို့ ပါရမီရှင် တပည့်တစ်ဦးကို သူမထံသို့ ပေးအပ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ခြင်း ဖြစ်၏။
‘တတိယအကြီးအကဲ’ ဟု ခေါ်ဆိုခြင်းမှာမူ ဝူဟုန်ကို ပို၍ အရှက်ရစေရန်နှင့် ခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံရသော ဝူဟုန်၏ ဒဏ်ရာကို ဆားဖြင့် ပက်လိုက်ခြင်းပင်။
ဝူဟုန်မှာ ဒေါသထွက်လွန်းသဖြင့် ခေါင်းမှ မီးခိုးပင် ထွက်တော့မလို ဖြစ်နေသော်လည်း ဒေါသကို ပြန်လည် ထိန်းချုပ်ထားရ၏။ သူ့ခန္ဓာကိုယ်ကြီး တောင့်တင်းသွားပြီး လည်ချောင်းထဲသို့ တက်လာသော သွေးများကို ပါးစပ်ထဲတွင်သာ ငုံထားလိုက်ရသည်။
ထန်ယွင်က ဤမြင်ကွင်းကို ကြည့်နေရင်း ဒဏ်ရာရထားဟန်ဖြင့် ပြောလိုက်၏။
“အော်... ဟုတ်သားပဲ... တတိယအကြီးအကဲဝူ... ကျွန်တော့်မှာ ခင်ဗျားကို ပြောပြချင်တာလေး တစ်ခု ရှိသေးတယ်”
ထန်ယွင်က စေတနာကောင်းဖြင့် ပြောနေခြင်း မဟုတ်ကြောင်း ဝူဟုန် သိထားသဖြင့် ထန်ယွင်ကို လှည့်ပင် မကြည့်ပေ။
ထိုသို့ လျစ်လျူရှုခံရသော်လည်း ထန်ယွင်က ဂရုမစိုက်ဘဲ ဝူဟုန် သေချာ ကြားစေရန်အတွက် အသံကို မြှင့်၍ ပြောလိုက်သည်။
“တတိယအကြီးအကဲဝူ... ခင်ဗျားရဲ့ တပည့်ကြီး ပိုင်ရွှီ ဘယ်ရောက်နေလဲဆိုတာ သိချင်နေတယ် မဟုတ်လား”
ထိုစကားကို ကြားရသည့်အခါ ဝူဟုန်က ထန်ယွင်ကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူက ပါးစပ်ထဲမှ သွေးများကို မြိုချပြီး မေးရန် ပြင်လိုက်စဉ်မှာပင် ထန်ယွင်က အရင်ဦးအောင် ပြောလိုက်၏။
“ကျွန်တော် ခင်ဗျားရဲ့ သံသယကို ဖြေရှင်းပေးပါ့မယ်”
“မနေ့ကတင် ပိုင်ရွှီက ကျွန်တော့်ရဲ့ လင်းရှန်း ဆေးဥယျာဉ်ထဲမှာ လာပြီး ပြဿနာရှာနေလို့... ကျွန်တော် မတော်တဆ သူ့ကို အနိုင်ယူလိုက်တဲ့အခါမှာ သူက တောင်ကမ်းပါးယံပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်...”
ထန်ယွင်၏ စကားပင် မဆုံးသေးမီမှာပင် ဝူဟုန်သည် ဒေါသကို ထပ်မံ မထိန်းနိုင်တော့ဘဲ ပါးစပ်မှ သွေးမြူတိမ်တိုက်တစ်ခုကို အန်ထုတ်လိုက်ရတော့သည်။ ထိုသွေးများမှာ ၃ ပေ ခန့်အကွာအထိ ပန်းထွက်သွားတော့၏။
“ထန်ယွင်... မင်း တကယ်ကို ရက်စက်လွန်းတယ်”
ဝူဟုန်၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။ ယခုအခါ သားဖြစ်သူ သေဆုံးသွားရုံတင်မကဘဲ သူ၏ တပည့်ကြီးပါ သေဆုံးသွားပြီဖြစ်ကြောင်း ကြားလိုက်ရသည်။ ထို့အပြင် ခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံရပြီးနောက် မုမုန့်ဂျီမှာလည်း ဆေးဝါးအုပ်စု၏ ပါရမီရှင် ဖြစ်သွားသည်ကို တွေးမိလိုက်သည့်အခါ ဝူဟုန်မှာ စိတ်ဓာတ် ပြိုလဲလုနီးပါး ဖြစ်သွားရ၏။
“ဖူး... ဖူး... ဖူး”
ပါးစပ်မှ နောက်ထပ် သွေး ၃ လုပ်ခန့် အန်ထုတ်လိုက်ပြီးနောက် ရင်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး မျက်စိများ ပြာနှမ်းလာကာ သတိလစ်ပြီး ကျောက်စိမ်းအဆောက်အဦပေါ်သို့ လဲကျသွားတော့သည်။
“ဆရာ”
“ဆရာကြီး”
လူအုပ်ထဲရှိ ပြိုင်ပွဲဝင်များ ဖြစ်ကြသော လင်းတုန်းနှင့် ထိုက်ရှန်းတို့မှာ စိုးရိမ်တကြီးဖြင့် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်ကြ၏။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ဝူဟုန်ကို သတ်ပစ်ချင်နေသူမှာ သားရဲဝိညာဉ်အဖွဲ့၏ ခေါင်းဆောင်သစ် ရှီချန်ချင်းပင် ဖြစ်သည်။ သူက ဝူဟုန်၏ ဒဏ်ရာကို စစ်ဆေးပြီးနောက် လင်းတုန်းနှင့် ထိုက်ရှန်းကို ကြည့်ကာ ပြောလိုက်၏။
“မင်းတို့ စိုးရိမ်စရာ မလိုပါဘူး... တတိယအကြီးအကဲက ခဏလေး မူးမေ့သွားတာပါ”
“သူက ဒီနေ့ စိတ်ထိခိုက်စရာတွေ အများကြီး ကြုံခဲ့ရလို့ ခဏလောက် သတိလစ်နေတာက သူ့ကျန်းမာရေးအတွက် ပိုကောင်းပါတယ်”
ဆရာဖြစ်သူ ဘာမှမဖြစ်ကြောင်း ကြားလိုက်ရမှသာ လင်းတုန်းနှင့် ထိုက်ရှန်းတို့ သက်ပြင်းချနိုင်သွားကြသည်။
၃ မီတာခန့် မြင့်မားသော တောင်ကြီးတစ်လုံးအလား ထွားကျိုင်းသည့် ခန္ဓာကိုယ်နှင့် ထိုက်ရှန်းက ထန်ယွင်ကို ဒေါသတကြီး လက်ညှိုးထိုးကာ ပြောလိုက်၏။
“မင်း... အဓိက တိုက်ပွဲမှာ ငါနဲ့ မဆုံဖို့ပဲ ဆုတောင်းထားလိုက်... မဟုတ်ရင်တော့ မင်းကို ငါ အရှင်လတ်လတ် ဆွဲဖြဲပစ်မယ်”
“လူကောင်ကြီးပြီး ဦးနှောက်မရှိတဲ့ကောင်... ငါ မင်းကို စိတ်ပျက်အောင် လုပ်ရတော့မယ်ထင်တယ်... ငါက ဒဏ်ရာတွေ အများကြီး ရထားတာဆိုတော့ ပြိုင်ပွဲမှာ ဆက်ပြီး ပါဝင်နိုင်မှာ မဟုတ်တော့ဘူး”
ထန်ယွင်က ပြုံး၍ ပြောလိုက်သည်။
“မင်း...”
ထိုက်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် အားကုန်လွှဲထိုးလိုက်သော လက်သီးမှာ ဂွမ်းပုံကို သွားထိသကဲ့သို့ ခံစားလိုက်ရ၏။
“တတိယညီလေး... စိတ်အေးအေးထားပါ... ကျုပ်တို့ စီနီယာအစ်ကိုကြီးအတွက် ကလဲ့စားချေဖို့ အခွင့်အရေး ရမှာပါ”
လင်းတုန်းက ထန်ယွင်ကို မောက်မာသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အင်း”
ထိုက်ရှန်းက နှာခေါင်းရှုံ့လိုက်ပြီး ထန်ယွင်ကို လျစ်လျူရှုလိုက်တော့သည်။
ထန်ယွင်က တရားထိုင်နေရင်း ကျောက်စိမ်းအဆောက်အဦပေါ်တွင် သတိလစ်နေသော ဝူဟုန်ကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်နေမိ၏။
‘အဘိုးကြီး... ခင်ဗျား ခဏနေ နိုးလာတဲ့အခါမှာ ခင်ဗျားရဲ့ နောက်ဆုံး တပည့် ၂ ယောက် ဘယ်လိုမျိုး အသတ်ခံရမလဲဆိုတာကို ကိုယ်တိုင် မြင်တွေ့စေရမယ်’
“ဝှစ်”
ဤအချိန်တွင် မုမုန့်ဂျီမှာ နံပါတ်၂ ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်လာပြီး ကောင်းကင်တမန်တစ်ပါးအလား ထန်ယွင်၏ ဘေးနားတွင် ရပ်လိုက်သည်။
“မရီး... နေကောင်းပါသလား ခင်ဗျာ”
တာနျူက ပြုံးဖြီးဖြီးဖြင့် နှုတ်ဆက်လိုက်၏။
“မရီးက စီနီယာအစ်ကိုထန်လိုပဲ အစွမ်းထက်လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး”
“မရီး... ကျန်းမာပါစေ”
ဆေးဝါးအုပ်စုနှင့် လင်းရှန်းဆေးဥယျာဉ်မှ တပည့်များစွာမှာလည်း မုမုန့်ဂျီကို ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။
“ဒီလိုမျိုး မလုပ်ကြပါနဲ့... ကျွန်မကို စီနီယာမမလို့ပဲ ခေါ်ပါ”
မုမုန့်ဂျီက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။
“ငါ့ရဲ့ မြေးချွေးမလေးရယ်... သူတို့ကို ခေါ်ခိုင်းလိုက်ပါ... ဘာပဲဖြစ်ဖြစ် မင်းက ထန်ယွင်လေးရဲ့ ဇနီး ဖြစ်လာမှာပဲဟာကို”
ဤအခိုက်အတန့်တွင် ရှန်ချင်းချိုး ရောက်ရှိလာပြီး မုမုန့်ဂျီကို ကြည့်ကာ ရယ်မောလိုက်၏။
ရှန်ချင်းချိုးမှာ ပြင်ပစည်းမှ အကြီးအကဲ တစ်ဦးသာ ဖြစ်သဖြင့် ကျောက်စိမ်းအဆောက်အဦပေါ်တွင် ထိုင်ခွင့် မရှိပေ။
ရှန်ချင်းချိုးသက မုမုန့်ဂျီနှင့် ထန်ယွင်တို့ကို ကြည့်ကာ ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေတော့သည်။
ထိုအချိန်တွင် ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ဝိညာဉ်ငါးပါးပိုင်ရှင်က ထရပ်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ကြားလိုက်ရ၏။
“နောက်ထပ်ကတော့... ငါတို့ ဝိညာဉ်ငါးပါးအဖွဲ့ရဲ့ နောက်ဆုံး အကာအကွယ်တိုက်ပွဲ ဖြစ်တယ်”
“ငါတို့ ဝိညာဉ်ငါးပါးအဖွဲ့ကို ဝူလင်၊ ရွှယ်ဇီယန်နဲ့ ချန်ကျင်ယွဲ့ ဆိုတဲ့ တပည့် ၃ ယောက်က ကာကွယ်သွားလိမ့်မယ်”
ထိုတပည့် ၃ ယောက်က တစ်ပြိုင်နက် ပြောလိုက်ကြ၏။
“တပည့်များ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ဝိညာဉ်ငါးပါးပိုင်ရှင်က သူတို့ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဝူလင်သည် ဝိညာဉ်ငါးပါးပိုင်ရှင်၏ မြေးဖြစ်ပြီး ဝိညာဉ်ငါးပါးအဖွဲ့၏ တပည့်များထဲတွင် အစွမ်းထက်ဆုံးသူအဖြစ် လူသိများသည်။
ချန်ကျင်ယွဲ့မှာမူ ဝိညာဉ်ငါးပါးအဖွဲ့ ဆဋ္ဌမအကြီးအကဲ၏ တပည့်ရင်း ဖြစ်သည်။ လွန်ခဲ့သော ၁ နှစ်က သူသည် ဝူလင်နှင့် တစ်ညလုံး တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရ၏။ ယခု ၁ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ရာ သူနှင့် ဝူလင်း၏ ခွန်အားမှာ တူညီနေလိမ့်မည်ဟု အချို့က ခန့်မှန်းထားကြသည်။
ရွှယ်ဇီယန်နှင့် ပတ်သက်၍မူ အမှန်အတိုင်း ပြောရလျှင် ဝိညာဉ်ငါးပါးအဖွဲ့မှ တပည့်များမှာ သူမ တိုက်ခိုက်သည်ကို တစ်ခါမျှ မမြင်ဖူးကြပေ။ သို့သော် သူမသည် အုပ်စုခေါင်းဆောင်၏ တပည့် ဖြစ်နေသဖြင့် သူမ၏ ခွန်အားမှာ လုံးဝ နိမ့်ကျမည် မဟုတ်ကြောင်း လူတိုင်း သိထားကြပေသည်။
အခန်း ၃၈၄ ပြီး
***