“အခု အဖွဲ့အသီးသီးက အနိုင်ရသူတွေဟာ ချန်လုံစင်မြင့် နံပါတ် ၁ မှာ ထိပ်တိုက်တွေ့ဆုံဖို့အတွက် မဲနှိုက်ရတော့မှာ ဖြစ်တယ်”
ထန်ထိုင်ကျုံးတယ်၏ စကားဆုံးသည် နှင့်တစ်ပြိုင်နက် လူရိပ်များမှာ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်သို့ တစ်ဦးပြီးတစ်ဦး လျှပ်ခနဲ ပျံတက်သွားကြရာ အမျိုးသားနှင့် အမျိုးသမီး တပည့် စုစုပေါင်း ၂၄ ဦး ရှိပြီ ဖြစ်၏။
ဆေးဝါးအုပ်စု တပည့်များ၏ ရှေ့တွင် တရားထိုင်နေသော ထန်ယွင်က မုမုန့်ဂျီ နှင့်အတူ စင်မြင့်ပေါ်သို့ တက်ရန် ပြင်လိုက်စဉ်မှာပင် ရှန်ချင်းချိုးက စိုးရိမ်တကြီး တားမြစ်လိုက်သည်။
“ထန်ယွင်... မင်းရဲ့ ဒဏ်ရာက တော်တော် ပြင်းထန်နေတာပဲ... ဆက်ပြီး မပါဝင်ပါနဲ့တော့... မုန့်အာ တစ်ယောက်တည်းပဲ ယှဉ်ပြိုင်ပါစေတော့”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်ကို သတ်ဖြတ်ချင်နေသော ပြိုင်ပွဲဝင်များမှာ ထန်ယွင် နုတ်ထွက်သွားမည်ကို စိုးရိမ်သဖြင့် တစ်ယောက်ပြီးတစ်ယောက် ရင်တထိတ်ထိတ် ဖြစ်သွားကြရ၏။
သို့သော်လည်း ထန်ယွင်က ရှန်ချင်းချိုးကို ဦးညွှတ်ကာ ပြောလိုက်သော စကားများကြောင့် သူတို့မှာ မကြာမီပင် သက်ပြင်းချနိုင်သွားကြသည်။
“အဘိုးရှန်... ကျွန်တော်က ခက်ခက်ခဲခဲနဲ့ အနိုင်ရလာခဲ့တာလေ... အခု ကျွန်တော် အရှုံးမပေးချင်သေးဘူး... ဆက်ပြီး ယှဉ်ပြိုင်ချင်ပါသေးတယ်”
“ဒါပေမဲ့ စိတ်မပူပါနဲ့... တကယ်လို့ ကျွန်တော် သူတို့ကို မယှဉ်နိုင်ဘူးဆိုရင် အချိန်မီ စင်ပေါ်ကနေ ဆင်းပြေးပါ့မယ်”
ထိုစကားကို ကြားမှ ရှန်ချင်းချိုးက ခေါင်းညိတ်ပြကာ မှာကြားလိုက်၏။
“ထန်ယွင်... မုန့်အာ... မင်းတို့ အစွမ်းကုန် ကြိုးစားကြပါ... မှတ်ထားရမှာက ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာဆိုတာ အသက်ထက် အရေးမကြီးဘူးဆိုတာပဲ”
“ဟုတ်ကဲ့... ကျွန်တော်တို့ မှတ်သားထားပါ့မယ်”
ထန်ယွင်နှင့် မုမုန့်ဂျီတို့က လေးစားစွာ ပြန်ပြောပြီးနောက် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်သို့ အတူတကွ ခုန်တက်လိုက်ကြတော့သည်။
ဤအခိုက်အတန့်တွင် စင်မြင့်ပေါ်၌ ရပ်နေသော လူ ၂၆ ဦးမှာ ဟောင်ဖူနတ်ဘုရားဂိုဏ်း အတွင်းစည်း တပည့်များထဲတွင် အစွမ်းထက်ဆုံးသူများ ဖြစ်ကြသည်မှာ သေချာလှပေ၏။
၎င်းတို့ထဲတွင် သန့်စင်သောဝိညာဉ်အုပ်စုမှ အနိုင်ရခဲ့သူများ ဖြစ်ကြသည့် ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီ၊ ခန်းရှီယွန်း တို့ ပါဝင်ပြီး လက်နက်အစီအရင်အဖွဲ့မှ အနိုင်ရသူ ၂ ဦး ဖြစ်သည့် ဟိုယဲ့ နှင့် လီရှီကျန်း တို့လည်း ပါဝင်ကြသည်။
ရှန့်ရှန့်ထျန်းက သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ တပည့်ရင်း ဖြစ်သည်။ လွန်ခဲ့သော ၃ နှစ်၊ တောင်စဉ် ၉ခု ပြိုင်ပွဲတွင် သူသည် ဝိညာဉ်သန္ဓေအဆင့် ၉ ဖြင့် ချန်လုံစာရင်း၏ နံပါတ် ၉ နေရာကို ရရှိခဲ့သူ ဖြစ်၏။
ခယ်ရှင်းယီမှာမူ သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ တစ်ဦးတည်းသောတပည့် ဖြစ်သည်။ သူမက လွန်ခဲ့သော နှစ်တွင်မှ သန့်စင်သောဝိညာဉ်အုပ်စုသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ပြီး သူမ၏ နောက်ကြောင်းနှင့် ခွန်အားမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။
ခန်းရှီယွမ်မှာလည်း သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ တပည့်ရင်း တစ်ဦး ဖြစ်သည်။ သူသည် စာပေပညာရှင်တစ်ဦးနှင့် တူသော်လည်း သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များက သူ့ကို ‘အမှောင်မိစ္ဆာ’ ဟု ခေါ်ဆိုကြ၏။
ဟိုယဲ့နှင့် လီရှီကျန်း တို့၏ အဆင့်အတန်းနှင့် ခွန်အားမှာလည်း မသေးလှပေ။ ဟိုယဲ့သည် လက်နက်အစီအရင်အဖွဲ့မှ ဒုတိယအကြီးအကဲ၏ တပည့်ရင်း ဖြစ်ပြီး လီရှီကျန်းမှာမူ ပဉ္စမအကြီးအကဲ၏ တပည့်ရင်း ဖြစ်သည်။
သားရဲဝိညာဉ်အဖွဲ့မှ လင်းတုန်း၊ ထိုက်ရှန်း၊ ချန်ဆုန့်နှင့် လက်နက်အဖွဲ့၏ ချန်ပီယံနေရာကို ရယူထားသော ရှောင်ကျင်ခုန်း တို့ အပါအဝင် စုစုပေါင်း ၄ ဦး ပါဝင်သည်။
လင်းတုန်းနှင့် ထိုက်ရှန်းတို့မှာ ဝူဟုန်၏ တပည့်ရင်းများ ဖြစ်ကြပြီး သူတို့၏ ခွန်အားမှာ သားရဲဝိညာဉ်အဖွဲ့တွင် အဆင့် ၁ နေရာ၌ ပူးတွဲ တည်ရှိနေကြ၏။ မည်သူက ပို၍ သန်မာသည်ဆိုသည်ကိုမူ သေခြင်းတိုက်ပွဲ တိုက်မှသာ သိနိုင်ပေလိမ့်မည်။
ချန်ဆုန့်က သားရဲဝိညာဉ်အဖွဲ့မှ ဒုတိယအကြီးအကဲ မူရုန်ဟုန်၏ မြေးဖြစ်သည်။ သူသည် သားရဲဝိညာဉ်အဖွဲ့တွင် အဆင့် ၂ ရှိသူဖြစ်ပြီး အလွန်အစွမ်းထက်သူ ဖြစ်၏။ ထန်ယွင် သတ်လိုက်သော မူရုန်ကွန်းမှာ သူ၏ ဝမ်းကွဲညီ ဖြစ်သည်။
ရှောင်ကျင်ခုန်းမှာမူ သားရဲဝိညာဉ်အဖွဲ့တွင် ခပ်အေးအေး နေတတ်သူဖြစ်ပြီး အဆင့်သတ်မှတ်ပွဲများတွင် တစ်ခါမျှ မပါဝင်ဖူးပေ။ သားရဲဝိညာဉ်အဖွဲ့မှ တပည့်များသည် သူ အစွမ်းထက်ကြောင်းသာ သိကြပြီး မည်မျှအထိ သန်မာသည်ကိုမူ မသိကြပေ။
ရှေးဟောင်းဝိညာဉ်အဖွဲ့မှ ကျွင်းပုဖျင်၊ ရှောင်ချင်းရွှမ်း၊ ရှန်ကွန်းပင်းပင်း နှင့် ပိုင်လီလုံထျန်း တို့ စုစုပေါင်း ၄ ဦး ပါဝင်သည်။
ရှေးဟောင်းဝိညာဉ်အဖွဲ့တွင် ‘ချင်းရွှမ်းနဲ့ ပင်းပင်းတို့ထဲက ဘယ်သူ အဆင့် ၁ ဖြစ်မလဲဆိုတာက ကျွင်းပုဖျင်က သဘောတူသလားနဲ့ လုံထျန်းက အလျှော့ပေးသလားဆိုတဲ့အပေါ်မှာ မူတည်တယ်’ ဟူသော ကောလာဟလတစ်ခု ရှိ၏။
ထိုကောလာဟလအရ ရှေးဟောင်းဝိညာဉ်အဖွဲ့၏ ပြိုင်ပွဲတွင် ရှောင်ချင်းရွှမ်း နှင့် ရှန်ကွန်းပင်းပင်း တို့ထဲမှ မည်သူ အဆင့် ၁ ရမည်ကို ကျွင်းပုဖျင် နှင့် ပိုင်လီလုံထျန်း တို့က ဆုံးဖြတ်ပေးသကဲ့သို့ ဖြစ်နေပေသည်။
သူတို့ ၄ ဦးလုံး၏ ခွန်အားမှာ မတိမ်းမယိမ်း ရှိနေမည်ကို ခန့်မှန်းရန် မခက်ခဲလှပေ။ တစ်ချိန်တည်းမှာပင် ရှောင်ချင်းရွှမ်း နှင့် ရှန်ကွန်းပင်းပင်း တို့မှာ အတွင်းစည်း၏ အလှဆုံး အမျိုးသမီး ၁၃ ဦး စာရင်းဝင်များလည်း ဖြစ်ကြသည်။
လေနှင့်မိုးကြိုးအဖွဲ့မှ အန်းရန်ရွှမ်းအာ၊ လုရန်၊ ကုရိရှန်းတို့ ပါဝင်ပြီး အစီအရင်အဖွဲ့မှ အနိုင်ရသူ ၂ ဦး ဖြစ်သည့် ဖန်းချန်ဟိုင် နှင့် တွန့်ယွီတို့လည်း ပါဝင်ကြ၏။ လက်နက်အဖွဲ့မှ အနိုင်ရသူတစ်ဦး ဖြစ်သည့် ချန်လုံ အပါအဝင် စုစုပေါင်း ၆ ဦး ဖြစ်သည်။
လုရန်၊ ကုရိရှန်းနှင့် အန်းရန်ရွှမ်းအာ တို့သည် လေနှင့်မိုးကြိုး ပိုင်ရှင်၏ တပည့်ရင်း ၃ ဦး ဖြစ်ကြသည်။ လွန်ခဲ့သောနှစ်က သူတို့ ၃ ဦး ပြိုင်ပွဲတွင် လုရန်က အန်းရန်ရွှမ်းအာအား သီသီလေး အနိုင်ယူပြီး လေနှင့်မိုးကြိုးအဖွဲ့တွင် အစွမ်းထက်ဆုံး ဖြစ်လာခဲ့ကာ အန်းရန်ရွှမ်းအာက အဆင့် ၂၊ ကုရိရှန်းက အဆင့် ၃ ရရှိခဲ့ကြသည်။ ဖန်းချန်ဟိုင်၊ တွန့်ယွီ နှင့် ချန်လုံတို့မှာမူ ကုရိရှန်းထက် အနည်းငယ် ခွန်အား လျော့နည်းကြ၏။
အန်းရန်ရွှမ်းအာသည်လည်း အလှဆုံး အမျိုးသမီး ၁၃ ဦးထဲမှ တစ်ဦး ဖြစ်ကြောင်း ဖော်ပြရန် လိုအပ်ပေလိမ့်မည်။
ဝိညာဉ်ငါးပါးအဖွဲ့မှ ၃ ဦးမှာ ရွှယ်ဇီယန်၊ ဝူလင်နှင့် ချန်ကျင်ယွဲ့ တို့ ဖြစ်ကြသည်။
ရွှယ်ဇီယန်က ဝိညာဉ်ငါးပါးပိုင်ရှင်၏ တပည့်ရင်းဖြစ်ပြီး ဝူလင်မှာမူ ဝိညာဉ်ငါးပါးအဖွဲ့၏ ဘုရင်အဖြစ် အသိအမှတ်ပြု ခံထားရသူဖြစ်ကာ ဝိညာဉ်ငါးပါးပိုင်ရှင်၏ မြေးလည်း ဖြစ်၏။ ချန်ကျင်ယွဲ့မှာမူ ဝိညာဉ်ငါးပါးပိုင်ရှင်၏ တပည့်ရင်း ဖြစ်သည်။
အစီအရင်အဖွဲ့တွင် ရှောင်လုံ တစ်ဦးတည်းသာ ရှိပြီး သူက ထိုအဖွဲ့တွင် အစွမ်းထက်ဆုံး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
လက်နက်အစီအရင်အဖွဲ့တွင် ဟောင်ဖူထင်ဖုန်း တစ်ဦးတည်းသာ ရှိသည်။ သူသည် ထူးခြားသော နောက်ခံရှိသူဖြစ်ပြီး ဂိုဏ်းတည်ထောင်သူ ဘိုးဘေးများ၏ မျိုးဆက်တစ်ခုမှ ဆင်းသက်လာသူ ဖြစ်၏။
ဆေးဝါးအုပ်စုတွင်မူ ထန်ယွင်နှင့် မုမုန့်ဂျီ တို့ ရှိနေကြသည်။
ကျန်အဖွဲ့တစ်ခုမှာမူ ပြိုင်ပွဲဝင်များ အားလုံး ရှုံးနိမ့်သွားသဖြင့် ချန်လုံစာရင်း၏ ထိပ်တန်း ၈ နေရာအတွက် ယှဉ်ပြိုင်ခွင့် လုံးဝ ဆုံးရှုံးသွားရပြီ ဖြစ်၏။
သို့သော် မူရုန်ဆရာမက ကုန်းစွန်းရို့ရှီကို အကာအကွယ်တိုက်ပွဲ မတိုက်ခိုင်းခဲ့သဖြင့် အလွန်အမင်း ဒေါသထွက်ခြင်း မရှိပေ။ ကုန်းစွန်းရို့ရှီမှာ သူမ၏ တပည့်ရင်းဖြစ်ပြီး သူမအနေဖြင့် ကုန်းစွန်းရို့ရှီကို အန္တရာယ် မကျရောက်စေလိုသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် မူရုန်ဆရာမသည် ကုန်းစွန်းရို့ရှီအနေဖြင့် ချန်လုံစာရင်း၏ ထိပ်တန်း ၁၅ နေရာအထိ ယှဉ်ပြိုင်နိုင်သော်လည်း ထိပ်တန်း ၈ နေရာအတွက်ဆိုလျှင်မူ လုံးဝ မဖြစ်နိုင်ကြောင်း သိထားသည်။
အမှန်စင်စစ် ကုန်းစွန်းရို့ရှီသည် လက်နက်ဖော်စပ်ခြင်း ပညာကိုသာ အချိန်ပေး လေ့လာနေသူဖြစ်သဖြင့် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အစွမ်းထက်သော်လည်း အခြားသော ထိပ်တန်း ကျင့်ကြံသူများကို ယှဉ်နိုင်စွမ်း မရှိသေးပေ။
အဖွဲ့ ၈ ခုမှ အစွမ်းထက်သူ ၂၆ ဦးထဲတွင် အလှပဂေးများစွာ ပါဝင်သည်။ ရွှယ်ဇီယန်နှင့် ခယ်ရှင်းယီတို့မှအပ ကျန်အမျိုးသမီးများမှာ အလှဆုံး ၁၃ ဦး စာရင်းဝင်များ ဖြစ်ကြ၏။
“တိတ်ကြစမ်း”
ထန်ထိုင်ကျုံးတယ်က ကျောက်စိမ်းအဆောက်အဦပေါ်၌ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး တပည့်များကို တိတ်ဆိတ်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ လူ ၂၆ ဦးကို ကျေကျေနပ်နပ်ကြီး ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
“မင်းတို့အားလုံးဟာ ငါ့ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်း အတွင်းစည်း တပည့်တွေထဲက ပါရမီရှင်တွေ၊ ထူးချွန်သူတွေနဲ့ ဂိုဏ်းရဲ့ အနာဂတ် မျှော်လင့်ချက်တွေ ဖြစ်ကြတယ်”
“မင်းတို့ကို လေ့ကျင့်ပေးရတာ မလွယ်ကူလှဘူး... စည်းမျဉ်းတွေအရ ဒဏ်ရာရတာ ဒါမှမဟုတ် အသတ်ခံရတာက ပြဿနာမရှိဘူးဆိုပေမဲ့ ဒီဂိုဏ်းချုပ်ကတော့ မင်းတို့ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယှဉ်ပြိုင်စေချင်ပြီး သတ်ဖြတ်မှုတွေကို လျှော့စေချင်တယ်”
“ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာအတွက် ပြိုင်ပွဲကို အဆင့် ၅ ဆင့် ခွဲခြားထားတယ်”
“ပထမအဆင့်မှာ အစွမ်းထက်သူများရဲ့ ထိပ်တိုက်ရင်ဆိုင်ပွဲအနေနဲ့ ၂၆ ယောက်ကနေ ၁၃ ယောက်အထိ ရွေးချယ်မယ်”
“ဒုတိယအဆင့်မှာ ၁၃ ယောက်ကနေ ၇ ယောက်အထိ”
“တတိယအဆင့်မှာ ၇ ယောက်ကနေ ၄ ယောက်အထိ”
“စတုတ္ထအဆင့်မှာ ၄ ယောက်ကနေ ၂ ယောက်အထိ”
“ပဉ္စမအဆင့်ကတော့ အမြင့်ဆုံး ထိပ်တိုက်တွေ့ဆုံပွဲအနေနဲ့ နံပါတ် ၁ နဲ့ နံပါတ် ၂ နေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်”
“အခု မင်းတို့အားလုံး ကိုယ့်ရဲ့ အမှတ်အသား တံဆိပ်တွေကို အပ်ကြစမ်း”
ထန်ထိုင်ကျုံးတယ်၏ စကားအဆုံးတွင် ၂၆ ဦးလုံးက ဒူးထောက်ပြီးနောက် သူတို့၏ ချန်ခွန်းလက်စွပ်ထဲမှ အမှတ်အသား တံဆိပ်များကို ထုတ်လိုက်ကြသည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ထန်ထိုင်ကျုံးတယ်က လက်ယပ်ခေါ်လိုက်သည့်အခါ တံဆိပ် ၂၆ ခုသည် ထိုလူ ၂၆ ဦး၏ လက်ထဲမှ ပျံတက်သွားပြီး ထန်ထိုင်ကျုံးတယ်၏ ရှေ့တွင် ဆိုင်းငံ့နေတော့၏။
“ဝုန်း”
ထန်ထိုင်ကျုံးတယ်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ တံဆိပ် ၂၆ ခုလုံး၏ မျက်နှာပြင်ပေါ်တွင် အလင်းကုလားကာတစ်ခု ပေါ်လာသည်။
၎င်းမှာ ဝိညာဉ်အာရုံဖြင့် ကြည့်ရှုခြင်းနှင့် အမြင်အာရုံကို ပိတ်ဆို့ထားသည့် တားမြစ်ချက် ဖြစ်၏။ ဤအခိုက်အတန့်တွင် မည်သည့်တံဆိပ်က မည်သူ့တံဆိပ် ဖြစ်သည်ကို မည်သူမျှ မခွဲခြားနိုင်တော့ပေ။
ထန်ထိုင်ကျုံးတယ်၏ စိတ်အမိန့်ဖြင့် တံဆိပ် ၂၆ ခုလုံးမှာ အရှိန်အဟုန်ဖြင့် ပတ်ချာလည် လည်ပတ်နေတော့သည်။
၎င်းနောက် တံဆိပ် ၂၆ ခုလုံးမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး နံပါတ် ၁ ချန်လုံစင်မြင့်၏ အထက်တွင် တန်းစီလျက် ဆိုင်းငံ့နေကြ၏။
ထန်ထိုင်ကျုံးတယ်က ထပ်မံ ပြောလိုက်သည်။
“မင်းတို့ ၂၆ ယောက်ထဲက ၁၃ ယောက်ဟာ ပြိုင်ဘက်ကို ဆုံးဖြတ်ဖို့အတွက် တံဆိပ်တစ်ခုစီကို ရွေးချယ်ခွင့် ရှိတယ်... တကယ်လို့ ကိုယ့်တံဆိပ်ကိုယ် ပြန်ရွေးမိရင်တော့ တားမြစ်ချက်ကနေ ဖယ်ထုတ်ပေးလိမ့်မယ်”
“ခဏနေရင် ငါ့ရဲ့ အမိန့်သံကို နားထောင်ပြီးတော့မှ တံဆိပ်တွေကို လုယူကြစမ်း”
အခန်း ၃၈၆ ပြီး
***