“ဝှစ်... ဝှစ်... ဝှစ်...”
တပည့်များကြားမှ အရိပ် ၃ ခုမှာ ချန်လုံစင်မြင့် ၃ ခုထက်သို့ လျှပ်ခနဲ ပျံတက်သွားကြတော့သည်။
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်တွင် ဝူလင်က မောက်မာစွာ ရပ်နေ၏။
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင်မူ ချန်ကျင်ယွဲ့က လက်နှစ်ဖက်ကို အနောက်တွင် ပစ်ထားလျက် ရပ်နေသည်။
ကြမ်းပြင်အထိ ရှည်လျားသော ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှယ်ဇီယန်ကမူ နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်တွင် ကျော့ရှင်းစွာ ရပ်နေ၏။
ရွှယ်ဇီယန်က သူမထံသို့ ဦးတည်လာနေသော မမြင်ရသည့် သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသဖြင့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
ထိုစဉ် ဝိညာဉ်ငါးပါးပိုင်ရှင်က ကျယ်လောင်စွာ ကြေညာလိုက်၏။
“ငါတို့ ဝိညာဉ်ငါးပါးအဖွဲ့ရဲ့ နောက်ဆုံး အကာအကွယ်တိုက်ပွဲကို အခုပဲ စတင်ဖို့ ဒီခေါင်းဆောင်က ကြေညာပါတယ်”
စကားဆုံးသည်နှင့် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ယခုအခါ သန့်စင်သောဝိညာဉ်အုပ်စုနှင့် သားရဲဝိညာဉ်အဖွဲ့မှ အစွမ်းထက်သော တပည့်အများစုမှာ ထန်ယွင်နှင့် မုမုန့်ဂျီတို့၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသော တပည့်များမှာ ဝူလင်နှင့် ချန်ကျင်ယွဲ့တို့ကို စိန်ခေါ်ရန် ဆန္ဒမရှိကြသည်မှာ သိသာလှပေ၏။
ရှေးဟောင်းဝိညာဉ်အဖွဲ့မှ တပည့်များကလည်း ထို ၂ ယောက်ကို စိန်မခေါ်ကြပေ။
လက်နက်၊ လက်နက်အစီအရင်၊ အစီအရင်နှင့် ဆေးဝါး အဖွဲ့ ၄ ခုမှ တပည့်များမှာမူ ဝူလင်နှင့် ချန်ကျင်ယွဲ့တို့၏ အမည်ကို ကောင်းစွာ ကြားဖူးကြပြီး သူတို့သည် ဝိညာဉ်ငါးပါးအဖွဲ့တွင် အစွမ်းထက်ဆုံးသူများဖြစ်ကြောင်း သိထားကြသည်။
အတွင်းစည်း ၉ ဖွဲ့တွင် တပည့်ပေါင်း ၆၀၀,၀၀၀ ကျော် ရှိသည့်အနက် ဝိညာဉ်ငါးပါးအဖွဲ့မှာ အင်အားအကြီးဆုံးဖြစ်ပြီး တပည့်အရေအတွက်မှာ ၁၅၀,၀၀၀ အထိ ရှိနေသည် မဟုတ်ပါလော။
ထိုတပည့် ၁၅၀,၀၀၀ ထဲတွင် ထိပ်တန်း ၂ နေရာကို ရယူထားနိုင်သော ဝူလင်နှင့် ချန်ကျင်ယွဲ့တို့၏ ခွန်အားမှာ မည်မျှ ကြီးမားမည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ မဆင်းချင်ကြသော တပည့်များမှာ သူတို့ ၂ ယောက်ကို စိန်ခေါ်ရန် သတ္တိမရှိကြပေ။
သို့သော် ရွှယ်ဇီယန်မှာမူ သူတို့နှင့် မတူပေ။ လူတိုင်း သိထားသည်မှာ သူမသည် ဝိညာဉ်ငါးပါးပိုင်ရှင်၏ တပည့်ရင်း ဖြစ်သည်ဟူသောအချက်သာ ဖြစ်သည်။ အခြားသတင်းများအရ သူမက ဝိညာဉ်ငါးပါးအဖွဲ့၏ ထိပ်တန်း အယောက် ၁၀၀ စာရင်းတွင်ပင် ပါဝင်ခြင်းမရှိကြောင်း လူတိုင်း သိထားကြ၏။
“သားရဲဝိညာဉ်အဖွဲ့က ကျူးကန်းက ရွှယ်ဇီယန်ကို စိန်ခေါ်ပါတယ်”
ထိုအသံနှင့်အတူ လူငယ်တပည့်တစ်ဦးသည် နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်သို့ ခုန်တက်လာပြီး ရွှယ်ဇီယန်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“မင်းက မုမုန့်ဂျီရဲ့ ညီမလား... ထန်ယွင်ရဲ့ ခယ်မလား”
“ဟုတ်ရင်ကော ဘာဖြစ်လဲ... မဟုတ်ရင်ကော ဘာဖြစ်လဲ”
ရွှယ်ဇီယန်က မထီမဲ့မြင် ပြောလိုက်၏။
“ဘာလဲ... ရှင်က ငါ့ရဲ့ အစ်မမုနဲ့ ခဲအိုကို မနိုင်တော့လို့ ငါ့ကို သတ်ပြီး ဒေါသဖြေချင်နေတာလား”
“ဟားဟားဟား”
ကျူးကန်းက ဟန်ဆောင်ပန်ဆောင် ရယ်မော၍ ပြောလိုက်သည်။
“ဟုတ်ရင်ကော ဘာဖြစ်လဲ... မဟုတ်ရင်ကော ဘာဖြစ်လဲ... မင်း မကြာခင် သေရတော့မယ်ဆိုတာကိုပဲ သိထားလိုက်စမ်းပါ”
“ရှင်လို အရှက်မရှိတဲ့ကောင်က ငါ့ရဲ့ လေသံကိုတောင် လိုက်တုရဲတယ်ပေါ့... သေပေတော့”
ရွှယ်ဇီယန်က အေးစက်စွာ ကြိမ်းမောင်းလိုက်၏။
“ဟဲဟဲ... မင်းကလား... ငါ ကျူးကန်းက ထန်ယွင်နဲ့ မုမုန့်ဂျီကို မယှဉ်နိုင်ဘူးဆိုပေမဲ့ မင်းကို ကိုင်တွယ်ဖို့ကတော့ လွယ်လွယ်လေးပါ...”
ကျူးကန်း၏ ရယ်သံမှာ ရုတ်ခြည်း ပြတ်တောက်သွားတော့သည်။ သူ့အမြင်အာရုံထဲတွင် ခရမ်းရောင်ရိပ်တစ်ခုမှာ မယုံနိုင်လောက်သော အရှိန်ဖြင့် တိုးဝင်လာသည်ကို မြင်လိုက်ရ၏။ သူ ရှောင်တိမ်းရန် ကြိုးစားလိုက်စဉ်မှာပင် လည်ပင်း၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရတော့သည်။
“ဝှစ်”
ခရမ်းရောင်အရိပ်တစ်ခုမှာ ကျူးကန်း၏ အနောက်တွင် ပေါ်လာပြီး ရွှယ်ဇီယန်အဖြစ် ပြောင်းလဲသွားသည်။ သူမ မည်သည့်အချိန်တွင် ဓား ဆွဲထုတ်လိုက်သည်ကို မည်သူမျှ မမြင်လိုက်ကြပေ။ သူမ၏ ညာဘက်လက်ထဲရှိ ဓားရှည်အဖျားမှ သွေးစက်များမှာ မြေပြင်ပေါ်သို့ တစက်စက် ကျဆင်းနေတော့၏။
ရွှယ်ဇီယန်က ကျူးကန်းကို လှည့်ပင် မကြည့်ဘဲ စင်အောက်ရှိ တပည့်များကို ကြည့်ကာ ပြတ်သားသော လေသံဖြင့် အော်ပြောလိုက်သည်။
“အားလုံးပဲ သေချာနားထောင်ကြ... ငါ့ရဲ့ ခဲအိုနဲ့ အစ်မမုရဲ့ ရန်သူဟာ ငါ့ရဲ့ ရန်သူပဲ”
“ဘယ်သူမဆို ငါ့အစ်မနဲ့ ငါ့ခဲအိုကို ထိခိုက်အောင် လုပ်ဖို့ ကြံရွယ်ရင်တော့... ဒီကျူးကန်းက မင်းတို့ရဲ့ နမူနာပဲ ဖြစ်စေရမယ်”
စကားအဆုံးတွင် “ဘုန်း” ခနဲ အသံနှင့်အတူ ကျူးကန်းသည် လည်ပင်းမှ ဒဏ်ရာကို လက်ဖြင့် အုပ်ထားရင်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ့ခန္ဓာကိုယ်မှာ ခေတ္တမျှ တုန်ယင်နေပြီးနောက် အသက်ထွက်သွားတော့၏။
သူ့လည်ပင်းမှ ပန်းထွက်လာသော သွေးများက စင်မြင့်ကို နီရဲသွားစေပြီး ဒဏ်ရာမှာလည်း အလွန်ပင် ထင်ရှားလှပေသည်။
လူတိုင်း ကျူးကန်း၏ အလောင်းကို ကြည့်ကာ တိတ်ဆိတ်သွားကြ၏။ ရွှယ်ဇီယန်ကို ဝန်းရံထားသော သတ်ဖြတ်လိုစိတ်များမှာလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားတော့သည်။
ကျူးကန်းက သားရဲဝိညာဉ်အဖွဲ့တွင် အဆင့် ၅၀ ရှိသူဖြစ်ကြောင်း လူတိုင်း သိထားကြပေသည်။
သို့သော် ထိုသို့သောသူပင် ရွှယ်ဇီယန်၏ လက်ချက်ဖြင့် မည်သို့မျှ ပြန်လည် မခုခံနိုင်ဘဲ အသတ်ခံလိုက်ရခြင်း ဖြစ်၏။
အဖွဲ့အသီးသီးမှ တပည့်ပေါင်း ၆၀၀,၀၀၀ ကျော်မှာ ရွှယ်ဇီယန်က ကျူးကန်းကို မည်သို့ သတ်လိုက်သည်ကိုပင် လုံးဝ မမြင်လိုက်ကြပေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သာ စင်ပေါ်သို့ တက်သွားမည်ဆိုပါက ရွှယ်ဇီယန်၏ အရှိန်ကြောင့်ပင် အလွယ်တကူ အသတ်ခံရပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ဝိညာဉ်ငါးပါးအဖွဲ့မှ တပည့်များမှာ ရွှယ်ဇီယန်ကို အားကျစွာ ကြည့်နေကြတော့သည်။ စီနီယာမမ ရွှယ်ဇီယန်မှာ တကယ်ကို ခေါင်းဆောင်၏ တပည့်ပီသပါပေ၏။
ရွှယ်ဇီယန်သည် ဝိညာဉ်ငါးပါးအဖွဲ့တွင် အလှဆုံး အမျိုးသမီး မဟုတ်သော်လည်း သူမတွင် ထူးခြားသော ဆွဲဆောင်မှု ရှိနေသည်။
လေပြေတစ်ခု တိုက်ခတ်လာသဖြင့် ရွှယ်ဇီယန်၏ ဝတ်စုံစများမှာ လွင့်ပျံနေပြီး သူမ၏ မျက်နှာတွင် ထူးခြားသော အပြုံးတစ်ခု ပေါ်လာ၏။
သူမက တရားထိုင်နေသော ထန်ယွင်ကို စိုက်ကြည့်ကာ ကလေးတစ်ယောက်အလား ပြောလိုက်သည်။
“ကြည့်စမ်း... ငါ့ရဲ့ ခွန်အားက မဆိုးဘူး မဟုတ်လား”
သူမက ထန်ယွင်အပေါ် ထားရှိသော သူမ၏ ချစ်ခြင်းမေတ္တာကို ရင်ထဲတွင် ကောင်းစွာ ဖုံးကွယ်ထားခဲ့သည်။ ဤအခိုက်အတန့်တွင် သူမ၏ မျက်လုံးထဲ၌ ထန်ယွင် မှလွဲ၍ အခြားသူ မရှိပေ။
ထို့အတူ ထန်ယွင်ကလည်း ရွှယ်ဇီယန်ကို ကြည့်ကာ အနည်းငယ် ငေးမောသွားရ၏။ အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သော ရွှယ်ဇီယန်တွင် ဤမျှလောက်အထိ တည်ငြိမ်ပြီး လှပသော အသွင်အပြင် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထန်ယွင်နှင့် ရွှယ်ဇီယန်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်ကို မုမုန့်ဂျီက တွေ့ရှိသွားပြီး တိုးတိုးလေး ပြုံးကာ ပြောလိုက်၏။
“ထန်ယွင်... ဇီယန်မှာ ထူးခြားတဲ့ အငွေ့အသက် ရှိတာကို ရှင် သတိထားမိလား... သူမက အလှဆုံး အမျိုးသမီး ၁၃ ယောက်ထဲမှာ မပါပေမဲ့ ကြည့်လေလေ ပိုလှလေလေ ဖြစ်တဲ့ အမျိုးအစားထဲမှာ ပါတယ်နော်”
“ရှင်... သူမအပေါ်မှာ မကောင်းတဲ့ စိတ်တွေ မရှိပါဘူးနော်”
ထိုစကားကြောင့် ထန်ယွင်က မုမုန့်ဂျီကို စောင်းကြည့်ကာ ပြောလိုက်၏။
“လျှောက်မပြောနဲ့... သူမက ငါ့ရဲ့ ခယ်မပဲဟာ”
“ဟိဟိ... ထန်ယွင် ရှင့်မျက်နှာနီနေတယ်နော်”
မုမုန့်ဂျီက ရယ်မောကာ ပြောလိုက်သည်။ ထန်ယွင် မျက်နှာနီသွားသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဤအချိန်တွင် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ဝူလင်က ရွှယ်ဇီယန်နှင့် ထန်ယွင်တို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် လက်သီးကို တင်းတင်းဆုပ်ကာ ရင်ထဲမှ ဟိန်းဟောက်နေမိသည်။
‘ထန်ယွင်... မင်းကို ငါ သေချာပေါက် သတ်မယ်... မင်းကို ငါ သေချာပေါက် သတ်ပြမယ်’
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ဝိညာဉ်ငါးပါးပိုင်ရှင်မှာမူ ရွှယ်ဇီယန်ကို ချစ်သလို၊ ဒေါသလည်း ထွက်နေမိ၏။
ရွှယ်ဇီယန်က လူအများရှေ့တွင် ထန်ယွင်နှင့် မုမုန့်ဂျီ၏ ရန်သူသည် သူမ၏ ရန်သူဖြစ်ကြောင်း ပြောလိုက်သဖြင့် သူ့ရင်ထဲတွင် ဒေါသများ ပြည့်နှက်သွားရခြင်းပင်။
‘ငါကလည်း ဝူဟုန်ရဲ့ ခြေရာအတိုင်း လိုက်ရတော့မှာလား... နောက်ဆုံးမှာ ဇီယန်ကို တပည့်အဖြစ်ကနေ ဆုံးရှုံးရတော့မှာလား’
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ စိတ်မအေး ဖြစ်နေတော့သည်။
သူ အများကြီး တွေးတောနေမိ၏။
ဝူဟုန်၏ တစ်ဦးတည်းသောသား ဝူဖေးရှုန်းသည် မုမုန့်ဂျီကို စွဲလန်းမိသဖြင့် စော်ကားရန် ကြိုးစားခဲ့သောကြောင့် ထန်ယွင်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရသည်။ ထို့ပြင် မုမုန့်ဂျီသည်လည်း သားရဲဝိညာဉ်အဖွဲ့မှ ခွဲထွက်ကာ ဆေးဝါးအုပ်စု၏ ဒုတိယ အစွမ်းထက်ဆုံးသူ ဖြစ်လာခဲ့သည် မဟုတ်ပါလော။
သူ၏ မြေးဖြစ်သူ ဝူလင်သည်လည်း ရွှယ်ဇီယန်၏ ကိစ္စကြောင့် ထန်ယွင်၏ လက်တွင် သေဆုံးသွားရမည်ကို သူ စိုးရိမ်နေမိသည်။ နောက်ဆုံးတွင် ရွှယ်ဇီယန်သည်လည်း သစ္စာဖောက်ကာ ထန်ယွင်၏ နောက်သို့ လိုက်သွားမည်ကို သူ ကြောက်လန့်နေမိ၏။
ထိုသို့ တွေးမိသည်နှင့် ဝိညာဉ်ငါးပါးပိုင်ရှင်၏ စိတ်ထဲတွင် မိစ္ဆာတစ်ကောင် ဝင်ရောက်လာသကဲ့သို့ ဟိန်းဟောက်နေမိတော့သည်။
‘မဖြစ်ဘူး... ငါ ဒီလိုမျိုး အဖြစ်မခံနိုင်ဘူး... လုံးဝ အဖြစ်မခံနိုင်ဘူး’
‘ငါ ဝူချင်းချွမ် မရနိုင်တဲ့အရာကို ဘယ်သူမှ မရစေရဘူး’
‘ဘယ်သူ့လက်ထဲမှ မရောက်စေရဘဲ ငါကိုယ်တိုင်ပဲ ဖျက်ဆီးပစ်မယ်’
‘ဇီယန်... တကယ်လို့ တစ်နေ့နေ့မှာ မင်းက ဆရာ့ကို သစ္စာဖောက်ဖို့ တကယ် ကြိုးစားလာရင်တော့... ဆရာကိုယ်တိုင် မင်းကို သတ်ပစ်ရလိမ့်မယ်’
ဝိညာဉ်ငါးပါးပိုင်ရှင်က ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်၏။
“ထပ်ပြီး စိန်ခေါ်မယ့်သူ ရှိသေးလား... ဘယ်သူမှ မရှိတော့ဘူးဆိုရင်တော့ ငါတို့ ဝိညာဉ်ငါးပါးအဖွဲ့ရဲ့ ချန်ပီယံ ၃ ယောက် ထွက်ပေါ်လာပြီ ဖြစ်တယ်”
အချိန်အတော်ကြာသည်အထိ မည်သူမျှ ပြန်မဖြေကြပေ။
ဝူလင်၊ ချန်ကျင်ယွဲ့နှင့် ရွှယ်ဇီယန်တို့မှာ ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်လာပြီး ဝိညာဉ်ငါးပါးအဖွဲ့မှ တပည့်များ၏ ရှေ့တွင် ပေါ်လာကြသည်။
ထိုအချိန်တွင် ထန်ထိုင်ကျုံးတယ်က ကျောက်စိမ်းအဆောက်အဦပေါ်ရှိ သူ့ထိုင်ခုံမှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး တပည့်များကို ငုံ့ကြည့်ကာ လေးနက်စွာ ပြောလိုက်တော့သည်။
“အခု အဖွဲ့အသီးသီးက အနိုင်ရသူတွေကို ဆုံးဖြတ်ပြီးပြီဆိုတော့... အဲ့ဒီ အနိုင်ရသူတွေဟာ ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာ ထွက်ပေါ်လာတဲ့အထိ ဆက်လက် ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်”
အခန်း ၃၈၅ ပြီး
***